ချန်ဂင်တို့စခန်း (၂၀၃)

ဒီနေ့တော်တော် စိတ်မကောင်းဖြစ်ရတယ်။ စိတ်လည်းတိုရတယ်။ နေ့ခင်းက ကိုယ်တို့ ခွဲခန်းဝင်နေတုန်း ခဏလေးမှာ အိမ်ဘေးက ယုန်ခြံထဲကို အကောင်တစ်ကောင်ကောင် ဝင်လာပြီး အကုန်ကိုက်သတ်သွားတယ်။ စားချင်လို့ကိုက်ရင် တစ်ကောင်ပေါ့။ အခုတော့ အကုန်သေကုန်ပြီ။ တချို့အကောင်တွေက ခြေထောက်ကလေးတွေ မရှိတော့ဘူး။ ခြံထဲမှာ ၂ ကောင်၊ ခြံပြင်မှာ ၂ ကောင် သေနေတယ်။ တစ်ကောင်တော့ အစအန ရှာမရဘူး။ ချီသွားသလား လွတ်သွားသလား မသိ။ သနားပါတယ်။ သူတို့ခမျာ ကြောက်ရှာကြမှာပဲ။ ခုရက်ပိုင်း အိမ်ဘေးမှာ ကျွဲတွေနွားတွေက တရုန်းရုန်းနဲ့ တချိန်လုံး မောင်းထုတ်နေရတာ။ အဝတ်တွေ လှမ်းထားရင် ဆပ်ပြာနံ့ရလို့ အကုန်ဆွဲစားတယ်လေ။ ညဆိုလည်း မပြန်ကြဘူး။ ရေချိုးခန်းထဲဝင်ပြီး ဆပ်ပြာရည်ဗူးတွေ ဝါးစားကြတယ်။ ဒီကောင်တွေလာရင် ရွာထဲက ခွေးတွေလည်း ပါလာတာပေါ့။ ခြံထဲဝင်ပြီး အကုန်ပတ်ကိုက်တော့ ယုန်ကလေးတွေလည်း မပြေးနိုင်ကြတော့ဘူး။ အပြင်မှာနေတဲ့တစ်ကောင်ပဲ ဒီခြံကို လွတ်အောင်ခုန်နိုင်တာ။ ခွေးရှင်တွေကတော့ သူတို့ခွေးကို အမှုပတ်မှာစိုးလို့ “ဒါ ခွေးကိုက်တဲ့ ဒဏ်ရာ မဟုတ်ဘူး။ တောကောင်ကိုက်တဲ့ ဒဏ်ရာ။ အိမ်ဘေးကတောထဲမှာ ချေမနိုင်တွေ ရှိတယ်တဲ့။ ဟိုတစ်ခါ မြေခွေးလေးတွေနဲ့ တူတယ်ဆိုတဲ့ အကောင်က ချေမနိုင်လို့ ခေါ်သတဲ့။ အပြင်မှာ လွှတ်ထားပေးရင်တော့ လွတ်အောင်ပြေးချင်ပြေးနိုင်ဦးမှာ။ အပြင်မှာနေတဲ့ကောင်ဆို လှစ်လှစ်ကလေးရယ်။ ကိုယ့်ဒုက္ခကိုယ်ရှာမိပါပကောလား။ နို့ခွဲစကတည်းက မွေးထားတဲ့အကောင်လေးတွေဆိုတော့ “အိမ်ကိုပြန်လျှင် အကျွန် ကျွနုပ် ယုန်တစ်ထုပ်ကို ခွါဆုတ်ရေလှန် ကြပ်ခိုးခံ၍” တွေဘာတွေလည်း မလုပ်ရက်ပါဘူး။ ကောင်းကောင်းမွန်မွန်ပဲ မြှုတ်ပေးလိုက်ပါတယ်။ အတူတူမွေးပြီး အတူတူသေကြရတဲ့ ကံတူအကျိုးပေးလေးတွေ။ ခဏလေးပေမယ့် အသက်ရှင်သခိုက် ဝဝလင်လင် ကျွေးခဲ့ပါတယ်။ သေတော့လည်း ကောင်းကောင်းမွန်မွန် မြှုပ်နှံပေးခဲ့ပါတယ်။ ဒါနဲ့တင်ပဲ မအလတပ်က စစ်ခွေးတွေထက် ယုန်ဖြစ်ကျိုးနပ်နေပြီ မဟုတ်လား။

