ချန်ဂင်တို့စခန်း (၂၀၁)

လူတိုင်းမှာ အနာဂတ်ကာလနဲ့ပါတ်သက်ပြီး ဘာလုပ်ချင်တယ် ဘာဖြစ်ချင်တယ် ဆိုတဲ့ အကြံအစည် စိတ်ကူးစိတ်သန်းကလေးတွေ ရှိကြတာပါပဲ။ ဒါပေမယ့် ကြံစည်တိုင်းလည်း ဖြစ်မလာဘူးလေ ဆိုသလိုပေါ့။ ကိုယ်မျှော်မှန်းထားတာတွေနဲ့ လက်တွေ့ဖြစ်လာတာနဲ့ တလွဲစီဖြစ်နေတာလည်း ရှိတတ်ပါတယ်။ ယုန်ပေါက်ကလေးတွေ ပြေးလွှားဆော့ကစားနေကြတဲ့အခါ သူတို့ကျယ်ကျယ်ဝန်းဝန်းနေရဖို့ ခြံစည်းရိုးလေး ဘေးဘက်ကို ချဲ့လိုက်မယ် လို့ စိတ်ကူးနေတာ။ ဒါပေမယ့် ဘယ်လိုဖြစ်တယ် မသိဘူး။ တစ်ကောင်ပြီးတစ်ကောင် သေကုန်တာ တစ်ကောင်ပဲ ကျန်တော့တယ်။ အိမ်ထဲခေါ်ပြီး သပ်သပ်စီ ခွဲထားလည်း သေတယ်။ စိတ်ထဲမှာ မကောင်းဘူးလေ။ သတ္တဝါလေးတွေကို သံယောဇဉ်ထားရတာလည်း စိတ်ပင်ပန်းရတာပါကလား။ ဆက်တောင် မွေးချင်စိတ် ပျောက်သွားတယ်။ ကိုယ့်မှာ ခံစားရတာတွေများတယ်။ ထပ်ပြီး မခံစားချင်တော့ဘူး။

ယုန်သေတာကို စာအရှည်ကြီး ရေးဖို့ပြင်နေတယ်။ ကိုယ့်အနီးအနားမှာ လူတွေသေတာမှ အားမနာ။ ဟုတ်တာပေါ့။ ကိုဗစ်လူနာကြီးတုန်းကလည်း သေမှာကို သိသိကြီးနဲ့ ထိုင်ကြည့်နေရတာပဲ။ ဖားကန့်မှာဆို မြေတွေပြိုလို့ ရေမဆေးကျောက်ကောက်တဲ့သူတွေ သေတာ အကြိမ်ကြိမ်အခါခါ ရှိပေါ့။ သေခြင်းတရားနဲ့ အင်မတန်မှကို နီးကပ်နေတဲ့ဥစ္စာ။ နောင်အနာဂတ်အတွက် နှစ်တိုနှစ်ရှည် စီမံကိန်းတွေက ဘယ်မှာ သေချာတာ ရှိပါ့မလဲ။ သို့သော်လည်း သေခါမှသေရော။ မသေမချင်းတော့ ရှေ့ဆက်ရမယ့် plan ဆိုတာ ရှိရမှာပဲလေ။ plan A အတိုင်း ဖြစ်မလာရင် plan B အတွက်ပါ ပြင်ထားရတာပေါ့။ အခု ကိုယ် ဘာအတွက် ပြင်နေသလဲ သိလား။ လူနာတွေ လက်ခံဖို့ ပြင်ထားတယ်လေ။ မနေ့ကတုန်းက ဆယ်ဇင်းအောက်ဘက်က နန့်ပုတ်ရွာကို ၆၀ မမ နဲ့ ထုသွားတာ ၇ ယောက် ဒဏ်ရာရတယ် လို့ ကြားထားတယ်။ စကစ နဲ့ SNA က ဆက်ကြေးကောက်ဖို့ အစည်းအဝေးဖိတ်တာ ဘယ်သူမှ မသွားကြလို့ ရွာလည်ခေါင် ဈေးဆိုင်တန်းကို ထုချလိုက်သတဲ့။ ကလေးတွေ မိန်းမပျိုတွေ သက်ကြီးရွယ်အိုတွေပဲ ထိကြတာပေါ့။ အိမ်ပေါ်တည့်တည့်ကျလို့ မိသားစု ၄ ယောက် မှန်တယ် ပြောတယ်။ ပစ်ပြီးပြီးချင်း ဒဏ်ရာရတဲ့ ဓါတ်ပုံတွေ လိုင်းပေါ်မှာ ချက်ချင်းကြည့်လို့ ရပေမယ့်လည်း အဲ့ဒီလူနာတွေ ကိုယ့်ဆီရောက်ဖို့ကတော့ ၂ ရက် ၃ ရက် ကြာပါတယ်။ တခြားလည်း ဘယ်မှ သွားစရာ မရှိပါဘူး။ လမ်းအခြေအနေကြောင့် ကြာချင်တိုင်း ကြာနေတာ။ ကိုယ်တို့ဆီမှာ ရှိတဲ့ C-arm ဓါတ်မှန်အသေးလေးနဲ့ အစတွေ ထုတ်ကြတာပေါ့။ တစ်ရက် ၂ ယောက်လောက် ထုတ်ရင်တောင် ၃-၄ ရက် ထုတ်ယူရတဲ့ဟာ။ ဒူးခေါင်းကြေမွသွားတဲ့ တစ်ယောက်ကတော့ ကိုယ်တို့လည်း ဘာမှ လုပ်မပေးနိုင်ဘူး။ အရိုးစတွေ ရသလောက်ထုတ်ပေးပြီးရင် အရိုးကုဆရာဝန်ရှိတဲ့ဆီ လွှဲရမှာပဲ။ orthosurgeon တို့ မေ့ဆေးဆရာဝန်တို့ အရမ်းလိုချင်ပေမယ့်လည်း ရမှမရနိုင်တဲ့ ဥစ္စာ။

