ချန်ဂင်တို့စခန်း (၂၀၅)

မရောက်တာကြာပြီဖြစ်တဲ့ ရန်ကုန်မြို့ကြီးပေါ်ကို အိပ်မက်ထဲမှာ တစ်ခေါက်ပြန်ရောက်သွားပါတယ်။ တော်တော်ပြောင်းလဲသွားပြီပဲ။ ကိုယ်မရောက်ဖူးတဲ့ ဆိုင်အသစ်တွေ အများကြီး ရှိနေပြီ။ ကိုယ်မသိသေးတဲ့ Shopping Mall အသစ်ကြီးတွေလည်း လူစည်ကားလို့နေပြီ။ ဒါကြီး ဘယ်တုန်းကဖွင့်ပြီး ဘယ်သူတွေ ပိုင်တာပါလိမ့် လို့ တွေးနေတုန်း တစ်ယောက်က ဖြေတယ်။ “အဲ့ဒါ နန်းစိန်တွေ ပိုင်တာလေ။ ဒီကာလအတွင်း သူတို့ စီးပွါးဖြစ်ကြတယ်။” တဲ့။ စစ်တပ်ကလူတွေက သူတို့ပိုင်ဆိုင်မှုတွေကို အရပ်သားနံမည်ခံအောက်ကို ရွှေ့ပြောင်းကြတဲ့အခါ ဌာနဆိုင်ရာ ဝန်ထမ်းအကြီးအကဲတွေ အုပ်စုလိုက် အုပ်စုလိုက် ရင်းနှီး မြှုတ်နှံကြသတဲ့။ စစ်တပ်ရဲ့ ဦး/ပိုင် ဆိုတာ မရှိတော့ပေမယ့် လုပ်ငန်းတူရာ ကုမ္ပဏီအကြီးကြီးတွေက ဈေးကွက်ကို လက်ဝါးကြီး အုပ်ထားသတဲ့။ ငါ့နှယ်နော်။ အိပ်မက်ကလည်း သိပ္ပံဝတ္ထုဆန်လိုက်တာ။ ရန်ကုန်မှာ shopping mall တွေ အများကြီးပဲ။ ဒါပေမယ့် သူ့ပိုင်ရှင်ကုမ္ပဏီကြီးတွေကိုလိုက်ပြီး ရနိုင်တဲ့ items မတူဘူး။ အင်ဂျင်နီယာတွေဖွင့်တဲ့ mall က အင်ဂျင်နီယာနဲ့ ဆိုင်တဲ့ ပစ္စည်းတွေ ရမယ်။ စိန်တွေရွှေတွေက စိန်တွေရွှေတွေရှိတဲ့ shopping mall ကိုသွား။ ဆေးဝါးပစ္စည်း အသုံးအဆောင်တွေအတွက် ဆရာဝန်ကြီးတွေဖွင့်တဲ့ mall လည်း ရှိတယ်။ သူတို့တွေ အရမ်းအဆင်ပြေနေကြတာပဲ။ သာဓုတင်မကဘူး။ မြတ်မွန်ပါ ၃ ကြိမ်ခေါ်လိုက်တယ်။ မကျေနပ်သေး သူ့မြေး ခန့်ကျော်ပါ ထည့်ခေါ်ပစ်။

