ချန်ဂင်တို့စခန်း (၁၈၆)

စာတွေကလည်း ရေးနိုင်လိုက်တာနော်။ ရေးစရာတွေကလည်း ကုန်ကို မကုန်နိုင်ဘူး။ တောထဲမှာနေရတာ တော်တော်ကို အားအားယားယား သာသာယာယာ ရှိလို့သာ စာကလေးရေးလိုက် ဓါတ်ပုံလေးတင်လိုက်နဲ့ အပူအပင်မရှိ အေးအေးလူလူ ဖြတ်သန်းနေနိုင်တာလို့ ထင်နေရင် မှားပါလိမ့်မယ်။ ဒီက ဘဝတွေဟာ နေ့စဉ်နေ့တိုင်း တနေ့တမျိုး မရိုးရလေအောင် စိန်ခေါ်မှုတွေ အခက်အခဲတွေကို ပင်ပင်ပန်းပန်း ရင်ဆိုင်ဖြတ်သန်းရတာပါ။ မိုးရွာတာချင်းတူရင်တောင် တောနဲ့မြို့မှာ ကြုံရတာချင်း မတူဘူး။ ဒီညတော့ အေးအေးချမ်းချမ်း အိပ်ရပြီကွာ ဆို စောင်ခြုံထဲ ကွေးလို့ မရဘူး။ မိုးယိုတဲ့နေရာတွေအောက်က ရေစိုရင် ပျက်စီးတတ်သောပစ္စည်းများကို ရွှေ့ရဖယ်ရတယ်။ မိုးက ရက်ဆက်လာရင် ဆေးရုံရှေ့က မြေနီလမ်းကလေးက မခြောက်တော့ဘူး။ ရွှံ့တွေနဲ့နူးပြီး ဆိုင်ကယ်တဖြတ်စာတောင် မနည်းဖြတ်ရတယ်။ ခြေထောက်နစ်သွားရင် ဖိနပ်တောင် ကျွတ်ကျန်ခဲ့တာ။ ဆွဲနှုတ်လို့မရ။ အသွားအပြန် ဗွက်နစ်လိုက် ခြေဆေးလိုက်လုပ်ရင်း ခြေထောက်တွေလည်း သဲဝဲစားရော။

ရွာလမ်းက အဲ့သလိုဆို တောထဲကလမ်းတော့ မစဉ်းစားပါနဲ့။ ဆိုင်ကယ်တွေတောင် မီးခိုးထွက်ပြီး ပျက်ကုန်တာ။ ကားတွေ လာလို့မရ။ အဲ့ဒါကြောင့် ဈေးဆိုင်ကယ်တွေ မဝင်တော့ဘူး။ ရှိတာနဲ့ ချက်စားကြ။ ဝင်ရင်လည်း ဆိုင်ကယ်ကယ်ရီခက တစ်စီးကို ရှစ်သောင်း တစ်သိန်း ပေးရပါတယ်။ အဲ့ဒါ အသွားအပြန် မဟုတ်ဘူး။ တစ်ခေါက်တစ်ကြောင်းဈေး။ မိုးတိတ်လို့ လမ်းခြောက်သွားရင် ဆိုင်ကယ်တွေ ပလူပျံသလို ထွက်လာပြီး မိုးရွာနေရင်တော့ သူတို့လည်း နားတယ်။ မနားတာက ကိုယ်တွေပဲ မနားရတာ။

