ချန်ဂင်တို့စခန်း (၁၇၈)

မုန်တိုင်းပြီးတော့ မိုးရာသီထဲ ဆက်ဝင်သွားပါတယ်။ ရွာတော့လည်း အပူချိန်လျော့ပြီး နေလို့ကောင်းတာပေါ့။ လမ်းတွေတော့ ပျက်သွားပြီ။ ကားတွေလည်း ဒီဘက်ကို ပေးမဝင်ပဲ ပိတ်ထားတဲ့ရက်တွေ များတယ်။ ဆေးရုံမှာ လူနာနည်းသွားတာပေါ့လေ။ ပြင်စရာရှိတာပြင် စုဆောင်းစရာ ရှိတာတွေ စုဆောင်းဖို့ အချိန်ရသွားတယ်။ မီးစက်အသစ် မီးစလောင်း အသစ်တွေ ရပြီ။ အားကိုးရတဲ့ ကိုယ့်ဆရာလေး တစ်ယောက်ကတော့ ခေါင်းမှာတပ်တဲ့ ဆလိုက်မီးလေး လှမ်းပို့ပေးတယ်။ ကျေးဇူးကြီးလှပါဘိ။ ခက်ခဲတဲ့ဒေသပေမယ့် ဆေးတွေဝါးတွေ ပစ္စည်းကိရိယာတွေ လိုလေသေးမရှိ ပြည့်စုံအောင် ဖြည့်ဆည်းပေးကြတာ တော်ရုံတန်ရုံ စေတနာ သဒ္ဓါတရားတော့ မဟုတ်ပါဘူး။ ကိုယ့်ဆီကနေတဆင့် လိုအပ်တဲ့ ရှေ့တန်းဆေးတပ်ဖွဲ့တွေဆီရောက်အောင်လည်း ပြန်ဖြန့်ပေးပါတယ်။ သိတဲ့အတိုင်းပဲ။ ကိုဗစ်စင်တာဖွင့်တုန်းက သုံးမကုန်တဲ့ PPE ဝတ်စုံတွေတောင် အလဟဿဖြစ်မစိုးလို့ မကုန်ကုန်အောင် သုံးပစ်တာ။ ကိုယ့်ဆီကဆေးတွေ မသုံးလိုက်ရပဲ expired ဖြစ်တဲ့အထိတော့ မထားပါဘူး။ တော်လှန်ရေးကာလအတွင်းမှာ ကိုယ့်ဘက်ကလူတွေ ဘယ်လောက်တောင့်ခံထားပြီး ရုန်းကန်နေရမှန်း ကိုယ် နားလည်တယ်။ ဘယ်အရာကိုမှ အချည်းနှီး ပြုန်းတီး မခံနိုင်ဘူး။ ဆေးဝါး ပစ္စည်း ကိရိယာတွေမှ မဟုတ်ဘူး။ အလုပ်လုပ်နေတဲ့ လူအင်အားကအစ၊ ဝိုင်းဝန်းကြတဲ့ အများပြည်သူထောက်ခံမှုကအစ လျော့သွားနည်းသွားမှာစိုးလို့ အမျိုးမျိုး ကြိုးစားနေရတယ်။

