အိမ်ဘေးမှာ မွေးထားတဲ့ ယုန်ကလေး ၆ ကောင်မှာ ဧည့်သည်ယုန်သူငယ်လေးက ယုန်ခြံထဲမှာ မပျော်ပိုက်ဘူး။ ခုန်ထွက်သွားတာ နှစ်ခါရှိပြီ။ အဝေးကြီးတော့ မသွား။ အိမ်ဘေးခြုံပုတ်တွေထဲတင်နေပြီး အထဲကအကောင်တွေကို ခြံပြင်က လာလာချောင်းတယ်။ အစာကျွေးရင် သူ့အတွက်ပါ အပြင်မှာ ချချကျွေးထားရတယ်။ လာစားတယ်။ သို့သော် လူလာရင် ခြုံထဲဝင်ပြေးတယ်။ ဟိုအကောင်တွေလို မတ်တတ်ရပ်ပြီး လူဆီမှာ အစာလာမတောင်းဘူး။ ခြင်းတောင်းလေးနဲ့ထောင်ဖမ်းပြီး ခြံထဲပြန်ထည့်လည်း နောက်နေ့ သူ့ဘာသူ ပြန်ထွက်သွားတာပဲ။ မနေ့ကတော့ သူအစားငမ်းနေတုန်း ရုတ်တရက်ဖမ်းထားလိုက်တော့ အော်လိုက်တာ ငယ်သံကိုပါရော။ ခြံထဲမှာလည်း ငြိမ်ငြိမ်မနေ။ ပတ်ပြေးနေတယ်။ ပြီး မျက်စိရှေ့တင် သူ့ဘာသာ ခုန်ထွက်သွားပြန်ရော။ ကိုင်း ရှိပစေတော့။ သူ့ဘာသာ လွတ်လွတ်လပ် နေပါစေ။ အစာတော့ လာစားနေသားပဲဟာ။
ဒီမှာ တနေ့တနေ့ ယုန်စာချည့်ပဲ လေးငါးထောင် ကုန်တယ်။ အများဆုံးစားတာ ကန်စွန်းရွက်ပဲ။ မြင်းခွါရွက်၊ ဂေါ်ရခါးညွန့်၊ မုန်ညင်း၊ ကိုက်လန်။ စိမ်းစိမ်းမှန်သမျှ အကုန်စားတယ်။ မုန်လာဥနီမြင်ရင်တော့ စားလက်စအရွက် အကုန်ချထားပြီး ဝိုင်းခဲကြရော။ ပြောင်းဖူး၊ သခွါးသီး၊ ခရမ်းသီးလည်း ကြိုက်တယ်။ ဝါဝါထဲကဆို သရက်သီးမှည့်၊ ငှက်ပျောသီးမှည့်လည်း သူတို့ ကြိုက်တာပဲ။ အစားကောင်းတွေ အစုံစားရလို့ ကျန်တဲ့ငါးကောင်ကတော့ လူမြင်ရင် ခုန်ပေါက်ပြီး ပြေးလာတာ။ ထွက်ပြေးမှာ မဟုတ်ဘူး။ ကလေးတွေ အကောင်ပေါက်ပြီးရင်တော့ ယုန်ပျိုတွေ အပြင်ထွက်ချင် ထွက်လို့ရအောင် ခြံစည်းရိုးဖြုတ်ပြီး အစာပဲခေါ်ခေါ် ကျွေးမယ် စဉ်းစားတယ်။ သူတို့ကို ပိတ်လှောင်ထားသလို ဖြစ်မှာစိုးလို့။ သဘာဝအတိုင်း လွတ်လွတ်လပ်လပ် နေကြပါစေ။
တိရိစ္ဆာန်လေးတွေမှ မဟုတ်ပါဘူး။ လူတွေကိုလည်း အချုပ်အနှောင် အဖမ်းအဆီး မရှိ။ ကိုယ့်စိတ်သဘောနဲ့ကိုယ် လွတ်လပ်စေချင်တယ်။ လွတ်မြောက်စေချင်တယ်။ နက်ဖြန် သဘက်ခါဆို ကိုယ်တို့မေမေရဲ့ မွေးနေ့လေ။ သူ့ခမျာ ဘာအပြစ်မှ မရှိပဲနဲ့ စစ်ခွေးယုတ်မာကြီးတွေက ပိတ်လှောင်ဖမ်းဆီးထားတာ ဘယ်လောက်တောင်ကြာပြီလဲ။ ဘယ်နှစ်ခါ ရှိပြီလဲ။ အထဲကပြန်မထွက်လာရသေးတဲ့သူတွေ အများကြီး ရှိတယ်။ ဆရာမော်ဦးတို့၊ ကိုမင်းအိုတို့၊ သမ္မတကြီးဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာအောင်မိုးညို။ အကုန်လုံးဟာ အရည်အချင်းရှိတဲ့၊ တိုင်းပြည်အတွက် အများကြီး စွမ်းဆောင်နိုင်တဲ့ သူတွေချည့်ပဲ။ အလကားသက်သက် ဖမ်းဆီးချုပ်နှောင်ခံရပြီး မရှိသင့်မရှိထိုက်တဲ့နေရာမှာ အချိန်တွေ အလဟဿ ကုန်ဆုံးရတယ်။ လွတ်သင့်ပြီကွယ်။ လွတ်အောင် ကြိုးစားကြပါစို့။
လောကကြီးမှာ ဖြစ်သင့်တာတွေ မဖြစ်ပဲ မဖြစ်သင့်မဖြစ်ထိုက်တာတွေ အတင်းအဓမ္မဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ။ ကိုယ်ကိုယ်တိုင်တောင် ထောင်ထဲရောက်မနေလို့သာ အခုလုပ်နေတဲ့အလုပ်တွေ လုပ်နေနိုင်တာ မဟုတ်လား။ အခုလို မတော်မတည့် မတရားတာတွေအားလုံး တော်တည့်တရားသွားဖို့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးစားနေပါတယ်။ လျှောက်လာခဲ့တာ ခရီးတောင် ဆုံးလုမှပဲဟာ။ အကုန်လုံးကို သူ့နေရာသူ ပြန်ရောက်အောင် ထားပစ်မယ်။ အခု ငါတို့အလှည့်ရောက်နေပြီလေ။
ပေဖြစ်တုန်းက ခံခဲ့ပြီ။ အခု တူဖြစ်ကာမှ နှံပလိုက်ဦးမယ် ဆိုတဲ့ စိတ်တော့ မထားပါဘူး။ အထူးသဖြင့် ဘဘကြီး မင်းအောင်လှိုင်တို့၊ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတွေကို စိတ်လိုက်မာန်ပါ သတ်တာဖြတ်တာမျိုးတွေ မလုပ်စေချင်ဘူး။ တရားဥပဒေနဲ့ စီရင်မယ် ဆိုရင်တောင် သူတို့မှာ ခုခံလျှောက်လဲခွင့် ပေးသင့်ပါတယ်။ စွပ်စွဲထားတဲ့ ပြစ်မှုတွေကို အမှန်တကယ် ကျူးလွန်သူလား၊ တာဝန်ရှိသူလား သိရအောင် စုံစမ်းစစ်ဆေး မေးမြန်းဖို့ လိုဦးမှာလေ။ ကိုင်း အဲ့ဒီတော့ အဲ့ဒီအဖိုးကြီးတွေကို စစ်ကြောရေးကို အရင်ပို့သင့်တယ် မဟုတ်ဘူးလားလို့။
ဒီလူကြီးတွေ စစ်ကြောရေးခေါ်သွားရင် သူတို့တပည့်တပန်းတွေရှိတဲ့ ရေကြည်အိုင်တို့၊ မန်းလေးနန်းတွင်းထဲတို့ ခေါ်သွားလို့ မသင့်ဘူး ထင်တယ်နော်။ မတော် သူတို့ကို အချင်းချင်း အပျောက်ရှင်း နှုတ်ပိတ်ချင်တဲ့သူတွေနဲ့ဆို မလုံခြုံပါဘူး။ ကိုယ်ဖမ်းထားတဲ့ အပြစ်သားဆိုရင်တောင် သူ့လုံခြုံရေးက ကိုယ့်မှာ တာဝန်ရှိတာ။ သေချာလုပ်။ မပေါ့ဆနဲ့။ လက်နောက်ပြန်ကြိုးတုပ်။ ခေါင်းကို အဝတ်နက်ဆောင်း။ ငုံ့လိုက်ဦး၊ တက်လိုက်ဦး၊ ဆင်းလိုက်ဦး။ standard procedure အတိုင်း သွားရမယ် မဟုတ်လား။ မမြင်မစမ်းနဲ့ လဲပြုသွားဦးမယ်။ ခြေလှမ်းဟန်ချက်ညီအောင် ဆောင့်ဆောင့်သာ ကန်လာခဲ့။
