ချန်ဂင်တို့စခန်း (၁၉၄)

ယုန်မလေးက နောက်တစ်သား ပေါက်ပြန်ပြီ။ ဒီတစ်ခါ ၇ ကောင်တောင်။ တစ်လတောင် မပြည့်သေးဘူး။ နောက်တစ်သားမွေးတယ်ဆိုတော့ တော်တော်မြန်တာပဲ။ ခုတစ်ခေါက်တော့ ကလေးတွေ တက်အနင်းမခံရအောင် သူတို့သားအမိတစ်မြုံကို အိပ်ခန်းထဲထည့်ပြီး nursing home လုပ်လိုက်တယ်။ အပြင်မှာနေရင် သူ့ဆီကအနံ့တွေကြောင့် နောက်က တရုံးရုံးလိုက်နေကြတာကိုး။ အတူတူထားပေမယ့် နို့တိုက်တာလည်း မတွေ့လို့ မနေနိုင်တော့ဘူး။ သူ့ကိုဖမ်းချုပ်လှဲပြီး ကလေးတွေကို တစ်ကောင်ချင်း ကြယ်သီးတပ်သလို လိုက်တပ်မှ သူလည်းငြိမ် ကလေးတွေလည်း နို့ဝတယ်။ အကောင်လေးတွေက အရေပြားပါးပါးကြည်ကြည်လေးတွေမို့ နို့ဝသွားရင် ဗိုက်ကလေး တင်းပြောင်လာရော။ အီအီးတွေ ရှူရှူးတွေလည်း ထွက်ကြတယ်။ တနေ့ ၂ ခါတော့ ယုန်နို့တိုက်တဲ့ အလုပ်ရတာပေါ့လေ။ နောက်တော့ အနံ့ပြင်းလွန်းလို့ သူတို့အမေကို အပြင်ပြန်ထုတ်ပြီး နို့တိုက်ချိန်ကျမှ အထဲခေါ်တိုက်တော့တယ်။ ကိုယ်တွေမရှိရင် သူတို့ ဘယ်လိုများနို့တိုက်မယ် မသိဘူး။ ဒီလိုသာ တစ်လတစ်လ ဒါဇင်ဝက်လောက် သားပေါက်နေရင် နောက်ဆို အိမ်နောက်ဖေးက တောအုပ်ကလေးလည်း ယုန်လွှတ်ကျွန်းဖြစ်တော့မယ်။ အပြင်ယုန်ကလေးက ၂ ရက်လောက် အစာလာမစားပဲ ပျောက်နေတော့ အကောင်ပလောင်တွေများ ဆွဲသွားသလား စိတ်တွေပူနေတာ။ ပြန်လာတော့မှ ပျော်သွားတာပဲ။ ရွာကလူတွေကဆရာဝန်ကြီးမွေးထားတဲ့ယုန်မှန်းသိလို့ ရန်မရှာကြပါဘူး။ အခုကောင်လေးတွေ ကြီးလာရင် ခြံစည်းရိုး ဖွင့်ပေးမယ်။ သဘာဝအတိုင်း နေတော့။ အစာပဲ ကျွေးထားပေးမှာ။

စိတ်ကူးပေါ့လေ။ စိတ်ကူးပေါ့။ ဒီအခြေအနေအတိုင်း မပြောင်းမလဲ တည်ရှိနေသေးရင် ဒီလိုလေး လုပ်မယ်ဆိုတဲ့ စိတ်ကူး။ သို့ပေမယ့် အချိန်မရွေး အပြောင်းအလဲရှိနိုင်တာ လူတိုင်းသိတယ်လေ။ အခုတောင်မှ ညရေးညတာ သတိနဲ့ ပြင်ဆင်ရှောင်တိမ်းပြီး အိပ်နေတာ။ အခုရောက်နေတဲ့ကောင်က အရင်လူတွေလို လေယာဉ်ချည့်ပဲ အားကိုးတက်လာတာ မဟုတ်ဘူး။ ဒလန်တွေ စအဖတွေ အားကိုးနဲ့ သတင်းအတိအကျရတော့မှ သန်းခေါင်ကျော် လင်းအားကြီး တက်တက်သိမ်းတာ။ မကြောက်ပေမယ့် ကိုယ် သောက်သုံးမကျလို့ အလစ်အငိုက် မိသွားတယ် လို့တော့ အဖြစ်မခံနိုင်ဘူး။ သိမ်းချင်းသိမ်း ကိုယ့်ဘက်ကချည့် သိမ်းယူမှာ။ အခုလောလောဆယ် ကိုယ်ကတော့ အင်းတော်ကြီးပတ်ပတ်လည်ကနေ တာမခန် ဖားကန့်တဝိုက်က လူနာတွေကို သိမ်းထားပြီလေ။ ခုမနက်ပဲ ခွဲလူနာတွေ ရောက်လာပြန်ပြီ။ ကားလမ်းမပေါက်လို့ ဆိုင်ကယ်နဲ့ လာကြတာ။ အေးလေ။ ခွဲတာပေါ့။ တစ်ရက်တစ်ယောက်။ ဆေးတွေတော့ ချွေတာသုံးမှ ဖြစ်မယ်။ နိုင်ငံခြားသွင်းကုန်မှန်သမျှ ဘယ်သူမှ မရောင်းရဲကြတဲ့ ကာလ။ ဒီလိုအချိန်မျိုးမှာ တချို့လူတွေ စီးပွါးပျက်သွားပြီး တချို့လူတွေ အရမ်းပိုက်ဆံရှာလို့ ကောင်းကြမှာပဲ။ စိတ်တော့မပူပါဘူး။ အလုပ်မလုပ်ပဲ ပိုက်ဆံရနေတဲ့သူတွေအချင်းချင်း လည်သူက အ သူကို ဖျံကျနေကြတာပါ။ ကိုယ်တွေက သိန်းဘယ်နှစ်သိန်း သိန်းဘယ်နှစ်သောင်း အရောင်းအဝယ်တွေကို နားရှိလို့သာ ကြားရတာ။ ပွဲခတောင် ဝငိမျှော်နိုင်တဲ့အစား မဟုတ်ဘူး။ ဘာပူစရာ ရှိလဲ။

အရေးကြီးတာ ကိုယ့်ရဲ့ကျန်းမာရေးလေ။ ကိုယ့်အတွက်ပဲ ကိုယ်ပူရမှာ မဟုတ်လား။ အဲ့ဒါလည်း သိပ်တော့ မပူပါဘူး။ လောလောဆယ် နာမှ နာမနေတာ။ ဆီးတွေလည်း သွားနေတာပဲ။ အထဲမှာ ကျောက်ရှိတယ်။ ပိတ်နေတယ် ဆိုတာ ကိုယ့်ရဲ့ တွေးတောယူဆချက်တွေ။ ရှာကြည့်လိုက်လို့ တွေ့တယ်ဆိုမှ ငါထင်တာ မှန်သားပဲ လို့ အဖြေထွက်မှာ။ မတွေ့ဘူးဆိုရင် ငါ့ဘာငါ စိတ်ကထင်မိတာ နေမှာပါ လို့ ဖြစ်သွားမှာ။ အဖြေ ၂ ခုစလုံးအတွက် ကိုယ့်ဘက်က လုပ်စရာရှိတာလုပ်ထား၊ ဆရာသမား ညွှန်ကြားချက်အတိုင်း ကုထားပြီးပြီ။ တကယ်လို့များ ကျောက်က မထွက်နိုင်ပဲ အထဲမှာ တစ်နေရင် ဘယ်လိုလုပ်မလဲဆိုတဲ့ စိုးရိမ်သောကတွေကို ခုချိန်မှာတော့ ခေါင်းထဲမထည့်နိုင်သေးဘူး။ ဘာမှ မလုပ်နိုင်တဲ့ကိစ္စကို ဘာအတွက် တွေးပူနေရမှာလဲ။ အလကား စိတ်ထောင်းကိုယ်ကြေတွေ။