တဖြေးဖြေးနဲ့ ဒဏ်ရာရတဲ့သူတွေအကုန် ဆေးရုံရောက်လာတဲ့အခါ သူတို့လူနာစောင့်တွေရော ပါလာပြီး ဆေးရုံမှာ လူတရုံးရုံး စည်ကားနေတော့တာပါပဲ။ ရွာထဲမှာ ခုချိန်ထိ ငှက်ဖျားက မကုန်သေးဘူး။ တုပ်ကွေးနဲ့ရောသွားတော့ OPD လူနာတွေလည်း မစဲရပါဘူး။ ကိုယ်တို့မှာတော့ ရက်တွေလတွေ ဘယ်လိုကုန်သွားမှန်းတောင် မသိဘူး။ ဆေးရုံမှာ training လာဆင်းတဲ့ လူအသစ်တွေ ရောက်လာလို့ စာလည်း ပြန်သင်နေရတယ်။ ကိုယ့်ဆေးရုံမှာ Consultant, FA, PG, AS, House, Medical Student အင်္ဂါရပ်စုံအောင် ရှိနေပြီ။ စိတ်ဝင်စားစရာ လူနာတွေလည်း စုံတယ်။ CME လုပ်မယ်ဆိုရင်တောင် လုပ်လို့ရနေပြီ။

တိုက်ပွဲအခြေအနေကတော့ နောက်ထပ် မကြားရပဲငြိမ်နေပြန်တယ်။ တောင်ပိုင်းမှာလို ပြင်းထန်တဲ့ စခန်းသိမ်းတိုက်ပွဲတွေ ကိုယ်တို့ဘက်မှာ မရှိဘူး။ လိုင်ဆာကို သိမ်းမယ် ဆိုတဲ့တပ်တွေကလည်း တိုင်းမှူးတွေ တပ်မမှူးတွေသာ ပြောင်းဖူးပြုတ် ဖြစ်သွားတယ်။ စိတ်ကူးလေးပါပဲ။ အိပ်မက်လေးပါပဲ။ လမင်းကြီးကို သိမ်းထားချင်မိခဲ့။ လှုပ်လေ မြုတ်လေ အခြေအနေမှန်း ကိုယ့်အကြောင်းကိုယ်သိလို့ ငြိမ်နေတာ ထင်ပါရဲ့။ သူ့စစ်အင်အားက ဘယ်ဘက်ကမှ ထုတ်နှုတ် လှုပ်ရှားလို့မရပဲ အပ်ကွက်မိနေတာကိုး။ အဲ့ဒါကြောင့် နောက် နှစ်ရက်အတွက် မိုးလေဝသခန့်မှန်းချက်ကတော့ ချန်ဂင်ဆေးရုံနှင့် အနီးတဝိုက်တွင် မိုးတစ်ကြိမ်နှစ်ကြိမ် ရွာသည်မှလွဲ၍ အများအားဖြင့် သာယာနေဦးမယ့်သဘောရှိပါတယ်။

