ချန်ဂင်တို့စခန်း (၁၈၈)

ခုရက်ပိုင်း အလုပ်တွေက ရှောရှောရှူရှူ မဖြစ်တာ များပါတယ်။ ဘယ်လောက်ပဲ သတိဝီရိယနဲ့ ကြိုတင်စီမံထားသော်လည်း ထစ်ငေါ့လွဲချော်နေတာချည့်ပဲ။ ငှက်ဖျားတွေ စဖြစ်ပြီ ဆိုကတည်းက ၃ နေရာခွဲပြီး ဆေးတွေမှာတယ်။ ရောက်မလာကြဘူး။ ရောက်တဲ့ဆေးကလည်း မလောက်ဘူး။ နောက်ဆုံးမှာ ပေးစရာဆေးလည်း မရှိတော့ဘူး။ စစ်စရာ test kit လည်း ကုန်ပြီဆိုတဲ့အခြေအနေ ဖြစ်လာတယ်။ လူနာက မလျော့သေးဘူး။ တချို့လူနာတွေကို အမြစ်ဖြတ်ဆေး ပေးထားပါလျက် ၂ ခါပြန်ဖြစ်တယ်။ အရင်လက cerebral malaria နဲ့ ကလေးလည်း high fever နဲ့ ပြန်လာတယ်။ ရွာထဲကလည်း နောက်ထပ် ကလေးလေးတစ်ယောက် ကယောင်ကတမ်း နဲ့ တက်ပြီး ရောက်လာတယ်။ သူတို့စစ်ဖို့ test kit တောင် မရှိတာ။

ဒီတစ်ခါတော့ သည်းညည်းမခံနိုင်တော့ဘူး။ ဆေးရောက်ပြီ ဆိုတာနဲ့ ကိုယ်တိုင် မြို့တက်ပြီး ဆေးထွက်ယူပါတယ်။ ခက်တာက မနေ့ညကမှ မိုးတွေသည်းထားတာ ဆိုင်ကယ်တွေတောင် မသွားနိုင်။ ဒီလမ်းကို ကားနဲ့သွားလို့ ဖြစ်ပါ့မလား။ အချိန်ကလည်း မနည်းတော့ဘူး။ ဟုတ်တယ်။ သွားလို့တော့ ရချင်မှ ရမယ်။ ဒါပေသိ လူက နေလို့ကို မရတော့ဘူး။ မနက်ဖြန်ကျမှ ဆိုတာ မသေချာဘူး။ အောက်ဆီဂျင် အိုးတွေ ရောက်လာပြီမို့ major operation တွေ ခွဲဖို့စီစဉ်ထားတယ်။ လူနာတွေလာရင် ဆေးမပေးနိုင်မှာစိုးလို့ ဖြစ်ချင်ရာဖြစ်။ အတင်းကို မောင်းချသွားလိုက်တယ်။ နစ်တာပေါ့။ ပက်ပက်စက်စက်ကို နစ်တာ။ အနားဖြတ်သွားတဲ့ ကယ်ရီသမားတွေ ခေါ်တွန်းခိုင်း။ သုံးလေးခါလောက် နစ်ပြီးမှ ရောက်တယ်။ လူရောကားရော ကျွဲရုပ်ထွက်သွားရော။ လမ်းမှာ ကိုယ့်ထက်ဆိုးတဲ့ ပါဂျဲရိုးကားတစ်စီးဆို ဘီးပါခွင်ပြီး ဘေးကားထွက်သွားလို့ လူကြုံတောင် ခေါ်လာခဲ့ရသေး။ မတတ်နိုင်ဘူး။ လူအပင်ပန်းပဲ ခံလိုက်မယ်။ စိတ်ပင်ပန်းတာ မခံနိုင်လို့။ တော်ပါသေးရဲ့။ လိုချင်တဲ့ဆေးတွေ test kit တွေ ရောက်လာလို့။

