ချန်ဂင်တို့စခန်း (၂၀၆)

ယုန်ကလေးတွေ အကုန်ကုန်သွားပေမယ့် အပြင်မှာ သူ့ဘာသူနေတဲ့ တစ်ကောင်တော့ ကျန်သေးတယ်။ သူက နဂိုကတည်းက ခြံထဲမှာထားရင် မနေဘူး။ လှစ်ကနဲနေအောင် ခုန်ခုန်ထွက်တယ်။ ဒါပေမယ့် ခြံအပြင်ကနေ နှုတ်သီးချင်း လာလာတို့ပြီး စကားပြောလေ့ရှိတယ်။ အစာကျွေးနေကျ ကိုယ့်ကိုတော့ မှတ်မိသားပဲ။ တခြားသူတွေလာရင် ပြန်ပြေးတယ်။ အရင်တုန်းက အိမ်ဘေးခြုံထဲမှာနေပေမယ့် ခွေးတွေလာဆွဲပြီးနောက်ပိုင်း သူ အဲ့ဒီဘက်ကို မလာတော့ဘူး။ အိမ်နောက်ဘေးက တောတန်းလေးထဲ ပြောင်းနေတယ်။ မနက်မနက် အစာလာမတောင်းတော့လို့ မရှိတော့ဘူး ထင်နေတာ။ ခုရက်ပိုင်းကျမှ အိမ်နောက်ဘက်မှာ တွေ့တွေ့နေတယ်။ သူလာတာမြင်ရင်တော့ အစာသွားသွား ကျွေးပါတယ်။ သူက လျင်တယ်လေ။ တစိမ်းဆိုရင် အကပ်မခံဘူး။ ဟိုးခပ်ဝေးဝေးက ခွေးကိုမြင်ရင် လှစ်ကနဲ ပျောက်သွားရော။ သတိအမြဲရှိတယ်။ အဲ့ဒါကြောင့် သူတစ်ကောင်တည်း အသက်ရှင်ကျန်ရစ်တာ။

တောထဲတောင်ထဲနေတယ်ဆိုတာ သည်လိုပါပဲ။ အကင်းလည်း ပါးရတယ်။ အန္တရာယ်ကိုလည်း ကြိုမြင်တတ်ရတယ်။ ခြေသွက်လက်သွက်လည်း ရှိရတယ်။ ကိုယ်တို့လည်း ယုန်ကလေးလိုပဲလေ။ စစ်ခွေးတွေက ပတ်လည်ဝိုင်းနေတာ။ ဘယ်နေရာက ကိုယ့်အတွက် အန္တရာယ်ကင်းတယ်၊ ဘယ်နေရာက မကင်းဘူး။ ကောင်းကောင်း သဘောပေါက်ထားရတယ်။ ဆယ်ဇင်းမှာတုန်းက “ဆရာ့ကို ကျွန်တော်တို့ စောင့်ရှောက်မှာပါ။” ဆိုပြီး တစ်ဝိုင်းတည်းထိုင်သောက်၊ သီချင်းအတူဆိုတာမျိုးက အပစ်ရပ်ကာလမှာပဲ အကြုံးဝင်တယ်။ အခုချိန် သူတို့ဆီပြန်သွားရင် ရဲစခန်းထဲ တန်းရောက်မှာ။ “သူ့နေရာသူနေ ကိုယ့်နေရာကိုယ်နေ။” ဆိုတာပဲ လုံခြုံတယ်။