ကိုယ့်မှာတော့ အိပ်မက်ထဲမှာတောင် ပိုက်ဆံက နည်းနည်းပဲ ပါတယ်။ ဘာမှ မဝယ်လောက်ပါဘူး။ ရန်ကုန်နဲ့ ဝေးနေတာကြာတော့ ရန်ကုန်စာတွေ ငတ်ကြီးကျနေပြီ။ အစားအသောက်တန်းပဲ အရင်ပြေးကြည့်တယ်။ ဆိုင်တွေကိုစုံလို့။ သို့သော် ကျသင့်ငွေကို ဒေါ်လာနဲ့ပဲ တွက်ချက်ငွေရှင်းကြပါသတဲ့။ မြန်မာငွေနဲ့ ဝယ်ချင်ဝယ်လေ။ ဒီနေ့ပေါက်ဈေးအတိုင်းတော့ ရှင်းရလိမ့်မယ်။ ဈေးတွေက တန်ပါတယ်။ ထမင်း ပုံစား၊ အသားဟင်း တစ်မျိုးနဲ့မှ ၂ ဒေါ်လာပဲ ကျမယ်။ အသား ၂ မျိုး အရွက်တစ်မျိုးဆို ၅ ဒေါ်လာလေးပဲ။ တန်လိုက်တာ။ အမေရိကားမှာတောင် ဒီဈေးမရဘူး။ သူတို့အတွက်တော့ ၁ ဒေါ်လာ ဆိုတာ ၁ ကျပ် မဟုတ်လား။ ကိုယ့်ပိုက်ဆံအိပ်ကလေးဖွင့်ပြီး ပိုက်ဆံတွေ ထုတ်ရေတော့မှ ထမင်းပုံစား ပန်းကန်ပြားလေး တစ်ချပ်ကို ၈၀၀၀ ပေးစားရမှာ။ နောက်အသားတစ်မျိုး ထည့်လိုက်ရင် ၂၀၀၀၀ ပေးစားရမှာ။ ရန်ကုန်က မလာခင်တုန်းကဆို အဲ့ဒါ ၂၀၀၀/ ၂၅၀၀ အာဏာကုန်ပဲ ပေးရတာလေ။ Aston Steak house မှာ Peri Peri Chicken စားမှ ၁၀၀၀၀ တောင် မကျဘူး။ ဒီလူတွေ ညဘက် ညဘက် ယစ်ထုတ်ဘဝဲဘားတို့၊ ရေဒီယိုဘားတို့ သွားနန့်ရင် မြန်မာပိုက်ဆံတွေ ဆာလာအိပ်ကြီးနဲ့များ ထည့်ယူသွားကြသလား မသိဘူး။ ဂျပန်ဆိုင်မှာ အမဲသားစားရင် ရွှေချောင်းနဲ့ ရှင်းနေကြသလား။ ငါ့နှယ်နော်။ အိပ်မက်ထဲမှာ စားကောင်းသောက်ဖွယ်တွေ မြင်နေပါလျက်နဲ့ မစားရအညှော်ခံ ပြန်ခဲ့ရတယ်။

ဒီအဖြစ်အပျက်မျိုးကို အိပ်မက်ထဲမှာ မဟုတ်ပဲ လက်တွေ့ ကြုံခဲ့ဖူးပါတယ်။ ဂျပန်သွားတုန်းက၊ စင်္ကာပူသွားတုန်းက ကျသင့်ငွေကို မြန်မာငွေနဲ့ ပြန်မြှောက်ပြီး စားရင် မျိုမကျတော့ဘူး။ သမီးကို ရန်ကုန်လေဆိပ်က ဆိုင်မှာ မုန့်ကျွေးတော့ Burger တစ်လုံး 10 $ + 1 $ tax ပေးခဲ့ရလို့ အောင်မယ်လေး တ ခဲ့မိတာ အခုပေါက်ဈေးနဲ့ဆို ၄ သောင်းခွဲလောက် ပေးစားရမှာပေါ့။ ဘာဂါတစ်လုံးကိုများ။ အေးလေ။ ဒါကြောင့်လည်း အမေရိကားရောက်သွားတဲ့လူတွေက ငါတို့ကို စောင်ပိန်းကြီးတွေလို စာအရှည်ကြီးတွေ ရေးရေးပြီးသင်နေကြတာပေါ့။ တစ်ကျပ် တစ်ကျပ်ချင်း အဆပေါင်း လေးထောင်ကွာတယ် ဆိုတာ နည်းနည်းနောနော မှတ်လို့။ ဟိုတုန်းက ကာရာအိုကေသီချင်းထဲ စပ်ဖြဲဖြဲရယ်ပြတဲ့ ခင်လေးဆွေမြေးမလေး အပျင်းပြေ မိတ်ကပ်တစ်ခါပြင်ရင် ကိုယ့်ဘဝတစ်သက်တာ ရှာနိုင်သမျှ ငွေကြေးပမာဏထက် အဆတစ်ထောင်မက များတယ် ဗျ။ အမေရိကားက များလွန်းပါတယ်လေ။ ခြံစည်းရိုး ဟိုဘက်ကူးတဲ့ ထိုင်းတွေဆီသွားစားရအောင်ပါ။ Food Vlogger မလေး စားပြနေတာ။ လမ်းဘေးဆိုင်မှာ။ တန်မှတန်။ “ဘတ် ၁၀၀ ပဲ ကျပါတယ်ရှင့်။” တဲ့။ ကွေ့သယို/ ကွေ့ကျပ် တစ်ပွဲကို။ အေးလေ။ ဘတ် ၁၀၀ ဆိုတာ ဘာရှိတာမှတ်လို့။ မြန်မာငွေနဲ့သာ မမြှောက်နဲ့။ တန်တယ်။ မြှောက်လိုက်မိရင်တော့ မနက်ခင်း ညှပ်ခေါက်ဆွဲသုပ်တစ်ပွဲကို ၁၀၀၀၀ ပေးစားရတာပါလား ဆို နင်သွားမယ်။