နောက်ရက်တွေတော့ ခွဲခန်း ဆက်တိုက်ဝင်ကြတာပေါ့လေ။ နိုင်ငံခြားက ပို့လိုက်တဲ့ laryngoscopes တွေ ET tubes တွေ အများကြီးရှိတော့ အဲ့ဒါတွေကို Emergency box ထဲဖြည့်ပြီး ရှေ့တန်းပို့ပေးချင်လို့ ကိုယ့်ဆီက လက်ထောက်ဆရာဝန်လေးတွေအားလုံး tube ထည့်တတ်အောင် သင်ပေးနေရတယ်။ ကိုယ်တိုင်တောင် မေ့ဆေးစက်နဲ့ GA ပေးတာ ခုမှ လူနာအစိတ်လောက်ပဲ ရှိသေးတယ်။ ကလေးတွေကို ပြန်ပြီး ဆရာလုပ်လို့ ဖြစ်ပါ့မလား စိုးရိမ်မိပေမယ့် ဒီလိုမှ မသင်ရင် သူတို့တတ်မှာ မဟုတ်ဘူးလေ။ ကိုယ့်အတွက်ကတော့ stress ပိုများတာပေါ့။ အဆင်ပြေပါတယ်။ ခုလေးတင်ခွဲပြီးတဲ့ တစ်ယောက်ကတော့ tube မဝင်ပဲ failed ဖြစ်သွားလို့ LMA နဲ့ပဲ ခွဲခဲ့ရတယ်။ အဲ့ဒါနဲ့ဆို ကြာလို့မဖြစ်ဘူးဆိုပြီး နောက်က ကျားလိုက်သလို ခွဲရတာ။ ခက်ခဲသော ရက်စွဲများကလည်း မကုန်ခမ်းသေးပါလားကွယ်။ မေမေ တ ရုံနဲ့ မလုံလောက်တော့ဘူး။ ဘုရားပါ တ နေရတယ်။ ဘုရားလေး တရားလေး လုပ်ဦးမှပါ ဆိုပြီး ၉ နဝင်း ပုတီးအဓိဌာန်ဝင်နေတယ်။ ကံကောင်းချင်ကောင်း မကောင်းချင်နေ။ ကိုယ့်စိတ်ကလေး ငြိမ်းချမ်းနေဖို့တော့ လိုတယ် မဟုတ်လား။ တည်ငြိမ်သူလေး စိုး ပြန်လုပ်ဦးမှပါ။ အပြေးအလွှား စိုး၊ သည်းထိပ်ရင်ဖို စိုး၊ မနိုင်မနင်း စိုး တွေ များနေပြီ။

ခွဲခန်းက ပြန်ထွက်လာတဲ့အခါ လူနာတွေက စောင့်နေပြန်ပြီ။ ထုံးစံအတိုင်း ငှက်ဖျားဖြစ်လာတဲ့လူနာတွေရယ်၊ ငှက်ဖျားဆေးသောက်ပြီး သာခွေယိုင် ဖြစ်လာတဲ့ လူနာတွေရယ်။ တနေ့ကသွားယူထားတဲ့ ငှက်ဖျားဆေး လူ ၁၅၀ စာဟာ ဒီနှုန်းအတိုင်းဆို ၁၅ ရက်စာပဲ ရမယ်။ တနေ့ ၁၀ ယောက်လောက် ပိုးတွေ့နေပြီ။ ဒီအတိုင်းတော့ မဟုတ်သေးဘူး ထင်တယ်။ fogging machine လည်း မရှိတော့ အမှိုက်မီးရှို့ခိုင်းလို့ပဲရမယ်။ လယ်တောထဲမှာ ခြင်တင်မဟုတ်ဘူး။ ကျွတ်တွေ မျှော့တွေပါ ပေါနေတာ။ ဆေးထပ်မှာရုံပဲ ရှိတယ်။ မနှစ်တုန်းက ငှက်ဖျားကို ရှိမှန်းတောင် မသိလိုက်တဲ့ အခြေအနေကနေ ဒီနှစ်တော့ အလူးအလဲ အပြူးအပြဲ ရင်ဆိုင်နေရတယ်။

