မိုးတွင်းစာ စုတယ်ဆိုတာ တော်တော်ပင်ပန်းတဲ့ အလုပ်မှန်း ကလေးဘဝကတည်းက သိပါတယ်။ ကိုယ်တို့အိမ်က မင်္ဂလာဆောင်ဖိတ်စာရိုက်တဲ့ စာပုံနှိပ်စက် ဆိုတော့ ဝါတွင်းတစ်တွင်းလုံး အလုပ်ပါးတယ်လေ။ မိုးတွင်းစာ မစုလို့ မရဘူး။ ဆရာဝန်အလုပ်လုပ်တော့ အချိန်တန် လခလေး သူ့ဟာသူဝင်နေလို့ လောက်တာမလောက်တာ အပထား။ သည်နွေမိုးဆောင်း ပြောင်းသော်လည်း ကိုယ့်အပူမပါတာ။ အခု ဒီဘက်မှာ မိုးတွင်းစာ စုနေတယ် ဆိုတာက ကိုယ့်အတွက် မဟုတ်ပါဘူး။ လူနာတွေအတွက်ပါ။ ကားလမ်းပိတ်လို့ ပစ္စည်းတွေသယ်မရရင် ဘာနဲ့ဆေးကုမှာတုန်း။ လက်ဆေးဆပ်ပြာတောင် ဂါလံပုံးနဲ့ ဝယ်မလောက်လို့ ကိုယ့်ဘာကိုယ်စပ်သုံးနေရတဲ့ဟာကို။ ကိုယ်တို့ဆေးရုံရဲ့ တစ်လတစ်လ ဆေးဝယ်ရတဲ့ ကုန်ကျစားရိတ်ဟာ သိန်း လေးငါးဆယ်ထက်တော့မနည်းပါဘူး။
ဒီကလူနာတွေက “မြို့တက်ပြီး ဒီဆေးလေးဝယ်ပေးပါ။ ဆေးရုံမှာ မရှိတဲ့ဟာမို့ပါ။” လို့ စာရွက်ကလေးနဲ့ ရေးပြီး ဆိုင်ကယ်ကယ်ရီနဲ့ လွှတ်ရင် “ဘယ်မှာမှ ဝယ်မရလို့ပါ။” ဆိုပြီး စာရွက်အတိုင်း ပြန်လာပေးကြတာ။ “ရန်ကုန်ကို မှာမယ်။” “မန္တလေးကို မှာမယ်။” ဆိုပြီး ခေါင်းခါခါ လည်ခါခါထွက်သွားလည်း နောက်ဆုံးကျတော့ “ရှာမရဘူး ဆရာ။” ဘူတာကိုပဲ ပြန်ဆိုက်ပါတယ်။ “ဆရာပဲ ဝယ်ပေးပါလား။ ကျွန်မတို့ ပိုက်ဆံပေးပါ့မယ်။” ဆို ကိုယ့်ပဲ ပြန်အခိုင်းခံရတာ။ သူတို့လည်း အပြစ်မတင်ပါဘူး။ ပါရာစီတမောတောင် ကုလားလေးကောင် လို့ပြောမှ ဝယ်တတ်တဲ့သူတွေကို သမားကိုင်ဆေးတွေ ဝယ်ခိုင်းစရာလား။ စကားတွေလည်း အများကြီး ပြောရတယ်။ အချိန်တွေလည်း အများကြီး ကုန်တယ်။ နောက်ဆုံးတော့ ကိုယ်သုံးချင်တဲ့ဆေး ကိုယ့်ဘာသာ ရှာဖွေသိုမှီးထားတာ အကောင်းဆုံးပဲ။
ဆေးမှာတာ ဘာခက်တာလိုက်လို့။ ပိုက်ဆံပေးရင် ဝယ်လို့ရသပ။ အများကြီးလိုချင် အများကြီးဝယ်ရုံပေါ့။ ဒိတ်နီးတဲ့ဆေးတွေဆို ကိုယ်လိုချင် အလကားယူရုံပဲ။ ပိုက်ဆံတောင် ပေးစရာ မလို။ သို့သော် ကိုယ်မှာထားတဲ့ဆေး ကိုယ် အချိန်မီ ကုန်အောင်သုံးပေးဖို့ကျ ထင်သလောက် မလွယ်ပါဘူး။ နှစ်လသုံးလအတွင်း အဲ့ဒါတွေ ကုန်အောင် မသုံးနိုင်ရင် ကိုယ့်ဆေးရုံက သက်တမ်းကုန်ဆေးဝါးများဖြင့် ကုသသော ဆေးရုံကြီး ဖြစ်သွားပါလိမ့်မယ်။