အကိုလေး ဖိုးသောကြာရေ။ စတေးတပ်စ်လေးဘာလေး ရေးပါဦး။ ကန်စွန်းရွက် ရန်ကုန်မှာ ဘယ်ဈေးဖြစ်နေပလဲ မပြောတတ်ဘူး။ ကျုပ် ဒီမှာ ယုန်စာဝယ်ရင်တော့ တစ်နေ့ ၄၀၀၀ ဖိုး ကျွေးရတယ်ဗျ။ အခင်းထဲ ကိုယ်တိုင်ဝင်ခူးရင် လူမြင်မကောင်းလို့ ပေးဝယ်ရတာ။ အာလူး နဲ့ ခရမ်းချဉ်သီးတောင် ၄၀၀၀ ဝန်းကျင် ပေးရတာပဲ။ မနှစ်က ဈေးဝယ်ရင် ဟင်းစိမ်းဖိုး တစ်သောင်း နှစ်သောင်း။ ဒီနှစ် လေးငါးသောင်းဗျာ။ ကုန်ဈေးနှုန်းတက်တာ ဘာအံ့ဩစရာ ရှိမလဲ။ အဲ့ဒီတက်သမျှ ကုန်ဈေးနှုန်းကို တစက်ကလေးမှ ဂရုမထားပဲ သုံးနိုင်ဖြုန်းနိုင်သူတွေ အများကြီးမှ အများကြီး။ တစ်နေ့တည်း သိန်းတစ်သောင်းဖိုး ရောင်းရလို့ ဆယ်လီကမ္ဘာကနေ ထကြွယ်နေသူလည်း ရှိတယ်။ သူငယ်ကိုအမ်းထားတဲ့ သိန်းလေးထောင် live လွှင့်ပြီး ပြန်တောင်းနေတာလည်း ရှိတယ်။ သူတို့မှာ အပေါဆုံးက ပိုက်ဆံပဲ။

ဘယ်သူတွေ ဘယ်နေရာမှာ ဘယ်လို ရှိရှိပါလေ။ ကိုယ်လည်းပဲ ကိုယ့်နေရာမှာ ငတ်ပြတ်ဆင်းရဲနေတာမှ မဟုတ်တာ။ မနှစ်ကနဲ့စာရင် ၂ ဆ၊ ၃ ဆ တက်သွားတဲ့ ကုန်ဈေးနှုန်းအလယ်မှာ တစ်ဝမ်းတစ်ခါးတင် မကဘူး။ လူ ၁၄-၅ ယောက် လောက်ငှအောင် ကျွေးထားနိုင်ပါတယ်။ လတိုင်းလတိုင်း လူနာ ၁၀၀၀ လောက် အလကားဆေးကုနေနိုင်ပါသေးတယ်။ အဆောင်ကလေးတွေ တစ်ဆောင်ပြီးတစ်ဆောင် တိုးချဲ့လာနိုင်သေးတယ်။ အင်မတန် ခက်ခဲကြပ်တည်းတဲ့ ကာလမှာ သိပ်အခက်အခဲမရှိပဲ ရုန်းကန်နိုင်သေးတယ်။ သို့သော် ဘယ်အထိလဲ ဆိုတာက စဉ်းစားထားရမယ့် ကိစ္စလေ။ ရေနက်လည်း ကြမ်းရှိရမယ်။ အပင်မြင့်လည်း အဖျားရှိရမယ် မဟုတ်လား။

