ချန်ဂင်တို့စခန်း (၁၉၆)

မိုးလေဝသကတော့ မုန်တိုင်းရှိတယ်။ နောက်ထပ် ၅ ရက်လောက် မိုးရွာဦးမယ် လို့ ပြောပါတယ်။ အပြင်မှာလည်း မိုးတွေရွာနေတာ မတိတ်သေးပါဘူး။ မိုးမတိတ်သ၍ လမ်းက ဘယ်လိုမှ သွားမရနိုင်တာ သေချာတာပေါ့။ ဒီတစ်ခါလမ်းပိတ်တာ ရေကြီးတာက ကိုယ်တို့ဆီက တောလမ်းတွေတင်မကဘူး။ ဟိုးသံလမ်းရိုးပေါ်က ကတ္တရာလမ်းပေါ်ပါ ရေလွှမ်းနေတာမို့ ဆေးတွေလည်း မှာမရဘူး။ အောက်ဆီဂျင်တွေလည်း ဖြည့်မရဘူး။ ဓါတ်ခွဲခန်းက သွေးအဖြေ၊ အသားစအဖြေတွေလည်း ထွက်မလာတော့ပါဘူး။ ဘာမှကို လုပ်မရတော့တာ။ တယ်လီဖုန်းလိုင်းရော၊ အင်တာနက်လိုင်းရော ပျောက်နေတယ်။ ကိုယ့်ဆီက စာဝင်စာထွက်ကို စစ်ချင်ရင် ညသန်းခေါင်ကျော် ၂ ချက် ၃ နာရီလောက် ထပြီး ကိုယ်ပို့တဲ့စာရောက်မရောက်စစ်။ ကိုယ့်ဆီဝင်တဲ့စာ တက်ဖတ်ရတယ်။ တခါတလေ တစ်ပါတ်စာပျောက်နေတဲ့ နိုတီတွေက အဲ့ဒီအချိန်ရောက်ကာမှ တတိန်တိန်နဲ့ အားလုံးစုပြုံ တက်လာတော့တယ်။ ဘယ့်နှယ်လုပ်မလဲ။ ပျက်နေတဲ့ diathermy တွေတောင် ပို့မရလို့ ခုထက်ထိ လက်ထဲမှာပဲ ရှိသေးတယ်။ မသေချာသူ လောကထဲ ချောင်းခြားတဲ့ ပုံကလေးအတိုင်း ပေါ့နော်။

မနေ့ကတော့ ယုန်ကျွေးစရာ မရှိလို့ ကန်စွန်းရွက်ကို ကိုယ်တိုင်ဆင်းကောက်ကြရတယ်။ မျှစ်လည်း ကိုယ့်ဘာသာ သွားတူးရတယ်။ ဈေးသည်တွေမလာတော့ ရွာထဲမှာ ကြက်ဥတွေ အာလူးတွေတောင် ပြတ်နေပြီ။ လိုချင်ရင် စိုက်ခင်းထဲအထိ သွားဝယ်။ ရှိတဲ့ဟာ ရမယ်။ ဈေးကတော့ အရမ်းသက်သာတယ်။ အများကြီးလည်း ရတယ်။ ဆရာဝန်တွေ ရိက္ခာပြတ်နေမှန်းသိလို့ ရွာထဲက အသားပေါ်တဲ့အခါ တစ်ဆွဲတစ်ဆွဲ လာလာပေးကြပါတယ်။ ခုချိန်က သူတို့လည်း လယ်တောဝင်တဲ့အခါမို့ ဖြစ်သလို စားကြရတာ မဟုတ်လား။ ဒီလထဲမှာ သူတို့တရွာလုံး ငှက်ဖျားမိကြမှာပဲ။ အဲ့သလောက် လမ်းပန်းအဆက်အသွယ် ပြတ်တောက်သွားတဲ့ကြားက ဒီလအတွင်း OPD လူနာ ၈၀၀ ကျော်လာပြတယ်။ ငှက်ဖျားပိုးတွေ့တာ ၁၀၀ ကျော်၊ ပိုးမတွေ့လည်း ငှက်ဖျားဆေးပေးကုရတာ ၁၀၀ ကျော်။ ဆေးရုံမှာ ပါရာစီတမောတောင် ပေးစရာမရှိအောင် ပြတ်သွားတာ။ ကိုယ်တို့လို တောဆေးရုံအတွက်ဆို မနည်းရုန်းရတဲ့ဝန်ပါလေ။ ဆေးရုံကလူတွေလည်း ၂ ခါပြန် ငှက်ဖျားမိကြတဲ့အထိပါပဲ။ ကိုဗစ်ကို အချိန်မီ ထိန်းလိုက်နိုင်တယ် လို့ ထင်ခဲ့တာလည်း မမှန်ပါဘူး။ ခုမနက် ကိုယ်တို့ ဆရာဝန်ထဲက COVID positive ထွက်လာပြီ။ လူနာဆက်ကြည့်ဖို့ အဆင်မပြေနိုင်တော့လို့ သူတို့လည်း ခုမှ အနားရတော့တယ်။ ဆေးရုံက ပိတ်ထားလို့ မရတော့ ကျန်တဲ့လူနဲ့ ဆက် run ရမှာပဲ။ စက်ပစ္စည်းတွေမှ ပျက်တာ မဟုတ်ဘူး။ လူတွေလည်း ပျက်တတ်တဲ့သဘာဝ ရှိတာပဲကိုး။ အရေးပေါ်မဟုတ်သော ခွဲလူနာများအတွက်တော့ အိမ်ပြန်ပြီး စောင့်ခိုင်းထားရပါတယ်။ အရေးပေါ်တွေ ရုတ်တရက် ရောက်လာမှာတောင် ကြောက်နေရတာ။

