ညဘက်တွေမှာ မိုးအရမ်းသည်းတာ ၃ ည ရှိပြီ။ ရေတွေသွန်ချလိုက်သလို ရွာတယ်။ လျှပ်စီးတွေ အဆက်မပြတ်လက်ပြီး အုန်းအုန်းထနေအောင် မိုးကြိုးတွေပစ်တယ်။ ကိုယ့်ခေါင်မိုးပေါ်ကို ပစ်ချလိုက်သလို သိမ့်ကနဲသိမ့်ကနံ တုန်သွားတယ်။ တံတားဦးက လေယာဉ်တက်တယ် သတင်းရလို့ ကိုယ်တို့လည်း မအိပ်သေးပါဘူး။ ဒါပေသိ မိုးကြိုးက ဗုံးထက်ပိုပြင်းနေလို့ သူတို့လည်း ပစ်နိုင်မယ် မထင်ပါဘူး။ နန်ဆမ်ယန်မှာ ၄ လုံးကျဲသွားတယ် လို့ သိရတယ်။
မိုးလင်းတဲ့အခါ ကိုယ်တို့အိပ်တဲ့အိမ်အောက်မှာ ရေပြင်ကြီးမှ ဖွေးနေတာပဲ။ ရွာမြီးဘက်မှာတော့ အိမ်ဝင်းထဲ ရေတွေကြီးနေကြပြီ။ ချောင်းကလေးထဲက ရေပြင်ဟာ အမြင့်ဆုံး ကမ်းပါးစပ်ကို ထိလာပြီ။ ရေတွေက ချောင်းနဲ့အပြည့်တင် မဟုတ်ဘူး။ ဘေးဘက်ကိုပါ လျှံထွက်လာတယ်။ ခုချိန်ဆို ကားလမ်းပိုင်းတော်တော်များများ ရေမြုပ်သွားပြီ။ တောင်ပေါ်တွေမှာ မိုးရေစီးကြောင်းတွေနဲ့ မြေတွေပြိုမယ်။ ချိုင့်ဝှမ်းမြေနိမ့်က လယ်ကွင်းပြင်မှာတော့ လမ်းတွေ ကန်သင်းတွေ ပျောက်သွားပြီး ရေပြင်ဖွေးဖွေးကြီး ဖြစ်သွားပြီ။ လှေတွေထုတ်လှော်ကြတဲ့ အချိန်ပေါ့လေ။ နှစ်တိုင်း ဒီလိုပဲ ကြုံရပါတယ်။ အဆန်းတကြယ် မဟုတ်ပါဘူး။ ဗန်းမော် နဲ့ မြစ်ကြီးနားတောင် လေယာဉ်နဲ့ပဲ သွားကြတဲ့ဥစ္စာကို။
ဒီလောက် သွားရေးလာရေး ခက်ပေမယ့်လည်း လူနာတွေကတော့ ဆေးရုံကို ရောက်အောင် လာကြရှာတယ်။ ငှက်ဖျားက မပြတ်သေးဘူး။ လာနေတုန်းပဲ။ အရင်လက ၁၅၀ ကျော်။ အခုလလည်း ၁၀၀ ကျော်လောက်တော့ ရှိမှာ။ ဆေးရုံက လူတွေထဲလည်း လှည့်ပတ်ဖြစ်တာ လူတောင်ကုန်တော့မယ်။ ကိုဗစ်ကို နိုင်အောင် အုပ်နိုင်လို့ နောက်ထပ် မပြန့်ဘူး။ အောက်ဆီဂျင်တွေကတော့ ကုန်တာပေါ့။ မလောက်လို့ လူနာကို လွှဲရတော့မယ် လို့တောင် အောင့်မေ့တာ။ ပြတ်လို့မရတဲ့လူနာ ၃ ယောက်တောင် ရှိတော့ အလျဉ်မီအောင် မစီမံနိုင်တော့ဘူး။ မီးစက်နှိုးတဲ့အချိန်ဆိုရင်တော့ oxygen concentrator နဲ့ ပေးရှူထားတယ်။ unconscious နဲ့ ရောက်လာတဲ့ cerebral malaria ကလေးတစ်ယောက် ကိုယ့်ဘက်ပြန်ပါလာလို့ တော်သေးတယ်။ ဒါဆို ၃ ယောက်မှာ ၂ ယောက်ရှင်တယ်ပေါ့။ ဂေါက်တာ မဂေါက်တာတော့ နောက်မှပဲ ကြည့်ရှင်းမယ်။ လူနာက ခုမှ စကားတစ်ခွန်းနှစ်ခွန်း ပြောနိုင်ရုံ ရှိသေး။