တကယ်တော့ ဒီနှစ်မိုးဟာ မနှစ်ကမိုးလောက်တောင် မစွေပါ၊ မသည်းပါဘူး။ သို့ပေမယ့် မနှစ်ကတုန်းကထက် စစ်မက်အင်္ဂါ၊ အနာရောဂါ ထူပြောတာကြောင့် ဆေးရုံမှာ လူနာတွေမစဲရတာ။ လက်နက်ကြီးမှန်တဲ့အဖွဲ့ကချည့် ၈ ယောက်ရှိတယ်။ ခွဲလူနာတွေ မွေးလူနာတွေနဲ့ဆိုတော့ ရုံပြည့်ရော။ ခုရက်ပိုင်း OPD လူနာကကို တစ်ရက် ၈၀-၉၀ ဖြစ်လာလို့ ဆေးတွေ မရပ်မနားမှာနေရတာပေါ့။ “ဆေးတွေအရမ်းဝယ်ရခက်တယ်နော်။ ထိန်းထိန်းသိမ်းသိမ်း ပေးထားပါဦး။” လို့ ပြောတော့ ဘယ်လိုပြန်ပြောရမှန်းတောင် မသိ။ ဒီမှာတော့ ဆရာဝန်တောင် မျက်နှာမသစ်ရသေးဘူး။ လူနာတွေက ရောက်နှင့်ပြီ။ ဆေးကို တစ်ရက်စာပဲပေးရင် နေ့တိုင်း လာနေရမှာပေါ့။ တခါတည်း ဆေးပတ်လည်အောင် ပေးမှ ဖြစ်မယ်။ ပေးလိုက်တဲ့ဆေး ကုန်အောင်မသောက်မှာပဲ စိုးရိမ်နေရတာ။ ပျောက်သွားရင် ဆက်မသောက်တော့ဘူးလေ။ နောက်လူဖြစ်ရင် သူက အဲ့ဒီဆေးနဲ့ဆက်ကုရော။ “ရော့ ။ ဒါလေးသောက်လိုက်။ ငါ့တုန်းက နှစ်ခွက်လောက်သောက်လိုက်ရင် ပျောက်တယ်။” ဆိုပြီး။ ကိုယ့်ဆေးတွေ ဝေသောက်နေတာက တော်သေး။ သူတို့ဘာသူတို့ စပ်ဆေးတွေဝယ်သောက်ရင် သွေးပွက်ပွက်အန်ပြီး ရောက်လာပြန်ရော။ ညကြီးမင်းကြီး သွေးလှူရှင်လိုက်ရှာရသေးတယ်။ အဲ့ဒီတော့ နေမကောင်းရင် ကိုယ့်ဆီ တန်းတန်းမတ်မတ် လာပြပြီး ကိုယ်ပေးတဲ့ဆေးနဲ့ ပျောက်ကင်းသက်သာသွားရင် သူတို့ကိုတောင် ကိုယ်က ကျေးဇူးတင်နေရသေး။

အရင်တုန်းကတော့ အအေးမိ နှာစေး တုတ်ကွေး ဖျားနာဆို ရွာမှာ ဘယ်သူမှ ဆေးခန်းသွားပြမနေပါဘူး။ ကုလားလေးကောင်ဆေးတို့၊ ဘိုင်အိုဂျက်ဆစ် နံပါတ်တစ်တို့ ကုန်စုံဆိုင်က ဝယ်သောက်လိုက် ပြီးသွားတဲ့ဟာ။ အခုတော့လည်း ဆရာဝန်က ရွာထိပ်နားတင် လွယ်လင့်တကူ ရှိနေမှပဲဟာ။ ပိုက်ဆံပေးရတာလည်း မဟုတ်။ ဒီတော့ “တို့ရွာသားတွေအားလုံး ဓူဝံအင်ဗာတာပဲ သုံးတယ်ဟေ့။” ဖြစ်ကုန်တာပေါ့။ သုံးပလေ့စေလေ။ ကိုယ်တို့ဆေးရုံက “လူနာများများလာမှ ပိုက်ဆံများများရမှာ” ဆိုတဲ့ ဆေးရုံအဆင့်ကို ကျော်လွန်ပြီး ကိုယ့်ဆီကိုလာစရာမလိုအောင် လူတွေနေကောင်းကျန်းမာနေမှ သက်သက်သာသာ အနားရမယ့် ဆေးရုံအဖြစ်ကို ရောက်နေမှကိုး။

