ဒီဆေးရုံကိုရောက်လာတဲ့ ကာလအတွင်းကျမှ ကိုယ့်ရဲ့ ဆရာဝန်သက်တမ်းတလျှောက်မှာ အရင်ကနဲ့မတူတဲ့ ထူးထူးခြားခြား အတွေ့အကြုံတွေ ရလာတာ မနည်းဘူး။ လောက်ကိုင်မှာတုန်းက လူ ၂၀ လောက် ငှက်ဖျားပိုးတွေ့ရင် malaria outbreak ဖြစ်ပါပြီဆိုပြီး ထအော်တတ်တဲ့ ကိုယ်ဟာ ဒီမှာ တစ်လကို လူ ၂၀၀ လောက် ငှက်ဖျားဖြစ်တော့ အော်တောင် မအော်နိုင်တော့ဘူး။ GP လုပ်ခဲ့တုန်းက တုပ်ကွေးရာသီဆို ပျော်ရမလို မော်ရမလို ဖြစ်ခဲ့ဖူးသော်လည်း အခုလောလောဆယ် ရာသီတုပ်ကွေးနဲ့ ဆေးရုံကို တစ်နေ့ လူနာ ၁၀၀ နီးပါး လာပြနေတဲ့အခါ ပြုံးလည်း မပြုံးနိုင် ပျော်လည်း မပျော်နိုင်တော့ဘူး။ ဆေးသာကုနေကြရတယ်။ ကုတဲ့သူတွေကိုယ်တိုင်လည်း အချင်းချင်း ဆေးထိုးလိုက် ဆေးသောက်လိုက်နဲ့ ကုနေရတာ။ ဆေးဝယ်မရပါဘူးဆိုမှ ဆေးတွေကုန်တာ သောက်သောက်လဲ။ ပါရာစီတမော ထောင်ဗူးကြီးများဖောက်ရင် အလွန်ဆုံး ၃ ရက်လောက်ပဲ ခံတယ်။ ဆေးဈေးတွေကလည်း အရင်ဈေးထက် ၃-၄ ဆ ပေးဝယ်ရတာပါ။ အဲ့ဒါတောင်မှ ဈေးပဲ ရှိတယ်။ ပစ္စည်း မရှိဘူး။ သွင်းကုန်ထုတ်ကုန် အလုပ်တွေ အကုန်လုံး ရပ်ဆိုင်းသွားပြီ ထင်ပါတယ်။ တော်လှန်ရေးမပြီးမချင်း ပြည်တွင်းကလူတွေအားလုံး တနေ့တခြား ဒုက္ခရောက်လာကြမှာ သိပြီးသားပဲဟာ။ ဘယ်သူက ရေရှည်တောင့်ခံနိုင်မလဲ။ ရှင်သန်ကျန်ရစ်တဲ့သူ အနိုင်ပေါ့။ ကိုယ်တို့ဘက်ကတော့ နောက်မဆုတ်ပါဘူး။ သေချင်သေပစေ။ အဆုံးထိပဲ။ ဘယ်သူ့ကိုမှ သွေးခွဲဖို့ ကြိုးစားမနေနဲ့။ PDF တွေ နေပြည်တော်နားရောက်လာတာ ပြဿနာ မဟုတ်ဘူး။ တော်လှန်ရေးက တပ်တွင်းထိ ရောက်လာတာကို ရအောင်စည်းရုံးထားပါဦး။ အမိန့်မနာခံလို့ ထောင်ချထားရတဲ့ တိုင်းမှူး တပ်မမှူး တပ်ရင်းမှူးတွေ ဘယ်နှစ်ယောက်ရှိပြီလဲ။ တစ်ယောက်နောက်ကျော တစ်ယောက် ဓါးနဲ့ထောက်ပြီး လှေနစ်ရင် မင်းလည်းပါတယ် လုပ်နေရတဲ့သူတွေ။