ဖြစ်နိုင်ချေဆိုတာ အမြဲတမ်း တစ်ခုတည်း မရှိတာ သေချာတယ်။ ဒီလိုဖြစ်နိုင်သလို ဟိုလိုလည်း ဖြစ်သွားနိုင်တယ်။ ဒီ့ပြင်လိုတွေလည်း ဖြစ်နိုင်သေးတာပဲ။ အဲ့ဒီဖြစ်နိုင်ချေအားလုံးကို ကိုယ့်ဘက်က ကြိုတွေးထားပြီး ပြင်ပြင်ဆင်ဆင် ရှိရင် ကောင်းတာပေါ့။ စိုးရိမ်ပူပန်နေတာတော့ မကောင်းဘူး ထင်တာပဲ။ ရှေ့ဆက်လျှောက်မယ့်လမ်းမှာ ခွန်အားလိုတယ်လေ။ စိတ်ခွန်အားလျော့ကျမသွားဖို့ positive thinking ရှိမှ ဖြစ်မယ်။ ဖြစ်မလာသေးတာတွေကို ကြိုပြီး သောကရောက်နေလို့ အပိုပဲ။ ဖြစ်နိုင်ချေဆိုတာ ဒီတစ်ခုတည်းမှ မဟုတ်တာ။ Pandora’s box ထဲမှာ မျှော်လင့်ချက်ကလေး ကျန်နေပါသေးတယ်။ အကောင်းဆုံးကို မျှော်လင့်ရင်း ဖြစ်လာသမျှကို ရင်ဆိုင်မယ်လေ။

ဆေးရုံကနေ CDM လုပ်ဖို့ စထွက်လာတဲ့အခါ တစ်လလုပ်စာ လခရမှ အဲ့ဒီတစ်လ သုံးစရာရတဲ့ကိုယ်တောင် ဒီလအတွက် လခမရရင် ငါ ဘာနဲ့ ထမင်းစားမှာလဲ လို့ တွေးမပူခဲ့ဘူး။ လက်တွေ့ဖြစ်ပေါ်လာတဲ့ အခြေအနေတိုင်းကို အကောင်းဆုံးစဉ်းစားပြီး ဖြတ်ကျော်လာခဲ့လို့ ဒီကနေ့ ဒီအခြေအနေထိ ရောက်လာတာ။ မလုပ်ခင်ကတည်းက ကိုယ့်တစ်ဝမ်းတစ်ခါးအရေး တွေးပူနေရင် အခုလို လူ ၁၄-၅ ယောက် ထမင်းကျွေး အလုပ်ပေးထားဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီအလုပ်ကို စလုပ်ကတည်းက သေနိုင်တယ် ထောင်ကျနိုင်တယ်။ အဲ့ဒါ ဘယ်သူက မတွေးမိပဲ နေမှာလဲ။ အဲ့ဒါတွေ တွေးပူနေရင် ခြေလှမ်းတောင် စလို့ရမှာ မဟုတ်။ တချို့သော ဖြစ်နိုင်ချေ အလားအလာတွေကို ဒီလိုပဲ လှစ်လျူရှုပြီး စွန့်စားရတာပဲလေ။ ဖြစ်လာတော့လည်း ဘာတတ်နိုင်မှာလဲ။ အဲ့တော့မှ အဲ့ဒီအခြေအနေကို ရင်ဆိုင်မှာပေါ့။ အချိန်မနှောင်းခင် ထိထိရောက်ရောက် ကုသပေးနိုင်မှ ကျောက်ကပ်ပျက်စီးမယ့် ဘေးရန်ကို ကာကွယ်နိုင်မယ်ဆိုတာ ကိုယ်လည်းသိပါတယ်။ ဒါပေမယ့် အဲ့လိုသေရမယ့် ကံပါလာရင် ဘယ်လိုပဲကြိုးစားကြိုးစား လွတ်မယ် ထင်လို့လား။ ကျောက်ကပ်ပျက်လို့ အလုပ်မလုပ်နိုင်တာ အကြာကြီးနေရသေးတယ်။ လေယာဉ်လာလို့ ဗုံးစာမိရင် တအောင့်တဖြုတ်တောင် ကြာတာ မဟုတ်ဘူး။ မဖြစ်သေးတဲ့ အကြောင်းအရာတွေအတွက် စိုးရိမ်ပူပန်နေစရာ အကြောင်းမရှိဘူး။ ကိုယ့်မှာ တခြားပူပန်စရာတွေ အများကြီး။