ဆရာဝန်တွေ ဆေးခန်းထောင်တယ်ဆိုတာ ဟိုးရှေးရှေး ပဝေသဏီကတည်းက ရှိခဲ့ကြပါတယ်။ အစိုးရဆေးရုံတွေမှာ အများပြည်သူ ကုသရေးအတွက် ပေးတဲ့ ဝန်ဆောင်မှုတွေကို ကျေနပ်မှုမရှိတဲ့အခါ ကိုယ့်ဘက်က ငွေကြေးအင်အား တတ်နိုင်ရင် တတ်နိုင်သလောက် အကုန်အကျခံပြီး အဆင့်မြင့်တဲ့ ငွေကုန်ကြေးကျများတဲ့ ကုသမှုတွေကို အပြင်မှာ သူတို့စိတ်တိုင်းကျ ပေးဝယ်တဲ့သဘောပါပဲ။ အဲ့ဒါကြောင့်မို့လို့ “အပြင်ဆေးခန်းဆေးရုံတွေက ဈေးကြီးလိုက်တာ။””ဒါလေးလုပ်တာ ဘယ်၍ဘယ်မျှတောင် ကုန်တယ်။” “အောင်မယ်လေး။ ရေခဲသေတ္တာ သေးသေးလေးတစ်လုံးတောင် မပါလေခြင်း။” ဆိုတာမျိုးကို ချွေးသိပ်မပေးလိုပါဘူး။ ဆေးရုံကအခန်း နဲ့ ဟော်တယ်က အခန်းဟာ အကျယ်အဝန်း အသုံးအဆောင် ပစ္စည်းသက်သက်နဲ့ တိုင်းတာလို့ ရတာမှ မဟုတ်တာ။ ၂၄ နာရီ ကျန်းမာရေးစောင့်ရှောက်မှု အချိန်မရွေးရနိုင်တဲ့ readiness အတွက် စိုက်ထုတ်ကုန်ကျ ပြင်ဆင်ရတာတွေ ရှိတယ်လေ။ ပုံမှန်လည်ပတ်နေတဲ့ ဆေးရုံတစ်ခုဖြစ်ဖို့၊ အချိန်မရွေး အဆင်သင့်ရှိတဲ့ ခွဲခန်းတစ်ခုရဖို့ မတည်ရင်းနှီးငွေတင်မကဘူး။ စောင့်ရှောက်ထိန်းသိမ်းစားရိတ်၊ သုံးစွဲကုန်ကျစားရိတ်တွေ ဘယ်လောက်များသလဲဆိုတာ အခု ကိုယ်ကိုယ်တိုင် လုပ်ကြည့်မှပဲ သိပါတယ်။ ဒါကြောင့်မို့လို့ အပြင်ဆေးခန်းတွေမှာ တက်ခွဲရင် ဘယ်လိုတွေတောင် ပိုက်ဆံတွေ သောက်သောက်လဲ ကုန်တယ် ဆိုတာတွေကို ကိုယ် မအံ့ဩပါဘူး။ တကယ်တမ်းတော့ အလားတူ ခွဲစိတ်ကုသမှုမျိုးကို အစိုးရဆေးရုံတွေမှာ အလကားကုပေးနိုင်အောင် ဘယ်သူတွေက ဘယ်လိုစီမံခန့်ခွဲနေကြသလဲဆိုတာကသာ အံ့ဩစရာကောင်းတာပါ။ ဆာဂျင်ဖြစ်လာရင် အဲ့ဒီစီမံခန့်ခွဲမှု အတတ်ပညာတွေလည်း နားလည်မှ ရပါမယ်။ ဖတ်စာအုပ်ထဲမှာ မပါသော်ငြား၊ ဘယ်သူကမှ သင်မပေးသော်ငြား ပေါ့။ နို့မို့ အလုပ်လုပ်လို့ ရမှာ မဟုတ်ဘူးလေ။ စီမံကြည့်ပါ။ ခွဲခန်းထဲမှာသုံးဖို့ ကိုယ့်ပတ်တီးစ ကိုယ်ခေါက်ကြည့်။ ကိုယ်သုံးမယ့် ဂွမ်းလုံးကလေးတွေ ကိုယ့်လက်နဲ့ကိုယ်လုံးကြည့်။ ခွဲခန်းအတွက် တစ်လစာ ဂွမ်းဘယ်နှစ်လိပ်၊ ပတ်တီးဘယ်နှစ်လိပ် ကုန်သလဲ သိလာလိမ့်မယ်။ အရက်ပျံ၊ ဆပ်ပြာရည်၊ ဘီတာဒင်းဆိုတာ ဂါလံပုံးနဲ့ ချင်သုံးရတာ။ နေ့တိုင်းကြမ်းတိုက်တဲ့ ကြမ်းတိုက်ဆေးရည်တောင် ဘယ်လိုတွေကုန်သလဲ မေးကြည့်။ နို့မို့ဆို “ဘယ်ရောက်ကုန်သလဲ။ ရှိဦးမှာပါ။” နဲ့ အတိတ်မေ့သလို ရွှေပျောက်သလို ဖြစ်နေမယ်။