ဒီလို လမ်းပန်းအခက်အခဲကို မနှစ်ကတည်းက ကြုံဖူးလို့ ကိုယ့်မှာ မိုးတွင်းစာတွေ စုလိုက်ရတာ။ သင်္ကြန်ပြီးကတည်းက တစ်ရက်မှ မပြတ်ဘူး။ နေ့တိုင်းလိုလို ထွက်ထွက်သယ်ထားရတာ။ ဆေးရုံပေါ် ထားစရာနေရာ မကျန်အောင်ကို စုဆောင်းသိုမှီးထားပါတယ်။ နည်းတော့ မနည်းပါဘူး။ သို့သော် အခု မိုးက မကုန်သေးဘူး။ အဲ့ဒါတွေက ကုန်တော့မယ်။ မယုံနိုင်လောက်အောင်ပါပဲကွယ်။ ကုန်တော့မယ်ပြောတိုင်း “ရှိပါသေးတယ်ဟ။” ဆို မယုံလို့ ဝင်ဝင် ရှာရတာ အမော။ လူနာရှိပြီး ဆေးမရှိရင် စိတ်က ပိုမောရတယ်။ မမှာမရှိ မဝယ်မရှိပါဘူး။ မှာထားပြီးသား၊ ဝယ်ထားပြီးသား။ လာနေပြီ။ လမ်းမှာ။ မရောက်သေးတာ။ အဲ့ဒါနဲ့တင် စိတ်ကအတော်ညစ်ရတာပါ။ အင်တာနက်လိုင်းကလည်း လုံးဝ သုံးလို့မရ။ ပို့ထားတဲ့စာတွေက မထွက်။ ဟိုဘက်က စာပြန်ထားတာတွေလည်း မဝင်။ ခါတိုင်းလို ကုက္ကိုပင်ရိပ် ပြေးပြေးပြီး လူနာပြလို့တောင် မရတော့ဘူး။ မနက်စောစော ၅ နာရီလောက်ဆို လိုင်းကလေးက ဖလွတ်ဆို တက်လာတယ်။ ရေးထားပြီးသား စာရှိရင် အဲ့ချိန် မြန်မြန်တင်။ တက်မယ် မတက်မယ်တော့ မသေချာဘူး။ မတက် နောက်တခါ လိုင်းပြန်တက်လာမှတင်။

ဆေးထက်ပို စိတ်မောရတာက အောက်ဆီဂျင်ပါ။ ကိုယ်တို့လို တောဆေးရုံမှာ အောက်ဆီဂျင်ဆလင်ဒါ ၁၅ လုံး ၁၆ လုံး ရှိတယ်။ အဲ့ဒါ နည်းတယ် မှတ်သလား။ မနည်းသာ မနည်းတာ။ အခု မလောက်ဘူးနော်။ cerebral malaria နဲ့ ကလေးက ၅ ရက်ရှူသွားတာ ၈ လုံးကုန်တယ်။ အခု hepatic encephalopathy နဲ့ လူနာက အောက်ဆီဂျင် ပြတ်လို့ မရပြန်ဘူး။ အိုးအလွတ်တွေ သွားဖြည့်နေတာ ၁၃ လုံး ရှိတယ်။ ပြန်မလာသေးဘူး။ ဆေးရုံမှာ ရှိတဲ့လက်ကျန်ကလေးကို oxygen concentrator နဲ့ မျှပြီး ရှူခိုင်းထားရတယ်။ အဲ့ဒါကြီးက တနေ့လုံးလည်း ပေးမထားနိုင်။ မီးစက်နှိုးတဲ့အချိန်ပဲ ရတာလေ။ ခွဲခန်းထဲက အောက်ဆီဂျင်အိုးတွေကို အရေးပေါ် မေ့ဆေးပေးဖို့ ချန်ထားရတဲ့အခါ elective operation တွေကို အောက်ဆီဂျင်လာမှ ခွဲမယ်ဆို စောင့်ခိုင်းထားရတယ်။ လောလောဆယ်တော့ spinal နဲ့ပဲ ရမယ်။ ဒီလိုနေရာမျိုးမှာ အရံသင့် အခမဲ့ ဆေးကုနိုင်အောင် စီမံပေးရတာ အပူအပင်ကင်းနိုင်ပါ့မလားဗျာ။ ဒီကြားထဲ တချို့လူနာတွေက ညကြီးအချိန်မတော် ဖုန်းဆက်ပြီး သူ အရမ်းနေမကောင်းဖြစ်နေလို့ အိမ်ကိုလာကြည့်ပေးနိုင်မလား “home visit” ပင့်တာလည်း ခံရသေးတယ်။ လူကို ဘာအောင့်မေ့နေလဲမသိ။ ငါ အရမ်းစိတ်ရှည်နေတယ်နော်။