အင်တာနက်လိုင်းတွေ မရတော့လို့ လူနာတွေကို online consultation ပြပေးရတဲ့ ကိစ္စတွေ၊ ခွဲပြီးသားကင်ဆာလူနာတွေကို oncologist နဲ့ပြပြီး ကင်ဆာဆေးသွင်းပေးရတဲ့အလုပ်တွေ၊ zoom meeting တွေ အစည်းအဝေးတက်တာတွေ မလုပ်နိုင်တော့ဘူး။ ကိုယ်တို့ဆေးရုံက ပေးနိုင်တဲ့ service တွေ နည်းနည်းတော့ လျော့ကျသွားသလို ရှိတာပေါ့။ လတ်တလောမှာ ဆေးတွေမပြတ်အောင် ပေးနိုင်တာပဲ တော်လှပြီ။ အစစအရာရာ ဈေးတွေက နှစ်ဆမက တက်သွားတာကိုတော့ လူတကာသိပြီးသားမို့ ထွေထွေထူးထူး ပြောစရာ မရှိပါဘူး။ မိုးမကျခင်က ဆန်တစ်အိပ် တစ်သိန်းနဲ့ဝယ်ထားတာ။ အခု ထပ်ဝယ်ရတော့မယ်ဆိုမှ ဆန်တစ်အိပ် ၂ သိန်းနီးပါး ဖြစ်နေပါသတဲ့။ ဆန် ဆီ ဆေး ဆား ဈေးမတက်ပဲနေတာ ဘာတစ်ခုမှ မရှိဘူး။ ရွှေဈေး၊ ကားဈေး၊ အိမ်ခြံမြေဈေးတွေက ကိုယ်နဲ့ မပါတ်သက်လို့ ထားလိုက်ပါတော့။

