ချန်ဂင်တို့စခန်း (၂၀၄)

ယုန်ကလေးတွေ မရှိတော့တဲ့အခါ အစာကျွေးနေကျအချိန်တိုင်း ကိုယ့်မှာ ယောင်ချာချာ ဖြစ်ရပါတယ်။ နောက်ထပ်တော့ ဘာကောင်ကိုမှ မမွေးတော့ဘူး လို့ စိတ်ကူးမိတယ်။ သို့သော် ကိုယ့်မှာ လူကလေးတွေကို ပျိုးထောင်ရဦးမယ့် အလုပ် ရှိသေးတယ်။ နှစ်ဆန်းပိုင်းတုန်းက စာသွားသင်ပေးခဲ့တဲ့ ဆေးတပ်သားကလေးတွေ အခု သင်တန်းဆင်းလာကြပြီ။ ဒီအခါမှာ လက်တွေ့ အလုပ်သင်ဆင်းဖို့ ကိုယ့်ဆေးရုံကလေးဆီ လိုက်လာကြတယ်။ တစ်ခါတည်းတော့ အကုန်မခေါ်နိုင်ဘူးလေ။ ဆယ်ယောက်တစ်စုလောက် အလှည့်ကျလာကြရင်တော့ အဆင်ပြေပါတယ်။ အဲ့လိုနဲ့ပဲ ယုန်တစ်ဒါဇင် မရှိတော့တဲ့နောက် လူတစ်ဒါဇင် ဆက်မွေးရဦးမှာပေါ့လေ။ ယုန်စာကို ကိုယ်ကကျွေးပေမယ့် လူစာကို သူတို့တပ်က ကျွေးလို့ တော်သေးတာပေါ့။ ကိုယ့်ဆေးရုံမှာလည်း လူ ၁၅ ယောက်လောက် အလုပ်လုပ်နေကြတာဆိုတော့ လူနာများလာလည်း နိုင်နိုင်နင်းနင်းပဲ ဆေးကုနိုင်ပါတယ်။ လိုအပ်သမျှ အလျဉ်မီအောင် ဖြည့်ဆည်းပေးရတာပဲ ရှိတယ်။

လူများတော့ ပျော်စရာတော့ ကောင်းပါတယ်။ ညနေဆို ကြက်တောင်ရိုက်ကြ၊ အလေးမကြ၊ လက်ဝှေ့ထိုးကြနဲ့ လုပ်ချင်ရာလုပ်ကြတယ်။ ဂီတာတီး သီချင်းဆိုတဲ့လူလည်းဆိုပေါ့။ အိမ်နောက်မှာ ချောင်းရှိတော့ ရေချိုးခန်းတန်းစီစရာတော့ မလိုဘူး။ မိုးမရွာရင် ချောင်းရေကကြည်လို့။ ကြမ်းခင်းမှာ နုံးမရှိဘူး။ သဲကြမ်းလေးတွေနဲ့မို့ ရေချိုးလို့ကောင်းတယ်။ သောက်ရေကတော့ အဲ့ဒီချောင်းရေကို ကျိုချက်သောက်တာမို့ တစ်နေ့ ၂ ခါကျိုမှလောက်တယ်။ လူတစ်ယောက် ၂ လီတာ သောက်ရင်တောင် တစ်ရက်စာ လီတာ ၃၀ ကုန်ပြီလေ။ လာသမျှလူတိုင်း ကိုယ့် talent နဲ့ကိုယ် ပါလာတော့ ချန်ဂင်မီးဖိုချောင်က Master Chefs လောက်တော့ အသာလေးပဲ။ ဝက်စတူးလည်း ကောင်းကောင်းစားရတယ်။ ပီဇာ၊ အာလူးပူရီ၊ ဆူရှီ၊ ဟော့ပေါ့၊ မာလာရှမ်းကော၊ အုန်းနို့ခေါက်ဆွဲ၊ မုန့်ဟင်းခါး၊ စိတ်ထင်ရာ အကုန်လုပ်စားကြတယ်။ ဆံပင်ညှပ်တတ်တဲ့သူပါတယ်။ ကောက်ဆေး ဆိုးဆေးတွေမှာ၊ မျက်နှာဖုံးစွပ်ကြီးတွေတပ်လို့ Beauty Spa လည်း ကိုယ့်ဖာသာ ဝင်ကြတယ်။ Gym trainer