လုံခြုံစိတ်ချရတဲ့နေရာမှာ နေထိုင်ခြင်းဆိုတာ လောလောဆယ်တော့ ကိုယ့်အတွက် “ပဋိရူပ ဒေသဝါသောစ” မင်္ဂလာတစ်ပါးပဲ။ သို့သော်လည်း မေ့လျော့ပေါ့ဆစွာ နေလို့မရ။ ယုန်ကလေးမောင်ကျန် လိုပဲ သွားသတိ၊ လာသတိ၊ စားသတိ နဲ့ နေရတယ်။ အခုဆို စစ်ကြောင်းထိုးတာတွေက ကိုယ့်ဘက်ကို နီးသထက်နီးလာပြီ။ ရွာကလူတွေတောင် စိတ်ပူလို့ ကိုယ့်ဆီကို ခဏခဏ ဖုန်းဆက် သတိပေးကြတယ်။ ရွှေစွန်ညိုက ဘာကိုလိုလို့ ဝဲမှန်းသိပေမယ့် “မထွေးအသား ခါးလှတယ်” ဆို ပါပါလျက်သား နောက်ကထား ကာကွယ်ပေးနေသူတွေ ရှိလို့သာ ခုထက်ထိ စွန်အသုတ်မခံရသေးတာ။ ဒီလောက် အန္တရာယ်နဲ့ နီးနေမှ ကိုယ်တို့လည်း သတိနဲ့ မနေလို့ ရမလား။ “မင်း သည်ကလာ၊ ငါ သည်ကသွား။” ပဲ။ ဘယ်ခြောက်ကာ ညာမလှမ်းနဲ့။ လခွမ်းတွေ ဖြစ်ကုန်မယ်။

ဒီလောက် နှစ်ပေါက်အောင် ဆေးထိုင်ကုနေမှတော့ သူတို့နဲ့ ကိုယ်နဲ့ကြားမှာ “ညောင်ပင်တစ္ဆေ ဝေလေလေ။ နင် ဘယ်ကိုင်းမှာနေ။” ဆိုပြီး လိပ်စာမေးနေစရာ မလိုပါဘူး။ တမင်သက်သက် မသိချင်ယောင် ဆောင်ပေးထားတာပါ။ အလွယ်တကူ လာလို့မရတာလည်း ပါတာပေါ့။ ဆယ်ဇင်းမှာ ကလေးငါးယောက် မိုင်းကွဲတုန်းက ရဲစခန်းထဲ ခေါ် ဆေးထည့်ပေးပြီး သူတို့ပဲ ကိုယ့်ဆီလွှတ်လိုက်တာလေ။ “အဲ့ဒီကိုသွား။ အဲ့ဒီမှာ ဆရာဝန်တွေရှိတယ်။ ကောင်းကောင်း ခွဲပေးလိမ့်မယ်။” တဲ့။ သူတို့ကမှ ကိုယ့်ကို “မမြင်ပါဘူး။ မတွေ့မိပါဘူး။” ဖုံးထားရင် ကိုယ်ကလည်း “ပျောက်စေသတည်း။ ပျောက်စေသတည်း။” နဲ့ကိုယ်ဖျောက်ထားပေးတာ အကောင်းဆုံး။ အဲ့ဒါကြောင့် အနေအထိုင် အသွားအလာလည်း သိုသိပ်ရတယ်။ အပြောအဆို အရေးအသားလည်း ဆင်ခြင်ရတယ်။ ဘယ်သူနဲ့မှ ပွဲမဖြစ်ချင်ဘူး။ ပွဲမဆူချင်ဘူး။ ပွဲမစည်ချင်ဘူး။ အေးရာအေးကြောင်း မုန့်စိမ်းပေါင်းပဲ ကောင်းတယ်။ “ပွဲဈေးတန်းလျှောက်မိလို့ မောင်ကြီးနဲ့ ဆုံသလေတော့။” ဆိုရင် “ဘယ့်နှယ်ဝိုင်းမယ်၊ ဒီ့နှယ်ဝိုင်းမယ်။” တွေ ဖြစ်ကုန်မယ်။

ဒါကြောင့် လိုင်းပေါ်တက်ဖြစ်ရင်တောင် တိတ်တိတ်ကလေးပဲ နေတယ်။ အသံထွက်ဖို့ အရေးမကြီးဘူး။ အလုပ်ပြီးဖို့သာ အဓိက။ ဘယ်သူ့ကိုမှ ပဲ့ကိုင်ထိန်းကြောင်းနေဖို့ အချိန်မရှိဘူး။ ကိုယ့်တာကိုယ် လုံအောင်ကာမယ်။ ကိုယ့်လုံခြုံရေး၊ ကိုယ့်အဖွဲ့သားတွေ လုံခြုံရေး၊ ကိုယ့်လူနာတွေ လုံခြုံရေးသာ အဓိက။ ရလဒ်ကို အပြောနဲ့မဟုတ်။ အလုပ်နဲ့ သက်သေပြမှာ။ အိမ်ပြန်ဖို့ အချိန် နီးလာပြီလေ။ ယုန်ကလေးတွေက တစ်ကောင်ပဲ ကျန်ပေမယ့် ကိုယ်တို့ဆီက လူကလေးတွေ တစ်ယောက်မှ ပဲ့ကျန်ခဲ့လို့ မဖြစ်ဘူး။ အားလုံးအတူ ပန်းဝင်မှာ။

