ချန်ဂင်တို့စခန်း (၁၇၉)

ပူလိုက်တာ။ မိုးမရွာတာ ၃ ရက်လောက်ရှိပြီဆိုတော့ နေက ကော့နေအောင် ပူပါတယ်။ လမ်းတွေပြန်ခြောက်သွားပေမယ့် ကားတွေ ပေးမဝင်ဘူး။ ဒီဘက်မှာ စစ်ပွဲအခြေအနေ မငြိမ်သက်လို့ပါ။ ဒါကြောင့်မို့ OPD လူနာတွေ မလာနိုင်ပဲ ရွာထဲကလူနာတွေပဲ လာပြနိုင်တော့တယ်။ ဒါတောင်မှ ပြီးခဲ့တဲ့လအတွက် OPD လူနာ ၈၀၀ ကျော်၊ ခွဲလူနာ ၄၂ ယောက်နဲ့ စံချိန်သစ်တင်သွားပါတယ်။ ဒီလအခြေအနေ ဘယ်လိုရှိမလဲ ဆက်ကြည့်ရမှာပေါ့။ ရာသီဥတူကြောင့် သက်ကြီးရွယ်အိုတွေ heat stroke မရဖို့ ဂရုစိုက်နေရသလို ရွာထဲမှာ ငှက်ဖျားပိုးတွေ့တဲ့ လူနာလည်း တက်လာပါတယ်။ heat stroke နဲ့ လာတဲ့ PDF ကလေးက encephalitis ရတာ လေးရက်လောက်နေမှ ငှက်ဖျားပိုးတွေ့လို့ သူ့ကိုလည်း Cerebral malaria ထဲ ထည့်လိုက်တယ်။ ဆေးဝါးပေါင်းစုံနဲ့ မနည်းရှင်အောင် ကုထားရတာ။ လမ်းခရီးအခြေအနေကြောင့် ဆေးတွေမှာရတာ အရမ်းဒုက္ခရောက်တယ်လေ။ ဒါပေမယ့်လည်း အကုန်လုံး အဆင်ပြေပါတယ်။ စစ်တပ်က ဘယ်လောက်ပဲ တားဆီးပိတ်ပင်ထားလည်း ပြည်သူက တော်လှန်ရေးဘက်မှာ ရှိတော့ အချင်းချင်း ရိုင်းပင်းကြတယ် မဟုတ်လား။ ကိုယ့်ဆီမှာ ကုံလုံပြည့်စုံရုံမကဘူး။ လက်လှမ်းမီရာ ဖြန့်ဝေပေးကမ်းနိုင်တဲ့အထိ လောက်ငှပါတယ်။ စိုက်ထားတဲ့အပင်က အသီးတွေ အပွင့်တွေ အရိပ်တွေ ရတဲ့သဘောပါပဲ။ ကိုယ်လုပ်နိုင်သမျှထဲက အကောင်းဆုံးအလုပ်တွေကို အတတ်နိုင်ဆုံး ကြိုးစားလုပ်ထားခဲ့တာပဲ။ ငယ်ငယ်က စာမေးပွဲဖြေသလိုပေါ့လေ။ ရလပ်ကတော့ အောင်စာရင်းထွက်တော့ သိရမှာပ။

ဒီကာလမှာ တချို့အရာတွေကို ကိုယ့်လစ်မစ်နဲ့ကိုယ် အကန့်အသတ်ထားပြီး ဖြတ်ချရပါတယ်။ နို့မို့ ဦးနှောက်က ဘယ်ခံနိုင်မှာလဲ။ တနိုင်ငံလုံးကို ကယ်တင်ဖို့ ကိုယ့်တစ်ယောက်တည်းမှာ တာဝန်ရှိတာမှ မဟုတ်တာ။ လုပ်နိုင်တာကို လုပ်နိုင်သလောက် အတိုင်းအတာထဲကနေ လုပ်ပေးလိုက်။ မလုပ်နိုင်လောက်တဲ့ ဝန်ဆိုရင် ခေါင်းထဲကို အလေးခံပြီး သယ်မလာပဲ လွှတ်ချထားရစ်ခဲ့လိုက်။ Disaster Management ထဲကအတိုင်းပဲလေ။ ဆယ်မရတဲ့ အသက်တစ်ချောင်းနဲ့ အချိန်တွေ ကုန်သွားရင် ရှင်နိုင်တဲ့ လေးငါးသက်ကို မကယ်နိုင်လိုက်ပဲ ဖြစ်သွားမယ်။ သက်သာသလို ခိုကပ်နေတာ မဟုတ်ပဲ ကိုယ့်ရဲ့ ကံ ဉာဏ် ဝီရိယတွေကို ထိထိရောက်ရောက် အကျိုးရှိတဲ့နေရာမှာပဲ သုံးမယ်။ အလေအလွင့် မခံနိုင်ဘူး။