ချိန်းထားတဲ့ ခွဲလူနာတွေကိုတော့ တစ်နေ့တစ်ယောက်ပဲ ခွဲနိုင်သေးတယ်။ လူက အပင်ပန်းမခံနိုင်သေးဘူး။ ခွဲပြီးရင် တရေးပြန်အိပ်ပစ်ရတယ်။ ကင်ဆာလူနာတွေဆို ခွဲသာခွဲပေးရတယ်။ biopsy ပို့လို့ မရသေးဘူး။ လမ်းတွေပိတ်နေတုန်း။ ညတုန်းက မိုးကြိုးတွေပစ်ချတာ diathermy machine က ပျက်သွားတယ်။ ခွဲဖို့လူနာက ပြင်ပြီးနေပြီ။ မတတ်နိုင်ဘူး။ PG တက်တုန်းကလည်း diathermy မပါပဲ အပ်ချည်ကြိုးနဲ့ ချည်ပြီး ခွဲခဲ့တပဲဟာ။ ဒီလိုပဲ ရအောင် လုပ်ရမှာပေါ့ ဆို မေ့ဆေးပေးပြီး ဆက်ခွဲတယ်။ ခွဲရမယ့်လူနာက Gastric Outlet Obstruction ။ မနက်ဖြန်ခွဲမယ့် cholecystectomy လူနာတော့ postpone လုပ်ရမှာပဲ။ Emergency operation တွေအတွက်ပဲ စိတ်ပူတာ။ ညတစ်ချက်တီးကျော်လောက်ကျတော့ မွေးလူနာရောက်လာရော။ previous one scar နဲ့ in labour ။ ဒါလည်း diathermy မပါပဲ လုပ်ရတဲ့ LSCS ပေါ့။ တကယ်ဆို diathermy စက်က ၂ လုံးရှိတာ။ နောက်တစ်လုံးက သုံးတောင်မသုံးရသေးဘူး။ ပျက်နေတယ်။ ပြန်ပို့လို့ ကားလမ်းလည်း အဆင်မပြေဘူး။ ဆက်သွယ်ဖို့ ဖုန်းလိုင်းလည်း ပြတ်တောင်းပြတ်တောင်း။ အဲ့ဒီစက်ပစ္စည်းတွေ ချွတ်ယွင်းတဲ့ကိစ္စက တော်တော်ကို စိတ်ဆင်းရဲရပါတယ်။ ပထမ မီးစက်က စပျက်တယ်။ ကောင်းပြီလေ။ ဒါဆို generator ဝယ်မှာပေါ့။ အဲ့ဒါက မကောင်းသေးဘူး။ မီးစလောင်းက ပျက်ပြန်ရော။ အသစ်တစ်လုံးဝယ်ကွာ။ အဟောင်း ပြင်ဆိုင်ပို့။ မပြီးသေးဘူးနော်။ တစ်ခုပြီးတစ်ခုကို ပျက်တာပျက်တာ။ ဘာမှ ပျက်စရာမရှိရင် အိမ်မှာတပ်ထားတဲ့ repeater တွေ၊ တီဗီတွေပါ လိုက်ပျက်တယ်။ ပြင်လို့လည်း မဆုံးဘူး။ ပိုက်ဆံတွေကုန်လိုက်တာလည်း သောက်သောက်လဲ။ အလုပ်လုပ်လို့ အဆင်မပြေစရာတွေချည့် ကြုံတာ။ ဒါနဲ့ပဲ ပုတီးစိတ်ဖြစ်သွားရော။ ဆိုင်ဆိုင် မဆိုင်ဆိုင်လေ။ ကိုယ်လုပ်နိုင်တာ ကိုယ်လုပ်ရတာကိုး။ စဉ်းစားကြည့်လေ။ စက်တစ်လုံးပျက်ရင် အစားထိုးသုံးဖို့ စက်အသစ်တစ်လုံး အပိုဆောင်ထားတာတောင်မှပဲ အဲ့ဒီစက်အသစ်က မသုံးခင်ကတည်းက ပျက်နေတော့ ဘာသွားလုပ်ရမလဲ။ ဒီ့ထက်ပိုပြီး စီစဉ်လို့လည်း မရတော့ဘူး။ ကိုယ့်လူနာလေးတွေ အဖိတ်အစင်မရှိ၊ အထိအခိုက်မရှိ ကောင်းကောင်းမွန်မွန် ခွဲပေးနိုင်တာပဲ တော်လှပြီ။