ငှက်ဖျားဆေးတွေ ကုန်သွားပေမယ့် ငှက်ဖျားလူနာတွေက ခုထက်ထိ မပြီးသေးဘူး။ မှာထားသမျှတွေကလည်း မကြာမီ လာမည်။ မျှော်။ ခုနေ ကိုယ်တိုင် ငှက်ဖျားဖြစ်ရင်တောင် ကုစရာဆေးချန်မထားဘူး။ လောလောဆယ် chloroquine + primaquine ပဲ ပေးစရာ ရှိတယ်။ Pf တွေ့တဲ့သူတွေအတွက်တော့ artemether inj တွေ ချန်ထားရတယ်။ ဆေးဒဏ်တော့ ခံရမှာပေါ့။ မတတ်နိုင်ဘူး။ ကိုယ်တို့ဆီရောက်နေတဲ့ ဆေးကျောင်းသားလေးကတော့ Primaquine သောက်ပါဆိုတာ မသောက်လို့ နောက်တစ်ခါ ပြန်ဖြစ်ပြီ။ အစက ပြန်သောက်ရတော့မယ်။ drip ဖာတွေ ရောက်လာလို့ ခဏတော့ စိတ်အေးသွားရပြီ။ အလုံး ၅၀၀ မှာထားတာ ဘယ်လောက်ကြာကြာခံမလဲ ကြည့်ရသေးတာပေါ့။ ဒီ့ထက်များများသယ်ချင်လည်း ကားအစီးလိုက် တိုက်မှ ရတော့မယ်။

ဒီအချိန်ကတော့ မိုးကြီးရင် မြေပြိုပြီး လမ်းတွေပိတ်၊ သွားမရ လာမရဖြစ်၊ ကုန်ဈေးနှုန်းတွေတက်တာ သိပ်မထူးဆန်းပါဘူး။ ပူတာအို နောင်မွန်းလမ်းလည်း မြေပြိုလို့ ပျက်သွားပြီ။ ချီဗွေ ဆော့လော်ဘက်၊ ဖားကန့် ဆိုင်းတောင်ဘက်မှာ လည်း မြေတွေ ပြိုနေပြီ။ ဒါကြောင့်လည်း ဒီနေရာတွေကို ခက်ခဲဒေသ လို့ ခေါ်တာပေါ့။ ဒီလိုအရပ်ဒေသမှာလာပြီး ဒီလောက် အားကြိုးမာန်တက် ဆေးကုပေးနေရတာ စိတ်ထဲမှာ ကျေနပ်ရတဲ့ ပီတိသုခတော့ ခံစားရတယ် လို့ ပြောရင် ယုံချင်မှ ယုံမှာ။ ဒီအလုပ်မျိုး ကိုယ်တိုင်မလုပ်ဖူးတဲ့သူတွေကတော့ ဘယ်ခံစားဖူးမလဲ။ ကိုယ်လိုချင်တာကို မရရအောင်ယူထားရတဲ့ စိတ်ကျေနပ်မှုနဲ့ တခြားသူ လိုအပ်တာကို မဖြစ်ဖြစ်အောင် ဖြည့်ဆည်းပေးလိုက်တဲ့ စိတ်ကျေနပ်မှုက တူမှမတူပဲနဲ့။