လုပ်ပေးမယ့်သူ ရှိတော့ Protein ဗူးကြီးတွေပါ မှာသောက်ပြီး ဆော့ကြတာ မှန်တွေတောင်ပေါက်ထွက်တော့မယ်။ နာဆစ်ဆပ်ရောဂါရနေလို့။ လူများတော့ ဒီလိုပဲ တစ်ယောက်နဲ့တစ်ယောက် သည်းညည်းခံပြီး စိတ်ချမ်းသာသလို နေကြရတာပဲ။ လူစုံတော့ စရိုက်လည်း စုံတာပေါ့။ အိမ်သာတက်တိုင်း တရားခွေ အကျယ်ကြီးဖွင့်ပြီး အကြာကြီးတက်တဲ့သူလည်းရှိတယ်။ တခါတလေ လူကဘယ်ရောက်သွားမှန်းမသိဘူး။ ဘုန်းဘုန်းခမျာ အိမ်သာထဲ တစ်ပါးတည်း ဆက်ဟောနေရတုန်း။ ဣရိယာပုဒ် ၃ ပါးမှ ကင်းလွတ်၍ ကျွတ်တမ်းဝင်သော ရဟန္တာမထေရ် နောက်တစ်ပါးများ ပေါ်နေဦးမလားမသိ။ ထိုင်လျှက်၊ လျှောက်လျှက်၊ လျောင်းလျှက်မဟုတ်။ ကုန်းကုန်းကွကွကြီး တရားရသွားတာ။

နေရာအစုံ၊ စရိုက်အစုံ၊ ဝါသနာအစုံနဲ့ လူတွေ ဒီတစ်နေတည်းမှာ အတူတူ လာစုဖို့ကတော့ ရည်မှန်းချက်ပန်းတိုင်ချင်း တူမှ ရမယ်။ ဘားတကာ ကလပ်တကာမှာ နန့်ကြောဆွဲနေတဲ့ ရေပေါ်ဆီတွေ ကိုယ့်ဆီမလာပါဘူး။ လခ ဘယ်လောက်ပေးနိုင်မှာလဲ ဆိုတဲ့သူတွေလည်း ကိုယ်တို့နဲ့ နေနိုင်မှာ မဟုတ်ဘူး။ ဒါဖြင့် ဆရာဝန်တွေကို ပိုက်ဆံမပေးပဲ အလကားခေါ်ခိုင်းနေတာပေါ့ လို့လည်း မထင်နဲ့။ တစ်လလောက် လာနေကြည့်ရင် သိလိမ့်မယ်။ မမဂျူးပြောသလိုပဲ။ “ရွှေရှာတာ မဟုတ်ဘူး။ ငွေရှာတာ မဟုတ်ဘူး။ အချိုရှာတာပါ ကိုကိုရယ်။” ဆိုမှ ကိုယ့်ဆီမှာ သကာတွေ့လိမ့်မယ်။ ဆရာဝန်တစ်ယောက်ကို ပေးသင့်ပေးထိုက်တဲ့ အခကြေးငွေ ဘယ်လောက်ရှိသလဲ ကိုယ် နားလည်ပါတယ်။ ဒါပေမယ့် ကိုယ့်ဆေးရုံမှာ ဘယ်လူနာကိုမှ ဘယ်လောက်ပေးရမယ် ပိုက်ဆံမတောင်းဖူးဘူး။ ဘယ်သူက အလှူငွေ ဘယ်လောက်ထည့်ရမယ်လည်း သတ်မှတ်မထားဘူး။ အုပ်ချုပ်ရေးရုံးက လှူထားတဲ့ အလှူခံသေတ္တာ မှန်ပုံးကလေးတောင် ထုတ်မသုံးဘူး။ ရှက်လို့။ စက္ကူဂျပ်ထူပုံးလေးတစ်ပုံး အလုံပိတ်ထားတယ်။ အဲ့ဒီထဲထည့်ခဲ့။ မထည့်လည်းရတယ်။ အားနာစရာ မလို။ တစ်ပုံးပြည့်မှ တစ်ပုံးဖောက်သုံးတယ်။ မလောက်ရင် စိုက်တာပေါ့။ ပိုက်ဆံနဲ့ပါတ်သက်လာရင် လူနာတွေဘက်က ဆရာဝန်မျက်နှာကို ကြည့်စရာ မလိုသလိုပဲ ကိုယ်တို့ကလည်း ဘယ်လူနာကိုမှ ပိုက်ဆံအတွက် မကြည့်ဘူး။ အဲ့သလိုပဲ ဆရာဝန်အချင်းချင်းလည်း ပိုက်ဆံအကြောင်း တစ်ခွန်းမှ မပြောဘူး။ ကိုယ်တတ်နိုင်တဲ့ဘက်က အတတ်နိုင်ဆုံးကြိုးစားပေးတယ်။ ဆေးရုံထောင်ပြီး ပိုက်ဆံရှာစားနေတဲ့သူတွေလောက်တော့ မပေးနိုင်တာ သေချာတယ်။