ဒီနေ့တော့ မိုးလည်း မတိတ်သေးဘူး။ ဟင်းချက်စရာလည်း ဘာမှဝယ်မရဘူး။ လက်ဘက်သုပ် နဲ့ ကြက်ဥနဲ့က အရင်ရက်တွေကတည်းက ထပ်နေတာ။ ယုန်စာတောင် ကျွေးစရာ မရှိ။ စားအိုးကကြီးတော့ ပို့လိုက်တဲ့ အခြောက်အခြမ်းတွေကလည်း ရောက်တယ်ဆို မကြာဘူး။ ကုန်တာပဲ။ မိုးမကုန်မချင်းတော့ တောင့်ထားရလိမ့်မယ်။ ခက်ခဲသောရက်စွဲများက မကုန်နိုင်သေးပါဘူး လို့ ပြောတယ် မဟုတ်လား။ စိတ်မပျက်ပါဘုး။ ဒီလိုပဲ ဖြတ်သန်းရတာပေါ့။ ညနေဘက် မိုးတိတ်သွားတော့ ဟင်းစိမ်းဆိုင်ကယ်တချို့ ဝင်လာကြတယ်။ ဈေးတွေကတော့ ခေါင်ခိုက်နေတာပေါ့လေ။ မဆစ်ဖြစ်ပါဘူး။ သူတို့လည်း မိုးထဲရေထဲ ခက်ခက်ခဲခဲ လုပ်စားကြရတာ။ ဈေးရောင်းလို့ကုန်ရင် ဆေးဝင်ထိုးသွားတဲ့သူလည်း ထိုးတယ်။
လေတွေမိုးတွေလာတော့ သစ်ပင်အကြီးကြီးတွေလည်း အရင်းကလဲတဲ့အခါလဲ၊ ထက်ပိုင်းပြတ်ကျတဲ့အခါကျပေါ့။ အိမ်နောက်ဘေးကရော ဆေးရုံနောက်ဘေးကရော အပင်ကြီးတွေ လဲကြတယ်။ လူမထိလို့ တော်သေးတာ။ ရွာထဲလှမ်းပြောလိုက်ရင်တော့ သူတို့ဟာသူတို့ လာပြီး လွှစက်ကလေးနဲ့ ခုတ်ထစ်ယူသွားရော။ သူတို့က ထင်းသုံးတယ်လေ။ ဒီအချိန်က ယောက်ကျားသားတွေ အကုန်လုံး လယ်တောဝင်ကြတဲ့အချိန်။ လယ်တောမှာပဲ တဲတစ်လုံးနဲ့ ချက်ပြုတ်စားသောက်ကြတယ်။ တောထဲမှာ ဟင်းစားပေါတယ်။ အိုးတစ်လုံး ဖိုတစ်ခုနဲ့ အလုပ်မပြီးမချင်းနေတာ။ စက်တွေသုံးတော့ နွားတွေကို လယ်ထဲခေါ်မသွားဘူး။ မနက်လင်းရင် အိမ်နွားတွေ ခြံတံခါးဖွင့်ပြီး မောင်းလွှတ်လိုက်တာ။ သူတို့ဘာသူတို့ ရေကြည်ရာ မြက်နုရာ ရှာဖွေစားသောက်။ ညနေမိုးချုပ်တော့ တချို့လည်း ခြံပြန်ဝင်တယ်။ တချို့ မဝင်ဘူး။ အဲ့လိုပဲ ရွာရိုးကိုးပေါက် လှည့်လည် စားသောက်နေတာ။ သူတို့နွားကို ဝန်တင်ဖို့ပဲ သုံးတယ်။ လယ်ယာသုံး မဟုတ်ဘူး။