မျှော်နေတဲ့ အောက်ဆီဂျင်အိုးတွေ ရောက်မလာခင်မှာပဲ နောက်ထပ်ရှူမယ့် လူနာတစ်ယောက် ဆေးရုံကို ရောက်လာပါတယ်။ ၄ လသား ကလေးလေး။ မွေးတုန်းကလည်း ပေါင်မပြည့်လောက်ဘူး။ လက်ရှိအချိန်မှာလည်း အာဟာရ မပြည့်ဝဘူး။ အသက်ရှူတာလည်း ဖုတ်လှိုက်ဖုတ်လှိုက်နဲ့။ မျှောထဲကလာတာ။ cannula ရအောင်စိုက်၊ ဆေးတွေထိုးပြီး အောက်ဆီဂျင်လေးပေးထားရတယ်။ အသည်းမကောင်းတဲ့ အရက်သမားလူနာ အောက်ဆီဂျင်လွတ်တာနဲ့ သူ့ကိုတန်းပေးရတာပဲ။ ဒီလိုနဲ့ပဲ ကိုယ်တို့ဆေးရုံမှာ နေ့ရောညရော မပြတ်ရှူနေကြတာ ကိုဗစ်စင်တာကြီးကျနေတာပဲ။ ကုန်သွားတဲ့အိုးတွေသွားဖြည့်နေတာက လေးရက်ရှိပြီ။ ပြန်မလာသေးဘူး။ ဆေးရုံမှာ ကျန်သမျှအိုးကလည်း ခွဲခန်းထဲကဟာပါ ထုတ်ရှူနေရပြီ။ ၂၄ နာရီ မီးစက်နှိုးပြီး အောက်ဆီဂျင် ပေးရှူနိုင်တဲ့ အခြေအနေလည်း မရှိ။ စိတ်တွေလည်း ညစ်ရပါတယ်။ နောက်ဆုံးတော့ နန့်မွန်းဆေးရုံကို ရောက်အောင်သွားပါ လို့ပဲ လွှတ်လိုက်နိုင်တယ်။ သဗ္ဗေသတ္တာ ကမ္မသကာ။ ဒီလထဲ အောက်ဆီဂျင်အိုး အလုံး ၂၀ ကုန်တယ်။ တစ်ယောက်ပဲ ပြန်ကောင်းလာတယ်။ အဲ့တစ်ယောက်ကလည်း ဆေးရုံကဆင်းရင် ပြန်သောက်ပြီး ပြန်ရောက်လာဦးမှာ။ သေမှပြတ်မယ့်အရက်။ စီးပွါးတွက်တွက်ရင် တော်တော် မတန်တာပဲ။ အမလေး မူးလက်ထှာ။ ငါ့လည်း အောက်ဆီဂျင်လေး ဘာလေး ပေးရှူကြပါဦး။

အခက်အခဲတွေက အများကြီးပါပဲ။ တနေ့တမျိုး ရင်ဆိုင်ရတဲ့ ပြဿနာတွေဆိုတာကလည်း ရိုးကိုမရိုးနိုင်။ ဝေးနေ နီးနေ နှစ်ထွေများစွာ မိတ်သဟာတို့ ဝိုင်းဝန်းကူညီပံ့ပိုးကြလို့သာ သည်ကနေ့ထိ ရပ်တည်ရုန်းကန် ရှင်သန်ခွင့်ကို ရခဲ့တာ။ တခါတလေတော့လည်း မောတာပေါ့လေ။ ဟိုကလေးလေးကို ခွဲနေတုန်းကလိုပဲ “ဟိုက်” ဆို ထိတ်ကနဲလန့်ကနဲ ဖြစ်သွားရတဲ့ အခိုက်အတန့်တွေလည်း မနည်းဘူး။ လုပ်လက်စအလုပ်ကို ခနလေးရပ်၊ စိတ်ကို တည်ငြိမ်အောင်ထားပြီး ခေါင်းအေးအေးနဲ့ ဘာဆက်လုပ်မလဲ အဖြေရှာရပါတယ်။ ဒီအထိ ခရီးပေါက်အောင် ပြေးလာနိုင်တယ်ဆိုတာ လမ်းမှာ ဘယ်နေရာမှ ခလုပ်မထိ ဆူးမငြိခဲ့လို့ မဟုတ်ပါဘူး။ လဲကျတဲ့အခါတိုင်း ပြန်ထပြီး ခရီးဆက်နိုင်လို့ပါ။ ဘယ်လို အခက်အခဲမျိုးနဲ့ ကြုံကြုံ ဒီခရီးက အဆုံးထိလျှောက်ရမှာဖြစ်လို့ လက်မလျှော့စတမ်း ရင်ဆိုင်ကျော်ဖြတ်လာခဲ့ရတာပဲ။ bloody but unbowed head ဆိုတာ ဘယ်လိုခံစားချက်မျိုးလဲဆိုတာ သိသွားပြီ။ စစ်တပ်က အာဏာမသိမ်းခင်တုန်းက ကိုယ်ဘယ်လို ရှင်သန် နေထိုင် နေခဲ့သလဲဆိုတာတောင် ပြန်မတွေးချင်တော့ဘူး။ အဲ့ဒါ အရင်ဘဝက။ ဒါကြီးပြီးရင် ဘာဆက်လုပ်မှာလဲ။ အဲ့ဒါလည်း မစဉ်းစားဘူး။ နောက်ဘဝပဲဟာ။ အခုလက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေမှာ ဘာလုပ်မှာလဲ။ ဘယ်လိုလုပ်မလဲ။ ဒီတစ်ခုပဲ ခေါင်းထဲထားနိုင်တယ်။ ကိုယ်ဖြစ်ချင်တာဘာလဲ။ ကိုယ်သွားချင်တာ ဘယ်ဘက်လဲ။ လမ်းပျောက်သွားလို့ မဖြစ်ဘူး။