ဆေးပဲလေ။ ရက်ကလေးနည်းနည်းလွန်တော့ ဘာဖြစ်လဲ။ အရောင်မပြောင်းဘူး။ ထုပ်ပိုးထားတဲ့ package မပျက်စီးဘူးဆိုရင် အာနိသင် မရှိဘူး ဘယ်ပြောနိုင်မလဲ။ ဟုတ်ပါတယ်။ အာနိသင်က ရှိချင်လည်း ရှိနိုင်တယ်။ ရှိကိုရှိရမယ် လို့ အာမခံချက်ပေးနိုင်တဲ့ သက်တမ်းတော့ ကုန်ဆုံးသွားပြီ။ ဒီရက်ကိုကျော်ရင်တော့ ဆေးရဲ့အာနိသင်ကို ထုတ်လုပ်တဲ့ ကုမ္ပဏီက တာဝန်မယူတော့ဘူး လို့ ပြောတာ။ သုံးချင် ကိုယ့်ဘာသာ တာဝန်ယူ။
ဒီဆေးမျိုး ဒိတ်ကောင်းတာလိုချင် ဘယ်လောက်ဈေးကြီးလဲ သိတဲ့အတွက် ဒိတ်ကုန်ခါနီး ဆေးပစ္စည်းတွေကို အလကားမတ်တင်းရတယ်ဆိုရင် သက်တမ်းမကုန်ခင် အားရပါးရ သုံးပလိုက်ဦးမယ် ဆိုတဲ့စိတ် မဖြစ်ပဲ ဘယ်နေမလဲ။ လောဘကြီးလိုက်တာ။ ကပ်စေးနည်းလိုက်တာ ပြောရအောင် ပြန်ရောင်းစားတာလည်း မဟုတ်။ လူနာတွေဆီက ဆေးဖိုးပိုက်ဆံ တစ်ပြားတစ်ချပ်မှ ပြန်တောင်းနေတာလည်း မဟုတ်။ ဆေးတွေက အာမခံချက်ကုန်ဆုံးပေမယ့် အာနိသင်က မကုန်ဆုံးသေးဘူး။ ဒါကြောင့်မို့ ကိုယ်ကတော့ ယူတယ်။ သုံးတယ်။ လက်လှမ်းမီရာ ဆေးခန်းလေးတွေဆီ မြန်မြန်သုံးပေးပါ လို့ ပြောပြီး ဝေတယ်။ ဘေးထွက်ဆိုးကျိုး ဖြစ်လာတာ ဆေးစွမ်းမထက်တာ မရှိဘူးလား ဆိုရင် အဲ့သလိုတော့ မကြုံဖူးဘူး။
သို့သော် တစ်ခါမှာတော့ နှာခေါင်းကျည်ပွေ့ တွေ့ဖူးတယ်။ မိုးကြိုးကလေးကို ဗိုက်ခွဲတုန်းက ပြန်ချုပ်တဲ့အခါ သက်တမ်းကုန်နေတဲ့ 1’0 Nylon နဲ့ ပြန်ချုပ်ပေးခဲ့တယ်။ သူ့အရင် သူများတွေလည်း ချုပ်နေကျ ဘာမှ မဖြစ်ဘူး။ ကြိုးကလည်း တုတ်တယ်။ နိုင်လွန်လည်း နိုင်လွန်။ မချုပ်ခင် လက်နဲ့ဆောင့်ဆွဲဖြတ်ကြည့်။ မပြတ်ဘူး ဆိုမှ စိတ်ချလက်ချ ချုပ်ပေးလိုက်တာ။ ချုပ်ရိုးဖြည်၊ ဆေးရုံပေးဆင်းပြီး ၂ ရက်ကြာမှ ချောင်းဆိုးလိုက်တာ ချုပ်ရိုးတွေ ပွင့်ထွက်ကုန်လို့ ပြန်ချုပ်ရတယ်။ အဲ့ဒီနောက်တော့ ချုပ်ကြိုးကို ဒိတ်မကောင်းပဲ မချုပ်ရဲတော့ဘူး။