မကြာခင်မှာ (အမှန်တော့ အခုကတည်းက) ကိုယ့်အတွက် ကြုံတွေ့လာရမယ့် ပြဿနာဟာ ငွေရေးကြေးရေး အကြပ်အတည်း (financial problem) မဟုတ်သေးပါဘူး။ ထောက်ပို့ အခက်အခဲ (logistic challenge) နဲ့ အရင် ရင်ဆိုင်ရပါလိမ့်မယ်။ ဒါတောင် ကိုယ် အများကြီး စုဆောင်းပြင်ဆင်ထားလျက်နဲ့ပါ။ ကိုယ့်ဆီမှာ အောက်ဆီဂျင်အိုး အလုံး ၂၀ လောက် ရှိတယ်။ ကိုဗစ်လူနာတစ်ယောက် အသည်းအသန်ဖြစ်တဲ့အခါ မလောက်တော့လို့ elective operations တွေ postponed လုပ်ထားရတယ်။ တစ်ခါသွားဖြည့်ရင် တစ်ပါတ်ကြာတယ်။ ကားဆရာတွေကို တစ်အိုးတစ်သောင်းပေးရတဲ့အပြင် ခခယယ တောင်းပန်ပြီး အသယ်ခိုင်းရတာ။ “ငါနဲ့မသယ်ရင် သတင်းပေးလိုက်မှာနော်။” ဆိုတာ ရှိသေး။ စဉ်းစားကြည့်လေ။ ကိုယ်ရှူနေတာလည်း တစ်လုံးမှ မပါဘူး။ ကိုယ့်ဆီမှာ လာရှူနေတဲ့သူတွေဆီကလည်း တစ်ပြားမှ မရဘူး။ ဖားကန့်က အပြင်ဆေးခန်းတွေအတွက် သယ်ပေးနေရတယ်ဆိုလည်း တစ်မျိုးပေါ့။ “သယ်မပေးချင်လည်း နေလေ။ ခများတို့အရပ်က လူမမာတွေပဲ ရှူစရာမရှိလို့ သေရမှာ။ ကျုပ်တို့နဲ့ အနေသာကြီး။” လို့ ပြောလိုက်ချင်ပေမယ့် ဘယ်ပြောလို့ ဖြစ်မှာလဲ။ လူနာအရေးပေမယ့် ကိုယ့်အလုပ် ကိုယ့်ကိစ္စဖြစ်တာမို့ မဖြစ်ဖြစ်တဲ့နည်းနဲ့ပဲ အဆင်ပြေအောင် စီစဉ်ရတာပေါ့။ အလှူရှင်က ပိုက်ဆံထုပ်ကြီးကမ်းလာရင် “အဲ့သလိုတော့ မလုပ်ပါနဲ့။ အောက်ဆီဂျင်အိုးလေးတွေပဲ ဝယ်လှူပေးပါ။ ကျွန်တော်တို့က ကိုယ့်ဘာသာထွက်ဝယ်လို့ မရလို့ပါ။” ဆိုပြီး ကြော်ရလှော်ရတာပေါ့။ ဒီလိုနဲ့ အခု အလုံး ၃၀ နီးပါးတော့ ရပါပြီ။ အရေးရယ်အကြောင်းရယ်ဆို ရှူစရာလေတောင် အလကားမရဘူး။ ဘယ်လိုတောင် စီစဉ်ထားရသလဲ သိစေချင်လို့ပါ။ ဘာလို့ အဲ့သလောက် ခက်ခဲသလဲ ဆိုတော့ ဟို ခွေးမသားတွေက ဖမ်းတယ်လေ။