အဲ့ဒါကြောင့် ကိုယ့်အနေနဲ့ အစိုးရဆေးရုံပေါ်မှာ “ဘယ်လူနာဆီကမှ ပိုက်ဆံမတောင်းဘူး။” ဆိုပေမယ့် “ဒါ အစိုးရဆေးရုံလေ။ အကုန် အလကားရရမှာ မဟုတ်ဘူးလား။” ဆိုတဲ့လူနာတွေဆိုရင်တော့ စေတနာပျက်ပါတယ်။ အစိုးရဆေးရုံမှာ နိုင်ငံတော်က အခမဲ့ပံ့ပိုးပေးထားတာတွေ ရှိတာ မှန်ပါတယ်။ ဒါပေမယ့် အဲ့ဒီအရာတွေ လူနာဆီကို အသုံးတည့်တည့်ရောက်ဖို့ရာအတွက်ကတော့ အဲ့ဒီဆေးရုံမှာအလုပ်လုပ်နေကြတဲ့ ဆရာဝန် ဆရာမ ကျန်းမာရေးဝန်ထမ်းတွေရဲ့ စေတနာအပေါ် အရင်းခံပြီးမှ ရောက်ပါတယ်။ သူတို့ဆီက စေတနာမပါရင် မရောက်ပါဘူး။ မယုံမရှိနဲ့။ ဆီးဂိမ်းတုန်းက တရုတ်ဆင်းကဒ်တွေ သိန်းနဲ့ချီပြီး အလကားပေးသွားပေမယ့် ဂျပန် ambulance ကားအသစ်စက်စက်တွေ ရာနဲ့ချီပြီး အလကားပေးသွားပေမယ့် စီမံခန့်ခွဲတဲ့သူ စေတနာမရှိရင် သဲထဲသေးပေါက်တာကမှ ခြောက်သွားရင် အရာလေးကျန်ဦးမယ်။ မမှတ်မိတော့ဘူးမှလား။

နိုင်ငံတော်က ကျန်းမာရေးဘတ်ဂျက်တွေချထားပြီး ပြည်သူလူထုအပေါ် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့ ကြိုးစားနေတယ် ဆိုတာ အမှန်ပါ။ မကြိုးစားလည်း ဒီလိုပဲ ပြောရမှာ မဟုတ်လား။ သို့သော် ကြိုးစားသလောက် အရာထင်မထင်ကတော့ ပြည်သူလူထုကပဲ အသိဆုံးနေမှာပါ။ တချို့လူတွေလည်း အကျိုးခံစားရလိမ့်မယ်။ တချို့လူတွေတော့ မခံစားရဘူး။ ဒါ သေချာတယ်။ တကယ်လို့များ အကျိုးခံစားရတဲ့အထဲမှာ ကိုယ် ပါတယ် ဆိုရင်တော့ အဲ့ဒါ နိုင်ငံတော်ရဲ့ပံ့ပိုးမှုကြောင့်လို့ချည်း မမြင်ပါနဲ့။ အဲ့ဒီပံ့ပိုးမှုတွေက ကြားခံဝန်ထမ်းတွေ စေတနာမပျက်လို့သာ ကိုယ့်ဆီကို ရောက်လာတာ လို့ သဘောထား။ ဆပ်ပြာကောင်းတိုင်း ခေါင်းပေါင်းမဖြူဘူး။ ခဝါသည် လက်တွေလည်း ပဲကြီးရေခွံလိုက်နေပြီ။