ခုရက်ပိုင်း သူတို့ဘက်ကလူတွေက သတင်းတွေ တအားနှိုက်တာပဲ။ သူတို့ဆီက ထုတ်ပြန်ရမယ့်သတင်းကျတော့ ထန်းလျက်ခဲ ခွေးနင်းထားတဲ့မျက်နှာကြီးနဲ့ မဟုတ်ကဟုတ်က အလိမ်အညာတွေချည့်ပြောတာ။ ကိုယ့်ဘက်ကသတင်းဆိုရင်တော့ သတင်းအမှန်ရအောင် ဟိုဘက်က လှည့်အစ်လိုက်၊ သည်ဘက်က လှည့်အစ်လိုက်။ သူလျှိုတွေ၊ ဒလန်တွေ၊ အလံရှူးတွေလည်း သုံးသေး။ ရှင်းရှင်းပြောရရင် ကိုယ့်ဆီကတော့ ဒီကောင်တွေအတွက် ဘာသတင်းမှ မပေါက်ကြားစေချင်ဘူး။ ကိုယ်ကလည်း မဟုတ်တာ မပါ၊ အမှန်တွေချည့် ရေးတဲ့သူဆိုတော့ သူတို့ဆီကို အချက်အလက်မှန်တွေ စုစည်းတင်ပြသလို ဖြစ်မှာစိုးတယ်။ အဲ့ဒါကြောင့် စစ်သတင်း up to date တွေကို အချိန်လွန်အောင် စောင့်ပြီးမှ ရေးတယ်။ သတင်းသမားမှ မဟုတ်တာ။ အချိန်နဲ့ တပြေးညီ တင်ပြစရာ မလိုပါဘူး။ ဒီလိုနဲ့ ခုနောက်ပိုင်း စာရေးကြဲသွားတာ။ အဓိက ကတော့ စစ်ပွဲတွေနဲ့ နီးကပ်လာပြီ။ နှုတ်လုံချင်တယ်။ ခြေသံလုံချင်တယ်။ တကယ် အလုပ်လုပ်တဲ့သူဟာ အသံမထွက်အားဘူး။ စကားပြောတိုင်း မပါမဖြစ်တဲ့ လျှာတောင် အစားစားနေတုန်း အသံမြည်လို့ မကောင်းဘူး မဟုတ်လား။

“Action speaks louder than words.” တဲ့။ လောလောဆယ် ဖွင့်မပြောသေးပေမယ့်လည်း ရလဒ်ကောင်းလေးတွေနဲ့အတူ ချပြမယ့် ဝမ်းသာစရာ သတင်းတွေ အများကြီး ရှိပါတယ်။ အချိန်မကျသေးလို့ အုထားတာ။ တော်လှန်ရေးကြီးကလည်း အရှိန်မြင့်လာပြီ။ ကိုယ်တို့ရဲ့ အလုပ်တွေကလည်း အမီလိုက်နေတယ်။ လေထဲမှာလည်း အိမ်မဆောက်ဘူး။ ရေထဲမှာလည်း အရုပ်မရေးဘူး။ လက်တွေ့ကျကျပဲ။ အခက်အခဲတွေလည်း အများကြီး ရှိတယ်။ ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်ဖြတ်နေတယ်။ တိုက်ပွဲတစ်ခုအောင်တိုင်း မှတ်တိုင်တစ်ခု ထားရစ်ခဲ့တယ်။ ခုချိန်ထိ ရှင်သန်နေတုန်းပဲ။ ခုချိန်ထိ ရပ်တည်နေဆဲပဲ။ ခုချိန်အထိ တော်လှန်နေဆဲပဲ။

