ချန်ဂင်တို့စခန်း (၁၉၉)

“မိုးသံလေသံ မောင်မကြားလား။” တဲ့။ ကြားတာပေါ့။ မိုးသံလေသံတင် ဘယ်ကမလဲ။ သူ့အနောက်က ကပ်ပါလာတဲ့ လေယာဉ်သံလည်း ကြားတယ်။ အဲ့ဒီလေယာဉ်သံကိုမှ ဟတ်စကီးအသံလား ဂျက်ဖိုက်တာ အသံလား ကွဲကွဲပြားပြား ကြားတယ်။ Dolby Sound System နဲ့ ရုပ်ရှင်ရုံထဲမှာ ကြည့်နေရသလို ဘယ်ဘက်ကနေဝင်လာပြီး ဘယ်အရပ်ကို ထွက်သွားသလဲ။ နိမ့်နိမ့်လေးလာသလား၊ ဟိုးအမြင့်က ပျံသွားသလား ပါ ကြားတယ်။ ဪ ကိုယ်တွေတောင် စစ်ရေးအတွေ့အကြုံ မနည်းတော့ပါလား။ စစ်မြေပြင်မှာနေရတဲ့ ပြည်သူတွေရဲ့ဘဝက သည်အတိုင်းပဲ ရှိပေမပေါ့လေ။ တံတားဦးကနေ တက်လာတယ်၊ မြစ်ကြီးနားကနေ တက်လာတယ်။ ဘယ်နှစ်စီးတက်ပြီး ဘယ်ဘက်ကို ပျံသွားတယ် ဆိုတဲ့သတင်းရတာနဲ့ နားသာစွင့်နေလိုက်။ ကိုယ့်ဘက်လာတာမှန်ရင် အသံတော့ ကြားရမှာပဲ။ အုန်းကနဲဒိုင်းကနဲ သိမ့်သိမ့်တုန်သွားရင်တော့ အဲ့ဒါ ချလိုက်တာ။ တစ်လုံးဖြင့်တစ်လုံး နှစ်လုံးဖြင့်နှစ်လုံးပဲ။ ကိုယ် ဘာမှ မဖြစ်သေးဘူး မှလား။ အဲ့ဒါ ကိုယ့်ပေါ်တည့်တည့်ကျမသွားလို့။ အသံ ဘယ်ဘက်ကကြားလဲ။ ကြားတဲ့ဘက်ကို လှမ်းကြည့်။ နီးနီးလေးမှာလား။ ပြောစမ်းပါ ပြောစမ်းပါ။ ဝေးဝေးကြီးမှာလား။ ပြောစမ်းပါ ပြောစမ်းပါ။ နီးနီးဝေးဝေး ဘယ်ဖြစ်ဖြစ်။ ဟဲ့ ဪ။ ကြောက်ရမှာ မဟုတ်ဘူးလား။ ကိုယ့်မှ မထိတာ။ ဘာကြောက်နေရဦးမလဲ။ ထိတဲ့သူတွေ ဆေးကုရဦးမှာ။ ကြောက်နေဖို့ အချိန်မရဘူး။ ဒါမျိုးတွေ အခုမှတွေ့ဖူးတာကျလို့။ လူနာကိုသာ ထုံဆေးထိုးချင်ထိုးမယ်။ ငါတို့အတွက်က ထုံနေပြီးသား။

အခုလာတဲ့ လေယာဉ်က တပ်ရင်း (၆) ဘက်မှာ သွားကျဲတာတဲ့။ ဖားကန့်နားကလေ။ အဲ့ဒီဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ အသေအချာပါပဲ။ ကိုကိုက နေ့တိုင်းလာတယ်နော်။ လေယာဉ်ဆီတွေ သိပ်ပေါနေတယ်ပေါ့ ဟုတ်လား။ လက်နက်တွေလည်း ဖောချင်းသောချင်းပါလား ကိုကိုရဲ့။ ပစ်လိုက်စမ်းပါ။ ပစ်သာပစ်။ မကုန်မချင်းပစ်။ ညေးတို့ကိုထိလို့ သေချင်လည်း သေပစေ။ မကုန်ကုန်အောင် ပစ်သွားစမ်းပါ။ ကိုကိုတို့ ကျည်ကုန်တဲ့တစ်နေ့ ကိုယ့်နားထင်ကိုယ်တေ့ဖြုတ်ဖို့ တစ်တောင့်တော့ချန်ထား။ ကြားလား။ ပိုးစိုးပက်စက်ကို ပြုစုပေးမလို့ စောင့်နေတယ်။