ဪ ကဲ။ မဆီမဆိုင် ပိန္နဲပင်တွေ ဆွဲထည့်မိပြန်ပြီ။ ထည့်ရမှာပေါ့။ ယုန်သေတောင် မကောက်ရသေးဘူး။ လေယာဉ်လာသတဲ့။ ခေါင်းပေါ်တောင် ရောက်နေနှင့်ပြီ။ ကျင်းထဲ ဆင်းပြေးဖို့တောင် မမီလောက်တော့ဘူး။ ပြေးလည်း ပြေးမနေပါဘူး။ လေယာဉ်လာတာ သူ့ဘာသူ လာလာပေါ့။ ခဏနေ အသံပျောက်သွားတော့ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ရုံပဲဟာ။ ဒီကောင်တွေ လေယာဉ်လာတာက ပျူရွာက သူကြီးဘစီ ဖာတန်းသွားသလိုပါပဲ။ အိုကြီးအိုမအထိ သန်တုန်းမြန်တုန်းဆိုတာ ပြချင်လို့ ဘစီတစ်ယောက် ဖာတန်းသွားသွားပြရတာ ခဏခဏ။ သွားရင်လည်း တိုးတိုးတိတ်တိတ် မသွားဘူး။ လူတကာမြင်အောင် အသံပေးပြီးမှ ဝင်တာ။ ဗီယာဂရာတွေ ကျားမာန်ဟုန်တွေ လှမ်းလှမ်းမှာရတာ အမော။ ရွာက ကာလသားတွေကဖြင့် ဒီအဖိုးကြီးတယ်စွမ်းပါလား အထင်တွေကိုကြီးလို့။ ဖာဆွယ်တွေ ဆို သူကြီးမြင်ရင် ဂျင်းထည့်ဖို့အသင့်။ “ဟာ သူကြီးလာတယ်ဟေ့။ အသစ်ကလေးနဲ့ ထည့်ပေးလိုက်။” “အကိတ်ကြီးတစ်ဗွေရောက်နေတယ် အာစရိ။” နဲ့ ။ တယ်ဆော်တဲ့ သူကြီးပါလားပေါ့နော်။ ခလေးမလေးတွေကတော့ သူကြီးလာတယ်ဆို ပြုံးစိစိရယ်။ ခဏတဖြုတ် နားချင်တဲ့သူက ဖုတ်ဖက်ခါပြီး အထဲလိုက်သွားတာ။ အလကားအဖိုးကြီး။ အသံသာမြည်တာ အဆံမပေါက်ဘူး။ လူရှိန်အောင်သာ လေသံပစ်နေတာ။ သူ့မုန့်လက်ဆောင်းဖတ်ကလေးနဲ့ ဘာမှ မဘာနိုင်တော့တာ ကြာပေါ့။ လေသလပ်ရုံနဲ့ ပိုက်ဆံရတော့ ဒီလိုဖောက်သည်မျိုးလည်း မိတ်မပျက်အောင် ထိန်းထားရတာပ။ ဘာပဲပြောပြော တစ်ဆက်ရှင်စာ အနားရလည်း မနည်းဘူး မဟုတ်လား။ အဲ့သလိုပါပဲ။ မင်းအောင်လှိုင်ရဲ့ ရုရှားဖိုက်တာဂျက်တွေကလည်း ကောင်းကင်မှာ ဘယ်လောက်ဝဲဝဲ ကိုယ်တို့အပေါ် လေသလပ်ရုံအပြင် ဘာမှ မထူးပါဘူး။ ဒီအဖိုးကြီး ပိုက်ဆံကုန်ရုံ ရှိမပေါ့။ သူ့အောက်က ငပိန်းတွေကို “ငို့အဘ ဆော်နေပြီကွ။” လို့ ဖီးလ်တွေတက်နေအောင် ဂျင်းကျွေးတာသက်သက်ရယ်။ ဪ အဲ့လိုသာဆို ပဇီကြီးတို့ အနန့်ပါတို့ကျတော့ ဘယ်လိုပြောဦးမှာတုန်း။ ဒါလည်း ICJ ရောက်တော့ သိရမှာပေါ့။ ဘယ်သူပြောနိုင်မလဲ။ ရုရှားက ဖာခေါင်းတွေ သူကြီးနံမည်နဲ့ ဘေလ်ဖွင့်ပြီး ဖလာကျိတ်သွားသလားမှ မသိတာ။