လူနာတွေက များတာတစ်ကြောင်း၊ ကိုယ့်ထဲကလူတွေကလည်း တစ်ယောက်ပြီးတစ်ယောက် ဖျားတာတစ်ကြောင်း၊ ကိုယ်ကိုယ်တိုင်ကလည်း ဖျားလိုက်ကောင်းလိုက် ဖြစ်နေတာတစ်ကြောင်းကြောင့် စာမရေးဖြစ်ပါဘူး။ ရေးချင်စိတ်ကို မရှိတာ။ အင်တာနက်လိုင်းကလည်း မကောင်းလိုက်တာဆိုမှ။ ဖုန်းထဲက App တွေက update မဖြစ်တော့ပဲ old version တွေ ဖြစ်နေတာကြာပြီ။ ဒီ connection လောက်နဲ့လည်း software အသစ် down လို့ မရနိုင်။ ဒီလိုနဲ့ပဲ signal တွေ viber တွေက စာပို့မရ၊ သူများပို့တဲ့စာလည်း ဝင်ဖတ်မရ ဖြစ်ကုန်ရော။ zoom meeting တွေတက်ဖို့နေနေသာသာ Facebook တောင် ပြတ်တောင်းပြတ်တောင်းနဲ့ သုံးနေရတယ်။
ကိုယ်တို့က ကိုယ့်ဆေးရုံနဲ့ကိုယ် မအားမလပ် ရှိနေသလိုပဲ သူတို့ကလည်း သူတို့ဗျူဟာနဲ့သူတို့ ဆက်တိုက်နေကြတုန်းပါပဲ။ ဖားကန့်တဝိုက်မှာ၊ လိုင်ဆာတက်ရာလမ်းတလျှောက်မှာ နေ့ရောညရော တိုက်ပွဲတွေ ရှိတယ်။ လေယာဉ်တွေလည်း လာတယ်။ လွယ်သလား ခက်သလား ကြင်စိုး။ ပြောစမ်း။ လွယ်သလား ခက်သလား။ ကိုယ်တို့ကတော့ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းသည် ဖြစ်ပစေ ဘယ်တုန်းကမှ လက်မလျှော့ခဲ့ဖူးဘူး။ ဒီဘဝနဲ့ မလုံလောက်ရင် နောက်ဘဝဆက်တိုက်မယ်။ မကျွတ်ချင် မလွတ်ချင်နေ။ ကမ္ဘာမကျေဘူး ဒီကောင်တွေကို။
ကိုယ်တို့ ဒီဆေးရုံကို စထောင်တာ နောက် ၃ လ ဆိုရင် ၂ နှစ်ပြည့်ပြီ။ ကိုယ့်မွေးနေ့ကို ဒီတောထဲမှာပဲ ဖြတ်သန်းခဲ့ရတာ ၂ ခါ ရှိပြီ။ ဆယ်ဇင်းမှာ တစ်ခါထည့်တွက်လိုက်ရင် ကိုယ့်အနေနဲ့ အိမ်ကထွက်လာခဲ့တာ မွေးနေ့ ၃ ခု မြောက်သွားပြီ။ နောင်တရနေတာ မဟုတ်ပေမယ့် ဒီလူယုတ်မာတွေလက်အောက်က ဒီလောက်ကြာတဲ့အထိ မလွတ်မြောက်သေးတဲ့ ဘဝကို အသည်းနာလွန်းလို့။ ရှေ့လျှောက် အခုထက်ပိုပြီး ပြင်းပြင်းထန်ထန် ကြိုးစားဦးမယ် လို့ စိတ်ပိုင်းဖြတ်လိုက်တာ။ ကိုယ်က လွတ်မြောက်နယ်မြေမှာရောက်နေပေမယ့်လည်း ဒင်းလက်အောက်မှာထားခဲ့ရတဲ့ မိသားစု၊ ဆွေမျိုးသားချင်းတွေ လွတ်မြောက်ဖို့ ကြိုးစားရဦးမှာမို့။ အဲ့ဒါကြောင့် ဒီမွေးနေ့မှာ မပျော်နိုင်ပါဘူး။ လူတွေအများကြီး ဝိုင်းဆုတောင်းပေးပေမယ့်လည်း၊ ကလေးတွေက