ဦးနေဝင်းခေတ်တုန်းက မသိန်းရှင်ဆီ ပို့ပေးရမယ့် ထန်းလျက်ကယ်ရီသယ်တဲ့ ကလေးမလေး သေတယ်ဆိုတာ သူ့ဘာသူ ရထားလမ်းပေါ် ချော်ကျလို့ဗျ။ မအလ လက်ထက်ကျ ဆရာစိုးဆီ ပို့မယ့် ဆေးဖာကလေး လမ်းမှာမိသွားရင် နေရာတင် ဒိုင်းညှောင့် ဆိုပြီး သေနတ်နဲ့လည်း ပစ်သတ်နိုင်တယ်။ စစ်ကြောရေးခေါ်နှိပ်စက်ပြီး လိုချင်သလောက် ပိုက်ဆံရမှ ပြန်လွှတ်ပေးမယ် ဆိုတာမျိုးလည်း ဖြစ်နိုင်တယ်။ ဘောက်ချာမှာပါတဲ့ဆေးဆိုင်ကိုလည်း ချိတ်ပိတ်ပြီး ပိုင်ဆိုင်မှုတွေပါသိမ်းချင်သိမ်းဦးမယ်။ လူနာကို အလကားကုမယ့်ဆေးတွေကို အဲ့သလိုမျိုး အရေးယူမယ့်ကောင်တွေက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သယ်ယူပို့ဆောင်နေတဲ့ မြန်မာစစ်သားတွေကလေ။ ဘယ်လောက် အသည်းနာစရာကောင်းသတုန်း။

ဧရာဝတီသတင်းထဲမှာ ဆယ်ဇင်းက ဒေါ်ကိုင်ကြီးအကြောင်း ပါလာတယ်။ သူ့ကို နောက်ဆုံးတွေ့လိုက်တာ ဆယ်ဇင်းကို မီးရှို့တဲ့ညက SNA နဲ့ မြန်မာစစ်သားတွေကို သူ့အိမ် ထမင်းခေါ်ကျွေးနေတာပါတဲ့။ အစကတော့ အံ့ဩသွားတယ်။ နောက် မအံ့ဩတော့ဘူး။ ဒေါ်ကိုင်ဆိုတာ ကိုယ်အရင်တုန်းက နံမည်တပ်မရေးပေမယ့် သူ့အကြောင်းတော့ ရေးခဲ့ဖူးတာပဲ။ အဲ့ဒီအရောင်းအဝယ်က သူ့ business ။ SNA က ဘုရားတကာကြီး ဦးယွက်ဆစ်ကရော ဘာလုပ်ငန်းနဲ့ ကမ္ဘာက သိတာမို့လဲ။ ဒီစီးပွါးရေးနယ်ပယ်ကလူအချင်းချင်း မကင်းရာမကင်းကြောင်း ရှိတာ ဘာဆန်းသလဲ။ နို့ စစ်တပ်ကကောင်တွေကရော ဒွေးရောယှက်တင် မပါတာ တစ်ကောင်မှ မရှိဘူး။ အကောင်ငယ်ရင် သုံးစွဲသူ၊ အလယ်အလတ်ဆို သယ်ဆောင်သူ၊ အကောင်ကြီးရင် လိုင်းကြေးယူပြီး အကာအကွယ်ပေးနေသူ။ ဒီလူ နဲ့ ဒီလူတွေ ထမင်းအတူစားတာ ဘာမှ အံ့ဩစရာ မရှိ။ သိထားရမှာက ဘိန်းသယ်သယ်၊ ရာဘသယ်သယ်၊ ကုတ်ကင်းသယ်သယ်။ သယ်ချင်သလောက်သယ်။ ဘာတစ်ခုမှ အနှောက်အယှက်မပေးပဲ ခေါင်းကလေးဆတ်လို့ နှုတ်ဆက်မယ့်သူတွေက ပါရာစီတမော နဲ့ ဘာမီတွန် ကို “ဆရာဝန်ထောက်ခံစာ မပါရင် ထားခဲ့ရမယ်။” ဆိုတာကြီးက လက်တွေ့မှာ ရင်ဆိုင်နေရတဲ့ rules & regulations ကြီးပါပဲ။ နိုင်ဝင်းဆွေတို့ခေတ်ကို ပြန်ရောက်သွားတာ မဟုတ်ဘူး။ အဲ့ဒီထက်ကို ပိုဆိုးနေတာ။