လေယာဉ်နဲ့ ဗုံးကျဲတယ်ဆိုတာ တစ်ခေါက်လာကျဲရင် သိန်းရာဂဏန်း မကဘူး။ နေ့တိုင်း အခေါက်ခေါက်အခါခါ လာကျဲနေတာ နှစ်ချီနေမှတော့ ကုန်ရောပေါ့။ ဒင်းမှာရှိတဲ့ ပိုက်ဆံလုပ်တဲ့စက်က မြန်မာငွေပဲ ရိုက်လို့ရတဲ့ဥစ္စာ။ ပိုက်ဆံသာကုန်တာ။ ဘာမှလည်း ထိရောက်တာ မဟုတ်။ နောက်ဆုံးတော့ ဘစီလည်း ဖာတန်းမသွားနိုင်ပဲ သူ့အိမ်ကဟာမကြီး ဖာတန်းပို့ရတော့မယ်။ နောက်တစ်မျိုး ဆိုးတာတစ်ခုခု ကြံစမ်းပါဦး။ ဒီမနက်ပိုင်း ရာပြည့်က နေပြည်တော်ထောင်ထဲက မယ်မယ့်ဆီ အတင်းဝင်တွေ့သွားတယ် လို့ သတင်းတက်လာတော့ ဒင်းဉာဏ်လေး တစ်ထွာတစ်မိုက်နဲ့

Location အမှားကြီးထောက်ပြပြီး ထောင်ဖမ်းချင်ပြန်ပြီ လို့ အောင့်မေ့မိတယ်။ ဘာရာပြည့်တာလဲ။ ပြားတောင် တစ်ရာမပြည့်ဘူး။ ဆယ်ပြားလိုနေတဲ့ကောင်။

ခုရက်ပိုင်း တက်လာသမျှ သတင်းတွေဟာ ဘယ်သူတွေအတွက် သွေးပျက်ချောက်ခြားစရာ ဖြစ်မလဲ ကာယကံရှင်တွေကိုယ်တိုင် အသိဆုံးပဲ။ ကိုယ့်အောက်ကလူ ကိုယ်ပြန်စမ်းလို့မှ ၂ နာရီအတွင်း စမ်းမမိရင် တပ်ပြေးအဖြစ် အထက်ကို သတင်းပို့ရမတဲ့။ ဟေဟေ့။ အိမ်သာတက်ရင်တောင် နောက်ကလိုက်အစောင့်ခိုင်းရတော့မယ်။ တာနောယက္ခကြီးလို အာခံတွင်းထဲသာ ဝင်အယိုခိုင်းလိုက်ပါတော့။ “မျက်စိအောက်က ပျောက်မှာပင် အလွန်စိုးတယ်။” လား။