ကိုယ် ဘယ်လောက် လုပ်နိုင်သည်ဖြစ်စေ။ နောက်ကို ပြန်လှည့်ကြည့်လိုက်ရင် ကိုယ် နဲ့ ကိုယ်ပဲ ရှိနေတာမို့ ဝင်းဦး ၈ ကိုယ်ခွဲရိုက်သလို ရိုက်နေရတယ်။ ဘယ်လောက်ခက်ခဲတဲ့ operations တွေ ဖြစ်ပါစေ။ Surgeon ကလည်း ကိုယ်ပဲ။ မေ့ဆေးကလည်းကိုယ်ပဲ။ Ortho ကလည်း ကိုယ်ပဲ၊ ဓါတ်မှန်ကလည်း ကိုယ်ပဲ။ Eye, ENT ရော၊ oncologist၊, Dermatologist ရှိရှိသမျှ ၉၆ ပါး ရောဂါအကုန် ဘာလာလာ ဆရာမောင် ဆေးနီမှုန့် နဲ့ ကုနေသလို ကိုယ်ချည်းပဲ ဒိုင်ခံကုနေရတာကတော့ မဟုတ်သေးဘူးနော်။ နည်းနည်းလေးမှ ကြည့်လို့မြင်လို့လည်း မကောင်းဘူး။ ဒါပေမယ့်လည်း ကုတော့ကုနေရတာပဲ။ တနေ့ ၃-၄ ခါထက်မနည်း ရွာထိပ်က ကုက္ကိုပင်အောက် ပြေးပြေးပြီး ပုံတွေစာတွေ ပို့ရတာ စိတ်တော့ညစ်တာပေါ့။

တချို့လူနာတွေကို ကင်ဆာရောဂါ လို့လည်း ရောဂါဇစ်မြစ် သေချာအောင် ရှာပေးရတယ်။ ဖြစ်နေတဲ့ကင်ဆာကိုလည်း အတတ်နိုင်ဆုံး ကုန်အောင်စင်အောင် ခွဲပေးရတယ်။ မခွဲခင် ခွဲပြီး ကင်ဆာဆေးသွင်းဖို့ကိုလည်း ကင်ဆာအထူးကုနဲ့ပြပြီး ဆေးတွေမှာပေး သွင်းပေးရတယ်။ မဖြစ်မနေ ဓါတ်ကင်ရမှာမို့လို့ မန္တလေးကို လွှဲပေးတဲ့အခါ သူတို့က အိမ်မှာ ကလေးအငယ်နဲ့မို့ ဘယ်လိုမှ မသွားနိုင်ဘူး ငြင်းရော။ ကိုယ်တို့က ဘာဆက်လုပ်ပေးရမှာလဲ။ ဘူးတစ်လုံးနဲ့ မပြီးနိုင်မစီးနိုင် ကျွန်ခံနေရသလိုပဲ။ ဒီလိုလူနာမျိုးက ဒီတစ်ယောက်တည်း မဟုတ်တဲ့အခါ ကိုယ်ကတော့ ကိုယ်လိုက်နိုင်တဲ့နယ်ပယ် အစွမ်းကုန်ရင် သံယောဇဉ်ဖြတ်ပြီး ကိုယ့်ဘာသာ အဆုံးသတ်ပါတယ်။ ကိုယ်က ဒီတစ်ယောက်တည်းကို မသေမချင်း လိုက်လုပ်ပေးရမယ့် အိမ်ကျွန် မဟုတ်ဘူး။ သူများတွေ ခိုင်းတာလည်း လိုက်လုပ်ပေးရဦးမယ့် ဘုံကျွန်။ အဲ့လိုပဲ သဘောထားတယ်။ ကုကု မကုကုလေ။ အခုမသေလည်း နောက် တဖြေးဖြေးနဲ့ သေသွားမှာပဲ ဉစ္စာ။ ဘာထူးလို့လဲ။ အိုင်လဗ်ယူအော ယူလဗ်အိုင်အောပါ။