စစ်ကို လိုလားတဲ့သဘောမျိုး မဟုတ်ပေမယ့် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ဖို့ ထိုးစစ်ဆင်နေချိန်မှာ ကချင်ပြည်နယ်က ဘာတိုက်ပွဲမှ မရှိပဲ မဆိုင်သလိုနေမှာကိုသာ စိတ်ပူရတာ။ ဒီမှာတိုက်ပွဲတွေဖြစ်နေတယ်ဆိုတာ သူတို့လည်း ပြည်သူနဲ့အတူ ရပ်တည်နေတယ် ဆိုတဲ့သဘောပဲ။ ဒါကြောင့် ကြောက်စရာ ဝမ်းနည်းစရာ ကိစ္စတော့ မဟုတ်ဘူး။ ကိုယ်နိုင်တဲ့ဘက်က အားကုန်ဝင်ရုန်းပေးရမယ့် အဆုံးသတ်တိုက်ပွဲပဲ။ ရှေးရှေ့က ပေးဆပ်အနစ်နာခံလာခဲ့သမျှဟာ ဒီအချိန်မှာ ကိုယ်တိုင်ပါဝင်ရမှ ကျေနပ်နှစ်သိမ့်မှုကို ရမှာ။ သူများလုပ်တာ ထိုင်ကြည့်ပြီး ဖီးလ်တက်ရမယ့် အရွယ်လည်း မဟုတ်တော့ဘူး။ လာပါ။ ကိုယ်တိုင်ဝင်ပလေးကြရအောင်ပါ။ နည်းနည်းတော့ စွန့်စားကြရမှာပေါ့။

ဒီကောင်တွေ လေယာဉ်နဲ့ ဗုံးကျဲတာကလွဲလို့ ဘာမှ မလုပ်နိုင်တော့ဘူး။ မြေပြင်မှာ တိုက်တိုင်းရှုံးနေတာ။ ချောင်ပိတ်မိနေတဲ့ ခွေးရူးလိုပဲ။ သူ့အတွက်က နောက်ဆုံးအချိန်ရောက်နေပြီ။ ဒေဝဒတ်တောင် မြေမျိုတာ ရင်စို့အထိရောက်မှ ဇေတဝန်ဘက် လက်အုပ်ချီတာ။ အခု ဒီကောင်တွေ ထမီခြုံဖို့ အသည်းအသန် ကြိုးစားနေကတည်းက မြေမျိုနေတာ ရင်ခေါင်းဆိုက်နေမှန်း သိသာပါတယ်။ အဘက်ဘက်က ဘေးကြပ်နံကြပ် ဖြစ်လာချိန်မှာ စစ်စားရိတ်ထောင်းတဲ့ လေကြောင်းစစ်ဆင်ရေးချည့်ပဲ တစ်ရက်မပြတ် ထွက်တိုက်နေရတော့ သူတို့ဘက်က အရင်းအမြစ်တွေ မြန်မြန်ကုန်တာပေါ့လေ။ သူတို့အကြပ်အတည်းဆိုက်လာလေ ညွှန်ကြားချက်အမျိုးမျိုးထုတ်ပြီး ပြည်သူတွေဆီက အတင်းအကြပ် လုယူလေ။ စီးပွါးရေးချွတ်ခြုံကျပြီး ငွေကြေးဖောင်းပွမှုတွေ ထိန်းသိမ်းမရလေပေါ့။ ဈေးတက်ပုံတက်နည်း ကြည့်ရတာတော့ နှစ်သောင်းတန်တွေ ဂျပန်ပိုက်ဆံဖြစ်တော့မှာ သေချာသလောက်ပါပဲ။ မရောင်းဘူး။ မရောင်းဘူး။ ပြန်ယူသွား။ ၃၅၊ ၄၅၊ ၇၅၊ ၉၀ က တော်သေးတယ်။ ၂၀၀၀၀ တွေမိရင်တော့ စည်းစိမ်ပြုတ်မှာ။ ဒီကောင်တွေ ရှုံးမှာက သေချာသလောက်ပဲ။ နောက်တက်မယ့် အစိုးရက ခုတည်းက တရားမဝင် ငွေစက္ကူ လို့ ကြေငြာထားတယ်။ စဉ်းစားကြပေါ့နော့။ သူ့အကုသိုလ်နဲ့သူ ကာလနာတိုက်ကြမယ့်ဟာကို ကိုယ့်ပိုက်ဆံတွေပါ အဆစ်ပါနေဦးမယ်။ အသုဘ မီးရှို့ပေးလို့တော့ ရမှာပါလေ။