တခါတခါမှာ တချို့လူတွေရဲ့ ကျပ်မပြည့်တဲ့ ဉာဏ်ရည်ကို ဘယ်လိုနားလည်ပေးရမှန်း မသိပါဘူး။ ရင်သားကင်ဆာနဲ့ ရှောက်သီးလုံးလောက် အနာဟောက်ပက်ကြီးဖြစ်ပြီး ပုပ်ဟောင်နေမှ လာတယ်။ ဒီမှာဆေးရုံရှိမှန်း မသိတာလည်း မဟုတ်။ ဆယ်ဇင်းက လာတာ။ မြင်ဖူးနေကျ မျက်နှာ။ အဆင်မပြေလို့ မလာတာချည့် ပြောနေတယ်။ သေသွားရင် အဆင်ပြေမှာမို့လား။ “အမေ နေမကောင်းလို့။” တဲ့။ “ဟုတ်လား။ အခု အဲ့ဒီအမေက သေသွားပြီလား။” လို့ မညှာမတာ မေးလိုက်တယ်။ “အခုလည်း အခြေအနေမကောင်းပါဘူး ဆရာရယ်။” တဲ့။ “ခင်ဗျားကတောင် အဲ့ဒီနေမကောင်းတဲ့အမေထက် အရင်သေချင်သေသွားဦးမှာ။” လို့ ပြောလိုက်တယ်။ ဒေါသတွေ ထွက်လိုက်တာ။ ချိုင်းထဲမှာလည်း အကြိတ်တွေ တပြုံကြီး။ ရင်ဘတ်ကအနာက ပြန်ဆွဲစိချုပ်လို့တောင် မရနိုင်။ ခွဲပြီးလည်း သေချာပေါက် ပြန်ဖြစ်မယ့် ကင်ဆာ။ chemo လည်း လိုက်နိုင်မှာ မဟုတ်။ RT လည်း လိုက်နိုင်မှာ မဟုတ်။ ခွဲခွဲ မခွဲခွဲ နောက်လေးငါးလဆို သေမှာပဲ လို့ တွေးနေတာ။ လောလောဆယ် ပုပ်နေတဲ့အလုံးကြီး လှီးထုတ်ပစ်ရုံပဲ တတ်နိုင်မယ်။ သွေးလှူရှင်က အရင်ရှာရဦးမယ်။ ပိုက်ဆံလည်း တစ်ပြားမှ ပေးစရာမလို၊ လမ်းကောင်းတုန်း ဆိုင်ကယ်နဲ့လာရင် တစ်နာရီလောက်ပဲကြာမယ့်အရပ်က ဆရာဝန်ဆီကို ဘာကိစ္စ လာမပြတာလဲ စဉ်းစားလို့ကိုမရ။ “သေချင်လည်း သေပစေတော့။ အဆင်မပြေလို့ မလာတာ။” တဲ့။ မဟုတ်က ဟုတ်က မပြောပါနဲ့။ သေချင်တာက ဒီမှာပါ။ လုပ်တာတော့ လုပ်ပေးရမှာပဲ။ မပျောက်ပေမယ့် ပုပ်စော်မနံတော့ရင် တော်သေးတာပေါ့။ “ဒီမှာကြည့်စမ်း။ နည်းတဲ့အနာကြီးလား။ လူတွေက ဘယ်တော့မှ အနာကိုအဲ့လောက်ဆိုးအောင် မနေဘူး။ ခွေးတွေနွားတွေသာ လောက်တဖွားဖွား ကျတဲ့အထိ ဒီအတိုင်းကြီးနေတာ။” လို့ ပြောလိုက်တယ်။ စိတ်ဆိုးချင်လည်း ဆိုးပစေ။ ကိုယ်က သူ့ထက်ပိုစိတ်ဆိုးတယ်။ ဒီအရပ်မှာ ရင်သားကင်ဆာတွေ ခွဲရတာ လေးငါးခြောက်ယောက် မကပါဘူး။ လာသမျှ လူတိုင်းဟာ ဆရာဝန်ကလွဲရင် ပြချင်တာတွေပြ၊ လုပ်ချင်တာတွေ လုပ်ပြီးမှ လာတယ်။ ပထမဦးဆုံးခွဲတဲ့တစ်ယောက်ဆို မရှိတော့ဘူး။ သေပြီ။ တချို့လည်း chemo လိုက်တယ်။ တချို့လည်း မလိုက်နိုင်ဘူး။ ကင်ဆာမဟုတ်တဲ့ အကျိတ်သေးသေးလေးတွေသာ စောစောစီးစီး လာပြတာ။ ကင်ဆာသမားတွေက အရေပြားပေါ် ပေါက်မထွက်မချင်း လာကိုမလာဘူး။ ဒီဆေးရုံမှာ အရေးပေါ် နဲ့ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ရှင်အောင်ကုနိုင်ပေမယ့်လည်း ကင်ဆာလူနာတွေ အတွက် တော့ ရလပ်မကောင်းဘူး။ သားအိမ်ခေါင်းကင်ဆာတွေလည်း လေးငါးယောက်ရှိပြီ။ Chemo တွေ လိုက်နေရတုန်းပဲ။ အားရစရာတော့ မရှိပါဘူး။ ခွဲကတည်းက advanced staging တွေမို့လား။ အရမ်းပင်ပန်းပေမယ့် ပင်ပန်းရကျိုး မနပ်ဘူး။ အေးလေ။ ကိုယ်မခွဲလည်း သူ့ဘာသူ ဒီအတိုင်း သေသွားမှာ။ ကိုယ်ခွဲလည်း ရက်နည်းနည်းပိုခံချင်ခံမယ်။ သေတာတော့ သေဦးမှာ။ မသေခင် အလုပ်တွေရှုပ်ပြီး ပိုက်ဆံတွေ ကုန်သွားတာပဲ အဖတ်တင်မယ်။ ကိုယ်က အလကားကုပေမယ့် ဆိုင်ကယ်ကယ်ရီခ ၈၀၀၀၀ ပေးရတာနော်။ ဆေးရုံတက်တုန်း ထမင်းချိုင့်မှာစားရင် တစ်နပ် ၅၀၀၀ ကျမယ်။ ရေသန့်ကအစ ဝယ်သောက်ရမှာ။ သူပြောတာလည်း ဟုတ်သားပဲ။ သေလိုက်တာကမှ အေးဦးမယ်။ ထူးလည်း မထူးပဲနဲ့ဟာကို။