တကယ်တော့လေ ကိုယ်လည်းပဲ အကောင်းကြိုက်တတ်ပါတယ်။ ရှိသမျှ ပစ္စည်း အကောင်းစားချည့် သုံးချင်တာပေါ့။ ဒါပေမယ့် လူနာတွေဆီက တစ်ပြားတစ်ချပ်မှ ပြန်တောင်းစရာ မရှိ။ ခုချိန်ထိ အခမဲ့ ကုပေးနေတာ။ အလှူငွေ ဆိုတာ ထည့်ချင်ထည့် မထည့်ချင်နေ။ လှည့်တောင်ကြည့်တာ မဟုတ်ဘူး။ အဲ့ဒီအပေါ်မှာ ခွဲခြားဆက်ဆံမိမှာစိုးလို့။ လူနာအရေအတွက်များလို့ လောက်ငှအောင် ရှိတာလေးတွေ စစ်စစ်စီစီ သုံးရတာ ကိုယ့်အလွန်တော့ မဟုတ်ပါဘူး။ ကိုယ့်မိသားစုတောင် ကိုယ်ရှာမကျွေးခဲ့ဖူးတဲ့သူက ဆေးရုံစားရိတ်တွေ ကာမိအောင်၊ ရှိပြီးပစ္စည်း မပျက်စီးပဲ တိုးပွါးစုဆောင်းမိလာအောင် လုပ်ရတာ လွယ်တယ် လို့များ ထင်သလား။
ကောင်းတာတွေ များများသုံးတာ လူနာကောင်းဖို့တော့ ဟုတ်တာပေါ့။ “အဲ့ဒီပိုက်ဆံတွေက ကိုယ့်အိပ်ထဲက စိုက်ရမှာနော်။” လို့သာ စဉ်းစားကြည့်။ သွန်ချနေတဲ့ရေတောင် လက်တွန့်သွားဦးမယ်။ ကိုယ်ကတော့ ဆေးရုံမှာ ရေတောင် အလကား သွန်မပစ်ဘူး။ လမ်းပေါ်ဖြန်းရင် ဖုန်သိပ်တယ်။ ကိုယ့်အတွက် အမြတ်မကျန်မှာ စိုးလို့ ပေသီးခေါက်နေတာ မဟုတ်။ ဆေးရုံဆက်ပြီး မလည်ပတ်နိုင်မှာကို စိုးတာ။ “ဒါဆိုလည်း မသုံးပဲနေမယ်လေ။” ဆိုတာလည်း အဖြေ မဟုတ်ဘူး။ လူနာများတော့ များများသုံးရမှာပဲ။ များများသုံးပြီး အကုန်အကျသက်သာတာ ဆိုရင် မကောင်းဘူးလား။ ဒါကြောင့်မို့ ကိုယ့်တွက်ကိန်းနဲ့ကိုယ် အဲ့လိုဆေးတွေများများသုံးပေးပါတယ်။ ဆေးဆိုင်က ဂျင်းထည့်လိုက်တာမှ မဟုတ်တာ။ ကိုယ်တို့လို ဆင်းရဲသားဆေးရုံကလေးတွေ ပေါပေါများများ သုံးနိုင်အောင် လှူပေးလိုက်တာ။