ကစားကွင်းထဲက ပင်လယ်ဓါးပြလှေကြီးတွေလိုပေါ့။ အရှိန်မကုန်မချင်း တက်သွားပြီး ဆက်မတက်နိုင်တော့တဲ့အခါ လာတုန်းကထက် ပိုပြင်းတဲ့အရှိန်နဲ့ ပြန်ဆင်းလာရတာ မဟုတ်လား။ အခု စစ်တပ်ကလူတွေအတွက် အဆင်းပိုင်းဟာ တစထက်တစ အရှိန်အဟုန်မြင့်လာပြီလေ။ ဘာနဲ့မှ တားဆီးလို့ မရတော့ဘူး။ “လမ်းများအားလုံး နေပြည်တော်ဆီသို့” ဆိုတာ ကြားရုံနဲ့ ဖိန့်ဖိန့်တုန်ပြီး ရှိသမျှလမ်းတွေ အကုန် ဘူဒိုဇာနဲ့ တူးဖြိုထားရတာ။ ရုံးတက်ရုံးဆင်းကို စစ်ယာဉ်တန်းနဲ့ သမ္ဗုဒ္ဓေရွတ်ပြီး ကားစီးနေရတာ။ အပြင်ထွက်စရာရှိရင် ကျည်ကာဝတ်ပြီး jammer တစ်ထောင် အစောင့်အကြပ်နဲ့ ထွက်ရတာ။ နောက်ကျောက ပစ်မယ့်ကျည်ကို ကြောက်လို့ ဘယ်သူ့ကိုမှလည်း မယုံရဲတော့ဘူး။ စစ်သားတွေအတွက် ရွေးစရာကလည်း ၂ လမ်းပဲ ရှိတယ်။ သေမှာလား။ ထောင်ကျခံမလား။ ၂ ခုစလုံးလည်း ဖြစ်သွားနိုင်တယ်။ ဘယ်ဟာပဲဖြစ်ဖြစ် ကျေနပ်တယ်ကွာ။

အဖြစ်အပျက်တွေဟာ အရင်လို တစ်လချင်း တစ်လချင်း မသိမသာ ပြောင်းလဲသွားတာ မဟုတ်ပဲ နေ့ချင်းညချင်းကို အရှိန်အဟုန်နဲ့ ရွေ့သွားတာမျိုးပါ။ အဲ့ဒီအပြောင်းအလဲတွေကြားမှာ ကိုယ်တို့က ရှင်သန်နိုင်အောင်လည်း ကြိုးစားခဲ့တယ်။ လိုက်ပါပြောင်းလဲနိုင်အောင်လည်း စီစဉ်ရတယ်။ အဲ့ဒီထဲကမှ တိုးတက်ပွါးများလာအောင်လည်း အားထုတ်ဖန်တီးရပါတယ်။ ရှေ့ဖြစ်လာမယ့် အလားအလာတွေကိုလည်း ချင့်တွေးဆင်ခြင်လို့ ပြင်ဆင်ရပါတယ်။ စစ်ပွဲကာလ စစ်မြေပြင် အခြေအနေတွေမို့ သတင်းလုံခြုံရေးအတွက် လည်း မေ့လျော့ပေါ့ဆလို့ မဖြစ်သေးပြန်ဘူး။ အနေအထိုင် အပြောအဆိုလည်း သိုသိုသိပ်သိပ် ဖြစ်ရတယ်။ အဝင်အထွက် အသွားအလာလည်း ခြေသံလုံလုံ ရှိရတယ်။ low profile နဲ့နေတာ ပိုပြီး အလုပ်တွင်ကျယ်မယ် လို့ ယူဆတယ်။ အလုပ်ပြီးသွားတဲ့အခါ ရလဒ်က ရှင်းရှင်းလင်းလင်းကြီး ထွက်လာမှာပဲဥစ္စာ။ ဘာမှပြောနေစရာ မလို။

ဒီလထဲမှာ မိုးတွေပါးသွားပြီ။ ဒီလိုဆိုရင် လမ်းတွေလည်း ပြန်ပွင့်လာတော့မှာ။ အဲ့ဒီအခါကျတော့ လူနာတွေက အခုထက် ပိုများလာတော့မယ်။ အခုတောင် ပြီးခဲ့တဲ့လက OPD လူနာ ၁၀၀၀ ကျော်တယ်။ ဘယ်လတုန်းကမှ လျော့သွားတယ် ဆိုတာ မရှိဘူး။ တစ်လထက်တစ်လ တိုးလာတာချည့်ပဲ။ လိုအပ်သမျှ ပြည့်စုံအောင် ဖြည့်ဆည်းရဦးမယ်။ ရက်ချိန်းပေးထားတဲ့ လူနာအကြွေးတွေ ရှိတယ်။ ဘယ်ရက် ဘယ်ရက်မှာ ဘာကို အပြီးလုပ်ရမယ် ဆိုတဲ့ target တွေလည်း ရှိတယ်။ ကနေ့နက်ဖြန် တော်လှန်ရေးကြီးကပြီးသွားရင် အလုပ်တွေမပြတ်သေးလို့ မောင်ကြီး မပြန်နိုင်တယ် ဖြစ်မှာစိုးရသေး။ အာရုံမများနဲ့။ ကိုယ့်အလုပ်ကိုယ်လုပ်။