လူတော်တော်များများက တွေးကြတယ်။ တော်လှန်ရေးကြီးက အောင်ရောအောင်မြင်နိုင်ပါ့မလား။ ဒီလောက် ရက်တွေကြာလာတာတောင် ခုထက်ထိ မပြီးသေးဘူးလား။ ကောင်းပြီလေ။ ဒါလည်း ဖြစ်နိုင်ခြေတစ်ခုပဲ။ ကိုယ်တွေက ထည့်မစဉ်းစားတတ်ဘူး ထင်လို့လား။ ဟိုးအရင် ချန်ဂင်စခန်းလေး တည်ဆောက်နေကတည်းက ရုရှားပြန်တွေက လာလာမန့်နေကျ။ မြန်မာပြည်မှာ အဝေးရောက် အစိုးရတွေ အာဏာရတယ် တရားဝင်အစိုးရ ဖြစ်တယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူးတဲ့။ ဟုတ်တယ်လေ။ သမိုင်းမှာလည်း မရှိဘူး။ အင်းစိန်မှာလည်း မရှိဘူး။ ဒါပေသိ မရှိဖူးတဲ့လမ်းမို့ မဖြစ်နိုင်ဘူးဆိုပြီး ကိုယ်တို့မလျှောက်ရင် စစ်ဘိနပ်အောက်က လွတ်စရာမှ မရှိတာ။ ကိုယ်တွေက တော်လှန်ရေးကြီး မအောင်မြင်ပဲ အဖျားရှူးသွားပြီး စစ်အစိုးရအောက်ကို ပြန်ရောက်သွားနိုင်တယ် ဆိုတာ မတွေးမိလို့ ရူးရူးမိုက်မိုက် တောခိုနေတာ မဟုတ်ဘူး။ အဲ့သလိုမျိုး စစ်အစိုးရအုပ်ချုပ်မှုအောက်မှာ အသက်ဆက်ရှင်ချင်စိတ်ကို မရှိလို့ အသေခံပြီး ဒီလမ်းကို ရွေးခဲ့တာ။ ရှင်းလား။ တစ်ရက်ရှင်ရရှင်ရ နှစ်ရက်ရှင်ရရှင်ရ၊ လူ့အဆင့်အတန်း လူ့သိက္ခာ၊ လူ့အခွင့်အရေးနဲ့ပဲ လူလိုသူလို အသက်ရှင်မယ်။ စစ်ခွေး အရိုးအရင်း ကိုက်ပြီး အမြီးတနှံ့နှံ့ မရှင်သန်ချင်ဘူး။ ကိုယ့်သားသမီးမျိုးဆက်ကိုလည်း အဲ့ဒီအောက် မထားခဲ့နိုင်ဘူး။ ကိုယ့်တို့ဘက်က ဦးနှောက် နဲ့ ဉာဏ်ရည်က အဲ့ဒီအဆင့်အတန်းတော့ ရှိတယ်။ သေတာများ အဆန်းလုပ်လို့။ အခု မသေလည်း နောက်သေရမှာ။ ဘယ်သူက မသေပဲနေမှာမို့လဲ။ သေရေးကိုချည့် တွေးမပူနိုင်ဘူး။ ရှင်ရေးအတွက် ဘဝင်အေးအောင် လုပ်နေတာ။ ဘယ်သူတွေပါပါ မပါပါ၊ ဘယ်သူတွေ ကူကူ မကူကူ။ အဲ့ဒါ ငါတို့လျှောက်မယ့်လမ်းပဲ။ ကိုယ်ကတော့ ခုထိ အသက်ရှင်လျက် ရှိသေးတယ်။ ကိုယ့် လာမေးတဲ့ကောင်တွေတော့ မွင်းငါးဖြစ်သွားလား။ တပ်ပြေးဖြစ်နေပြီလား။ ကွာတားကျနေသလား။ မပြောတတ်။ ခုလောက်ရှိရင် အဝေးရောက်အစိုးရရဲ့ လက်ရာကိုတော့ အီဆိမ့်နေအောင် ခံစားနေရလောက်ပြီ။