ဆေးရုံရဲ့ work load ကတော့ ပုံမှန်ပါပဲ။ ရက်ချိန်းပေးထားတဲ့ elective လူနာလေးတွေ တစ်ယောက်ချင်း တစ်ယောက်ချင်း ပြန်ခေါ်ပြီး ခွဲပေးနေတယ်။ တော်ရောပေါ့။ တစ်နေ့တစ်ယောက်ဆို။ ခြေနိုင်လက်နိုင်ကလေး။ ဒီတစ်နေရာတည်းက ဒီလောက်ခွဲပေးနိုင်တယ် ဆိုတာ မလိုချင်တော့ဘူး။ ဒီလိုနေရာမျိုးတွေ အများကြီး အလုပ်လုပ်နေတယ် ဆိုတာပဲ လိုချင်တော့တယ်။ အခက်အခဲအမျိုးမျိုးကြားက တောင့်ခံထားရတဲ့ CDM ဆေးဝန်ထမ်းတွေ ကိုယ်စီကိုယ်စီ လုပ်ငန်းခွင်ပြန်ဝင်ကြဖို့ လိုပြီ။ လွတ်မြောက်နယ်မြေတွေမှာ ဆေးရုံလေးတွေ အများကြီး ထွက်လာကြပြီပဲ ဥစ္စာ။ ပြည်သူ့စစ်သား PDF ကလေးတွေကို တိုင်းပြည်က ချစ်ကြမြတ်နိုးကြသလို ပြည်သူ့ဆရာဝန်၊ ပြည်သူ့ဘက်တော်သားကလေးတွေကိုလည်း ပြည်သူတွေက ဘယ်လောက်ချစ်ကြ တန်ဖိုးထားကြသလဲ ကိုယ်ကိုယ်တိုင်ကြုံတော့ သိလာလိမ့်မယ်နော်။ ဆရာဝန် လောကမှာ ကိုယ်က လူစွမ်းကောင်း မဟုတ်ဘူး။ ဒီလိုမျိုး ရပ်တည် သင့်တယ်၊ ဒီလိုမျိုး အလုပ်လုပ်လို့ ရတယ် ဆိုတဲ့ နမူနာပုံစံငယ် တစ်ခုပဲ ဖြစ်ချင်တာ။ ဖေ့စ်ဘုတ်ပေါ်မှာ ကိုယ်ရေးတဲ့စာကိုဖတ်လို့ ကိုယ့်ဆီတစ်ပြားတစ်ချပ်မှ မဝင်ပေမယ့်လည်း “သူတောင် ဒီလိုလုပ်သေးတာ။ ငါက ဘာလို့ မလုပ်နိုင်ရမှာလဲ။” ဆိုတဲ့အတွေးနဲ့ နွေဦးဆေးရုံဆေးခန်းကလေးတွေ တစတစ ပြန့်ပွါးလာရင် ဘယ်လောက်ကောင်းမလဲ။

နှစ်နှစ် ရှိပြီလေ။ ဒီကြားထဲ နေထိုင်မကောင်းတော့ ဖြစ်ဖူးတယ် မဟုတ်လား။ “နာနေဖျားနေရင် ဘယ်သူက လာပြီး စောင့်ရှောက်ပေးမလဲ ဟင်။” လို့ စိတ်ပူရမှာက တောထဲတောင်ထဲက ကိုယ့်အတွက် မဟုတ်ပါဘူး။ ရန်ကုန်က မိသားစုတွေ မကျန်းမာရင် ကိုယ်ကတောင် ပြန်စိတ်ပူနေရသေးတယ်။ အပြင်ဆေးခန်းမှာပြလို့ အဆင်မှ ပြေကြရဲ့လား။ ဆေးရုံတက်ဖို့လိုလာခဲ့ရင် နန်းစိန်တွေနဲ့ ဘယ်လိုလုပ်ရပါ့မလဲ။ နိုင်ငံခြားဆေးထွက်ကုချင်ရင်တောင် ဗုဒ္ဓဂါယာကို ဘုရားဖူးအရင်ထွက်ပြီးမှ စာအုပ်ရမှာဆို။ လူတိုင်း အဲ့ဒီဒုက္ခတွေ ခံဖူးပြီးသား နေမှာပါလေ။ စစ်မက်အနာတရရော ရောဂါဘယရော ထူပြောတဲ့ ဒီကနေ့ခေတ်ကြီးမှာ ကိုယ်တတ်ထားတဲ့ ဆေးပညာနဲ့ ဆေးမကုချင်ဘူးလား။ ဒုက္ခရောက်နေတဲ့ လူမမာတွေကို မကူညီချင်ဘူးလား။ တောထဲလာရမယ် မဆိုလိုပါဘူး။ ရောက်တဲ့အရပ်၊ နီးစပ်ရာနေရာတွေမှာ ဝင်ကူရုံပါ။ အခုချိန်က “လူထုအားကို အများကြီးလိုသည်။” ဆိုတဲ့ အချိန်လေ။ ကိုယ် အဲ့သလို နားပူနားဆာ လုပ်လွန်းတဲ့အတွက်ကြောင့် ကိုယ့်ဆေးရုံကို ဆရာဝန်လေးတွေ ရောက်လာကြပါတယ်။ လူမရှိလို့ သူတို့ကို ခိုင်းစားမယ် မရည်ရွယ်ပါဘူး။ ကိုယ့်ဆီမှာ လေ့ကျင့်သင်ကြားပြီးရင် တခြားနေရာတွေမှာ အခုလိုပဲ တပိုင်တနိုင် ဆေးရုံဆေးခန်းလေးတွေ ပွါးလာတော့ ပိုမကောင်းဘူးလား။ ဆန်စင်ရာ ကျည်ပွေ့မလိုက်နိုင်တဲ့အတူတူ သူတို့ဘာသူတို့ အစေ့ကျရာ အပင်ပေါက်ပလေ့စီ။