အလုပ်တော့ နည်းနည်းပိုရှုပ်တာပေါ့လေ။ ကိုယ့်ဆေးရုံတစ်ခုတည်းက ၂ လ၊ ၃ လအတွင်း သူတို့လှူသမျှဆေးတွေ ကုန်အောင် သုံးနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကိုယ့်လိုပဲ လူနာများပြီး ဖြုန်းအားကောင်းတဲ့သူတွေဆီ ပြန်ဝေပစ်ရတယ်။ ပြန်ရောင်းစားတာ မဟုတ်ဘူးနော်။ အလကားဝေတာ။ ရည်ရွယ်ချက်က ဆေးတွေကို သက်တမ်းမကုန်ခင် တတ်နိုင်သမျှ များများကုန်အောင် သုံးသွားမှာ။ ဒါကြောင့်မို့ အပင်ပန်းခံပြီး တောင်းတယ်။ သယ်တယ်။ သွားယူတယ်။ ပြန်ဝေတယ်။ လူပဲစိုက်ရတာ။ ပိုက်ဆံစိုက်ရတာ မဟုတ်။ လုပ်သာလုပ်။ သို့သော် ဒီခေတ် ဒီကာလ စစ်ဆေးရေးဂိတ်တွေကိုဖြတ်ပြီး ဆေးဖာတွေ ဝင်လိုက်ထွက်လိုက်၊ သယ်လိုက်ပို့လိုက် လုပ်ရတာ လွယ်သလား ခက်သလား သိချင် ကိုယ်တိုင်သာ လုပ်ကြည့်။ နိုင်ငံခြားက သူများအလကားပေးတဲ့ ဆေးပစ္စည်း စက်ပစ္စည်းကလေးတစ်ခု လေဆိပ်ကိုဖြတ်ပြီး တောထဲအထိရောက်ဖို့ အလွယ်တကူ သယ်ယူပေးနိုင်တဲ့ လူကြုံရှိရင်လည်း ရှာပေးစမ်းပါဦး။ တစ်လ တစ်ယောက်လောက်။ ဒီမှာကတော့ အဲ့ဒါတွေ စိတ်ကူးမယဉ်ဘူးနော်။ လက်တွေ့လုပ်နေရတာ။
ဒီအလုပ်တွေကို logistics အလုပ်တွေ လို့ ခေါ်တယ်။ အရင်တုန်းက အဲ့ဒါတွေ သိပ်မလုပ်ရဘူး။ မရှိဘူး။ ကုန်ပြီ။ ပြန်ဝယ်။ ကိုယ့်ဘာသာ သံသရာလည်နေတာ။ အခုကတော့ ကိုယ့်ဆေးရုံအတွက် demand နဲ့ supply chains တွေ ရှိလာပြီလေ။ ဒါကြောင့် အဝင်၊ အထွက်၊ အသုံး၊ အကျန်။ အကုန်လုံး အမှတ်အသားနဲ့ထားပြီး ဘယ်ရက်အတွင်းအရောက်၊ ဘယ်လောက်ကြာရင် အကုန်။ အဲ့ဒါတွေ မသိလို့ ဘယ်ရမလဲ။ နောက်ပြီး နိုင်ငံခြားက ပေးတယ် ဆိုတာ ကိုယ့်ပြည်တွင်းက လူတွေလို “ရော့။ အင့်။ ရပြီ။” နဲ့ ပြီး မသွားဘူး။ မပေးခင်မှာ “မင်းက ဘယ်သူလဲ။ မင်းမှာ လူနာ ဘယ်နှစ်ယောက် ရှိသလဲ။ ပစ္စည်းက ဘယ်လောက်ယူမှာလဲ။” စာရင်းနဲ့ တောင်းရတယ်။ ပြီးရင် ဘယ်နေ့က လက်ခံရရှိပြီး ဘယ်လူနာတွေအတွက် ဘယ်လောက် သုံးပလိုက်တာ “မရှိတော့ဘူး။ ကုန်ပြီ။” ဖြစ်တဲ့အထိ စာရင်းဇယားနဲ့ feedback ပြန်ပေးရတယ်။ သူတို့ကလည်း Donor တွေဆီ data နဲ့ ပြန်စာရင်းရှင်းရတာ မဟုတ်လား။ သူတို့လည်း ပေးရှာပါတယ်။ စစ်တပ်က တဆင့်သွားတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေနဲ့တော့ ဘယ်တူပါ့မလဲ။