နေစမ်းပါဦးကွယ်။ ကိုယ်လည်း ကိုယ့်ဒုက္ခနဲ့ကိုယ်ပါ။ တောထဲတောင်ထဲ နားရက်မရှိ ဖိစီးမှုပေါင်းများစွာနဲ့ အလုပ်လုပ်နေရတာက တစ်ဘက်။ လိုအပ်သမျှ ဆေးဝါး ပစ္စည်းကိရိယာတွေ ရှာဖွေသယ်ယူထိန်းသိမ်းရတဲ့ logistics အလုပ်က တစ်ဘက်။ တိုက်ပွဲတွေ စစ်ပွဲတွေကြားမှာ ဘေးရန်ကင်းအောင် သတိနဲ့ ရှောင်ရှားရတာက တစ်ဘက်။ “ကုချင်ကု မကုချင်နေ။ ဘယ်မှ ထပ်မလွှဲနဲ့။ အိမ်မှာ ကိုယ်ခွဲမရှိဘူး။” ဆိုတဲ့ လူနာတွေရဲ့ အရေးကိစ္စတွေကို လိုက်စဉ်းစားနေရတာ တော်လောက်ပြီ လို့ ထင်တာပဲ။ သဗ္ဗေသတ္တာ ကမ္မသကာပေါ့။