စိတ်မချရဘူး။ အန္တရာယ်များလိမ့်မယ် ထင်ရင်တော့ မခေါ်ပါဘူး။ ကိုယ်တို့ဘက်က အသာစီး အခြေအနေမှာ ရှိလို့ ခေါ်တာပါ။ ဟိုတုန်းကဆို ကားဒက်ရှ်ဘုတ်ပေါ် စစ်ဦးထုပ်အပြားကလေး တင်ထားရင် မော်တော်ပီကယ်တောင် မတားရဲတဲ့ ခေတ်ကို မီလိုက်ကြတယ် မဟုတ်လား။ အေး ဒီကနေ့ခေတ်ကိုကြည့်လိုက်။ ဗိုလ်မှူးမသာတောင် မသာရှင်နံမည်မဖော်ပဲ တိတ်တိတ်ကြိတ်ငိုရတာ။ ဖေ့စ်ဘုတ် ပေါ်တောင် တင်လို့မရ။ အမျိုးအရင်းကြီးတွေတောင် ဆွေမျိုးစပ်ခံရမှာ ကြောက်နေကြပြီ။ ဒလန်တွေ မဘသတွေဆို လူစာရင်းတောင် အသွင်းမခံရ။

ပြည်သူတွေအပေါ် လက်နက်အားကိုးနဲ့ တဘက်သတ် အနိုင်ကျင့်တယ်။ ဘယ်သူကမှ တားဆီးကာကွယ်မပေးဘူး။ ကိုယ်ကိုယ်တိုင် ခုခံတွန်းလှန်ဖို့ကလွဲလို့ တခြားနည်းလမ်း မရှိဘူး။ နောက်ဆုံးမှာ တပြည်လုံးက အုံကြွတော်လှန်လာကြတယ်။ ဒါတွေက တဆင့်ပြီးတဆင့် ဖြတ်သန်းလာခဲ့ပြီးသား တော်လှန်ရေးဖြစ်စဉ်တွေပါ။ အခုနောက်ဆုံးက အောင်ပွဲဝင်မယ့် အနိုင်ရမယ့် အချိန်တွေပဲ ကျန်တော့တယ်။ ဒါကြောင့်မို့ နာကူ မကူချင်နေပါ။ အခု သာနေပြီ။ သာကူးကူးခဲ့ကြဖို့ အချိန်ကောင်းကလေးပဲ။ ဒါလေး ခဏဝင်တွန်းပြီးရင် တသက်လုံးလည်း နံမည်ကောင်းလက်မှတ်ရမှာ။ ဘူးသီးမှ အရီးလာတော်တဲ့သူတွေလို သူများ မေးငေါ့စရာ မဖြစ်ဘူး။