အားလုံးသိတဲ့အတိုင်းပဲလေ။ CDM လုပ်ထားတဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ ဒီအရပ်ကို လက်ချည့်ပလာ ရောက်လာခဲ့ပြီး ဒီလောက်များတဲ့ လူနာတွေကို အဆက်မပြတ် အခမဲ့ ကုပေးခွဲပေးနိုင်တယ်ဆိုတာ သူ့အနောက်မှာ supply chains တွေ မရှိပဲနဲ့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မနှစ်တုန်းကလို တကိုယ်တော် လက်စွမ်းပြ ပလာဆိုင်းတီးတဲ့ ကုတင်အငြိမ့်မျိုး မဟုတ်တော့ပဲ အဖွဲ့အစည်း အသင်းအပင်းနဲ့ စည်းကမ်းတကျ အလုပ်လုပ်နေတဲ့ institution သဘောကို ဆောင်လာတာပေါ့။ သူတို့ဘက်က မီးရှို့ဆုတ်ခွါသွားတဲ့ စစ်မြေပြင်တွေမှာ ကိုယ်တို့ဘက်က set up လုပ်နိုင်ပြီ ဆိုတဲ့သဘောပဲ။
ဟုတ်ပါ့မလား မောင်ကာဠုရယ်။ မြေပုံပေါ်မှာ ဆေးရောင်ချယ်ပြီး သိမ်းပိုက်တာလောက်ကတော့ စစ်ကောင်စီလက်ထက် ဆယ်တန်းအောင်တဲ့ကလေးတွေတောင် လုပ်တတ်တယ်။ ပါးစပ်ထဲရှိတာ လျှောက်ပြောတိုင်းသာ အတည်ယူကြေးဆို သဘာဝတရားရိပ်သာ ဆရာတော်တောင် ရဟန်းကိစ္စတွေပြီးလို့ စစ်တပ်ကိစ္စတွေ ဆက်လက်ဆောင်ရွက်နေပြီ။ ဖူးလိုက်ကြ ဖူးလိုက်ကြ။ ဘယ်သူတွေက လေထဲ အရုပ်ရေးနေပြီး ဘယ်သူတွေက လက်တွေ့ အကောင်အထည်ဖော်နေသလဲဆိုတာ ကြည့်ရအောင်။
ခုချိန်မှာ NUG/PDF ဘက်က တိုက်စစ်ကစားနေတဲ့အချိန်မှာ ဒေါ်စိန်အေးသားတွေက ခံစစ်နဲ့တောင် ဣန္ဒြေရရ တောင့်ခံနိုင်လို့လား။ ကြောက်စစ်နဲ့ သွေးရူးသွေးတမ်း ပတ်ရမ်းနေတာ မြင်တဲ့အတိုင်း။ ဆယ်ဇင်းရဲစခန်း ခြံစည်းရိုးပတ်လည် မိုင်းတွေဆင်ပြီး စခန်းသိမ်းခံရမှာ ကြောက်နေတာ မူလတန်းကလေး ငါးယောက် မိုင်းထိတယ် မဟုတ်ဘူးလား။ ဘုရားငါးဆူဘက်မှာ တပ်စွဲထားတဲ့ဆီကလည်း မိုင်းတွေမြှုပ်ထားတာ ဆူးပုတ်ရွက်ခူးတဲ့ မိန်းမတစ်ယောက် ထိလာလို့ ဒီဆေးရုံကပဲ ကုပေးထားရတာ။ ဘယ်ဘက်ကို စစ်ကြောင်းထိုးထိုး