ကိုယ့်ခေါင်းပေါ်ရွက်ထားရတဲ့ အထုပ်တွေဆိုတာ နည်းမှမနည်းပဲဟာကို။ ကုသရေးချည့်သက်သက်မဟုတ်။ logistics လည်း ကိုယ့်ကိစ္စ။ Finance ကလည်း ကိုယ့်တာဝန်။ ဒီကလူတွေ အားလုံးရဲ့ နေရေးထိုင်ရေး၊ စားရေးသောက်ရေး။ ကိုယ်ကိုယ်တိုင်အပါအဝင် ဆေးရုံတစ်ဖွဲ့လုံး ဘေးကင်းလုံခြုံရေး။ နောက်ပိတ်ဆုံးမှာ ဒီဆေးရုံက ပြည်သူ့တော်လှန်ရေးကြီးမှာ ဘယ်လို ဘယ်နေရာက အထောက်အကူ ပြုမှာလဲ ဆိုတဲ့ မူရင်းရည်မှန်းချက်နဲ့ သွေဖည်မသွားဖို့ကလည်း အရေးကြီးသေးတယ်ဗျ။ အဲ့ဒါကြောင့်မို့လို့ တချို့ အရေးမကြီးလှတဲ့ အကြောင်းအရာ တော်တော်များများကို ခေါင်းထဲထည့်ဖို့ နေရာမကျန်ပါဘူး။ နို့မို့ အတွေးတွေ ရှုပ်ထွေးလွန်းလှတယ်။ တော်ရုံလူဆို ရူးတောင်သွားဦးမယ်။

တော်လှန်ရေးကာလအတွင်းမှာ စိတ်ကျန်းမာရေး ပြဿနာတွေက အရမ်းကို များပါတယ်။ မိကြူ နဲ့ ငလှိုင် တို့ လင်မယား အာဏာရူးရူးလိုက်တာ မြန်မာတပြည်လုံးမှာ မပဋာ နဲ့ ကိုဒါသ ဇာတ်လမ်းတွေ သိန်းနဲ့ချီပြီး ထွက်လာတယ် မဟုတ်ဘူးလား။ လူတောင် သောက်သောက်လဲ သေရသေးတာ စိတ်ထောင်းကိုယ်ကြေတွေကတော့ ဘာပြောကောင်းမလဲ။ ငရဲလောက်ကတော့ ဒီ့ထက်ပိုမဆိုးနိုင်တော့ဘူး လို့ မှတ်ကြရော။ တနိုင်ငံလုံး စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်ရတဲ့ Psychological impact ဟာ နည်းနည်းနောနော မဟုတ်ပါဘူး။ ဇာတ်ထဲက စကားလို ပြောရရင် တိုင်းပြည်အလုံး ကြိမ်မီးအုံးမျှ တဲ့။ အဲ့သလောက် စိတ်ထဲမှာ ဒဏ်ရာအနာတရ ဖြစ်ကုန်ကြပါတယ်။ အဲ့သလိုဘဝမှာ နေခဲ့ရတာ နှစ်တွေလတွေ ကြာပြီလေ။ ဘယ်သူက ဘာသားနဲ့ ထုထားတာမို့လို့ ခံနိုင်ရည် ရှိရမှာတုန်း။

အဲ့ဒါကြောင့်မို့ ကိုယ့်ကိုယ်ကိုယ် သွက်သွက်လည်မသွားအောင် ကိုယ့်ဦးနှောက်ကိုယ် အာရုံမနောက်အောင် ရှောင်ရှားနေထိုင်ရပါတယ်။ မနောပျက်လို့ မဖြစ်ဘူး။ မနောစက်စက် ခပ်ဖနုံစီး လောက်ရှမ်း ခေါင်ဝှေးတယ်။ မနက်စောစော ခုံဖိနပ်စီး လမ်းလျှောက်တော့ ခွေးဟောင်သတဲ့။ “ဘွတ်စကီ ရွတ်စေ မြချို” ဆိုပြီး ဘီစကွတ် ရေဆွတ် မျိုချလိုက်ကြ။ အဲ့သလိုမျိုး ယဉ်ယဉ်လေး ရူးတတ်ပါစေကွယ်။ စာဖတ်ရင်း ပြုံးစိစိ လုပ်မနေနဲ့။ ဘေးကလူ ကိုယ့်ကို ဂေါက်သီး မှတ်နေမယ်။

တကယ်တော့ ဒါ ရယ်စရာ မကောင်းပါဘူး။ “ကျုပ်သားကိုတဲ့စွန်ချီ။ ငှက်ပလီ ဘယ်ဆီကြွပါလိမ့်။ ပြန်ချပါအုန်း ဟုန်းဟုန်း။” ဆိုတာ လူပြက်ကြီးတွေကတော့ ရယ်ပွဲဖွဲ့နိုင်တာပေါ့။ မပဋာခမျာမတော့ ထမီတောင် မကပ်တော့ဘူး မဟုတ်လား။ ဟိုးအစမှာရေးခဲ့တဲ့ cerebral malaria နဲ့ PDF ကလေးဟာ အဖျားကျနေကောင်းသွားပေမယ့်လည်း ပလပ်ကျွတ်ကျန်ခဲ့တယ်။ သူ့စိတ်ထဲမှာ တိုက်ပွဲတွေ စစ်မြေပြင်တွေက မပြန်ရဘူး။ သူ့ရဲဘော်တွေကလည်း တိုက်ပွဲချည့် ကျနေတယ်။ သူကိုယ်တိုင်လည်း သေနတ်မှန်လိုက် ဗုံးမှန်လိုက်။ ပြစရာ ဒဏ်ရာမရှိရင် သွေးထွက်ရုံ ဆိတ်ဆွပြီး ပလာစတာတွေ ကပ်ယူတယ်။ ဆေးရုံမှာထားရင် အမေနေမကောင်းဘူးဆို အိမ်အတင်းပြန်တယ်။ အိမ်ပြန်ရောက်တော့ ဆေးရုံကို ပြန်ပြေးတယ်။ ကိုယ်တို့က ဆေးတော့ကုပေးနိုင်တယ်လေ။ caretaker မပါတော့ သူ့ကို ဘယ်သူထိမ်းမလဲ။ ဆေးပေးလိုက်လို့ မသောက်ရင်ရော ဘယ်လိုလုပ်မလဲ။ နောက်ဆုံးတော့ DOTS therapy ပဲ။ “အချိန်မှန်မှန် ဆေးလာသောက်ပါ နော် ကိုကိုနော်။” လုပ်ရတယ်။ စစ်မြေပြင်မှာ ဒီလို psychological breakdown ရတဲ့သူတွေအတွက် သိပ်ခဲခဲယဉ်းယဉ်း စဉ်းစားနေစရာမှ မလိုတာ။ သေနတ်တစ်လက်ပေးပြီး ရှေ့တန်းပြန်လွှတ်လိုက်ရင် သဗ္ဗေသတ္တာ ကမ္မသကာပေါ့။

ဒီဆေးရုံရောက်ပြီးမှ ကိုယ့်မှာခွဲစိတ်ဆရာဝန်ကနေ စိတ်ခွဲဆရာဝန်ဖြစ်ရတာလည်း ခဏခဏပါလေ။ counseling လုပ်လုပ်ပေးနေရတယ်။ ဝါသနာပါလို့ မဟုတ်ပေမယ့် လူနာလာပြီ။ တခုခုလုပ်ပေးမှရမယ်။ ပယောဂစစ်ပြီး ရေမန်းတိုက်လွှတ်ရအောင် စေတလုံးမောင်ဖုန်းလည်း မဟုတ်။ ကိုယ့်ရဲ့ သမားတော်ကလေးကတော့ “ဆရာ ယုံရင် အဲ့ဒီကလေးကို နတ်ကန်တော့ခိုင်းကြည့်ပါလား။” လို့ အကြံပေးသဗျ။ အဲ့လိုမျိုးမှ ကုရမယ်ဆိုရင်တော့ ဆန်တစ်ပြည် ငွေတစ်မတ် လောက်နဲ့ မကျေနပ်နိုင်ပါဘူးနော်။ ဆိုင်းငှါးပြီး ကန္နားပေးခိုင်းလိုက်မှာ။ နတ်ချင်းတွေ မဆိုရတာ ကြာပေါ့။ ဘုန်းကြီးကပဲ ရူးသလား လှေကပဲလူးသလား။ အဲ့ကျမှ ကြည့်။