ဒေါ်လာဈေးတွေက ၃-၄ ဆလောက် တက်လာတဲ့အခါ ဒေါ်လာနဲ့ ဝယ်ရတဲ့ ဆေးတွေကလည်း ဈေးတက်တာပဲ။ ရောင်းလိုက်တိုင်း ရင်းစားရှုံးပြီး နောက်ထပ်ပြန်ဝယ်လို့ မရတဲ့အခါ ဆေးကုမ္ပဏီတွေကလည်း အရောင်းတွေ ပိတ်ထားရတာပေါ့။ ဒါပေမယ့် ဆေးသောက်နေတဲ့ လူနာတွေရဲ့ ပါးစပ်ပေါက်ကို ပိတ်ထားလို့မရတော့ ကိုယ်တို့လည်း ဘယ်လောက်ဈေးကြီးကြီး ပေးဝယ်ရတာပဲ။ ဝယ်လို့ရရင်တောင် ကျေးဇူးတင်နေရသေး။ဆန်ကုန်သည် ဆီကုန်သည်ကြီးတွေ ဖမ်းဆီးစစ်ဆေး တောင်းရမ်းလို့ပြီးရင် ဆေးကုန်သည်ကြီးတွေအလှည့် လာတော့မဗျား။ နောက်ဆို ဆေးကုမ္ပဏီတွေလည်း အထည်ချုပ်တွေ ရပ်သလို ရပ်ကုန်ဦးမှာ။ ကိုယ်တို့တွေ ဘာနဲ့ဆက်ကုကြမလဲ။ ပရိတ်ကြီး ၁၁ သုတ်တော့ အလွတ်ကျက်နေတယ်လေ။ ပရိတ်ရေ လိုချင်ရမယ်။ ယူမလား။

နိုင်ငံတကာက လူသားချင်းစာနာထောက်ထားသော အကူအညီ ဆိုတာ ဆေး နဲ့ ဆေးဝါးပစ္စည်းတွေ မပါဘူးလား။ ပါတယ်ဆိုရင် “ရော့ ပိုက်ဆံ။ မင်းဘာမင်း ရှာဝယ်။” လို့ မလုပ်ပါနဲ့။ ဟိုအကောင်တွေ အိပ်ထဲပဲ တနည်းနည်းနဲ့ ရောက်ကုန်လို့။ အောက်ဆီဂျင်တွေ အလှူခံတုန်းကလိုပဲ။ ကိုယ်ကတော့ ဆေးတောင်းရင် ဆေးပဲ လိုချင်တာ။ ပို့တယ်နော်။ မပို့မရှိဘူး။ ကိုယ့်ဆီကို ဩစတြေးလျက ပို့တဲ့ပစ္စည်း၊ ဘန်ကောက်က ပို့တဲ့ပစ္စည်း၊ စင်္ကာပူက ပို့တဲ့ပစ္စည်း၊ မဲဆောက်ကပို့တဲ့ပစ္စည်း၊ အကုန်ရောက်တယ်။ တစ်ခုမှ မပျောက်ဘူး။ ဒါပေမယ့်လည်း မြောက်ပိုင်းတခြမ်းလုံးကို စေ့စေ့ငှငှ အလျဉ်မီအောင် ရောက်ဖို့ဆိုရင် နယ်စပ်ကဝင်တဲ့ လမ်းကြောင်းတစ်ခုခုတော့ ပွင့်ဖို့လိုပြီ မဟုတ်လား။ WFP တို့၊ World Vision တို့၊ AMDA တို့ဆို လောက်ကိုင်မှာတောင် ရုံးခန်းဖွင့်ကြသေးတာပဲဟာ။ စစ်ကိုင်း၊ ကချင်၊ ချင်း၊ အဲ့သလောက်များတဲ့ စစ်ဘေးဒုက္ခသည်တွေဆီ ဆေးဝါး နဲ့ စားနပ်ရိက္ခာ အကူအညီတွေ ဘယ်ကိုမှ ရောက်မလာသေးတာ proposal တင်မယ့်သူ မရှိလို့များလား။ (NUG ဆီက ဆေးဘတ်ဂျက်တော့ ရတယ်နော်။ တော်ကြာ ဗိုလ်နဂါးတွေ ဆန်နေမှာစိုးလို့ ကြိုရှင်းထားတာ)