ဆာဂျင်တစ်ယောက်အနေနဲ့ ခွဲခန်းတစ်ခန်း၊ ခွဲစိတ်ဆောင်တစ်ဆောင် ကို ကိုယ်တိုင် စီမံခန့်ခွဲရတဲ့အခါ စောစောကပြောသလို လူနာတွေ ကိုယ့်လူနာဆောင်မှာ (အခမဲ့ လို့တော့ မပြောလိုပါဘူး) သူတို့ ဝန်နဲ့အား မျှသလောက် ရုန်းကန်ပြီး ထိုက်တန်တဲ့ ဆေးကုသမှုကို ရဖို့အတွက်ကတော့ အဲ့ဒီဆာဂျင်ရဲ့ တာဝန်ဖြစ်သွားပါပြီ။ သူစီမံခန့်ခွဲတဲ့အတိုင်း ဖြစ်ရတော့မှာကိုး။ ဒီအခါ မှာ စေတနာချည့်သက်သက်လည်း မရဘူး။ မေတ္တာတွေ၊ ဂရုဏာတွေ၊ မုဒိတာတွေနဲ့ လည်း မလုံလောက်ဘူး။ အဲ့ဒါတွေက လေပဲရှိတာ။ ဘယ်မလဲ ရေ။ ရေမြင့်မှ ကြာတင့်မှာ မဟုတ်လား။ တချို့ကလည်း ရေလာအောင် မြောင်းပေးကြတာပေါ့။ တချို့လည်း စီးတဲ့ရေကို ဆည်တဲ့ကန်သင်းနဲ့ တုပ်ထားလိုက်ကြတယ်။ တချို့ကျတော့ ဘယ်ဘက်က တစ်ဆုပ်ကြဲနိုင်အောင် ညာဘက်က တစ်လှည်းသွင်းထားကြတာပေါ့။ ကိုယ့်သန်ရာသန်ရာပဲ။ မှန်တယ်လည်း မပြောသလို မှားတယ်လည်း မဝေဖန်လိုပါဘူး။

လူဆိုတာ အကုန်လုံး ငယ်ရာက ကြီးလာကြတာချည့်ပဲလေ။ ဘယ်သူမှ ကြီးရာက ပြန်မငယ်သွားဘူး။ တချိန်ကျရင် ကိုယ်ကိုယ်တိုင် စီမံခန့်ခွဲ အုပ်ချုပ်သူနေရာကို ရောက်လာကြမှာပါ။ အဲ့ဒီအခါကျတော့ အရင်လူလုပ်သွားတဲ့ထုံးစံအတိုင်းပဲ ဆက်လုပ်မလား။ ဒါမှမဟုတ် ကိုယ့်နည်းကိုယ့်ဟန်နဲ့ စံနစ်သစ်ထူထောင်မှာလား။ အဲ့ဒါကတော့ ကိုယ့်သဘောအတိုင်းပါပဲ။ ငါ့အောက်ကလူတွေကို ငါဘယ်လိုအုပ်ချုပ်လိုက်မယ် ဆိုတဲ့ admin ပညာတွေကို မဆိုလိုပါဘူး။ ငါ့အဆောင်က လူနာတွေရဲ့ ကုသရေးကို ငါဘယ်လို စီမံပေးမလဲ ဆိုတဲ့ management ပိုင်းကို ပြောချင်တာပါ။ ဆေးရုံတစ်ရုံက surgical ward တစ်ဝါဒ်ရဲ့ ကောင်းသတင်း ဆိုးသတင်းက အဲ့ဒီက လာပါတယ်။ အကုန်လုံးကတော့ မူဟန်သွယ်သွယ် ဆိုကြမယ် ချည့်ပါပဲ။