ဝန် နဲ့ အား ဆိုတာ မျှမှ ရုန်းနိုင်တယ်။ ကိုယ့်ဆေးရုံမှာ ကိုယ်အခု ရုန်းနေသလောက်ဟာ အစွမ်းကုန်ပဲ။ မနိုင်ဝန်တွေ သိပ်ပိလာရင် ပြိုကျသွားလိမ့်မယ်။ အောက်ဆီဂျင် ၁၃ လုံးဖြည့်ဖို့ပို့တာ တစ်ပါတ်၊ ဆယ်ရက်ကြာသွားတယ်။ တနေ့ကမှ ပြန်ရောက်လာတာ။ အခု ၂ ရက်ပဲ ရှိသေးတယ်။ ၃ လုံး ကုန်သွားပြီ။ နောက်တစ်ပါတ်လောက်ဆို အကုန်ကုန်သွားပြန်လို့ နောက်တစ်ခေါက် သွားဖြည့်ကြရင် ဆယ်ရက် ထပ်စောင့်နိုင်မှာမို့လို့လား။ ခွဲလူနာ အကြွေးတွေတောင် ကုန်အောင် မခွဲရသေးဘူး။ ရောက်လာရင်တော့ ၁၃ လုံးဆိုတာ ကားတစ်စီးတိုက်ပဲ။ ဝိုင်းရှူလိုက်ရင် တစ်ပါတ်တောင်မခံ။ မနေ့က ဖြစ်ချင်ရာဖြစ်။ ဗွက်ထဲရုန်းပြီး သွားယူလာတာ ငှက်ဖျားဆေး လူ ၁၅၀ စာ ရခဲ့လို့ ဝမ်းသာနေတယ် မဟုတ်လား။ ဒီနေ့တစ်နေ့တည်း ၂၁ ယောက် positive ထပ် ထွက်တယ်။ ကိုင်း။ သူလည်း နောက်တစ်ပါတ်လောက်ဆို ကုန်မှာပဲ။ ထပ်မှာရင်သာ တစ်ပါတ်နဲ့ မရောက်တာ။ ဒါတောင် ငွေရေးကြေးရေးကို တစ်ခွန်းမှ အဖက်လုပ်ပြီး မပြောသေးဘူး။ ကုန်ချင်သလောက်ကုန်။ လူနာတွေသာ ဒီ့ထက်ဒီ့ထက် ထပ်ရောက်လာလို့ကတော့ ထွက်ပြေးရတော့မယ် ထင်တယ်။

လူနာရောက်လို့ မပြေးရပဲ စစ်သားတွေရောက်လာလို့ ပြေးရမှာကိုလည်း မေ့ထားလို့ မရပါဘူး။ လိုင်ဆာကိုသိမ်းမလို့ နမ်ဆန်ယန် တပ်စခန်းမှာ စစ်အင်အားတွေ မဟားဒယား ဖြည့်နေတယ် လို့ သိရတော့ အဘရဲ့ အကွက်တွေကို ခန့်မှန်းလို့တောင် မရတော့ဘူး။ ကချင်ပြည်နယ်ကို စစ်ကိုင်းတိုင်းလိုဖြစ်အောင် အပြောင်ရှင်းပစ်မယ် ဆိုတာကလာသေး။ ဒီကောင်တွေ ရူးနေပြီပဲ။ ကစထမှူးတွေကိုယ်တိုင် မြင်းဆေးအကျွေးခံနေရပြီလား မသိ။ အောက်ကကောင်တွေက ဆေးပြန်ထိုးတာလည်း ဖြစ်နိုင်တာပဲ။ ဦးစောမောင်ကြီးတုန်းကလိုပေါ့။ ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ်လေ။ ကိုယ့်ဘက်ကတော့ အသင့်ပြင်ထားပြီးသားပါ။