တချိန်ကျရင် ဒီဆေးရုံမှာ ဖြတ်သန်းခဲ့ရတဲ့ ၂ နှစ်တာ ဆိုတဲ့ကာလကို ကိုယ်ရေးခဲ့တဲ့ မှတ်စုကလေးတွေကတဆင့် အတိတ်လမ်းကို ပြန်လျှောက်ကြည့်တဲ့အခါ ကြည့်မိမှာပဲ။ အဲ့ဒီအခါကျတော့ ကိုယ်ကိုယ်တိုင်မှာ ဘာတွေပြောင်းလဲသွားတယ် ဆိုတာ တွေ့ရမှာပ။ မတူတော့ဘူးလေ။ အရင်ကနဲ့တော့ မတူတော့ဘူး။ ဒီ ၂ နှစ်အတွင်း သင်ကြားတတ်မြောက်လာတဲ့ ပညာရပ်တွေလည်း အများကြီး ရှိတယ်။ ဘွဲ့လွန်သင်တန်းတစ်ခု တက်လိုက်ရသလိုကို ရှိတယ်။ ကိုယ်နဲ့အတူ ဆေးရုံစထောင်ကတည်းက အလုပ်လုပ်တဲ့ ဆရာဝန်လေးတွေဆို မေ့ဆေးလည်း ပေးတတ်၊ အာထရာဆောင်းလည်း ကြည့်တတ်၊ ဘွဲ့လွန်အောင်ပြီးသား ဆရာတွေလောက်တော့ ခွဲတတ်စိတ်တတ်ပြီ။ သူတို့မပြောနဲ့။ ကိုယ်ကိုယ်တိုင်တောင် ဒီရောက်မှ တတ်သွားတဲ့ ခွဲစိတ်ပညာတွေ အများကြီး။ အခု ခွဲလူနာ ၃၆၀ ကျော်နေပြီနော်။ အရင်တုန်းက ခွဲခဲ့တဲ့ အရေအတွက်ထက် များတယ်။ အရေအတွက်ထက် အရေးကြီးတာကတော့ surgeon တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ maturity ကို ဒီရောက်မှပဲ ရတော့တယ်။ အဲ့ဒါ ဘွဲ့နဲ့မဆိုင်ဘူး။ အတွေ့အကြုံနဲ့ပဲ ဆိုင်တာ။

အလုပ်နဲ့ဆိုင်တဲ့ အတွေ့အကြုံတင်မကဘူး။ ဘဝနဲ့ဆိုင်တဲ့ အတွေ့အကြုံတွေပါရလို့ ရင့်ကျက်ခဲ့ပြီ။ လူတွေရဲ့ မျက်နှာဖုံးအောက်က မျက်နှာတွေကို ကြည့်တတ်မြင်တတ်ခဲ့ပြီ။ မပြောပဲထားတဲ့ စကားသံတွေကို ကြားတတ် နားလည်တတ်ခဲ့ပြီ။ အဲ့ဒါ ကိုယ်တော်လို့တော့ မဟုတ်ပါဘူး။ ခုကာလအတွင်း လောကဓံရဲ့ အလှည့်အပြောင်းတွေက ဟန်ဆောင်မျက်နှာဖုံးတွေကို ကျွတ်ကျစေခဲ့တာကိုး။ လျှပ်ပြက်လိုက်တဲ့ အခိုက်အတံ့အတွင်းမှာ လူတွေရဲ့ စိတ်ရင်းအမှန်ကို သိလိုက်မြင်လိုက်မိပြီ။ စေတလုံးမောင်ဖုန်း ကို မျက်ကွင်းဆေးလေး ကွင်းပေးလိုက်သလိုပေါ့ကွယ်။ ဟောင်ဖွာဟောင်ဖွာ စွာကျယ်စွာကျယ် လုပ်နေတဲ့သူမြင်ရင် နောက်ကွယ်မှာ အမှောင့်ပယောဂပါသလား။ သူ့ဗိုက်ထဲ သူများက အပင်းသွင်းထားသလား။ တန်းကိုသိတာ။ ဒါပေသိ ကိုယ့်စိတ်ထဲပဲ ကိုယ်ထားပါတယ်။ ထုတ်ပြောနေရင် အေမီဈာန်လို အကြားအမြင်ရနေမှာစိုးလို့။ စိုင်းဝမ်းတွေ မဆန်ချင်ဘူးနော်။ ကိုယ့်တော့ လာမစမိစေနဲ့ပေါ့။ ဒီက ဆေးတို့ပတ်ကြီးနဲ့ အုပ်ချပလိုက်ရင် ပယောဂတွေ အကုန်တုန်ဆင်းလာမှာ။ လူသူမနီး တောကြီးမြက်မည်း အလယ်မှာ ၁၂ ကြိုးစုံအောင် တတ်လာခဲ့တဲ့ အဘဆရာကြီးချန်ဂင် ဆိုတာ မကြားဖူးသေးရင် မှတ်သွားကြပါမောင်တို့။