ဒါဖြင့် ကိုယ်က ဘာပေးနိုင်မှာလဲ။ ကိုယ်ပေးနိုင်တာ ပညာပဲ ပေးနိုင်ပါတယ်။ ကိုယ် သိသမျှတတ်သမျှတော့ မချွင်းမချန် သင်ပေးတာပဲ။ လုပ်တတ်ကိုင်တတ်အောင်လည်း နည်းပေးလမ်းပြ လုပ်ပေးတာပဲ။ အပြင်မှာလို “nurse aide သင်တန်းပေးမယ်နော်။ ဆေးဝါးကျွမ်းကျင် သင်တန်းပေးမယ်နော်။ သင်တန်းပြီးရင် အောင်လက်မှတ်ပေးပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ တခါတည်း တန်းချိတ်ပေးမှာ။ နေစားရိတ် စားစရိတ်ငြိမ်း တစ်လ လေးငါးဆယ်သိန်း။” ဆို လုပ်စားနေတဲ့သူတွေ အများကြီး။ ကိုယ့်ဆီက ပညာတွေကို ပိုက်ဆံပေးဝယ်စရာ မလိုပါဘူး။ အလကားသင်ပေးပါတယ်။ ကိုယ်နဲ့အတူတူ လာအလုပ်လုပ်ကြည့်ပေါ့။ ပိုက်ဆံချည့်ပဲတွက်ရင်တော့ အလကားရတဲ့အရာမှန်သမျှ တစ်ပြားမှ မတန်ဘူးလေ။ ဒါပေမယ့် ကိုယ်တို့က ကိုယ့်တန်ဖိုးနဲ့ကိုယ်နေတာ။ သူများက ငါးပြားပဲပေးလို့ ငါးပြားပဲတန်တဲ့သူ မဟုတ်ဘူး။ ဆယ်ဇင်းမှာကတည်းက ကြုံဖူးပြီ။ ကိုယ်က Surgeon လုပ်သက် အနှစ် ၂၀ နီးနေတဲ့ senior consultant။ ရန်ကုန်ဆေးရုံကြီးကလာတာ။ ဒါပေမယ့် အလကားခွဲပေးနေတော့ မယုံဘူး။ “တိုက်နယ်ဆေးရုံက SMO နဲ့ပဲ ပြန်ခွဲမယ်။ လွှဲစာရေးပေးပါ။” ဆိုလို့ ရေးပေးလိုက်ရတယ်။ တောကြိုအုံကြားကလူတွေမို့လို့ ဆရာ့တန်ဖိုးကို မသိတာပါ လို့ မထင်ပါနဲ့။ ရန်ကုန်မှာနေတဲ့ တချို့လူတွေအတွက်လည်း ကိုယ့်တန်ဖိုးဟာ တစ်လ သုံးသိန်းခွဲထက် မပိုပါဘူး။ ဒရိုင်ဘာလုပ်ရင်တောင် ဒီ့ထက်ရသေး လို့ တွက်ချင်လည်း တွက်တာ။ ကိုယ် ဒီမှာ စာသင်တာ ၂၀၂၃ နှစ်စကတည်းက တော်တော်လေး အားစိုက်ပြီး သင်ဖြစ်ပါတယ်။ သူတို့ခေါင်းထဲ ဘယ်လောက် ရောက်တယ် မရောက်တယ်တော့ မသိဘူးပေါ့။ ဒါပေမယ့် နောင်ကျလို့ သူတို့အသိဉာဏ်ရင့်လာရင် “ဪ အဲ့ဒီတုန်းက ပြောခဲ့တာ ဒီဟာပါလား။” လို့ ပြန်သဘောပေါက်လာအောင် သင်ခဲ့တယ်။ အခုချက်ချင်း နားမလည်သေးလည်း ကိစ္စမရှိ။