စားစရာသောက်စရာတွေ ခက်ခက်ခဲခဲ ဝယ်လာသယ်လာပေမယ့်လည်း စိတ်ထဲမှာ နည်းနည်းလေးမှ မပျော်နိုင်ဘူး။ နာစရာတွေကို မနာအောင် ထုံးတို့ထားသလိုပဲ ရယ်စရာတွေလည်း နောက်မှရယ်ဖို့ ရက်ရွှေ့ထားတယ်။ အခုချိန်မှာ တော်လှန်ရေးကလွဲလို့ ဘာကိုမှ အာရုံမထားနိုင်ဘူး။ လူနာတွေ ဆေးကုနေပေမယ့်လည်း၊ ဆေးရုံကို အစစအရာရာ ပြည့်စုံအောင် သိုမှီးဖြည့်တင်းနေပေမယ့်လည်း အဲ့ဒါက စခန်းချသက်သက်ပဲ။ ပန်းတိုင် မဟုတ်ဘူး။ ပန်းတိုင်က တော်လှန်ရေးအောင်မှ ဖြစ်မှာ။ မေ့နေမယ် ထင်လို့လား။ သူများတွေ ဘယ်လိုပဲ မေ့မေ့ပျောက်ပျောက်နဲ့ အသားတကျ ရှိနေပစေ။ ကိုယ့်အဖို့ရာမှာတော့ ရက်မလည်သေးတဲ့ မသာအိမ်လိုပဲ ရှိနေတယ်။ တေးသံတောင် မချိုနိုင်ဘူး။ ကြည့်စမ်း။ ၃ နှစ်တောင် ရှိတော့မယ်။ ဒီကောင်တွေ ငါတို့ကို ဒီလောက်ကြာအောင်တောင် ယုတ်မာထားတယ်ပေါ့။ ဟုတ်စ။ တွေ့ကြသေးတာပေါ့ကွာ။
တောထဲတောင်ထဲ လေယာဉ်နဲ့ ဗုံးလာကျဲလိုက်၊ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လိုက် အလုပ်ခံနေရတဲ့ ကိုယ်တို့က မကြောက်ပေမယ့် နေပြည်တော်မှာ တင်းကြပ်တဲ့လုံခြုံရေးအပြည့်နဲ့နေပြီး တနိုင်ငံလုံးကစစ်တပ်တွေကို လူသတ်ဖို့အမိန့်ပေးနေတဲ့ စစ်ဗိုလ်ချုပ်တွေ ဘယ်လောက်များ ကြောက်ဒူးတုန်နေသလဲဆိုတာ လူတကာက သိတယ်။ သူတို့ဟာသူတို့လည်း သိတယ်။ ဒီကနေ့ ဒီအခြေအနေထိရောက်ဖို့ ၃ နှစ်နီးပါး ကြာခဲ့တယ် ဆိုပေမယ့် စကစတစ်ခုလုံး လက်နက်ချအရှုံးပေးဖို့ကတော့ နောက် ၃ လ တောင် ကြာချင်မှ ကြာလိမ့်မယ်။ ၃-၄ ရက်အတွင်းမှာကို တမဟုတ်ချင်း ပြောင်းလဲသွားတာတွေ အများကြီး။ လူတိုင်း မျက်စိနဲ့တပ်အပ် မြင်နေရတာပဲ။ မကြည့်ရဲလို့ မျက်စိစုံမှိတ်ထားတဲ့သူတွေသာ မမြင်တာ။