ဒါထက် စကားမစပ် ဘုရားစောင်းတန်းမှာ စာကလေးကိုးကောင်လွှတ်တဲ့ ဆင်မဖြူရှင် ကြင်စိုးတို့ သားအဖတတွေ လိုင်ဆာကို သိမ်းမယ် သိမ်းမယ် အော်နေတာ နောက်ထပ် ဘာသံမှ မကြားတော့ပါလား။ လုပ်ဦးလေ။ မိုတီလေးဘာလေး ပေးကြပါဦး။ နောက် ဘယ်သူမှ မလာရဲပဲ နေပါ့မယ်။ ဟိုဘက်ကလူတွေကို ထောင်ထဲကထုတ်ပြီး ကိုယ့်ဘက်ကတိုင်းမှူး၊ ဒုတိုင်းမှူး၊ ဗျူဟာမှူး၊ တပ်မမှူးတွေကို ထောင်ထဲထည့်ပြတော့ ဘယ်သူက ဘယ်သူ့ကို နောက်ကျော ဓါးနဲ့ထိုးနေမှန်းတောင် မသိတော့ဘူး။ အကောင်ကြီးကြီးတွေကို ဖြုတ်ထုတ်သတ် လုပ်တဲ့အခါ ဖမ်းထားတဲ့ မထေရ်သံဃာများလောက်မှ မအေနှမ စုံစုံလင်လင်နဲ့ လက်သီးဆွမ်း ဖနောင့်ဆွမ်း ကပ်ပြီး ရိုရိုသေသေ စစ်ကြမေးကြပါ့မလား စိတ်ပူမိတယ်ကွယ်။ ဦးဘိုနီကြီးတုန်းကတော့ သူထွင်ထားတဲ့ သံခြေကျင်း သူကိုယ်တိုင် ဝတ်လျှောက်ခဲ့ရသေးတယ်ဆို။ အမျိုးသားပညာရေးကော်မီတီဥက္ကဌကြီးလည်း “ကျွန်တော့်မြေးလေးတွေ ကျောင်းမတက်ရတာ ကြာပါပြီဗျာ။” ဆို ငိုသံပါကြီးနဲ့ ပြောသွားတာ ကြားခဲ့ဖူးပါတယ်။ သူတို့ကိုးကွယ်တဲ့ ဘုန်းကြီးများကလည်း ဝဋ်ဆိုတာ လည်တတ်တဲ့အကြောင်း တစ်ခွန်းမှ ဟောဖော်ပြောဖော် မရပဲကိုး။

ဒီကောင်တွေအတွက် အကြီးမားဆုံး ဝဋ်ဒုက္ခကတော့ ကိုယ်တို့မေမေပါပဲ။ မနာလိုဝန်တိုစိတ်တွေ ငယ်ထိပ်တက်ကပ်နေလို့ ခါးခါးတူးတူး မုန်းတီးနေသော်လည်းပဲ အရေးအကြောင်းဆို ကိုယ့်အသက်ကယ်မယ့် ဂယ်ပေါက်က အဲ့ဒါလေးပဲ ရှိတာမို့ လက်ဖျားနဲ့တောင် မတို့ရဲ။ ပြည်တွင်းပြည်ပ ဖိအားတွေက အသက်ရှုကြပ်လာလို့ လွှတ်ပေးချင်ပေမယ့်လည်း လူမပြောနဲ့ ဘွားတော်ဆီက စကားလေးတစ်ခွန်း တစွန်းတစထွက်လာရင်တောင် ထွန့်ထွန့်လူးပြီး လိုက်ပိတ်ရတာ အမော။ အဲ့ဒါနဲ့ မတ်မတ်ဆောင်းအကွက်တွေနင်းပြီး လွှတ်သလိုလို မလွှတ်သလိုလိုလေး စာထုတ်ရတယ်။ လွှတ်တော့လွှတ်တယ်လေ။ ဒါပေမယ့် မလွတ်သေးဘူး။ “ဒလောက်ချိုရင် နန်နန်ဂျားသတင်းထဲမှာ လွှတ်ပေးလိုက်ပြီလို့ ပါလာပြီး ငါ့ကို ပေးကစားမှာပဲ။” ဆိုတဲ့ ကလေးကွက်တွေ။ “ဘယ်မှာလဲ။ ငါတို့နဲ့ ပေးတွေ့လေ။” လည်းဆိုရော အလိမ်တွေပေါ်ရော။ ကိုယ်ဘယ်လောက် သောက်ကျင့်ယုတ်သလဲ တကမ္ဘာလုံးသိအောင် အထုပ်ဖြည်ပြတာ။ မော်ကွန်းတင်လောက်ပါပေတယ်။ မေမေဟာ သူတို့အတွက် မထွေးနိုင်မအံနိုင် မရှူနိုင်မကယ်နိုင် ဖြစ်နေတဲ့ ဒုက္ခအိုးကြီးပဲ။ ဟိုက ဘာတစ်ခုမှ မလုပ်ရပဲနဲ့ကို သူတို့မှာ ကျရှုံးနေတာ။