လက်တွေ့ပိုင်းမှာတော့ သူတို့ကိုယ်တိုင် လူနာတွေနဲ့ နဖူးတွေ့ဒူးတွေ့ တေ့တေ့ဆိုင်ဆိုင် အလုပ်လုပ်ရတာဖြစ်လို့ မတတ်စရာ မရှိဘူး။ တစ်ယောက်နဲ့မတတ်၊ နှစ်ယောက်သုံးယောက်ဆို တတ်သွားရော။ အချိန်သိပ်မရဘူး။ မြန်မြန်တတ်အောင်သင်။ တတ်ရင် ကိုယ့်တပ်ရင်းကိုယ်ပြန် အလုပ်လုပ်ကြ။ လိုတာရှိရင် အချိန်မရွေး ဖုန်းဆက်မေး။ တချို့မျိုးစေ့တွေက ချက်ချင်း အပင်မပေါက်ဘူး။ နောင်ကျ ရေမြေရာသီကောင်းတော့ သူ့ဘာသူ အညှောင့်ထွက်လာလိမ့်မယ်။ သင်တန်းစတုန်းက လူ ၂၀၀ ကျော်တဲ့အတန်းဟာ သင်တန်းဆင်းပွဲလုပ်တော့ တဝက်တောင် မတင်ဘူး။ ဒါပေမယ့် သင်တန်းဆုံးအောင် တက်မသွားတဲ့ကလေးတွေလည်း ရှေ့တန်းမှာ ဆေးတပ်သားအဖြစ် သုံးလို့ရတာပဲ။ အနည်းဆုံးတော့ ဒီမှာ စံနစ်တကျ အလုပ်လုပ်တာ မြင်ဖူးရင် အပြင်မှာ မဟုတ်ကဟုတ်က ပေါက်တတ်ကရတွေ မလုပ်တော့ဘူး။ အတုမြင်လို့ အတတ်သင်တာကလွယ်တယ်လေ။ Basic knowledge ကိုပဲ နားလည်အောင် သင်ပေးနေရတာ။ ရမ်းကုတွေဖြစ်သွားမှာစိုးလို့။

ဆရာဝန်တွေသင်တာကတော့ ကိုယ့်အတွက် အခက်အခဲ မရှိပါဘူး။ ဆေးကျောင်းမှာ ဆရာလုပ်ခဲ့တာ နှစ်ပေါင်းမှ မနည်းတော့တာ။ ဒီမှာနေတဲ့ကာလအတွင်း သူတို့အတွက် အချည်းနှီးမဖြစ်စေရဘူး။ ဆေးတပ်ရင်းကလာတဲ့သူတွေဆိုရင် အရေးပေါ်လူနာတွေကို ကိုယ့်တပ်ရင်းမှာကိုယ် အသက်ကယ်နိုင်အောင် အဓိကသင်တယ်။ လိုတဲ့ပစ္စည်းတွေလည်း ရှာဖွေစုဆောင်းပေးလိုက်တယ်။ ဟောက်ဆာဂျင်လာဆင်းတဲ့ကလေးဆိုရင်တော့ သူ့အတွက် အလုပ်သင်ပြီးဆုံးကြောင်း စာရွက်စာတမ်း အထောက်အထားတွေ ပေးနိုင်ဖို့အထိ စီစဉ်ရတယ်။ ကိုယ်တို့မှာ ကျန်းမာရေးဝန်ကြီးလည်းရှိတယ်။ ပါမောက္ခချုပ်တွေလည်း ရှိတယ်။ NUG အစိုးရ validate ဖြစ်တာနဲ့အမျှ ကိုယ်တို့ဆီက ဆေးကျောင်းသားတွေလည်း တရားဝင်တယ်။ စာလည်းတတ်အောင်သင်ရတယ်။ တရားဝင်အောင်လည်း ထောက်ခံချက်ပေးမှရတယ်။ ချန်ဂင်ဟာ တောဆေးရုံပေမယ့်လည်း ကုတင် ၁၀၀ ဆေးရုံတစ်ခုမှာ ရှိသင့်ရှိထိုက်သော form ရော၊ function ရော၊ facility ရော ပြည့်စုံအောင် ကြိုးစားနေပါတယ်။