တကယ်ပြောတာ။ နောက်နေတာ မဟုတ်ဘူး။ ဆေးရုံထူထောင်စ ပထမနှစ်မှာ ခွဲခန်း၊ မွေးခန်း၊ လူနာဆောင်တွေ တွင်တွင်ကျယ်ကျယ် အလုပ်လုပ်နိုင်အောင် တစ်ခုပြီးတစ်ခု ကြိုးစားခဲ့တယ်။ အဲ့ဒါ ၂၀၂၂ အတွက် ရည်မှန်းချက်။ ၂၀၂၃ မှာတော့ မေ့ဆေးစက်တွေ၊ ဓါတ်မှန်စက်တွေ၊ Generator တွေ ပြည့်ပြည့်စုံစုံနဲ့ အလုပ်လုပ်နိုင်အောင် ဖြည့်ဆည်းခဲ့တယ်။ အဲ့ဒါ ၂၀၂၃ အတွက် target ပဲ။ အကုန် အဆင်ပြေတယ်။ အခု ၂၀၂၄ အတွက် target အသစ်ကို ပြင်ဆင်ထားသင့်ပြီ မဟုတ်လား။ နောက်ထပ် ဘာတွေ တိုးချဲ့ဖို့ အစီအစဉ်ရှိရမှာလဲ။ ဘာမှ မတိုးချဲ့ဘူး။ တော်ပြီလေ။ ကိုယ်တို့တွေ အိမ်ပြန်ရင် ဆေးရုံကြီးကို ဘယ်သူနဲ့ ဘယ်သူ့လက်ထဲအပ်ပြီး ထားခဲ့မလဲပဲ စဉ်းစားရတော့မှာ။ တော်လှန်ရေးကြီးပြီးရင် အိမ်ပြန်ကြရမယ်လေ။ အရင်တုန်းက အထုပ်ပြင်တာ ပြေးဖို့ရှောင်ဖို့ ပြင်ရတာ။ ဒီတစ်ခါ အထုပ်ပြင်ရင်တော့ အိမ်ပြန်ဖို့ပြင်မှာ။ ရှင်းပြီလား။ လာမယ့်နှစ်အတွက် ဆေးဝယ်ဖို့ ဘတ်ဂျက်တောင် မတင်တော့ဘူး။ ဘာလုပ်မလဲ။ ဒီကောင်တွေ တောင့်ခံနိုင်လှ လွန်ရောကျွံရော နောက် ၃ လ ပေါ့။ ပြည်တော်ဝင်ဓါတ်ပုံတွေ မလှပဲနေဦးမယ်။ အခုကတည်းက skin လေးဘာလေး care ထားဦးမှပါ။
ဒါဆိုရင် ဆြာစိုးလေးက YGH ကို ပြန်မှာပေါ့နော်။ ဆေးရုံကြီးမှာ အလုပ်ပြန်ဝင်ဖို့ ဂျူတီကုတ်လေးဘာလေး ပြန်လျှော်ထားတော့မှာလား။ ဟင့်အင်းပါ။ နုကြည်ဆီမှာ ခွင့်တောင်းပြီး နောက်ထပ်ဆေးရုံတစ်ခုထောင်မှာပေါ့။ CDM ဆေးရုံကြီးတစ်ခုထောင်မယ်လေ။ CDM လုပ်တဲ့ ဆရာဝန်၊ ဆရာမ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ချည့်ပဲ ဆေးရုံတစ်ခုဖြစ်အောင် run မယ်။ နန်းစိန်တွေ ဘေးဖယ်ကြ။ လခတွေအများကြီးပေးမယ်။ ဘွဲ့လွန်တွေ အားလုံးတက်ခိုင်းမယ်။ နိုင်ငံခြားခရီးစဉ်တွေ ခဏခဏလွှတ်မယ်။ နေပူတော်ကောင်စီကဖွင့်တဲ့ စမူသီရိဆေးရုံလိုပေါ့နော့။ အဆောက်အဦဆောက်စရာ မလိုဘူး။ ဦးပိုင်ကိုဖျက်သိမ်းပြီး မိုးကောင်းရတနာ နဲ့ ကန်သာယာ ဆေးရုံနှစ်ခု ပြည်သူပိုင်သိမ်းလိုက်ရုံလေးရယ်။ ဆီဆားအစုံနဲ့ ဖြည်စားရုံပ။