အစကတည်းက မအလအစိုးရ အာဏာသိမ်းတာ ၃ နှစ်လောက်တော့ အလူးအလဲ ခံရမှာနော် လို့ ကြိုတွေးထားမိကြည့်ပါလား။ ရှိသမျှလူတွေအကုန် ဖြစ်တဲ့နည်းနဲ့ နိုင်ငံခြားထွက်ကုန်မှာပေါ့။ ၃ နှစ်ဆိုတာ ဟိုမှာ ကောင်းကောင်းအခြေကျလို့ရတဲ့ အချိန်ကာလပဲ။ တချို့ကိစ္စတွေဟာ ကြိုမသိနိုင်ဘူး။ ဘယ်သူတွေ ဘယ်လိုပဲ ဖြစ်နိုင်ချေတွေအမျိုးမျိုး တွက်ထားတွက်ထား။ တွက်ထားတဲ့အတိုင်း ဖြစ်မလာတာ အများကြီး။ ဘာဖြစ်လို့ဆိုတော့ အဖြစ်အပျက်တွေက တစ်ခုပြီးရင် ဖြစ်နိုင်ချေနောက်တစ်မျိုး ပြောင်းလဲသွားတာကိုး။ ဒါကြောင့်မို့ ဘယ်လမ်းကိုပဲလျှောက်လျှောက် ပုံသေကားကျဆိုတာ မရှိဘူး။ လှေနံဓါးထစ် မှတ်ထားလို့ မရဘူး။ အခြေအနေ အချိန်အခါပေါ် မူတည်ပြီး ဆုံးဖြတ်ချက်တွေမှန်ဖို့ပဲ လိုတယ်။ ကိုယ့်ဗီဇသဘာဝနဲ့ အတွေ့အကြုံ၊ ဆင်ခြင်တုံတရားတွေအရ လမ်းကြောင်းက ပြောင်းပြောင်းသွားမှာပဲ။ ကိုယ်ကိုယ်တိုင်ရဲ့ စိတ်နေစိတ်ထား သဘာဝနဲ့ဆိုရင် CDM မလုပ်ပဲ ရာထူးလေးယူ၊ အပြင်မှာ လူနာတွေ ခွဲစား၊ အနေအစားမပျက်၊ နိုင်ငံခြားခရီးလေးဘာလေးထွက် ဆိုတဲ့ အခြေအနေမျိုးမှာ ဘယ်နည်းနဲ့မှ ရှင်သန်နိုင်မှာ မဟုတ်ဘူး ဆိုတာ သိပ်သေချာတာပဲ။ မေမေ့အစိုးရလက်ထက်တုန်းက ရဲရဲတောက် နေရာရချင်နေပြီး ခုကာလမှာ သူမဟုတ်သလို ကိုယ့်ပါးစပ်ကိုယ် အပ်နဲ့ချုပ်ပြီး secret admirer ပြန်လုပ်နေတဲ့ လူလိမ်မာတွေကိုလည်း ရွံတယ်။ ဒါကြောင့်မို့ ဘယ်လိုအခြေအနေမျိုးမှာပဲရှိရှိ၊ ကိုယ်လျှောက်တဲ့လမ်း ကိုယ်ရွေးခဲ့တဲ့အလုပ်အတွက် ဘယ်တော့မှ နောင်တရနေမှာ မဟုတ်ဘူး။ “ငါ လုပ်သမျှ အမှန်။” လို့ ငါတကောကော အငြင်းအခုန်သန်နေတာ မဟုတ်ဘူး။ This is my way. ပဲ။ ဆိုးဆိုးကောင်းကောင်း ကိုယ့်အကြောင်းနဲ့ကိုယ်။