ဒီလိုနဲ့ပဲ စန္ဒမုခိကြီးကို နို့ဖြတ်ရမယ့်နေ့ ရောက်လာတယ်။ စိတ်ဆိုးဆိုးနဲ့ ဆူဆူပြောပြော လုပ်လည်းပဲ ခွဲစရာရှိတော့ မရရအောင် ခွဲပေးရတာပါပဲ။ ခက်လိုက်တာ ပြောမနေနဲ့။ အပေါ်ကိုလည်းကပ်၊ အောက်ကိုလည်းကပ်၊ ချိုင်းထဲမှာလည်း အပြည့်။ လက်အံသေလို့ နားနားပြီး ခွဲယူရတယ်။ မေ့ဆေးပေးတုန်းကလည်း air leak ရှိနေပြီး အဆင်မပြေလို့ တော်တော်ကြာကြာ လုပ်ယူထားရတာ။ အပြီးသတ်မှာ အေးအေးဆေးဆေး ကောင်းကောင်းမွန်မွန်ပေမယ့် ဒီကြားထဲမှာ အသည်းအသန် ရုန်းကန်ရတာပဲ။ ဒါကြီးခွဲရင် ဒီလိုဖြစ်မယ် ဆိုတာ သိတယ်။ သိပေမယ့် ဇွတ်တိုးရတယ်။ လူနာက စောစောမှ လာမပြတာ။ မနှစ်တုန်းက သူ့အမေကို တစ်ခါလာပြသေးတယ်တဲ့။ အဲ့တုန်းကတည်းက အကျိတ်ပေါ်နေပေမယ့် ဆရာ့ကို အားနာလို့ မပြဖြစ်တာတဲ့။ ငါ သေချင်တယ်။

သူ့ကိုခွဲပြီးတဲ့အခါ နောက်ထပ် ၃ ရက်စာ ခွဲစရာ လူနာကျန်သေးတယ်။ ကုန်သွားတဲ့ အောက်ဆီဂျင်အိုးတွေ ပြန်ဖြည့်ရပြီ။ ဘယ်နှစ်ရက်ခံမလဲ စောင့်ကြည့်ဦးမယ် ဆိုတဲ့ ဒရစ်ဖာတွေတောင် ကုန်တဲ့ဟာ ကုန်ခါနီးနေပြီ။ နောက်တစ်ပါတ်လောက်ဆို ပြတ်မှာ။ လမ်းတွေ အရမ်းပျက်နေလို့ ကား၊ ဆိုင်ကယ် ပေးမဝင်တော့ပဲ ၅ ရက်လောက် ပိတ်ထားဦးမယ်တဲ့။ ဘယ့်နှယ်လုပ်မလဲ။ ရှိတာလေးနဲ့ အသက်ဆက်ကြ။ ဘာပစ္စည်းဖြစ်ဖြစ် ဒီတစ်ပါတ်အတွင်း ရောက်စရာ မရှိတော့ဘူး။ ဒါမျိုးက ကိုယ် တစ်ယောက်တည်း ကြုံရတဲ့ ပြဿနာ မဟုတ်ပါဘူး။ ကချင်ပြည်နယ်ထဲက တခြား ဆေးရုံဆေးခန်းတွေ၊ နယ်လှည့်ဆေးကုသရေးအဖွဲ့တွေလည်း ထပ်တူထပ်မျှ ကြုံနေကြရတယ် ဆိုတော့ “တော်ပါသေးရဲ့။” လို့ပဲ အားတက်သွားရမှာလိုလို။ “ငါ တစ်ယောက်တည်း မဟုတ်ပဲကိုး။” လို့ ဝမ်းသာအားရဖြစ်ရတော့မလိုလို။ နိုင်ငံတကာက ဆေးဝါး ပစ္စည်းကိရိယာ၊ နည်းပညာ အကူအညီတွေ ဆိုတာက ထိုင်းနယ်စပ်ကို ရောက်ဖို့ဝင်ဖို့ လွယ်ပေမယ့် တရုတ်နယ်စပ်၊ အိန္ဒိယနယ်စပ်ကနေ မြောက်ပိုင်းအဖွဲ့တွေဆီကို ရောက်လာနိုင်ရင် သိပ်ကောင်းမှာပဲ လို့ အောင့်မေ့မိပါတယ်။ နမ်ဆန်ယန်က တပ်တွေသာ တကယ်ကြီး လိုင်ဆာကို ဝင်တွယ်မယ်ဆိုရင်တော့ မြစ်ကြီးနားလေဆိပ်ကြီးလည်း သေချာပေါက် ရန်ရှာခံရဖို့ များတယ်နော်။ နှစ်ပေါက်နေတဲ့ တော်လှန်ရေးကြီးတောင် နေ့ချင်းညချင်း အဖြေထွက်သွားနိုင်တာပဲ။ ကိုယ်တို့အတွက်တော့ ပူစရာ မရှိပါဘူး။ ဘယ်လောက်ဆိုးတဲ့ အခြေအနေမျိုးပဲဖြစ်ဖြစ် ပိုကောင်းဖို့ဖြစ်လာတာချည့်ပဲ လို့ သဘောထားပါတယ်။ ကိုယ်တို့ဘက်မှာ ပို၍ကောင်းသော အကြံဉာဏ်များ၊ အစီအစဉ်များ နဲ့ ဗျူဟာများ ရှိပါသေးတယ်။ အဲ့ဒီအခါကျတော့ လက်တွေ့သိရမှာပေါ့။