အခု အစိုးရအဖွဲ့ထဲကနေ တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ် နဲ့ ဥက္ကဌကြီး ၄ ယောက်လောက် ပြုတ်တဲ့အပြင် ဝန်ကြီးအဆင့်နဲ့ပါ ၄ ယောက်ပြုတ်တာကို “ပြုပြင်ပြောင်းလဲ ဖွဲ့စည်းလိုက်သည်။” လို့ ဖာဖာထေးထေး သတင်းထုတ်လို့ ရပေမယ့် ဒုဗိုလ်မှူးကြီးနဲ့ အထက်က အယောက် ၆၀ ကျော် ပြုတ်တာကိုရော ဘယ်လိုများ ဖုံးလို့ဖိလို့ ရဦးမယ် မသိ။ ပဌာန်းရွတ်နေကျ ကတော်တွေ နှာနှပ်နေရလောက်ရောပေါ့။ အချင်းချင်း တေ့ဖြုတ်တော့ ဇာတ်ကပိုနာတယ်လေ။ ငိုစမ်း။ ရင်ထုထုပြီးတော့သာ ငို။ တသက်လုံး ကျွန်လိုကျိုးနွံလာခဲ့ရသမျှ ဟင်းအိုးထဲပို့ချင် တစ်မနက်တောင် မကြာဘူး။ သိပြီလား။ ဦးစောမောင်မိန်းမကြီးတုန်းကဘယ်သူ့ကိုဘယ်လိုရန်တွေ့ပြီး ငိုသလဲ။ မကြားဖူးဘူးလား။ ကိုယ်တို့မတော့ အဲ့ဒါလေးတွေကြည့်ရတာ အရသာပါလေ။ ဒါတောင် အပြုတ်ပဲ ရှိသေးတာနော်။ နောက်တော့မှ အဖုတ်တွေ အကင်တွေလာရင် ဆွေမျိုးကို မေ့သွားမှာ။ အရင်းကြီးတွေကတောင် အခေါ်အပြော လုပ်မှာ မဟုတ်။ မကြာမီ လာမည် မျှော် တဲ့ ခမျ။ ခိုခါခိုလာလေး မြုံ့ပြီး လည်ချောင်းရှင်းထားဦးမှ။

ရှေ့လျှောက်ကတော့ ဒါမျိုးလေးတွေချည့် ကြည့်ရမှာနော်။ မကျော်နိုင် မရစ်နိုင်ပါဘူး။ လွတ်သွားမှာစိုးလို့ ဖျာကလေးတောင် ခင်းထားသေး။ enjoy မလို့ enjoy မလို့။ ကြီးတော်တို့။ သယ်ကြစမ်းပါ။ လုပ်ကွက်တွေ အပြည့်နဲ့။ close up ယူထားပေးမယ် ဟုတ်ပြီလား။ “သွားလေသူကြီးရဲ့ဘဏ်ထဲက ပက်ဆံတွေ ထုတ်မရလို့ မျက်ရည်နှစ်စက်တို့။ မြေးမလေး ဆေးသွားကုချင်တာ စာအုပ်အသိမ်းခံလိုက်ရလို့ အဟင့် ရွှတ်ဖတ် နှပ်တွေပါ ထွက်လာမှာ။ ဒီအဖြစ်အပျက်မျိုးတွေ အခုကို ရှိနေပါပြီဗျာ။ ခညားတို့ ဝမ်းသာသွားမှာစိုးလို့ အံကြိတ်ပြီး အောင့်ခံနေတာ။ မျက်နှာပိုးသပ်နိုင်မယ်ဆိုရင်တော့ လက်လှမ်းမီရာလေး လိုက်လေ့လာကြည့်။

ကြင်စိုးကြီးရဲ့ သူ့တပ်သူ ဖြုတ်ထုတ်သတ်လုပ်တဲ့အကျိုးဆက်ဟာ အခုတစ်ပါတ်အတွင်းမှာပဲ သိသိသာသာ ထွက်ပေါ်လာမယ့် သဘောရှိပါတယ်။ ဦးရွှေမန်းကြီးတောင် ပြုတ်စော်နံကတည်းက ခြောက်လုံးပြူး ခေါင်းအုံးအောက် ထားအိပ်ပါတယ် လို့ သူကိုယ်တိုင် စာအုပ်ထဲထည့်ရေးထားတာ မဟုတ်လား။ အလမ္ပါယ်ဆရာ မြွေပေါက်တာ ကြည့်ရဦးမှာပေါ့လေ။ ဘယ်ကြက်နိုင်နိုင် ဟင်းအိုးထဲရောက်မယ့်ကိစ္စ။ ချသာချ ချသာချ။ အနည်းဆုံးတော့ သူတို့ချင်း ဆော်နေလို့ ကိုယ့်ဘက်ကို မလှည့်သာတော့ဘူးလေ။