ဒါထက် နေစမ်းပါဦး။ ဒီလူတွေကို စစ်ကြောရေးလုပ်ရအောင် ကိုယ်တို့ဘက်မှာ ဘယ်သူက စစ်ကြောရေးသင်တန်းတက်ထားတာမို့လို့လဲ။ ဝါးနုက ဝါးရင့်ကို ပတ်လို့ရမလား။ နောက်ပြီး မမြင်ကွယ်ရာမှာ တိတ်တဆိတ် စစ်မေးနေရင် မတရားအနိုင်ကျင့်သလို ဖြစ်နေပါဦးမယ်။ အဲ့ဒီတော့ ပွင့်လင်းမြင်သာမှုရှိအောင် live လွှင့်ပြီး စစ်မယ်လေ။ မကောင်းဘူးလား။ ကိုယ်တို့ထဲမှာ စစ်ကြောရေးအဝင်ခံရတဲ့ ပြည်သူတွေ မရေမတွက်နိုင်အောင် ရှိတာပဲဟာ။ အဲ့ဒီလူတွေကို စအဖ က ဘယ်လို စစ်ကြောရေးဝင်သလဲ။ အဲ့အတိုင်း ပြန်စစ်ပေးမယ်လေ။ မန့်ဘောက် ပိတ်မထားဘူး။ ကိုယ်တိုင်လာပြောပြ။ အမည်မဖော်လိုရင် chat box ကို ကြွ။ သူတို့စစ်တဲ့နည်းအတိုင်း တသွေမတိမ်း သူတို့ကို ပြန်စစ်ပေးမယ်။ ဟုတ်ပြီလား။ fair & square ပဲ။ မလောပါနဲ့။ အေးဆေးစစ်ပါ။ ဇာဂနာစာအုပ် တစ်အုပ်ကုန်အောင်တောင် မနည်းစစ်ယူရမှာ။
လူကြီးတွေကို စစ်ကြောရေး ဝင်နေသခိုက် သူတို့အိမ်က မိသားစုတွေလည်း စိတ်ပူရှာမှာပဲ။ ကိုယ်ချင်းစာပါတယ်။ အသိအကျွမ်း လက်လှမ်းမီတဲ့သူများ ရှိရင် အိမ်ကိုသွားပြီး အားပေးကြပါဦး။ ပြီးရင် အစားအသောက်၊ အဝတ်အထည်၊ ပိုက်ဆံငွေကြေး၊ အထဲထိရောက်အောင် ပို့ပေးနိုင်တဲ့ အဆက်အသွယ် ရှိကြောင်းပြောပြီး ထောင်ဝင်စာလေးတွေ ယူသာယူလာပေးခဲ့ကြနော်။ “ဆြာစိုး နဲ့ သိတယ်။ ဆြာစိုးဆီက ပို့ပေးမယ်။ စိတ်ချ။” လို့ ပြောပြီးယူခဲ့။ ဒါမှ သူတို့လည်း စိတ်သက်သာရာ ရလိမ့်မယ်။ ကိုယ်ချင်းစာပါတယ်။ ပြီးရင် အိုက်ပစ္စည်းတွေ ကိုယ့်ဘာသာ သုံးရင်သုံး၊ မသုံးရင် လွှင့်ပစ်ခဲ့။ အိုင့်ဆီ ယူမလာခဲ့နဲ့တော့။ အိုင်က သူတို့တွေ သောကမီးငြိမ်းအောင် မေတ္တာနဲ့ ဝန်ဆောင်မှုပေးတာ။ ကိုယ့်တုန်းကလည်း ဒီလိုပဲ ဖြေသိမ့်ခဲ့ရတာလေ။ စာနာတတ်သူမို့။