အဲ့သလောက် သွားရေးလာရေး ခက်ခဲတဲ့ ရေထဲမိုးထဲမှာတောင်မှ “အရှေ့ရွာမှာ ဘာရှိသလဲ။ လူစည်ကားလှချည်လား။” ဖြစ်နေရပြီ။ ဝါတွင်းကြီးမှာ ငှက်များတောင် အသိုက်မပြောင်းဘူး။ အဲ့ဒီလူတွေကတော့ ပြောင်းလာတာ မဟုတ်ဘူး။ ပြေးလာတာ။ စစ်ပြေးဒုက္ခသည်တွေ။ စစ်ပွဲရှိရင် စစ်ပြေးဒုက္ခသည်တွေ ရှိကြတာလည်း ဓမ္မတာပဲ။ ဖားကန့်ပတ်ပတ်လည်က ရွာတွေမှော်တွေမှာ စစ်ပွဲတွေ တချိန်းချိန်းဖြစ်နေသလို သူ့ဆီကနေ အောက်ဘက်ဆင်းလာတဲ့ တာမခန်၊ ဟောင်ပါး၊ ဆယ်ဇင်းဘက်မှာလည်း လက်နက်ကြီးတွေ ထုနေပြီ။ ဆယ်ဇင်းဟိုဘက် စစ်ကိုင်းထဲ ပန်ချယ်စခန်းကုန်းအဟောင်းမှာ ထိုင်ထားတဲ့ ရှမ်းနီ နဲ့ စကစတပ်တွေ ကို မနက်ကမှ KIA က ဝင်တိုက်တယ်။ အဲ့ဒါ အခုလေးတင် လေယာဉ်နဲ့ ဗုံးနှစ်လုံး လာကျဲသွားတယ်။ သတင်းက မတက်သေးဘူး။ ကိုယ်တို့နားရွက်ထဲက GPS နဲ့ location ထောက်ပြီး ဖုန်းဆက်မေးလိုက်ရင် တန်းနေတာပဲ။ ကချင်ပြည်နယ်မှာ သူတို့အတွက် စစ်မျက်နှာတစ်ခုမက ရှိနေတာ ဘယ်လိုမှ ငြင်းမရပါဘူး။ စစ်ပွဲရှိရင် casualties ရှိမယ်။ အဲ့ဒီအတွက်တော့ ဘာမှ မပူနဲ့။ ဒီမှာ ကိုယ်တစ်ယောက်လုံးရှိတယ်။ ဘယ်မှ ထွက်မပြေးဘူး။ အဆင်သင့်ကို စောင့်နေတာ။

အရင်တုန်းက တိုက်ပွဲတွေ ဖြစ်လာရင် ပစ္စည်းတွေသိမ်းပြီး တိမ်းဖို့ရှောင်ဖို့ ပြင်တာ။ အခုကတော့ ရှိသမျှပစ္စည်းတွေ ပြည့်စုံအောင် စုဆောင်းပြီး လာသမျှ လူနာတွေ ဆေးကုနိုင်ဖို့ ပြင်တာ။ ရှေ့တန်းက အဆက်အသွယ်တွေ အားလုံးကို မှာစရာ တစ်ခွန်းပဲ ရှိတယ်။ “လူနာရှိရင် ကျွန်တော့်ဆီ လွှတ်ပေးပါ။” ဆေးရုံမှာ လူနာတွေ ရှင်းထားတယ်။ ဆေးတွေ စုထားတယ်။ ခွဲခန်းအဆင်သင့် ပြင်ထားတယ်။ တနိုင်ငံလုံးမှာ စစ်မျက်နှာဖွင့်တိုက်ရင် ကိုယ့်ဆီကလည်း တာဝန်ကျေစေရမှာပေါ့။ ဒါ နောက်ဆုံးတိုက်ပွဲ။ အားလုံးဝင်ပါရမယ့်အချိန်။ လေယာဉ်တွေလာဝဲ၊ ဗုံးတွေလာကျဲ၊ လက်နက်ကြီးတွေပစ်ဖောက်နေတဲ့အရပ်မှာနေပေမယ့် ကိုယ်တို့ သွေးမကြောင်ပါဘူး။ နေပြည်တော်ကလူတွေသာ သွေးပျက်နေတာ။