ချောင်းသာမှာ ရေစီးကြောင်းနဲ့ ပင်လယ်ဘက်မျောပါသွားတုန်းက အနေအထားမျိုး ပြန်ရောက်သွားသလို ခံစားရတယ်။ ကမ်းစပ်က ဘယ်ဘက်မှာလဲ။ အဲ့ဒီဘက်ကို ဦးတည်ပြီး ကူးနေတယ်။ လှိုင်းတွေလာတယ်။ တစ်လုံးပြီး တစ်လုံးပဲ။ မြုပ်သွားတယ် ရေအောက်ကို။ ခြေထောက်ထောက်လို့ မမီဘူး။ ကိုယ်ဖော့ပြီး ရေပေါ်ပြန်တက်နိုင်မှ အသက်ရှူလို့ရမယ်။ ပေါ်လာရင်ရှူ၊ မြုပ်သွားရင် အောင့်ထား။ ခြေရောလက်ပါ ကူးယက် နေနိုင်မှ အသက်ရှင်မယ်။ ရေထဲမြုပ်ရင် ဘယ်သူမှ ဆင်းမဆယ်နိုင်ဘူး။ ရေကူးကန်မှ မဟုတ်တာ။ ဘယ်လောက်ကြာကြာ ကူးခတ်နေရမလဲ ကိုယ်မသိပါဘူး။ ကိုယ်သိတာ ကူးနေမှ ရမယ်။ အခု မကူးနိုင်ရင် အခုသေသွားမယ်။ သေခြင်းတရားဆိုတာ ရေထဲမြုပ်လို့ ငါးမိနစ်စာ အကွာအဝေးမှာ ရှိတယ်။ အခုလည်း ကိုယ် အဲ့ဒီအတိုင်းပဲ သဘောထားပါတယ်။ ရပ်တံ့လို့ မဖြစ်ဘူး။ တွေဝေလို့ မဖြစ်ဘူး။ စိတ်ဓါတ်တွေ ယိမ်းယိုင်သွားလို့ မရဘူး။ သူ့အကြောင်းတွေ ကိုယ့်အကြောင်းတွေ နောက်မှပဲ စဉ်းစားရအောင်။ ရင်းထားရတဲ့ အသက်တွေ ဘဝတွေက နည်းမှမနည်းတာ။ အဲ့ဒီအထဲမှာ ကိုယ့်အသက် ကိုယ့်ဘဝလည်း ပါတယ်။ ပြန်ရချင်ရင် အဆုံးထိတိုက်။