ကလေးတွေကို စာသင်ပေးတုန်းက မြင်သာအောင် ဥပမာပေးဖူးတယ်။ လူတွေရဲ့ အာရုံကြောစံနစ်ကြီးက ဝါယာကြိုးမျှင်လေးတွေလိုပဲ လျှပ်ကူးဖြတ်စီးတယ်။ ဦးနှောက်ကတော့ circuit တွေ အပြည့်နဲ့ motherboard ကြီးလိုပဲ။ အဲ့ဒီအထဲက အာရုံကြော circuit တွေ ဝါယာရှော့ခ်ဖြစ်သလို မှားစီးကုန်ရင် epilepsy လို့ခေါ်တဲ့ အတက်ရောဂါ ရတတ်တယ်။ နည်းနည်းမှားရင် မသိမသာ တက်တယ်။ အများကြီးမှားကုန်ရင်တော့ တကိုယ်လုံး ဆန့်ငင်ဆန့်ငင် တက်ကရော လို့ ရှင်းပြခဲ့တယ်။

အခု ဦးနှောက်ထဲမှာ ပလပ်ကျွတ်တဲ့ ကိစ္စကတော့ အာရုံကြောလျှပ်စီးပါတ်လမ်းနဲ့ မဆိုင်ဘူး။ အတွေးအကြံ ခံစားသိစိတ်နဲ့ပဲ ဆိုင်မယ် ထင်ပါတယ်။ လူဆိုတာ အိပ်ပျော်နေတဲ့အချိန်ကလွဲရင် အတွေးတွေက တချိန်လုံး ပြေးလွှားနေတာ မဟုတ်လား။ ကြောင်ကလေးများ သိုးမွှေးလုံးကို အစဆွဲထုတ်သလို ထုတ်လိုက်ရင် မပြီးနိုင်မစီးနိုင် အတွေးမျှင်တွေ ဆက်ငင်မိတော့တာပဲ။ တခါတခါလည်း ဘယ်မှမရောက်ပဲ အဲ့ဒီနားလေးတင် တဝဲဝဲတလည်လည်နဲ့ ခေါက်တုန့်လူးလာ လျှောက်နေမိတယ်။ တခါတခါတော့လည်း ထွက်ပေါက်လားရာ ရှာမရပဲ အတွေးဝင်္ကပါထဲ လမ်းစပျောက်ရတယ်။ အတွေးတွေ သိပ်နက်သွားရင် အိပ်ချင်တဲ့စိတ်လည်းမဖြစ်ဘူး။ စားချင်တဲ့စိတ်လည်း သတိမရဘူး။ “မီးဖွင့်ပြီး ဝတ္ထုလေးတွေဖတ်တော့လည်း မင်းက ပေါ်လာတယ် ဇာတ်လမ်းထဲ။” ဆို သေချာတယ် ရူးတော့မှာ။ မရှိတဲ့ဟာကိုလည်း ရှိတယ် လို့ မြင်လာတယ်။ မကြားတဲ့ဟာကိုလည်း ကြားတယ်လို့ ထင်လာတယ်။ အရာအားလုံးရဲ့ အရင်းခံဟာ အတွေးလေ။ အတွေးတွေရှုတ်ပြီး ရှင်းမရဖြစ်တာက စတာပဲ။ မနောအာရုံကြီးက ဒဏ်ရာအနာတရ ဖြစ်သွားတာ၊ ပင်ပန်းနွမ်းနယ်ပြီး အားအင်ကုန်ခမ်းသွားတာ ခန္ဓာကိုယ်ကြီးရဲ့ ဘယ်နေရာမှာ ပြုပြင်ကုသလို့ ရမှာလဲ။ “ဦးနှောက်ထဲကလား။ ခန္ဓာကိုယ်ကလား။ ရင်ဘတ်ထဲကလား။ တင်းကြပ်ကြပ်နဲ့ပါ။” ဆိုရင် သဘောပေါက်လိုက်တော့။ အဲ့ဒါ သူများသိအောင် ပြောရခက်တဲ့ ဝေဒနာသည်လေးပါ ဆိုတာ။