ရွာသားတွေ လေးငါးဆယ် တစ်အိမ်တက်ဆင်းဖမ်းပြီး လူသားဒိုင်းကာနဲ့မှ ရှေ့တိုးနောက်ဆုတ် လုပ်ရဲတယ်။ စစ်သား စစ်သားချင်း ရင်ဆိုင်ဖင်ထိုင်ပစ်တယ်လို့ ဘယ်တော့မှ မရှိဘူး။ လက်နက်မပါတဲ့ရွာသားပဲ ခေါင်းတည့်တည့်ပစ်ပြီး PDF ပါ စာရင်းပြတာ။ မနေ့ကတောင် မိုင်းနောင်မှာ စာသင်ကျောင်းရှေ့ ရွာသားတစ်ယောက် ပစ်သတ်လိုက်သေး။ ဟုတ်ဟုတ် မဟုတ်ဟုတ်။ သူတို့အတွက်တော့ အဲ့ဒါ PDF ပဲ။ အဲ့သလိုကို သွေးပျက်ခြောက်ခြားနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်း။
သူတို့အဆင့်အတန်းက ဇောက်ထိုးဆင်းသွားလိုက်ပုံများ။ တိုင်းပြည်ကို ကာကွယ်တဲ့စစ်တပ်၊ ပြည်သူကို ကာကွယ်တဲ့စစ်တပ်၊ အဲ့ဒီနောက် အာဏာရှင်ကို ကာကွယ်နေတဲ့စစ်တပ်ကနေ အခုနောက်ဆုံး ကိုယ့်အသက်ကိုယ် ကာကွယ်နေရတဲ့ သွေးရူးသွေးတမ်းစစ်တပ်အဖြစ် ရောက်သွားရော။ သူတို့က အရပ်သားတွေကို လူသားဒိုင်းကာအဖြစ်နဲ့ ရှေ့ကတက်ခိုင်းသလို သူတို့ကိုယ်တိုင်ကလည်း သူတို့အထက်အရာရှိတွေရဲ့ စစ်သားဒိုင်းကာအဖြစ် အသေခံတိုက်ပေးနေရတာပဲ။ တစ်ကောင်မှ နောက်ပြန်မလှည့်နဲ့။ ပြန်လှည့်တဲ့ကောင် ပစ်သတ်လိုက်မယ်ဆိုပြီး မိသားစုကအစ ဓါးစာခံ ဖမ်းခေါ်ခံထားကြရတယ်လေ။ စစ်ခေါင်းဆောင်ကိုယ်တိုင်က သူ့အသက်ဘေးအန္တရာယ်အတွက် စစ်တပ်တစ်ခုလုံးရော တိုင်းပြည်ကိုရော ချေနင်းဖျက်စီးနေတာ။ သဘောပေါက်ပြီလား။ အဲ့ဒါ မြန်မာ့တပ်မတော်ရဲ့ ပကတိ အခြေအနေမှန်ပဲ။ ဉာဏ်မီရင် မြင်အောင်ကြည့်။
“အရှုံးထက်ပိုသော” ဆိုတာ ဒီကောင်တွေမှ အစစ်။ မည်းမည်းမြင်ရာ အကုန်သတ်ထားတဲ့သူတွေမို့ သူတို့အသတ်ခံရတဲ့အလှည့်ရောက်ရင် အရိုးရော အသားပါ စိစိညက်ညက် ကျေကုန်ကြမှာ။ စစ်သားမသာမှန်သမျှ ပြည်သူတရပ်လုံး ဝမ်းသာအားရ ဖြစ်စေတယ်။ မယုံမရှိနဲ့။ နောင်ဆို ခြေပြတ်လက်ပြတ်တွေ မီးပွိုင့်မှာ ဂျာနယ်ရောင်းးစားရင် ငတ်သေဖို့ပဲ ရှိတယ်။ ခုကတည်းကကို ဗိုလ်ချုပ်သားသမီးတွေ အဖေနံမည် နဲ့ အလုပ်အကိုင် CV ထဲ မထည့်ရဲတော့ဘူး။ စည်ပင်တိုက်ခန်းထဲ အိုနာကျိုးကန်းတွေ သွားပစ်ထားရင်တောင် အထူးလုံခြုံရေးနဲ့ ဂိတ်ပိတ်ပြီး တပ်စွဲစောင့်ရတဲ့ ဘဝ။ စောင့်လေ။ စောင့်။ ဘယ်နှစ်ရက်စောင့်နိုင်မှာကျလို့။ နှစ်ပေါင်း ၆၀ ကျော် လိမ်ညာလာခဲ့တဲ့ စစ်တပ်ရဲ့သရုပ်မှန်ကို တနိုင်ငံလုံးက လက်တွေ့မျက်မြင် တွေ့ခဲ့ကြုံခဲ့ပြီ။ လူသတ်တာ ဘယ်သူလဲ။ မုဒိန်းကျင့်တာ ဘယ်သူတွေလဲ။ ရပ်ရွာမီးရှို့တာ ဘယ်သူတွေလဲ။ လုတာယက်တာ ဆက်ကြေးကောက်တာ၊ ပေါ်တာဆွဲတာ။ ဒါတွေအားလုံး စစ်တပ်ကချည့်ပဲ ကျူးလွန်နေတာပါ ဆိုတဲ့အကြောင်း တနိုင်ငံလုံးနှံ့အောင် သက်သေပြသွားတာ။ အင်္ဂလိပ်ကျွန်ဖြစ်တုန်းကထက်၊ ဂျပန်ကျွန်ဖြစ်တုန်းကထက် ကိုယ့်အမျိုးသားချင်း စစ်ကျွန်ဖြစ်ရတာ အများကြီး ပိုဆိုးတယ် ဆိုတဲ့အကြောင်းကို Generation X ရော Y ရော Z ရော အငြင်းပွါးဖွယ် မရှိအောင် သမိုင်းမှတ်ကျောက် တင်ပြသွားလေရဲ့။ နောက်ဆို စစ်အစိုးရ အာဏာသိမ်းတုန်းက ဘယ်လောက်ထိအောင် ယုတ်မာရက်စက်တဲ့အကြောင်း စာပေ၊ ရုပ်ရှင်၊ ဂီတ၊ ပန်းချီ၊ ပန်းပု၊ အနုပညာသည်အားလုံးက သမိုင်းမှတ်တမ်းကို ကျရာနေရာက သရုပ်ဖော် မှတ်တမ်းတင်ထားကြလိမ့်မယ်။ သမိုင်းဆိုတာ နိုင်သူ က ရေးတာဆို။ အခု ငါတို့ နိုင်ပြီလေ။ ရေးလည်း ရေးထားနှင့်ပြီ။ SP ဆိုတာ မြေနိမ့်တဲ့တနေ့ ဓါးမိုးလှံမိုး ရွာသလို ရွာလာမှာ သိလား။ တလောကလုံးကို ဒုက္ခပေးသွားတဲ့သူတွေမို့ လောကဓံအကြီးကြီးကို အားရပါးရ ခံရဖို့ ရှိတယ်။ စစ်တိုက်ရင်းတောင် စစ်ယူနီဖောင်း မဝတ်ရဲပဲ အရပ်ဝတ်နဲ့ အရပ်သားတွေ အကာအကွယ်ယူ တိုက်ရတဲ့စစ်တပ်ကို မနိုင်စရာအကြောင်း မရှိပါဘူး။ မိုဒေကာလဲ မဆဲပဲ ရွားနေဒယ်။ စစ်သာဒေကလဲ နေ့တိုင်းပဲ သေးနေဒယ်။ ဒလန်တွေတောင် ဒလန်မလုပ်ရဲတော့ပဲ ထွက်ပြေးနေရတဲ့အချိန်ရောက်လာပြီ။ မပြီးသေးဘူး။ ငါတို့အလှည့်။ ဘောက်ချာတွေ တထပ်ကြီးဆုတ်ပြီးမှ စိမ်ပြေနပြေ ကျေကျေနပ်နပ် အရသာရှိရှိ အဆုံးသတ်ပေးကြတာပေါ့နော့။