တချို့ကိစ္စတွေမှာ အချိန်ကာလ ဆိုတာ ရှိတယ်။ အဲ့ဒီအချိန်ကာလကို ကျော်လွန်ပြီး ကိုယ်တို့ ဘာမှ လုပ်လို့မရဘူး။ ဥပမာ ကိုယ် ဆီးလမ်းကြောင်းထဲမှာ ကျောက်တည်နေတယ်။ အဲ့ဒီကျောက်ကို ချက်ချင်းလက်ငင်း ခွဲစိတ်ထုတ်ဖို့ လက်ရှိအချိန်မှာ မဖြစ်နိုင်သေးဘူး။ ဘယ်တော့ ဖြစ်နိုင်မလဲ။ ဒါလည်း အတတ် မပြောနိုင်ဘူး။ မခွဲပဲ သူ့ဘာသူ ထွက်နိုင်သလား။ ထွက်ချင်လည်း ထွက်လာနိုင်တာပေါ့။ ထွက်လာလို့ အဝက ဆွဲထုတ်ပေးရတဲ့သူကို ၄-၅ ယောက်ရှိပြီပဲ ဥစ္စာ။ ဒါဆို စောင့်ကြမယ်လေ။ ဒီကြားထဲ သူ ရှောရှောရှူရှူ ဆင်းလို့ရအောင် ရေအများကြီးသောက်ပေးတယ်။ ဆေးတွေဝါးတွေ မှန်မှန်သောက်တယ်။ လုပ်စရာရှိတဲ့အလုပ်တွေ ဆက်လုပ်ရင်း ကျောက်ကလေး သူ့ဘာသာ ထွက်ကျမယ့်နေ့ကို စောင့်နေရုံ ရှိတာပေါ့။ စိတ်လောနေလို့လည်း အကျိုးမှ မထူးတာ။ တော်လှန်ရေးရဲ့ သဘောဟာလည်း ဒီအတိုင်းပါပဲ။ ကိုယ့်ဘက်က လုပ်စရာရှိတဲ့ တာဝန်မှန်သမျှ ဘာတစ်ခုမှ မကျန်ရအောင် အမြဲတမ်း စဉ်းစားပြီး အလုပ်လုပ်နေတယ်။ ကနေ့ပြီးမလား။ နက်ဖြန်ပြီးမလား။ ကြာဦးမှာလား။ ပြီးရောပြီးဦးမှာလား။ တွေဝေမိန်းမောနေဖို့ အချိန်မရပါဘူး။ လုပ်စရာရှိတဲ့အလုပ်ကို နေ့တိုင်း အာရုံစူးစိုက် လုပ်နေတယ်။ အချိန်ကာလအရ ကိုယ်မတတ်နိုင်တဲ့ကိစ္စတွေကို အဲ့ဒီအချိန်ရောက်တဲ့အထိ ကြံ့ကြံ့ခံ ရပ်တည်ရှင်သန်နိုင်ဖို့ ကြိုးစားနေတယ်။ ယုန်ကလေးတွေကို အခု နို့တိုက်မပေးရင် အခုသေသွားလိမ့်မယ်။ သူတို့တွေ အရွက်စားနိုင်တဲ့အချိန်ရောက်တဲ့ထိ ကိုယ်တို့က နို့တိုက်ပေးထားရမှာပဲ။ ဒီလိုပဲ အခုလောလောဆယ် တစ်ခုခုလုပ်မပေးရင် သေသွားနိုင်တယ် ဆိုတဲ့လူနာတွေကို ဦးစားပေးပြီး လုပ်နိုင်သမျှ လုပ်ပေးတယ်။ တချို့လူနာတွေကျ လတ်တလော အခြေအနေမှာ ဘာမှ လုပ်ပေးလို့မရတာတွေကြောင့် သင့်တော်တဲ့အချိန်တစ်ခုအထိ စောင့်နေရတာတွေလည်း ရှိတယ်။ ကိုယ့်ဆေးရုံအတွက် လုပ်တဲ့အလုပ်တွေမှာလည်း လောလောဆယ် ဘာအဖြေမှ မထွက်သေးပဲ အဖြူအမည်း