မလာလည်း နေပေါ့ကွာ။ ဘယ်သူမှ လာမကူလည်း ကိုယ့်ဘာသာကိုယ် ကိုယ်ထူကိုယ်ထ ရပ်တည်နိုင်ပါတယ်။ ကြာမှမကြာတော့တဲ့ကိစ္စ။ ဘယ်နေရာကြည့်ကြည့် ကွီးနေထူးနိုင် ဖိုက်တင်ချနေပြီ။ လူဆိုးတွေ မှောက်တော့ ရဲတွေလာမှာပေါ့။ ဇာတ်သိမ်းတော့မယ်။ ကြယ်သီးတွေ သေချာပြန်တပ်။ ဒီတစ်ခေါက် အိပ်မက်က ဘယ့်နှယ်လုပ် အတိတ်ကောက်ရမှန်းတောင် မသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ်လေ။ နိုင်ငံရပ်ခြားက စားကောင်းသောက်ဖွယ်တွေကို ကိုယ့်တိုင်းပြည်ထဲမှာတင် ဒေါ်လာငွေတွေနဲ့ ပေးဝယ်စားလို့ရပြီ။ ကိုယ်တို့ ချန်ဂင်ဆေးရုံလည်း နိုင်ငံတကာ အဆင့်မီဆေးရုံကြီး ဖြစ်သွားအောင် ဆေးရုံဝင်ကတည်းက လူနာစာအုပ်နဲ့ cash memo လေး ပေးထားမယ်။ ဆေးမှတ်တမ်းက ကွန်ပြူတာနဲ့ ဒေတာသွင်းထားမယ်။ စာအုပ်ဖိုး ၅ ဒေါ်လာပဲပေး။ ဆရာဝန် စမ်းသပ်ခ ၃၀ ဒေါ်လာ၊ အထူးကုနဲ့ဆို ၅၀။ ညဘက် on call ခေါ်ရင် ၁၀၀ နော်။ သွေးပေါင်ချိန်၊ အောက်ဆီဂျင်တိုင်း ၂ ဒေါ်လာ။ ဆေးထိုးသွေးဖောက် ၅ ဒေါ်လာ။ ကလေးမွေး ရိုးရိုးမွေး ဒေါ်လာ ၂၀၀၊ ဗိုက်ခွဲမွေး ဒေါ်လာ ၃၀၀။ Major operation ဆို ဒေါ်လာ ၅၀၀ ပဲပေးပါကွယ်။ အကုန်လုံးကို စေ့စေ့စပ်စပ် ပေါင်းထားပြီး ဆေးရုံဆင်းတဲ့အခါ ပြေစာပေးမယ်နော်။ လန့်မသွားပါနဲ့။ ပိုက်ဆံမပေးရပါဘူး။ ဒီလူနာတစ်ယောက်အတွက် ဒီဆေးရုံက ဒေါ်လာဟောသလောက်တန်တဲ့ ကုသမှု ပေးလိုက်သည် ဆို မှတ်ထားချင်တာ။ အဲ့လိုဆိုရင် ကိုယ့်ဝင်ငွေဟာ တစ်လကို ဒေါ်လာဘယ်လောက်တောင်ဝင်သလဲ သိရမှာဧကန်ပဲ။ အဲ့ဒီအခါကျမှသာ ဆရာချန်ဂင်ကလေးလည်း မြန်မာပြည်က အစားအသောက်တွေကို ဒေါ်လာဈေးနဲ့ တွက်ဝယ်စားလို့ မျိုကျတော့မယ် ထင်ပါရဲ့ကွယ်။

“စား စား ဆရာစိုးစား။

ဆရာစိုး အားရပါးရ စား။

ဟော့ပေါ့လား။ ဘူဖေးလား။

များများစားမှ ရှိမှာ အား။

ဟိုနားဒီနား သွားဖို့။

ယူသွားမယ် မမအပြားကို

(ဒေါ်လာပြား)

မုန့်ဆိုင်မှာ ဝယ်ပြီးစားမလို့

ဆရာစိုးက မမစားဖို့။”

(အို မဟုတ်တာ)