သူ့အတွေးနဲ့သူ ဖြည်မရ ရှင်းမရပဲ ချည်မိတုပ်မိနေတဲ့သူတစ်ယောက်ကို ကိုယ့်ရဲ့ခွဲခန်းထဲက ဓါးနဲ့ ဘယ်အရာကို ဖြတ်တောက်ထုတ်ပလိုက်လို့ ရမှာလဲ။ “ငါ အရမ်းချစ်မိတာပါ။ ဓါးနဲ့ထိုးချိန်မှာတောင် မင်းအကြောင်းတွေး။” ဆို ဆက်တွေးနေဦးမှာလေ။ “ငါတော့ မေ့လို့မရတော့ဘူး။ မင်းသိလား။” ဆိုမှ မေ့ဆေးဆရာဝန်ကြီးတောင် ငုတ်တုတ်ပြန်မေ့သွားဦးမယ်။ ကိုယ့်ဆေးဘီရိုထဲကဆေးတွေ ပေးရအောင်ကလည်း “ဟေး အသည်းကွဲရင် ပျောက်တယ် ဆိုတဲ့ဆေး။ မင်းမရှိရင် ဖြစ်တယ် ဆိုတဲ့ဆေး။ ရှိရင်ပေး။” ဆို ပေးစရာကို မရှိတာ။ ဘယ့်နှယ်လုပ်မတုန်း။ ဒုက္ခပါပဲ။ ကိုကိုရေ ရူး ဟူ ဟူး ဟူ ပြီ။

လူနာရဲ့စိတ်ထဲမှာ ဘာတွေ မကျေမလည် နဲ့ အဖုအထုံးဖြစ်နေသလဲ သိရမှ အဲ့ဒီအရှုပ်အထွေးကို ရှင်းနိုင်မှာပေါ့။ ဒါကြောင့်လည်း စိတ်ဆရာဝန်တွေဟာ လူနာနဲ့ တစ်ခါတစ်ခါ စကားပြောရင် နာရီဝက် တစ်နာရီ ကြာတာပဲ။ သမားတော်တွေကြည့်သလို တနေ့ လူနာ ၂၀၀ လောက်များ ကြည့်လို့ကတော့ အိုက်ဆရာဝန်လည်း “ကြင်နာသူဟာ အရူးလား။” ဖြစ်သွားမယ်။ စိတ်ဆိုတဲ့အရာကြီးက ကိုင်တွယ်လို့လည်း မရဘူး။ စမ်းသပ်လို့လည်း မရဘူး။ လူနာပါးစပ်က ပြောသမျှကို ခွဲခြမ်းစိတ်ဖြာပြီး ကိုယ့်ဘာသာ နားလည်အောင် ကြိုးစားရတာ။ လူနာကိုယ်တိုင် သိသိကြီးနဲ့ ထုတ်မပြောပဲ ထိန်ချန်လျှို့ဝှက်ထားတာမျိုး ရှိနိုင်သလို သိကို မသိလိုက်ပဲ မသိစိတ်ထဲမှာ ငုတ်လျှိုးနေတဲ့ အရာတွေလည်း ရှိနိုင်တယ်။ ဘယ်နေရာက ဘယ်လိုချော်တောငေါ့သွားမှန်း မသိရင် အဲ့ဒါကို ဘယ်လို ကုစားတည့်မတ်ကြမလဲ။