တကယ်လို့များပေါ့နော်။ ကိုယ်ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ့်ဆွေမျိုးသားချင်းသော်လည်းကောင်း နာဖျားမကင်းလို့ ပြည်သူ့ဆေးရုံတစ်ခုခုပေါ် တက်ရောက်ကုသရသည်ရှိသော် ပေါ့။ အပေအတေ အညစ်အကြေးတွေကို မရွံမရှာ ကိုင်တွယ်ပြုစုပေးမယ့် ဆေးရုံအလုပ်သမားလေးတွေကို တွေ့တဲ့အခါ၊ ချိုချိုသာသာ ကြင်ကြင်နာနာ စောင့်ရှောက်ပေးမယ့် သူနာပြုဆရာမလေးတွေနဲ့ ကြုံဆုံရတဲ့အခါ၊ စိတ်ရှည်လက်ရှည် မေးမြန်းဆွေးနွေးပြီး စိတ်ချလက်ချ အားကိုးလောက်တဲ့ အထူးကုဆရာဝန်ကြီးတွေရဲ့ ကုသခွဲစိတ်မှုတွေကို ခံယူရတဲ့အခါ။ သူတို့ဘက်က စေတနာ မပါပဲ အဲ့ဒါတွေ မဖြစ်နိုင်ဘူး လို့ သတိရလိုက်ပါ။ မဟုတ်ကဟုတ်က မဖြစ်နိုင်တာတွေ ပြောဆိုနေတယ် လို့ ထင်နေတာလား။ အခုပြောခဲ့သမျှအားလုံးက လူနာတစ်ယောက်အတွက် ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးတွေချည့်ပဲ။ အဖိုးသားနား ပေးရသည်ဖြစ်စေ၊ အခမဲ့ဖြစ်စေ၊ ဒီအခွင့်အရေးတွေကတော့ ရကိုရသင့်တယ်။

အနည်းဆုံးတော့ ကိုယ့်ဆေးရုံမှာ အဲ့သလို လုပ်ငန်းခွင်ကလေး ဖြစ်နေအောင် ကိုယ် ကြိုးစားထားတယ်။ ကိုယ်က အလကားကုနေလို့ ကိုယ့်ဆီလာတဲ့ လူနာတွေကို အလှူခံလို မဆက်ဆံနိုင်ဘူး။ လူနာတွေဆီက အလှူခံပုံးဖောက်ပြီး ဆေးတွေဝယ်နေလို့၊ အများကဝိုင်းလှူတဲ့ ပစ္စည်းတွေနဲ့ ဆေးကုနေလို့ ကိုယ့်ကိုယ်ကိုယ်လည်း အလှူခံပုဂ္ဂိုလ်အဖြစ် သဘောမထားနိုင်ဘူး။ လူနာ က လူနာ၊ ဆရာဝန် က ဆရာဝန်ပဲ။ အဲ့ဒါကြောင့် လူနာတွေရသင့်ရထိုက်တဲ့ အခွင့်အရေး မှန်သမျှ ကိုယ့်ဘက်က ပေးရပါတယ်။

ကိုယ့်ဘက်က ရသင့်ရထိုက်တဲ့ အခွင့်အရေးတစ်ခုလည်း ကိုယ်ပြန်တောင်းရမှာပေါ့။ ဒီအလုပ်ကိုလုပ်တာ ကျေးဇူးအတင်ခံချင်လို့ မဟုတ်ပေမယ့် သိစေချင်တာ တစ်ခုတော့ ရှိပါတယ်။ ကိုယ်ဆေးကုတဲ့ လူနာတွေနဲ့ ကိုယ်နဲ့အကြားမှာ အပေးအယူ၊ အရှုံးအမြတ်၊ အတုံ့အလှည့်၊ ဘာတစ်ခုမှ ထည့်မတွက်ပဲ ကိုယ့်ဘက်က အကောင်းဆုံး service ကို ပေးပါတယ်။ အဲ့ဒါ sponsors ကောင်းလို့၊ funding တောင့်လို့ မဟုတ်ပဲ ကိုယ့်မှာရှိသမျှ resources တွေ အလေအလွင့်မရှိပဲ လူနာတွေအပေါ် အကျိုးသက်ရောက်မှုရှိစေချင်တဲ့ စေတနာကို နားလည်စေချင်တာပါပဲ။