အခု စာရေးနေတဲ့အချိန်မှာ ကိုယ်တို့တစ်ဖွဲ့လုံး လူစုံတက်စုံ ဆေးရုံမှာ ရောက်နေကြတယ်။ မွေးလူနာတစ်ယောက် စောင့်မွေးနေတာ။ ခနနေလောက်ဆို မွေးတော့မယ်။ ည ဆယ်နာရီထိုးတဲ့ထိမှ progress မရှိရင် ခွဲမွေးပေးမလို့ စောင့်နေကြတာ။ ညဉ့်နက်သန်းခေါင် ထမမွေးချင် စောစောစီးစီး ခွဲမွေးလို့ ရပေမယ့်လည်း အငယ်တွေရှေ့မှာ အဲ့သလိုမျိုး မဟုတ်မဟတ်တွေ လုပ်ပြရင် အတုခိုးမှားကုန်မှာစိုးလို့ ဆေးရုံမှာလုပ်တဲ့ protocol အတိုင်း အတိအကျ လိုက်နာပြရတယ်။ မမြင်ကွယ်ရာ ဘယ်သူမှ မသိနိုင်ပေမယ့်လည်း ကိုယ့်သဘောနဲ့ကိုယ် မလုပ်ပါဘူး။ စည်းနဲ့ကမ်းနဲ့ပဲ လုပ်ရမှာပေါ့။ အခုက ကိုယ်တိုင်လုပ်ဖို့ထက် သူတို့ကို သင်နေရတဲ့အချိန် မဟုတ်လား။ မဟုတ်တာတွေ သင်ပေးလို့ ဘယ်ဖြစ်မှာလဲ။ normal labor ကိုလည်း encourage လုပ်ရမယ်။ စောင့်ရမယ်။ ဘယ်အချိန်မှာ ကလေးမထွက်နိုင်ဘူးဆိုတာလည်း သိရမယ်။ ခွဲတတ်ရုံသင်ပေးလို့ မဖြစ်ဘူး။ ကြည့်တတ်မြင်တတ်ဖို့၊ decision မှန်ဖို့က အဓိက။ သူတို့ လုပ်နိုင်ကြပါတယ်။ လူနာ တစ်ယောက်စီ တစ်ယောက်စီတိုင်းဟာ ကိုယ်တို့ ရင်ဆိုင်ရတဲ့ တိုက်ပွဲပဲ။ သူတို့အားလုံး လူနာကို ဆေးကုတဲ့နေရာမှာ အသာစီးရဖို့ကတော့ ကိုယ်ရင်ဆိုင်ရတဲ့ တိုက်ပွဲ။ ဆေးရုံဆိုတာကတော့ ကိုယ်တို့ရဲ့ ရှေ့တန်းစစ်မျက်နှာပေါ့။ အခက်အခဲတွေကတော့ ရှိတာပဲလေ။ စိတ်မပျက် အားမလျော့ပဲ ကိုယ့်စစ်ပွဲကိုယ် နိုင်အောင်တိုက်ဖို့ ကြိုးစားကြရမယ် မဟုတ်လား။ အခုလို တောထဲတောင်ထဲမှာ ခက်ခက်ခဲခဲ လာနေတယ်ဆိုတာ ရွှေရှာဖို့ မဟုတ်။ ငွေရှာဖို့ မဟုတ်။ အမှန်တရား၊ သစ္စာတရားကို ရှာဖွေနေကြတာ လို့ပဲ သဘောထားလိုက်ပါ့မယ်။

“မတွေ့မနေ သည်မောင်ရှာ

ကြမ်းတမ်းတဲ့ တောတောင်ကန္တာ

ဖြတ်ကျော်ရင်း ဆူးငြောင့်တွေသာ

စူးရှ တကိုယ်လုံးပါ။

အံခဲကာ မာန်တင်းကာ

ရေမြေတောတောင်အရပ်ရပ်

ခြေရာချင်းထပ်စေကာ

သို့သော် အရိပ်အရောင်မျှ

မောင့်မှာ မမြင်ပါ

အားကုန်ခမ်းလို့သာ

မျက်စိထဲ မသဲမကွဲ ရီဝေစွာ

မေပျိုချောတစ်ယောက်ကို

ရုတ်တရက်မြင်မိတာ။

သူ့လက်ထဲမလည်း

စွဲမြဲပန်းသစ္စာ။

ပြုံးပြုံးကြီး နမ်းကာနမ်းကာ

ကိုယ့်ကိုပေးတော့မလိုနဲ့

လက်မလှမ်းမီ နင်းချေရက်ပြန်တာ

လုပ်ရက်ပေ့ အမ ရာ ကြေမွ

အမြဲတသ စွဲလန်းခဲ့တဲ့

တစ်ပွင့်တည်းသော ပန်းသစ္စာ

မြတ်နိုး ထိုးစိုက်

မောင့်အသည်း၌

ဆင်မြန်းဖို့ရွယ်ကာ။”