အခုလို ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်တယ် သတင်းကြားရင် ကိုယ်တို့ဆေးရုံကလေးကို စိတ်ပူပြီး ဘေးကင်းစေကြောင်း ဆုတောင်းမေတ္တာပို့သတဲ့သူတွေ အများကြီး ရှိတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ဒါပေမယ့်လည်း ဒီစစ်ပွဲတွေက မလွဲမသွေ ဖြတ်ကျော်ရမယ့် တော်လှန်ရေးလှေကားထစ်တွေဖြစ်တဲ့အတွက် လာမယ့်ဘေး ပြေးတွေ့ရုံကလွဲလို့ တခြားနည်း မရှိပါဘူး။ ဒဏ်ရာရတဲ့လူနာတွေ ရောက်လာတယ်။ ဆေးကုပေးတယ်ပေါ့။ ဒဏ်ရာပြင်းတဲ့ တစ်ယောက်ပါတယ်။ တစ်နေ့နဲ့တစ်ည ကြာပြီးမှ ကိုယ့်ဆီရောက်တာ။ တိုက်ပွဲအတွင်းမှာ လူနာပို့ရတာကလည်း သူတို့မှာ အခက်အခဲအများကြီးပါလေ။

ကိုယ့်မှာလည်း အခက်အခဲရှိတာပေါ့။ မျက်နှာတစ်ခြမ်းက ပွင့်ထွက်သွားပြီ။ နှာခေါင်းရော၊ ပါးရိုး မေးရိုးရော ကျိုးနေပုံရတယ်။ မေ့ဆေးဘယ်လိုလုပ်ပေးမလဲ။ ပွင့့်နေတဲ့နှာခေါင်းက တစ်ပေါက်တည်းရှိတယ်။ အဲ့ဒီထဲ nasal tube ထည့်ပြီး မေ့ဆေးပေးရမှာ ကိုယ့်ဘာသာတော့ စိတ်မချဘူး။ လက် ၂ ဘက် နဲ့ ခြေတစ်ဘက်မှာလည်း ဒဏ်ရာတွေ ရှိသေးတယ်။ လူက အကောင်းအတိုင်းဆိုတော့ အသက်အန္တရာယ်ရှိတဲ့ သွေးကြောတွေတော့ ထိပုံမရဘူး။ ၂ ရက်ကြာပြီဆိုတော့ အနာတွေက အနံ့ထွက်နေပြီ။ နောက်ဆုံးတော့ သွားဆရာဝန်ဆီက ဆေးထိုးအပ်တွေယူပြီး infraorbital block တို့ inferior alveolar block တို့ ထိုးတော့မှပဲ အဆင်ပြေသွားတယ်။ ပွင့်ထွက်နေတဲ့ ပါးစောင်တွေ၊ ပါးစပ်တွေ၊ နှုတ်ခမ်းတွေ၊ နှာခေါင်းတွေ အတွင်းရော အပြင်ရော ပြန်တွဲပေးနေတုန်း လူနာကတော့ တခူးခူးနဲ့ကို အိပ်ပျော်နေရော။ Plastic surgeon က ပို့ပေးတဲ့ micro surgical instruments တွေရယ်၊ နိုင်ငံခြားကပို့ပေးထားတဲ့ ချုပ်ကြိုးမျှင်မျှင်သေးသေးလေးတွေကြောင့် နဂိုရုပ်နီးပါးတော့ ပြန်ရခဲ့ပါတယ်။ operating microscope မရှိပေမယ့် ကိုယ့်မျက်မှန်ကိုယ် ပြုတ်မကျအောင် ပလာစတာနဲ့ အထပ်ထပ်ကပ်ပြီးခွဲခဲ့တယ်။ တစ်နာရီလောက်တော့ကြာသား။