သဲကွဲအောင် အချိန်တစ်ခုယူပြီး စောင့်နေရတာတွေ ရှိတယ်။ မတတ်နိုင်ဘူးလေ။ negative thoughts တွေကို စိတ်ထဲမှာ ဖျောက်ပြီး positive vibes ကလေးနဲ့ မျှော်လင့်ချက်ကလေးထားပြီး စောင့်ရမှာပေါ့ကွယ်။ လုပ်တိုင်းဖြစ် ထင်တိုင်းကြဲနိုင်ဖို့ဆိုတာ ကံ လိုတယ် မဟုတ်လား။ ဒါကြောင့် ဘာသာတရား အဆုံးအမလေးနဲ့ စိတ်ကောင်းနှလုံးကောင်းထားပြီး နေပါတယ်။ ဖြစ်နိုင်ခြေတွေကတော့ အများကြီးလေ။ အကောင်းဆုံးကို မျှော်လင့်ထားပါတယ်။ ဒါပေမယ့် ဘာပဲဖြစ်လာဖြစ်လာ ရင်ဆိုင်မယ်လေ။

အခြေအနေတွေဆိုတာက အချိန်နဲ့အမျှ ပြောင်းလဲနေတာပဲ။ မနိုင်တော့တဲ့စစ်ပွဲမှာ သူတို့ဘက်က အောက်လူတွေ ပြောင်းကစားပြီးပြီ။ မထူးခြားဘူး။ အခု အထက်လူတွေ ပြောင်းကစားနေပြန်ပြီ။ ဒါနဲ့မှ မရရင် ကြင်စိုးကို လူလဲကစားဖို့ပဲ ကျန်တော့တယ်။ တိုင်းပြည်ကို ငြိမ်အောင်မထိန်းနိုင်တဲ့ အခြေအနေကနေ တပ်ကို ငြိမ်အောင်မထိန်းနိုင်တဲ့ အခြေအနေမျိုး ရောက်လာရင် သူတို့မှာ ရွေးစရာ ဒီတစ်လမ်းပဲ ရှိတော့တာ မဟုတ်လား။ ရောက်ခဲလှပါကလား လို့ စောင့်စားနေရတဲ့အချိန်တွေ တမဟုတ်ချင်း ရောက်လာတာလည်း ဖြစ်နိုင်ချေတစ်ခုပါ။ အရင်တုန်းကပြောခဲ့သလိုပါပဲ။ သူတို့ရဲ့နောက်ဆုံးဖဲချပ်ကို ရအောင်သုံးဖို့ ထုတ်လာခဲ့ပြီ။

စော်ကားချင်တိုင်း စော်ကားခဲ့ပြီးမှ ဒေါက်ဖိနပ်ကျေးဇူး မြင်းမိုရ်ဦး ဆိုပြီး ထမီနားခိုကြဦးမယ်။ ကယ်နိုင်ရင်ကယ် မကယ်နိုင်ရင် သူတို့နဲ့တပါတည်း ဆွဲချသွားမယ့်သူတွေဆိုတာ မယ်မယ့်လောက် သဘောပေါက်တဲ့သူ ရှိပါဦးမလားလေ။ ကိုယ်တို့လို ပါချီပါချဲ့ ငမျောက်ငချောက်တွေတောင် ဒီကောင်တွေကို စမုံတုံးအောင် ဒုက္ခပေးနိုင်လို့ရှိရင် ဘွားတော်က ဒင်းတို့တစ်အုပ်ကို ဘယ်လိုတွေတောင် လက်ဆင်ပေးမလဲ ကြည့်ရသေးတာပ။ မောင်ကြင်စိုးရယ်။ မင့်မလည်း လုပ်လိုက်မှဖြင့် သောက်တလွဲချည့်ပဲ။ နှစ်ပေါင်း ၆၀ ကျော် ဆုပ်ကိုင်ထားသမျှ အာဏာတွေဟာ မင့်လက်ထက်ကျမှပဲ ရေစုန်မျောရတော့မယ်။ ကောင်းလေစွ ကောင်းလေစွ။