တော်တော်ပြည့်စုံအောင် စီစဉ်ထားသားပဲ လို့တော့ မပြောပါနဲ့။ ကိုယ့်တစ်ယောက်တည်းက တတ်နိုင်သမျှ လုပ်ထားတာ။ လိုအပ်ချက်တွေ၊ ချို့ယွင်းချက်တွေတော့ ရှိမှာပဲ။ သို့ပေမယ့် ကိုယ်မှ မလုပ်ရင်လည်း ဘယ်သူမှ လုပ်ပေးမယ့်သူ မရှိဘူးလေ။ ဒီကလေးတွေက CDM လုပ်တဲ့အတွက် သူတို့ဘဝရဲ့ အချိန်ကာလတွေ အလဟဿ အချည်းနှီး ကုန်ဆုံးသွားလို့ မဖြစ်သေးဘူး။ နန်းစိန်တွေ ခြေဖဝါးအောက် မှောက်လျက်ကလေး ကျောခင်းပေးမှ ငါတို့ပေးတဲ့အောင်လက်မှတ်ရမယ်ဆိုရင်တော့ Thai Massageပဲ သွားကြရအောင်ပါ။ ဆေးပညာသင်ကြားရေးရဲ့ accreditation ဆိုတာ တောကြိုအုံကြားက စာရင်းမဝင်အင်းမဝင် ဆေးရုံတွေနဲ့ လားလားမှ မသက်ဆိုင်ဘူး ဆိုပေမယ့် အခုဟာက တော်လှန်ရေးကာလလေ။ တော်လှန်ရေးဆေးရုံတစ်ခုက တော်လှန်ရေးဆာဂျင်တစ်ယောက်က တော်လှန်ရေးဆရာဝန်လူငယ်တွေကို သူတတ်ကျွမ်းသမျှ ဆေးပညာတွေသင်ပေးနေတာ ဘာလို့တရားမဝင်ရမှာလဲ။ မြန်မာပြည်ဆေးကောင်စီရဲ့ Surgical Society ကတော့ ကိုယ့်ကိုတောင် outcast လုပ်ပြီး အသိအမှတ်မပြုပဲထားတာ ခံစားမိပါတယ်။ ကိုယ်နဲ့ စကားပြောဆို ဆက်ဆံမိရင် မတရားသင်းဆက်သွယ်မှုနဲ့ အမှုပတ်မှာစိုးလို့ အခေါ်အပြောမလုပ်တော့တဲ့သူတွေလည်း အများကြီး။ ကိုယ်ကိုယ်တိုင်တောင် တရားမဝင်တဲ့ လိုင်စင်မဲ့ဆာဂျင်တစ်ယောက်က သူ့ဟာသူ သင်ချင်ရာသင်ထားတဲ့ တပည့်တွေကို တရားဝင်အသိအမှတ်ပြုဖို့ ပြောတယ်ဆိုတော့ “နင်ရူးနေတာလား။ ငါတို့ကို အရူးမှတ်နေတာလား။” လို့ပဲ ပြောကြမှာပါ။

ဒါပေမယ့် တော်လှန်ရေးကြီးပြီးသွားလို့ နောက်အစိုးရတက်တဲ့အခါကျတော့လည်း အဲ့ဒီနန်းစိန်လူနပ်ကြီးတွေကပဲ မရှိမဖြစ် ပညာရှင်ကြီးတွေအဖြစ် နေရာဝင်ယူကြဦးမှာ။ တော်လှန်ရေးအတွက် CDM လုပ်ပြီး စစ်အစိုးရကိုဆန့်ကျင်ခဲ့တဲ့သူတွေက စောင်ရူးကြီးတွေမို့ ကိုယ့်ကိုယ်ကိုယ် တရားဝင်အောင်အရင် သူတို့ဆီမှာ အသနားခံစာတင်ရဦးမယ်။ ပြီးရင် သူတို့ကပဲ နောင်လာနောက်သားတွေ သွန်သင်ဆုံးမတဲ့အခါ “တွေ့လား။ အဲ့ဒီကောင်တွေလို အရူးမထကြနဲ့။ ဘယ်အစိုးရတက်တက် ဘာတွေပဲလုပ်လုပ် ငါတို့လို ပါးရည်နပ်ရည်နဲ့ နေသာသလိုနေ။” လို့ သွန်သင်ရစ်ကြဦးမှာ။ ဒါကြောင့်မို့လို့ ကိုယ့်ကို လူရာမသွင်းရင်နေ။ ကိုယ့်အောက်က ကလေးတွေ လူရာဝင်အောင်တော့ တတ်နိုင်သမျှ သင်ပြပေးခဲ့ရမှာပဲ။