အပြုတ်တကာ့အပြုတ်ထဲမှာ သာ/ဝန် ပြုတ်ချက်လေးကဆို ရယ်စရာကောင်းလွန်းလို့ ဗုဒ္ဓကတောင် ဟားဟား ဝင်ပေးသွားသေး။ အိုင်ပြောတာဟုတ်ဘူးနော်။ ဟိုဆျာတော်ကြီးပြောတာ။ စမိုင်းလင်ဗုဒ တဲ့။ ဟိဟိ။ သူတို့လုပ်မှပဲ TikTok မှာလည်း သီချင်းတွေ ထပေါက်တော့တာ။ “မောင့်ရဲ့ရှေ့မှာ မြင်နေရတဲ့ မည်းတဲ့ အရာလေးတစ်ခုကို မောင်ကတော့ ဖြူတယ်ဆိုရင်” ဟိုက်ရှားဘား။ ကွက်တိတွေနော်။

လိုင်းကလည်း မရတစ်ချက် ရတစ်ချက်နဲ့ပါကွယ်။ လူကလည်း နိုးတဝက် ငိုက်တဝက်။ Alice in wonderland ထဲ ရောက်နေသလိုပဲ။ ကိုယ်နို့တိုက်ပေးနေတဲ့ ယုန်ပေါက်ကလေးတွေက လက်ဘက်ရည်သောက်ပွဲ မမီမှာစိုးလို့ ထွက်ပြေးသွားကြတယ်။ ဟင် ဟိုမှာ နို့စိမ်းရောင် ပုဝါလေးနဲ့ လက်အုပ်ကလေးချီနေတာ အန်တီဝါဝါဝင်းရွှေ မှတ်လို့။ ဟုတ်ပဲနဲ့။ မန်းလေးသိန်းဇော်ကြီးရယ်။ ဪ ကိုရန်အောင်တို့ ကိုစိုးသူတို့ မတ်မတ်ဒါဒါတို့လည်း ချိတ်လုံချည်တွေနဲ့ တွေ့လိုက်တယ်နော်။ အလို ကိုရန်အောင့် မျက်ရစ်ကြီးက အကောင်ကိုက်သွားတာလား။ ဟတ်လား။ “မင်းက ဆရာဝန်ပဲ။ ကိုယ့်ဘာသာကြည့်လေ။” ဆိုပြီး ဖုန်းနဲ့ဓါတ်ပုံရိုက် ပို့လိုက်တယ်။ လန့်ထှာဗျာ။ ဘယ့်နှယ့်ကြောင့် ဒေါင်လိုက်ကြီး ပို့ရတာတုန်း။ မျက်နှာပြဲကြီးနဲ့ heart queen ကလည်း မကြီးစိုးမျက်နှာ ဖြစ်နေတာ ခက်တယ်။ သူကလည်း ဆံပင်တွေ ရွှေရောင်ဆိုးပြီး မေးစေ့ကြီး ထပ်ချွန်ထားပြန်ပြီ။ “ဘာလဲ။ ရှင်တို့က ဘျင်မရီးကို ကဲ့ရဲ့တာလား။ ဒါဆိုလည်း ရှင်တို့အားလုံး မကြီးစန်းတို့၊ သုသုတို့၊ လင်းလင်းတို့ကို မင်းသမီးလုပ်ပြီး ကြည့်ကြချေတော့။” တဲ့။ ရက်စက်လက်ထှာ။ နေစမ်းပါဦး။ မြင်မြင်သမျှ ရယ်စရာတွေချည့်ပဲ ဖြစ်နေတာ ငါလေးက ဝိကြောင်နေတာမျန်းလား။ ဗရမ်းဗတာတွေပါဟယ်။