တကယ်တော့ စစ်ကြောရေးရဲ့ သဘောတရားဆိုတာ သူတို့မသိတဲ့ အချက်အလက်တွေကို အစစ်ခံတဲ့သူ ပါးစပ်က ထုတ်ပြောလာအောင် စစ်ဆေးမေးမြန်းတဲ့အလုပ် လို့ ထင်ရင် မှားလိမ့်မယ်။ ထောက်လှမ်းရေးဆိုတာ စစ်စရာမေးစရာ မလိုပဲ သူတို့ဟာသူတို့ ထောက်လှမ်းထားပြီးသား။ မသိတာ ဘာတစ်ခုမှ မရှိဘူး။ အကုန်သိတယ်။ သူတို့ရဲ့စစ်ချက်၊ ကိုယ့်ရဲ့ ထွက်ဆိုချက်တောင် အစအဆုံး အကုန်ရေးပြီးသား။ လက်မှတ်ကလေးပဲ ထိုးဖို့ကျန်လို့ ကိုယ့်ကိုလာဖမ်းခေါ်တာလေ။ ဝန်ခံလိုက်။ အခု လက်မှတ်ထိုးပြီး ဝန်ခံလိုက်။ ဒါဆို ထပ်စစ်စရာ မလိုတော့ဘူး။ အေးနော်။ ဝန်မခံမချင်းကတော့ ကြာချင်သလောက်ကြာ။ နောက်ဆုံးမှာ ဝန်ခံသွားတဲ့အထိ ဆက်စစ်နေမှာ။ သိလား။ ဘာမှ ရှည်ရှည်ဝေးဝေး ရှုပ်ရှုပ်ထွေးထွေး မရှိပါဘူး။ မင်းအောင်လှိုင် ဆိုတာ အမှတ်တကယ်ကို မယ်အိမ်လုံး အစစ်အမှန် ဖြစ်ပါတယ် လို့သာ ဝန်ခံလိုက်။ နောက်နေ့ သတင်းစာရှင်းလင်းပွဲမှာ “မင်းအောင်လှိုင်ဟာ မယ်အိမ်လုံးဖြစ်ကြောင်း မင်းအောင်လှိုင်ကိုယ်တိုင် ဝန်ခံပြောကြား။” ဆိုပြီး ရုပ်သံဖိုင်ကြီးနဲ့ တင်ဆက်ပေးမယ်။ ဒါဆိုပြီးပြီ။ စီရင်ချက် ချရုံပဲ ကျန်တော့တယ်။
စစ်ကြောရေး ပြီးရင်တော့ တရားစီရင်ရေးပဲ ကျန်တော့တာပေါ့ကွယ်။ ဝတ်လုံတော်ရမင်း၊ တရားသူကြီးမင်းတို့ရဲ့ အခန်းကဏ္ဍရောက်လာပြီ။ အင်းစိန်ထောင်ထဲက စောင့်ချင်သလား။ နေပြည်တော် အကျဉ်းထောင်က စောင့်ချင်သလား။ ထောင်ထဲတော့ အရင်ဝင်လိုက်ပါဦး အဘရေ။ ဒီအရသာတွေလည်း ခံစားသွားသင့်တာပေါ့။ ဟုတ်ဘူးလား။ ထောင်ဝင်စာလေးက မပေးတလှည့် ပေးတလှည့်။ ရုံးထုတ်ရက်ကလေးက မပါတလှည့် ပါတလှည့်။ လွတ်ငြိမ်းကလေးနဲ့ ထုတ်ပေးလိုက်၊ ထောင်ဗူးဝကနေ ပြန်ဖမ်းထည့်လိုက် ၂ ခါ ၃ ခါလောက် လုပ်ပေးလိုက်ရင် ပုံစံထိုင်ရတာ အပိုးကျိုးလာပါလိမ့်မယ်။ ဒီလိုအမှုမျိုးဆိုတာ ကြာတတ်တယ် အဘရဲ့။ အလောတကြီး စစ်လို့ မကောင်းဘူး။ အပြင်က စည်းစိမ်ကုန်လောက်မှ အပြီးသတ် စီရင်ချက်အကျနဲ့ အတော်လောက် ဖြစ်မှာ။ တနေရာတည်း ပျင်းရင် တိုက်ပိတ်ခံပြီး တရားထိုင်တဲ့အခါထိုင်၊ ရဲဘက်စခန်းမှာ ခြေကျင်းလေးနဲ့ စင်္ကြန်လျှောက်တန်လျှောက်ပေါ့။ အပြောင်းအလဲလေး။ အိမ်ကမြေးလေးတွေ လွမ်းရင် ထောင်ဝင်စာ လာတွေ့ပစေလေ။ အထဲကလူတွေနဲ့ ရင်းနှီးရတာပေါ့။ ဟုတ်ဘူးလား။ အတူတူနေရမှ ဖြစ်မယ် ဆိုရင်လည်း တစ်ထောင်တည်း ဟိုဘက်ဆောင် သည်ဘက်ဆောင် ထည့်ထားပေးလို့ ရသားပဲ။ လိုချင်တာပြော။ အားမနာနဲ့။