အခုလို ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းကို ကျော်ဖြတ်နေရတာဟာ ဘယ်သူက တိုက်တွန်းလို့လဲ။ ဘယ်သူတွေ မြှောက်ပေးလို့လဲ။ ဘယ်သူ့အကျိုးစီးပွါးအတွက်လဲ။ အဲ့သလိုလည်း မေးစရာရှိပါတယ်။ အဲ့ဒါတွေ တစ်ခုမှ မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင် ကိုယ့်စိတ်ကိုယ့်သဘောအတိုင်းသာ မဟုတ်ရင် ဘယ်သူမှ ဒီလောက်ကြာအောင် တောင့်မခံနိုင်ဘူး။ စစ်တပ်ကို မုန်းတီးတဲ့စိတ် တစ်ခုတည်းနဲ့ တော်လှန်ရေးထဲ ခြေစုံပစ် ဝင်လာတာလည်း မဟုတ်ဘူး။ ယုံကြည်ချက်တစ်ခုအပေါ်မှာ ကိုယ့်ဘဝကိုယ်ရင်းပြီး မီးနဲ့ရေနဲ့ မကစားဘူး။ နိုင်မယ်ထင်လို့ ပုံအောလောင်းထားတာ ထင်လို့လား။ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ၊ လုပ်ကို လုပ်ရမယ့် အလုပ်မို့လို့ လုပ်တာ။ အဲ့သလိုမှ မလုပ်ရရင် နေကိုမနေနိုင်လို့ လုပ်တာ။ မလုပ်ရရင် ဘယ်လိုမှ စိတ်ချမ်းသာနိုင်မှာ မဟုတ်ဘူး လို့ ကိုယ့်ဘာသာသိလို့ လုပ်တာ။ ဘယ်သူတွေ လုပ်တယ်။ ဘယ်သူတွေ မလုပ်ဘူး။ သူများအကြောင်း ဘာတစ်ခုမှ ထည့်စဉ်းစားစရာ မလိုဘူး။ ကိုယ့်အကြောင်းကိုယ်သိတယ်။ ကိုယ့်အလုပ် ကိုယ်လုပ်တယ်။ ဒါပဲ။

ကိုယ်တို့က ပန်းဝင်မယ့်မြင်း။ ပြိုင်မြင်း။ တာထွက်ကတည်းက မနားတမ်း တဟုန်ထိုးပြေးလာတာ။ ပန်းဝင်ကာနီးမှ မြင်းကောင်းခွါလိပ် အဖြစ်မခံနိုင်။ ဘေးက ဘောင်မဝင် တန်းမဝင် ဖျက်မြင်းတွေရဲ့ မလိုတမာ အာရုံနှောက်မယ့် စကားတွေကြောင့်လည်း ခရီးမဖင့်ချင်ဘူး။ သုညက စခဲ့တာ သည်ခရီးအထိတောင် ရောက်ခဲ့ပြီးမှတော့ သူများပြောစကားနဲ့ စိတ်အားငယ်စရာ ဘာအကြောင်းမှ မရှိဘူး။ ဆိုက်ဝါးတွေနဲ့ ဂျင်းထည့်မယ့်အစား ဆိုက်ကားပဲ ပြန်နင်းပါ ခေါင်းကြီးတို့။ မင်းတို့အတွက် ပလာတာအကြေတွေ မကျန်ပဲနေမယ်။ မြန်မြန်ညောင်းလိုက်တော့။