ဆရာဝန်ဖြစ်ပြီး ၂ နှစ်အကြာမှာ ဆေးကျောင်းကိုပြောင်းပြီး သင်ကြားရေးနယ်ပယ်ထဲကို ဝင်ခဲ့တယ်။ ဘွဲ့လွန်တက်နေတုန်းမှာလည်း ဆေးကျောင်းသားတွေကို စာသင်ရတာ မပြတ်ပါဘူး။ အဲ့သည်က တောက်လျှောက် စာသင်လိုက် စာစစ်လိုက်နဲ့နေခဲ့ရတာ ခုချိန်အထိပဲ။ အခုလိုမျိုး တောထဲတောင်ထဲရောက်နေတာတောင် သင်ကြားရေးအလုပ်တွေက လုပ်နေရတုန်းပဲ။ “မင်းဟာမင်း ဘာတွေသင်လို့ ဘာတွေတတ်သလဲ။ ဘယ်သူကမှ အကဲမဖြတ်၊ အရည်အသွေးစစ်ဆေးခြင်း မရှိတဲ့ဟာ။ ငါတို့က ဘယ်အထောက်အထားနဲ့ လက်ခံအသိအမှတ်ပြုရမလဲ။” လို့ မေးစရာ ရှိပါတယ်။ ဒီလိုဆိုရင် ဟောဒီဆေးရုံမှာလာတက် လာခွဲသွားတဲ့ လူနာတွေရဲ့စာရင်း နဲ့ အသေအပျောက် စာရင်းဇယားမှတ်တမ်းတွေ ရှိပါတယ်။ ဘယ်လိုလူနာအမျိုးအစားတွေ ကုသပျောက်ကင်းသွားသလဲဆိုတာလည်း ကြည့်လို့ရှုလို့ရတဲ့ လူနာမှတ်တမ်းတွေ ထိန်းသိမ်းထားပါတယ်။ အဲ့ဒီလူနာတွေကို ကိုယ်အပါအဝင်၊ ကိုယ်ကိုယ်တိုင် သင်ကြားပြသပေးထားတဲ့ ကလေးတွေကလွဲလို့ ဘယ်သူကမှ လာကုပေးထားတာ မဟုတ်ဘူး။ မြေပြင်ပေါ်မှာ လက်တွေ့ အလုပ်လုပ်နိုင်စွမ်းရှိလို့သာ ဒီလူနာတွေ အသက်ရှင်တာပါ။ ကိုယ်တို့အားလုံး တစ်ယောက် လက်နှစ်ဘက်စီပဲ ရှိတယ်။ လူစေ့တက်စေ့ မရုန်းနိုင်ပဲနဲ့ ဒီလောက် များပြားတဲ့အလုပ်တွေ ပြီးကိုမပြီးဘူး။ ဒီလောက်ဆိုရင် ကိုယ်တို့တတွေ သင်ကြားလေ့ကျင့်ပေးထားတဲ့ကလေးတွေဟာ လူနာကုသရေးအပိုင်းတွေမှာ ကျင်ကျင်လည်လည် အလုပ်လုပ်နိုင်စွမ်းရှိတယ် ဆိုတာကို ငြင်းလို့ မရပါဘူး။ skill သက်သက်ပဲ ရှိပြီး knowledge မပါမှာစိုးလို့သာ စာသင်မယ် စာသင်မယ် နဲ့ ကြုံရင်ကြုံသလို ခေါင်းထဲဝင်အောင် သွင်းပေးနေရတာ။ Medical terms တွေ language barrier တွေကို ကျော်လွှားပြီး နားလည်အောင် ရှင်းပြနေရတာ။ အများကြီး ခက်ခဲပါတယ်။ ပိုက်ဆံယူပြီး အောင်လက်မှတ်ပေးတဲ့ သင်တန်းကျောင်းတွေနဲ့တော့ မယှဉ်သာအောင် ကွာပါလိမ့်မယ်။ တော်လှန်ရေးမှာ အသုံးကျတဲ့ ဆေးတပ်သားရဲဘော်တွေ၊ ဆေးမှူးဆရာဝန်တွေ မွေးထုတ်ပေးနိုင်တဲ့အထိတော့ အောင်မြင်တာ အမှန်ပဲ။ သို့သော် ကိုယ့်ဆီကထွက်တဲ့ကလေးတွေကို ဘာမှမတတ်တဲ့ တောသုံး သောက်ချဉ်ကလေးတွေ ထင်နေမှာစိုးလို့ “ကြုံတဲ့အခါ ယှဉ်သုံးကြည့်။ အများကြီးကွာတာ တွေ့လိမ့်မယ်။” လို့ လူသိရှင်ကြား recommendation ပေးထားခြင်း ဖြစ်ပါတယ်။ နောင်ကျရင် သူတို့ cv မှာ “ချန်ဂင်စခန်းမှာ အလုပ်လုပ်ခဲ့ဖူးတယ်။” လို့ ပါရင် “ခေသောသူ မဟုတ်။” လောက်တော့ လုပ်လိုက်။ သိလား။

၂၃ နဲ့ ၁/၂ စောင်းတဲ့ ကမ္ဘာကြီးအလယ်က မြန်မာနိုင်ငံသား သန်း ၅၀ အနက်မှာ ဟောဒီက ဆရာစိုးကလေးနဲ့ ကြုံရဆုံရ ရေစက်ပါရတဲ့သူတွေ အများကြီးတော့ မရှိနိုင်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်နဲ့ ဆုံတွေ့ရတဲ့အတွက် “ထိခိုက်နစ်နာသွားတယ်။ စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်ရတယ်” ဆိုတာမျိုး ရှိဖူးသလား မရှိဖူးဘူးလား ဆိုတာ အဲ့ဒီသူတွေကိုယ်တိုင် အသိဆုံးနေမှာပါပဲ။ ဘယ်သူ့ဆီကမှ recommendation တောင်းနေတာ မဟုတ်ပါဘူး။ ကိုယ်နဲ့ ထိစပ်ပါတ်သက်သမျှသူအားလုံး ကောင်းချီးမင်္ဂလာ ဖြစ်ဖို့ရာအတွက် တစိုက်မတ်မတ် လုပ်ခဲ့ရတာတွေ အများကြီး ရှိသလို၊ အစဉ်သဖြင့် ရှောင်ကျဉ်ရတာတွေလည်း မနည်းပါဘူး။ ကိုယ့်စာတွေလာဖတ်ပြီး ကိုယ်တို့ဆေးရုံကလေးကို ဝန်းရံကြတဲ့သူတွေဟာ ဘယ်လိုလူစားတွေ ဖြစ်မလဲ ဆိုတာလည်း အရှင်းကြီးပဲပေါ့။ ပလူပျံနေတဲ့ တစ်ကျပ်တန် တစ်ဆယ်တန်လေးတွေကို အများကြီးပဲ လို့ အလုအယက် လိုက်ကောက်နေမယ့်အစား ကိုယ့်လက်ထဲက တစ်သောင်းတန်အုပ်ကလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိဖို့ပဲ လိုပါတယ်။ (နှစ်သောင်းတန်တော့ မယူဘူးနော်။ လွှင့်ပစ်မှာ) ချစ်တို့ရေ။ ကိုယ်တို့ဆီကလာတဲ့ ဂျူနီယာချန်ဂင်လေးတွေကို အားပေးဝန်းရံကြမယ် မဟုတ်လား။ နောက်တော့မှ တစ်ယောက်ချင်း မိတ်ဆက်ပေးမယ်နော်။ အခုက ခေတ်မကောင်းသေးလို့။ နှုတ်ဆက်ရုံကလေးတင်။ ကိုင်း ပလိပ်တတ်ကြီးရေ။ အာဘွား။