အကုန်လုံး အထဲရောက်နေလို့ အပြင်က ပိုင်ဆိုင်မှုတွေ သူများဝင်ယူကုန်မှာလည်း စိတ်မပူပါနဲ့။ အကုန်လုံး ချိတ်ပိတ်ပြီး နိုင်ငံပိုင်အဖြစ်နဲ့ သိမ်းဆည်းပေးပါ့မယ်။ အရာကျ နိမ့်ပါးသွားပြီဆိုပြီး ဆွေတွေမျိုးတွေက စွန့်ခွါစိမ်းကားသွားမှာကိုလည်း မစိုးရိမ်နဲ့။ အကုန်လုံးကို Black list ထုတ်ပြီး နိုင်ငံခြားထွက်လို့မရအောင် တားထားပေးမှာပေါ့။ သားသမီးတွေ ခရီးမထွက်နိုင်အောင် မှတ်ပုံတင်ပါ သိမ်းထားပေးမယ်နော်။ ဟုတ်ပြီလား။ ကြည်လင်းတောင် ထောင်ထဲကထိန်ခင်းနိုင်ပါတယ်။ ငါ့အဘမှ နေ့ညမပြတ် ဖူးချင်သပဆို ကိုးကွယ်ရာ ဆြာတော်ဖျားကြီးများပါ ထောင်ထဲမှာ ဇေတဝန်ဆောင် ဆောက်ပြီး ဆွမ်းကွမ်း လုပ်ကျွေးစေဦးမှာ။ ဘန်တလေ နဲ့ ပင့်ရမလား ဟယ်လီကော်ပတာနဲ့ ပင့်ရမလား ပြော။
ဪ လောကကြီးမှာ ဒီဆရာဝန်လေးလောက် သဘောထားကြီးကြီး စာနာသနား မေတ္တာထားတတ်သူ တော်တော်ရှားမယ် ထင်ပါရဲ့။ ကြင်စိုး ကြင်စိုး နဲ့သာ ခေါ်နေတာ။ တကယ်တမ်း ကြိုးစင်တက်သွားမယ် ဆိုရင် “ကန့်လန့်ကာကြီးရယ် နေပါဦး။ ကလို့ကောင်းနေတုန်း။” ဆို ရတတ်သလောက် အချိန်ကြာကြာ ဆွဲထားလိုက်ချင်တာပါပဲ။ တခါတည်းများ တန်းသေသွားလို့ကတော့ ရင်ကျိုးရချည်ရဲ့။ “ဘာမှလည်း ခံစားမသွားရပါကလား။” ဆို လူးလိမ့်ပြီး ငိုပလိုက်မှာ။ မျဝူး မျဝူး။ “အဖိုးကြီးအို ခပ်ပုပု။ မသေပါနဲ့ ခု။” ဆို နောက်ကကို လိုက်ဆွဲချင်တာ။ အဟုတ်။
ဒီတော့ကာ ပြောချင်တာကလေ။ အရေးကြီးပြီ ညီနောင်အပေါင်းတို့ရေ။ ဒီအဖိုးကြီးတွေကို ကိုယ့်လက်ခုပ်ထဲကရေဆိုပြီး စိတ်မြန်လက်မြန် ဘွတ်စမံပေးပြီး သတ်တာဖြတ်တာတွေ မလုပ်လိုက်ကြပါနဲ့ကွယ်။ ဘာလုပ်မလဲ။ သေတယ် ဆိုတာ ခနလေးရယ်။ မသေခင်မှာ ဘောက်ချာလေးတွေ တစ်စောင်ချင်းဆုတ်ပြီး “ငါသေပျစီ။” လို့ ပြင်းပြင်းပြပြ တောင်းဆိုလာတဲ့အထိ ကာယကံရှင် ဆီက consent ယူကြပါစို့နော့။ အိမ်း မြတ်ရှင်စော ဩကာသ ဩကာသ။
“မေတ္တာသတ္တော အနန္တောလို့
မြတ်ရှင်စော ဟောကြားတာတွေ။
ကမ္ဘာမြေလောကဘွေ
သတ္တဝါတွေ ချမ်းသာပါစေ။
မေတ္တာရေလောင်း ဆုတောင်း ကောင်းမှုချွေ။”