ဒါနဲ့ နေစမ်းပါဦး။ လူနာတွေကရော ဟင်။ ဘယ်လိုလူနာတွေ လက်ခံကုမှာလဲ။ ချန်ဂင်ဆေးရုံမှာလို အခမဲ့ ကုပေးမှာလား။ ဟုတ်ကဲ့။ CDM လုပ်တဲ့ ဝန်ထမ်းတွေ၊ တော်လှန်ရေးမှာ စွန့်လွှတ်စွန့်စားခဲ့တယ်လို့ နိုင်ငံတော်က မော်ကွန်းတင်ထားတဲ့သူတွေဆို အခမဲ့ ကုပေးရမှာပေါ့ဗျာ။ နောက်ဆို ဒီဆေးရုံမှာ တက်ရမှ ဂုဏ်ရှိတာ ဆိုတဲ့ ပြောစမှတ်လေး ဖြစ်သွားစေရမယ်။ “ကုန်ချင်သလောက် ကုန်ပလေ့စေ။ ဆြာစိုးနဲ့မှ ကုချင်တာ။”ဆိုတဲ့ လူနာတွေကျတော့လည်း ဆေးပဒေသာပင် အလှူရှင်ပေါ့။ နန်းစိန်တွေထဲကဆို ဒေါ်ခင်ခင်ကြီးတစ်ယောက်ကိုဖြင့် လခကောင်းကောင်းပေးပြီး ခန့်ထားချင်မိတယ်။ ဘာမှ ပင်ပင်ပန်းပန်း လုပ်စရာ မလိုပါဘူး။ CDM ဆရာဝန်တွေ အလုပ်တက်အလုပ်ဆင်းမှာ “မင်္ဂလာပါ။ ကောင်းသောနေ့ကလေး ဖြစ်ပါစေ။ ပျော်ရွှင်ချမ်းမြေ့စွာ အလုပ်လုပ်နိုင်ပါစေ။” အဲ့လိုမျိုးလေး နှုတ်ဆက်ဆုတောင်းပေးရုံတင်ပါ။ ခေါင်းလေးတော့ နည်းနည်းညွှတ်ပေါ့နော့။ တော်ကြာ ဂုတ်ရိုးကျီးပေါင်း တက်နေမစိုးလို့။
အိုမို အိုမို။ ချန်ဂင်တို့စခန်းရဲ့ ၂၀၂၄ ရှယ်ပလန်တွေကတော့ လန်ထွက်နေတာပဲ။ စိတ်ကူးတွေယဉ်နေလိုက်တာ ထိပ်ဖူးတွေ ကျဉ်နေပါဦးမယ်။ လက်သည်းလေးတွေ ကိုက်ကိုက် စဉ်းစားနေလို့။ ဒါပေသိ အဲ့ဒါမြန်မာနိုင်ငံသားတိုင်းရဲ့ စိတ်ကူးအိပ်မက်လေ။ အခု လက်တွေ့အကောင်အထည်ဖော်ရတော့မှာ။ တတိုင်းပြည်လုံး အုံးအုံးကြွက်ကြွက် သံပုံးတွေတီးပြီး စစ်သားတွေကို နှင်ထုတ်ခဲ့ကြဖူးတယ် မဟုတ်လား။ အခုက တကယ် လက်တွေ့နှင်ထုတ်နေတဲ့ အချိန်ရောက်လာတာ။ သွား။ ထွက်သွား။ အခုထွက်သွား။ ပြည်သူတွေဆီက လုယက်ခိုးဝှက်ထားခဲ့တာတွေလည်း တစ်ခုမကျန် အကုန်ပြန်တောင်းယူမှာ။ မတရားသဖြင့်ရယူထားတဲ့ သူတို့စည်းစိမ်တွေကို နစ်နာသူ ပြည်သူတွေအတွက် ဖေးမကုစားပေးရဦးမယ်။ ဒင်းတို့လက်ချက်နဲ့ ချွတ်ခြုံကျသွားတဲ့ တိုင်းပြည်စီးပွါးရေးကို အဲ့ဒါတွေနဲ့ပဲ ပြန်အဖတ်ဆည်ရဦးမယ်။ ကြင်စိုးကို ကြိုးစင်ပို့ရုံနဲ့ ပြီးသွားမယ့်ကိစ္စမဟုတ်ဘူး။ ဘောက်ချာတွေသိမ်းထားတာ တစ်ခုမကျန် ပြန်တောင်းရမယ့် အချိန်ရောက်လာပြီ။ အချင်းချင်းရန်ဖြစ်နေရင် အကြွေးတွေ မရလိုက်ပဲ နေပါ့မယ်။