ရွှေတူးတဲ့ ဆယ်ဇင်းဘက်က စစ်ကြောင့် စီးပွါးပျက်ကြပေမယ့် ဒီဘက်က လယ်စိုက်တော့ မနှစ်က စပါးဈေးအတက်မှာ အလှူကြီးပေးနိုင်တယ်။ အိမ်အသစ်တွေ ပြင်ဆောက်နိုင်ကြတယ်။ ဒီဘက်မှာ ကုမ္ပဏီတွေနဲ့ လယ်လာစိုက်တာလည်းရှိတယ်။ ဆဒုံးတို့ ကန်ပိုက်တီးတို့ ဘက်ကနေ ဒီမှာ လယ်တွေဝယ်ထားပြီး စပါးလာစိုက်သူတွေလည်းရှိတယ်။ လူတိုင်းမြတ်နေတာတော့ မဟုတ်ဘူး။ ရှုံးတဲ့သူလည်း ပက်ပက်စက်စက် ရှုံးတယ်။ အောက်ပိုင်းကျတဲ့လယ်တွေ ရေမြုပ်ကုန်လို့ရှိရင် ရင်းစား ပြန်မရဘူးလေ။ ဆယ်ဇင်းဘက်မှာက စိုက်ပျိုးမြေဆိုတာ မကျန်တော့ဘူး။ ပြောင်းပြန်လှန်တူးပြီး ရွှေကျင်ယူကြတော့ မြေဆီလွှာတွေ ပျက်ကုန်တယ်။ ဘာပင်မှ မပေါက်တော့။ ရေရှည်ဆိုတာ ကိုယ့်ကိစ္စမှ မဟုတ်တာ။ ဟောဒီတောကြိုအုံကြားက မုဆိုးဖိုလည်း ရွှေအောင်ရင် မင်းသမီးနဲ့ လက်ချင်းချိတ်ပြီး အကယ်ဒမီပွဲ တက်လို့ရတဲ့ဥစ္စာ။ ဘယ်သူက ဒီမှာ တစ်သက်လုံးနေမှာမို့လဲ။
မြေဆီလွှာမရှိတော့ သစ်တောသစ်ပင် မရှိတော့ ရေကိုထိန်းမထားနိုင်ဘူး။ နှစ်တိုင်း မြေပြို ရေကြီးရေလျှံဖြစ်။ ဒီလိုပဲ သွားတော့မှာ။ ကိုဗစ်လိုပဲ။ ကြာတော့လည်း ရိုးသွားမှာပါ။ ဗမာပြည်ကြီး တစ်ခုလုံး ၁၃၆ ပြည်ထောင်ဖြစ်သွားလည်း ဒူးလေးနှန့်ပြီး ရှော့ပင်ထွက်နေတဲ့သူတွေက ရှိမှာပဲ။ ရှိသမျှပိုင်ဆိုင်မှု အကုန်အပြင်ပို့ထားပြီးပြီပဲဟာ။ အဲ့လိုလူတွေအများကြီး။ သူတို့ကမှ ကိုယ့်ထက်တောင် တရားရှိသေး။ သေရင် ကိုယ့်နောက်မပါမှန်းသိလို့ မသေခင် အမ်းသွားတာ ဟောတစ်ယောက် ဟောတစ်ယောက်။
သယံဇာတဆိုတာ တကယ်တော့ “ရှိ ပူရသေး ကုန်မှအေး။” ပါလေ။ ရှိနေသေးရင် မကုန်မချင်း သူတို့ပဲ အပြိုင်အဆိုင် အလုအယက် လာတူးယူနေကြတာ။ ကုန်သွားမှပဲ အေးလိမ့်မယ်။ သဘာဝပတ်ဝန်းကျင် တရားလေးဟောပြီး လာတားတဲ့သူရှိရင်လည်း အသံထွက်လှ ခဏပေါ့။ “ဟိုနားဒီနားသွားဖို့ ယူထားပါ မမ ကားကို၊ မရင်ခွင်က မောင်လေးနားဖို့၊ မောင်လေးက မမစားဖို့။” ဆို ဝစီပိတ်ကလေး ဖြစ်သွားရော။ နိုင်ငံရေးသမားတွေက အဲ့လိုမျိုး သာလိကာလေးတွေမွေးပြီး ကိုယ့်စကားတွေကို ပြောခိုင်းတတ်တယ်။ လိုချင်တဲ့ ဇာတ်ကွက်ခင်းပြီးရင် ဒီတစ်ရုပ်သိမ်း၊ နောက်တစ်ရုပ်ထုတ်တာ။ မထင်မှတ်ပဲ ကြုံမှ၊ ယုံရ။ အကုန် မာယာတွေချည့်ပါ။