ခုရက်ပိုင်းမှာ မိုးတွေရွာနေသေးပေမယ့် နောက်တစ်ပါတ်လောက်ဆို မိုးကကုန်ပြီ။ လမ်းတွေ ပြန်ပွင့်တဲ့အခါ လူနာတွေ တရစပ်လာသလို အဲ့ဒီဘက်ကကောင်တွေ ရောက်လာနိုင်တဲ့ အနေအထားကိုလည်း မျက်ခြေပြတ်လို့ မဖြစ်ဘူး။ ပိုပြီးတော့ သတိထားရတော့မယ်။ စစ်ရှိန်ကလည်း မြင့်လာဦးမှာ သေချာသလောက် ရှိတာကိုး။ အထိုင်ကစားရာကနေ အလှုပ်လည်း ပြောင်းဆော့ချင် ဆော့ရလိမ့်မယ်။ လုံခြုံရာမှာ ဘေးကင်းရန်ကွာ ရှိနေဖို့က အဓိကပေါ့။ ခြံထဲကို ခွေးဝင်ဆွဲရင် ဘယ်ကိုမှ မပြေးနိုင်ပဲ လည်စင်းပေးရတဲ့ ယုန်သူငယ် လေးတွေကို သင်ခန်းစာယူရမယ်လေ။ တောထဲတောင်ထဲမှာ ကိုယ်တို့စုဆောင်းထားသမျှ ဆေးရုံနဲ့ပါတ်သက်ရာ ပစ္စည်းကိရိယာတွေဆိုတာ ကိုယ်တို့ရှိလို့သာ အသက်ဝင်နေတာ။ ကိုယ်တို့ထားခဲ့ရင် ဘယ်သူမှ ဘာမှ လုပ်တတ်မှာလည်း မဟုတ်။ အလေးခံပြီးမသယ်နိုင်လို့ အကုန်မီးပုံရှို့ပစ်ခဲ့ရမယ့် အရာတွေ။ သယ်စရာမလိုပဲ သူတို့နောက် တကောက်ကောက်ပါသွားမှာ ဘဝဆက်တိုင်း အနာရောဂါထူပြော၊ ဆေးဝါးပစ္စည်းပြတ်လပ်၊ ကုသပေးမယ့် ဆရာကောင်းသမားကောင်း ရှာမတွေ့၊ အစရှိတဲ့ အကုသိုလ်ကံကြွေးတွေပဲ ဖြစ်လိမ့်မယ်။ ကိုယ်တို့ကတော့ တစ်ခုပျက်သွားရင် နှစ်ခုပြန်ဆောက်လို့ရတဲ့ အခြေအနေမှာ ရှိတယ်။ ကံကဖြစ်တဲ့လူ မဟုတ်ဘူး။ လူကဖြစ်တဲ့ကံ။

တကယ်တော့ ကုသိုလ်ကံ၊ အကုသိုလ်ကံ ဆိုတာက နောင်ဘဝနောင်ခါ ကောင်းကြောင်းဆိုးကြောင်းလို့ တရားသေ မှတ်မထားပါဘူး။ စေတနာက စေ့ဆော်လို့ ကံမြောက်သွားပြီးရင် အဲ့ဒီကံ၏အကျိုးဆက်က ဘဏ်ထဲကို ငွေသွင်းလိုက်သလိုပဲ ကိုယ့်အကောင့်ထဲကို တခါတည်း တန်းရောက်သွားပြီးသားပါ။ ရှေ့ကံတွေဖြစ်ပြီးမှ နောက်ထပ်လိုက်လာတဲ့ကံတွေက အမှီသဟဲပြု၊ အထောက်အကူပြု၊ အပြန်အလှန်အကျိုးပြုပြီး အရှိန်အဟုန် အင်အားတွေ ကောင်းလာတာပါ။ ကိုယ်တို့က ကောင်းတာလုပ်ခဲ့လို့ ကောင်းတဲ့သူတွေနဲ့တွေ့ပြီး ကောင်းရာကောင်းကြောင်းတွေ ပိုလုပ်နိုင်ခဲ့ပြီ။ ကိုယ်တို့ရဲ့ ကုသိုလ်ကံအကျိုးပေးကို ယုံမှားသံသယ ဖြစ်စရာ တစိုးတစိမျှ မရှိပါဘူး။ ကိုယ်တို့ရဲ့အတက်ကို ဘယ်သူကမှ မတားဆီးနိုင်တော့သလို သူတို့ရဲ့ အဆင်းကိုလည်း ဘယ်သူကမှ မကယ်တင်နိုင်တော့ပါဘူး။ ကြားထဲမှာ ဟိုဘက်လိုလို သည်ဘက်လိုလိုနဲ့ အတက်မှန်းမသိ၊ အဆင်းမှန်းမသိ၊ နဝေတိမ်တောင်သမားတွေကတော့ သူတပါး ဆွဲခေါ်ရာ၊ သူတပါး တွန်းပို့ရာ နောက်ကို ကံတူအကျိုးပေး လိုက်ပါရပါလိမ့်မယ်။ ကိုယ့်ကြမ္မာကို ကိုယ်တိုင်မှ မဖန်တီးနိုင်ပဲကိုး။