ဒီကိစ္စက ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ် မဟုတ်သလို ကိုယ်လေ့လာသင်ကြားထားတဲ့ ဘာသာရပ်လည်း မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ကိုယ့်အနေနဲ့ ရေဆုံးရေဖျား ဆက်မလိုက်ပဲ “This is beyond me.” ဆိုပြီး စိတ်ပိုင်းဖြတ်ဖို့ သင့်ပါတယ်။ သို့ပေမယ့် ဘယ်လိုလုပ်မလဲ။ လူနာက ကိုယ့်ဆီမှာ။ ကိုယ်စာသင်ပေးထားတဲ့ကလေး။ မသေအောင် မနည်းကုထားရတဲ့ လူနာ။ ဒီကလေးတစ်ယောက်ကို ဥပမာတင်ပေမယ့် တော်လှန်ရေးကာလမှာ တခြားတခြားသော ကလေးတွေလည်း စိတ်ဒဏ်ရာတွေ ကိုယ်စီနဲ့ဆိုတာ ကိုယ် နားလည်ပါတယ်။ ကလေးတွေမှ မဟုတ်ဘူး။ လူကြီးတွေက ပိုတောင်ဆိုးသေး။ တတ်ထားတဲ့ပညာ နဲ့ ရင်းထားရတဲ့ဘဝတွေက မင်းအောင်လှိုင် ဆယ်ဘဝနဲ့လဲလို့တောင် မတန်မရာ တန်းချင်းမတူတဲ့ လူ့အဖိုးတန်တွေ။ ပညာရှိပီပီ လောကဓံရယ်လို့သာ အပြုံးမပျက်အောင် ရင်ဆိုင်နေရတာ။ ဘယ်သူကမှတော့ “ဟုတ်ပါရဲ့။ ငါ အမှားကြီး မှားတာပါ။” လို့ နောင်တ မရကြပါဘူး။ သုမနကျောမှာလည်း ဒဏ်ရာတွေနဲ့ပါ။

ကိုယ်ကိုယ်တိုင်မှာရော စိတ်ဒဏ်ရာတွေ မရှိဘူးလား ဟင်။ ဆယ်လီဖြစ်သွားပြီး ဝိုင်းမြှောက်ပေးတဲ့သူတွေများလို့ ခံနိုင်ရည်တွေ ပြည့်ဝသွားတာလား။ အဲ့သလိုတော့ မဟုတ်ပါဘူး။ အရင်စာတွေတုန်းက ရေးခဲ့သားပဲ။ ကိုယ့်အကြောင်းကိုယ် ပြန်မတွေးနိုင်ခဲ့တာ တော်တော်ကို ကြာနေပြီ လို့။ အဲ့ဒီတော့ ကိုယ့်မှာရှိတဲ့ ဒဏ်ရာတွေက ကိုယ့်ရဲ့ သိမှုအာရုံတွေဆီ ရောက်မလာဘူး။ detached ဖြစ်နေတယ်။ အတွေးဆိုတာ ရှုပ်ချင်သလောက် ရှုပ်လေ။ တစ်ခါဖြစ်ရင် တစ်ခုစီပဲ ဖြစ် တည် ပျက် လို့ရတာ။ ၂ ခု ပြိုင်မဖြစ်ဘူး မဟုတ်လား။ သူ့ကိုငြိမ်အောင်ထိန်းလိုက်ရင် လှုပ်လှုပ်ခတ်ခတ် ရှုပ်ရှုပ်ထွေးထွေး ဖြစ်စရာ မရှိတော့ဘူး။ စိတ်ရှင်းရှင်းထားတယ်။ အတွေးကိုလည်း ရှင်းရှင်းပဲထားတယ်။ အာရုံတွေ အနောက်မခံဘူး။ မနောပျက်မယ့် ကိစ္စတွေနဲ့ ဝေးဝေးနေတယ်။ နေရာတကာ ဝင်မပါဘူး။ အကြောင်းအရာ တော်တော်များများကို လှစ်လျူရှုတယ်။ ကိုယ့်အာရုံလေးနဲ့ကိုယ်နေတယ်။ ကိုယ့်စိတ်ထဲ ဘာတွေတွေးသလဲ။ ကိုယ်ရေးတဲ့စာတွေ ဖတ်ကြည့်ရင် အကုန်သိတယ်လေ။ စိတ်ထဲရှိတဲ့အတိုင်း ရေးနေတာ။ သူများကို လှည့်ဖျားဖို့ ကလိန်စေ့ငြမ်းဆင်နေတာ မဟုတ်ဘူး။ ဒါကိုမှ ရူးတယ်ဆိုရင်လည်း ကိုယ်တို့က ယဉ်ယဉ်လေး အမျိုးအစားထဲမှာ ပါမှာပေါ့။ “စိတ္တေန နိယျတိ လောကော။” လို့ ဆိုတယ် မဟုတ်လား။ အနက်မသိရင် နီးစပ်ရာ ဘုန်းဘုန်းဆီ မေးကြည့်နော်။ ချဲဂဏန်းချည့် တောင်းမနေနဲ့။ အိမ်စာပေးလိုက်တယ်။ သေချာမှတ်သွား။