မနှစ်ကတုန်းက ဆေးရုံကိုရောက်ကာစမှာ နံဘေးက စမ်းချောင်းလေးအကြောင်းကိုစာဖွဲ့လို့ မဆုံးဘူး။ ကျောက်စရစ်ကြမ်းပြင်လေးပေါ်မှာ ရေတွေကြည်လွန်းလို့ ငါးကလေးတွေကူးနေတာ အမြဲတမ်းမြင်ရတယ် ဆိုပြီး။ ဒီနှစ်တော့ အဲ့ဒီချောင်းရေဟာ ဘယ်တော့မှ မကြည်တော့ဘူး။ လမ်းခင်းဖို့ အိမ်ဆောက်ဖို့ သဲတွေကျောက်တွေ လိုတိုင်း ဘက်ဟိုးနဲ့တူး၊ ထရပ်ကားကြီးတွေနဲ့ လာတိုက်တာ လမ်းသစ်လည်းမကောင်း၊ လမ်းဟောင်းလည်းပျက်၊ ချောင်းကလေးပါ ရေနောက်ပြီး ကောသွားတယ်။ မိုးရွာတော့ တောင်ကျရေကြောင့် ရေတွေကတော့ စီးတုန်းပဲ။ ဆေးရုံက ကလေးတွေကတော့ ချောင်းညာအထက်တက်ပြီး ဆယ်ပိဿာပုံးလွတ်တွေနဲ့ ဟိုးရွာအောက်ရောက်တဲ့ထိ ရေလှိုင်းစီးကြတယ်။ ချောင်းက ဆင်းရင်ဒလဟော၊ ရေမလာရင် မြေစာပုံတွေကြားမှာ မကောတကောလေးပဲ ကျန်တော့တယ်။ ဒါတောင် တစ်နှစ်ပဲ ကြာသေးတာ။ ရေကို ထိန်းမထားနိုင်တော့ဘူး။
ဆယ်ဇင်းမှာ စည်ကာစတုန်းကလည်း ဥရုချောင်းထဲကရေဟာ ကြည်သေးတယ်တဲ့။ ကိုယ်တို့ရောက်တော့ လက်ဘက်ရည်ကျဆိမ့်အရောင်ဖြစ်နေပြီ။ ဒါပေမယ့် ကိုယ်တို့လည်း ဥရုချောင်းရေ ကြည်ကြည်လေးကို အနမ့်ပါသွားတုန်းက ချိုးခဲ့သုံးခဲ့ရပါသေးတယ်။ ဒေသခံတွေက ကိုယ့်ရဲ့ပတ်ဝန်းကျင် ကိုယ့်ရေမြေသဘာဝကို တန်ဖိုးမထားလို့ ပျက်စီးတာတော့ ဘယ်ဟုတ်မလဲ။ လူတွေရဲ့ အလိုလောဘကြောင့် ဖြစ်ရတာတွေ။
နောင်ကျတော့ အစိုးရပြောင်းသွားလို့ လမ်းကောင်း၊ သွားရေးလာရေးလွယ်ကူ၊ ကျေးလက်တောရွာတွေ ဖွံ့ဖြိားလာရင်လည်း လူအဝင်အထွက်ပိုများလာပြီး သဘာဝပတ်ဝန်းကျင်တွေ ပို၍ပို၍ ပျက်စီးလိမ့်မယ် ထင်ပါတယ်။ သတ္တဝါဝေနေယျထဲမှာ လူ က တခြားအရာတွေကို ပြုန်းတီးစေ၊ ညစ်နွမ်းစေ၊ ပျက်စီးစေတတ်တာကိုး။ ဒီလိုကျတော့ အခုတိုင်း ရေတွေကြီး၊ လမ်းတွေပိတ်၊ လူတွေဝင်မလာနိုင်တာကလည်း ခပ်ကောင်းကောင်းပါလေ။ နို့မို့ဆို ကိုယ်တို့မှာ အိပ်ချိန်စားချိန်တွေလည်း မှန်မှာ မဟုတ်ဘူး။ အခုထက်အများကြီး စိတ်ဖိစီးရလိမ့်မယ်။ ဒီလောက်နဲ့ပဲ တော်ရောပေါ့။