လောလောဆယ်တော့ ဘာမှ မပြောလိုသေးဘူး။ လူနာရောက်လာပြီ။ ခွဲခန်းဝင်ရဦးမယ်။ မိုင်းထိလို့တဲ့။ ဆင်သမားလေးတွေလေ။ တပ်ထဲကို ဆင်အငှါးလိုက်ရင်း မပေါက်လို့ အ နေတဲ့ မိုင်းတစ်လုံး ယူလာသတဲ့။ လယ်တောထဲ ရောက်တော့မှ လက်ထဲကိုင်ထားရင်း “ဘက်ထရီအားကုန်နေလား မသိဘူး။ ဓါတ်ခဲလဲကြည့်ရအောင်။” ဆိုပြီး လဲကြည့်သတဲ့။ အေး ညီလေး မင်း မှန်တယ်ကွာ။ အုန်းကနဲပဲ။ လက်ဖဝါးလေးကို တွဲလဲလေးပဲ ကျန်တော့တယ်။ ဘယ်တတ်နိုင်မလဲ။ ရသ၍တော့ လိုက်ဆယ်ကြည့်တာပေါ့။ လက်ညှိုး လက်ခလယ် နှစ်ချောင်းကတော့ လက်ဖဝါးအလယ်ကနေပြတ်သွားတယ်။ လက်မက ငုတ်တိုတခြမ်းကျန်လို့ ဖြတ်မပစ်ပဲ ရအောင် ချန်ထားရတယ်။ သူရှိမှ hand grip ရမှာမို့လို့ပါ။ တော်ပါသေးရဲ့။ နန်နန်ဂျားက ပို့လိုက်တဲ့ ချုပ်ကြိုးမျှင်မျှင်လေးတွေ အများကြီး ရှိနေလို့ စပိုင်ဒါမန်း အင်္ကျီအပြဲချုပ်သလို စိတ်စိတ်ကလေး သီချုပ်ပေးလိုက်တယ်။ ငါလေးလည်း Spider-Man လို ကြည့်ရင်းကြည့်ရင်း အနာတွေကျက်သွားတဲ့ စူပါပါဝါရရင် ဘယ်လောက်ကောင်းမလဲနော်။

“မတည်မငြိမ်

ပင့်ကူအိမ်ကြား လှုပ်ရှား။

ဟိုဟိုဒီဒီ

မြားနတ်ပြောင် သူ့စိတ်ကစား။

ရွှေရင်အုံညှာ ခိုက်နေအောင်

စိုက်လေသလား။

အသည်းထဲကြားထိ နစ်သမောင်

စွဲမြဲထားသည့် ချစ်တန်ဆောင်။”