လက်နဲ့ခြေထောက်က ဒဏ်ရာတွေကတော့ အဝင်တစ်ပေါက် အထွက်တစ်ပေါက်နဲ့ ထုတ်ချင်းခတ်သွားတာတွေ။ လက်ဖျံရိုးတစ်ချောင်း ကြေမွသွားတယ်။ ဆေးရုံပဲဆေးကြောပြီး မနက်ဖြန်မှ ထပ်လုပ်တော့မယ်။ အနံ့လည်းထွက်နေပြီး အထဲက အကောင်တွေလည်း ထွက်လာတယ်။ လူနာက မေ့ဆေးလည်း ပေးလို့မရ။ ထုံဆေးတွေကလည်း များနေပြီ။ တခြား ခြေနဲ့လက်က ဒဏ်ရာတွေလည်း ရှိသေးတယ်။ ဒီနေ့အတွက်တော့ လူနာရော ဆာဂျင်ရောပန်းပြီ။ တစ်ရက်ချင်း တစ်ရက်ချင်း လုပ်ကြတာပေါ့နော့။

ဒီလိုနေရာမျိုးမှာ ဒီလိုမျိုး ခွဲစိတ်မှုတွေ လုပ်လို့ရအောင် နိုင်ငံခြားကနေ ခွဲစိတ်ခန်းသုံး ပစ္စည်းကိရိယာ တန်ဆာပလာတွေ ဝိုင်းပို့ပေးကြတဲ့ ပြည်သူ့ဘက်တော်သား အားလုံးကို ကျေးဇူးတင်ပါတယ်။ မေ့ဆေးပစ္စည်းတွေဆိုလည်း စုံပလုံစေ့နေတာပဲ။ တချို့ဟာတွေဆို ကိုယ်တောင် မသုံးတတ်လို့ ပြန်ပြန်မေးနေရသေး။ အလုပ်သမားဆေးရုံမှာ ဟောက်စ်ဆင်းဖူးတဲ့ တပည့်လေးတစ်ယောက်ကတော့ သူသုံးနေတဲ့ ultrasound စက်ကလေးပို့ပေးတော့ ကိုယ့်ဆီမှာရှိတဲ့တစ်စုံကို နောက်တစ်နေရာမှာ သုံးဖို့ ပြန်ပေးလိုက်နိုင်ပါတယ်။ ကိုယ်တို့မှာ အားပေးဝန်းရံသူတွေ ပံ့ပိုးထောက်ကူသူတွေ မနည်းဘူး ဆိုတာ သိစေချင်လို့ပါ။ အချင်းချင်းအာဏာလုတဲ့ နိုင်ငံရေးအပြောင်းအလဲသက်သက် မဟုတ်ပဲ ပြည်သူတရပ်လုံး၊ တိုင်းရင်းသားအားလုံး၊ လူထုလူတန်းစား အလွှာအသီးသီး ပါဝင်နေတဲ့ စံနစ်ပြောင်းတော်လှန်ရေးတစ်ခု ဖြစ်တယ်ဆိုတာ သိသာထင်ရှားနေပါပြီ။ ဒီကာလအတွင်း ကိုယ်က ဘယ်ဘက်ကရပ်တည်ခဲ့သလဲဆိုတာ ကိုယ်ကိုယ်တိုင်ရေးတဲ့ ကိုယ့်သမိုင်းပါပံ။ ကိုယ်နဲ့အတူ ရပ်တည်တဲ့သူတွေအားလုံးကတော့ ပညာတတ်အသိုင်းအဝိုင်း၊ စိတ်ကောင်းရှိတဲ့၊ ကိုယ်ကျင့်တရားစောင့်ထိန်းတဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီးတွေ ဖြစ်တယ်ဆိုတာ အငြင်းပွါးစရာ မရှိဘူး မဟုတ်လား။ ဒါဆိုရင် ဟိုဘက်မှာရှိတာ အဲ့ဒါနဲ့ ပြောင်းပြန် အကောင်တွေ အကောင်မတွေပဲ ဖြစ်စရာ ရှိတော့တာပေါ့ကွယ်။