ရစရာရှိတဲ့ အကြွေးတွေကို ရက်စွဲနဲ့ ဘောက်ချာနဲ့ မှတ်ပြီး ပြန်တောင်းသလိုပဲ ကိုယ်က ဆပ်စရာရှိတဲ့ အကြွေးတွေကိုလည်း မေ့မထားပါဘူး။ တော်လှန်ရေးမှာ အသက်စွန့်သွားတဲ့ သူရဲကောင်းတွေ၊ အိုးအိမ်စည်းစိမ် ဘဝတွေနဲ့ ရင်းနှီးပေးဆပ်သွားတဲ့ အမှန်တရား ဘက်တော်သားတွေကိုလည်း ကျေးဇူးတင်ပါတယ် တစ်ခွန်းတည်းနဲ့ ဘယ်လုံလောက်မှာလဲ။ ကိုယ့်ပညာတွေ ကိုယ့်ကျွမ်းကျင်မှုတွေက သူတို့အတွက်၊ သူတို့မိသားစုအတွက် ကျေးဇူးဆပ်ချင်သေးတာပေါ့။ တော်လှန်ရေးပြီးသွားတဲ့အခါ ဘယ်လိုလူတွေကို ဆေးဆက်ကုပေးမှာလဲ ဆိုရင် အဲ့ဒီလူတွေကို ကုပေးမှာပေါ့။ ဆေးရုံထောင်ပြီး ပိုက်ဆံရှာစားမယ့်သူ မဟုတ်ပါဘူး။ အမှန်တရားအတွက် ပေးဆပ်ရတဲ့ ဘဝတွေဟာ အချည်းနှီး အကျိုးမဲ့တော့ မဟုတ်ဘူးဆိုတာ သက်သေပြချင်တယ်။ ဘယ်သူမှ တန်ဖိုးထားမယ့်သူ မရှိလည်း ကိုယ်ကတော့ တန်ဖိုးထားတယ်။ ဒါကြောင့်မို့ နောက်တစ်ခါ ဆေးရုံထောင်ရင် CDM အထူးကုဆေးရုံထောင်မယ် လို့ ပြောတာ။ နန်းစိန်တွေ မလာနဲ့။ ခများတို့လိုချင်တဲ့ ပိုက်ဆံ အဲ့ဒီမှာ မရဘူး။ လူနာတွေထဲမှာ ခများတို့အလုအယက် ကြည့်ချင်တဲ့ VIP တွေလည်း တစ်ယောက်မှ မပါဘူး။ ခများတို့ ချောက်ညင်ကပ်နေတဲ့ ကလော်စာတွေရေးနေကျကောင်ကိုလည်း အားနာပါးနာ ခေါ်ခေါ်ပြောပြော လုပ်စရာ မလိုဘူး။ ကိုယ့်မုဒ်လေးနဲ့ကိုယ်သာ ဆက်နေကြပါ။ ဒီကစာတွေလည်း လာလာဖတ်မနေနဲ့။ အလကား မနောပျက်တယ်။ ဟိုမှာ ယူတို့အဘ က စာပေ၊ ဂီတ၊ အနုပညာနယ်ပယ် ကို ထိန်းချုပ်မှုတွေ လုပ်တော့မတဲ့။ သွား သွား။ ကိုယ်နဲ့ တန်ရာတန်ရာ ခင်သီရိပြည့်စုံမေရဲ့ “ကျွန်မယောက်ကျားက အရမ်းကောင်းတာ။” စာပေတွေကို အမျိုးသားစာပေဆုပေးပြီး ဖတ်ကြမှတ်ကြပေါ့။ ဒါလည်း နှိပ်ကွပ်နှိမ့်ချခြင်းနည်းနဲ့ သပ်ချပလိုက်တဲ့ ဘောက်ချာတစ်စောင်ပါပဲ။ ပညာတွေ ဘယ်လောက်တတ်တတ်၊ ပိုက်ဆံတွေ ဘယ်လောက်ချမ်းသာချမ်းသာ၊ အဲ့ဒါတွေနဲ့ပဲတန်တဲ့ အပေါစားအညံ့စားတွေက သပ်သပ်ကို ရှိတာ။ ကိုယ့်အဆင့်ကိုယ် သိတယ်မှလား။ ထပ်မပြောတော့ဘူး ဒါဆို။