ယူတို့ကို အိမ်ပြန်လက်ဆောင် take home message အနေနဲ့ တစ်ကွက်လောက် ပြခဲ့ပါဦးမယ်။ ပညာရှင်ဆိုတာ ဈေးသည် မဟုတ်ဘူး။ သိလား။ လူစည်အောင် အတန်ရှည်ရှာတဲ့ အစားထဲ မပါဘူး။ လက်ခုပ်လက်ဝါးတီးပြီး “မီးရထားနဲ့ ခရီးသွားကြမယ့် လုပ်သားပြည်သူများ ခင်ဗျား။” လို့ သူ့ဆီလှမ်းကြည့်အောင် အော်ခေါ်နေရင် လျက်ဆားရောင်းဖို့လို့မှတ်။ လူစည်ရာ ဘင်ထုပြီး ဥုံဖွ အပ်ချလောင်းတွေ ပြနေရင် မျက်လှည့်ပြပြီး ပိုက်ဆံတောင်းတော့မှာ။ “သည်းလေးတို့ရေ။ ချစ်လေးတို့ရေ။ လက်ဆောင်လေးတွေ ယူပါဦး။” ဆို ခေါင်းလောင်းလေးတီးလာရင် ဈေးရောင်းတော့မှာလေ။ ပညာတတ်တဲ့သူဆိုတာ သူ့ပညာကို ရှောက်သီးဆေးပြားရောင်းသလို ဘာ performance နဲ့မှ တွဲပြီး မဖြေဖျော်ဘူး။ အဲ့သလောက်ကလေးမှ နားမလည်ပဲ သိုက်စာထွက်ရာ မင်းလောင်းရှာနေရင်တော့ “ဘိုးဘိုးအောင် ပေါင်တဝက် ပေါ်လာပြီ။” ဆိုတဲ့ ဘဝပဲ ရောက်မှာ။ စစ်သားတွေထက် ဉာဏ်ရည်နိမ့်တဲ့သူတွေပဲ စစ်သားတွေအောက်မှာ ပြားပြားဝပ် ခစားတာ။ ဉာဏ်ရည်ချင်းတန်းတူဆို ဘယ်သူကမှ ခြေသုတ်ပုဆိုးလို မနေဘူး သိလား။ “သူတို့မှာ ဗျောက်တွေနဲ့။” ဆိုတဲ့စကား ပြောလာရင် “မင့်ခေါင်းထဲက ဦးနှောက်ကြီးက ဘာလုပ်ဖို့ ထားတာတုန်း။” လို့ ပြန်မေးပစ်မယ်။ အခုကစပြီး ကိုယ့်စိတ်ဓါတ် ကိုယ့်ဉာဏ်ရည်ဟာ ဘယ်အဆင့်အတန်းထဲမှာလဲ။ ကိုယ်က ဘယ်သူတွေနဲ့အတူ ရပ်တည်ပြီး ဘယ်သူ့အတွက် အလုပ်လုပ်နေရသလဲ။ ကိုယ့်ဘာသာကိုယ် မြင်အောင်ကြည့်ပြီး အမှန်အတိုင်း သုံးသပ်နိုင်ကြပါစေနော့။