ကိုယ်တို့တုန်းကလို ရေထဲမိုးထဲ ရွှံ့ထဲဗွက်ထဲ မရုန်းရပါဘူး။ ကျော့ကျော့မော့မော့ ဝတ်စားပြီး မြို့စွန်ရွာဦး ဆေးထိုင်ကုရုံတင်ပါ။ အန္တရာယ်မရှိတာ သေချာရဲ့လား လို့ စိုးရိမ်နေဦးမလား မပြောတတ်။ စစ်တပ်ရဲ့ အာဏာစက်က လက်လွှတ်လိုက်ရတဲ့ အပိုင်းတွေဖြစ်လို့ မြို့ပေါ်မှာ တိတ်တိတ်ဆေးကုနေသလောက်တော့ အန္တရာယ်မများပါဘူး။ ဒလန်ကိုပဲ သတိထားစရာ လိုတယ်။ ပဇီကြီးရွာ ပြာကျတာ ဒလန် မီးမွှေးတာလေ။ သိတယ် မဟုတ်လား။ ဒါပေသိ ခုချိန်မှာတော့ ဒလန်တွေလည်း အမြီးကုပ်နေပါပြီ။ သူတို့ပထွေးတွေတောင် သူတို့မခေါ်ပဲ ဆုတ်ခွါသွားကြမှဟာကို။ “အို မဟုတ်တာတွေ မပြောနဲ့လေ။ တပ်မတော်ကြီးက အောင်ပွဲရနေတာ။” လို့ တွေးမိရင်တော့ “မြဝတီသတင်းတွေ သိပ်မကြည့်နဲ့။ ရူးတတ်တယ်။” လို့ သတိပေးလိုပါတယ်။ ဘဂ္ဂဒက်က ဘော့ဘ်လည်း နောက်ဆုံးအချိန်ထိ သတင်းတွေ တင်ဆက်နေတုန်း။

ဟိုးအရင်ကလည်း ဒီလိုပဲ “လာခဲ့ပါ လာခဲ့ပါ။” တကျော်ကျော် ခေါ်ဖူးသလို လာတဲ့သူတွေလည်း လာကြပါတယ်။ အချိန်အတိုင်းအတာတစ်ခုအထိ အတူ လက်တွဲသင်ယူ အလုပ်လုပ်ကြပြီးရင် နောက်တနေရာမှာ နောက်ထပ်ဆေးရုံလေးတွေ တည်ပြီး အလုပ်လုပ်နိုင်အောင် လူပြန်ဖြန့်ရတာပေါ့။ ကိုယ့်ဆေးရုံမှာ လူနာတွေလိုပဲ အလုပ်လုပ်တဲ့သူတွေလည်း အဝင်အထွက် အတက်အဆင်း နဲ့ လည်ပတ်နေစေချင်တာ။

တကယ်တော့ သင်ကြားရေးဆိုတာ ဆေးရုံစဆောက်တုန်းက ပါတဲ့ နဂိုမူလ ရည်မှန်းချက် မဟုတ်ပါဘူး။ ၂၀၂၃ နှစ်ကူးပြီးကာမှ ဆေးသင်တန်းမှာ စာသွားသင်ရင်း ကလေးတွေကို စိတ်ပါလက်ပါသင်၊ တချို့ကလေးတွေက ကိုယ့်ဆေးရုံအထိလိုက်လာပြီး လက်တွေ့အလုပ်တွေလိုက်သင်။ ဒီလိုနဲ့ပဲ ကျွဲကူးရေပါ တဆက်တည်း လုပ်ဖြစ်သွားတာ။ အခု အဲ့ဒီကလေးတွေ တသုတ်ပြီးတသုတ် ရှေ့တန်းပြန်ထွက်သွားကြပြီ။ အမှန်တကယ်မှာတော့ လူအများကြီးကို ကိုင်တွယ်ထိန်းသိမ်း အလုပ်လုပ်ရတာ တာဝန်ကြီးပါတယ်။ ဦးနှောက်လည်းစားတယ်။ ပြီးခဲ့တဲ့လတွေမှာဆို ကိုယ်တို့ဆေးရုံ လူနာ ၅၀ ရှိရင် အလုပ်လုပ်နေတဲ့ ဝန်ထမ်းအင်အားက အစိတ်လောက် ရှိတယ်။ YGH မှာတုန်းက ဟောက်ဆာဂျင်တွေကိုတောင် သတိရသေး။ ဟိုဘက်ကသိရင် ဗုံးလာကျဲမစိုးလို့ အသာလေး ချိုထားရတာ။ အခုတော့ မိုးတွင်းကာလမို့ လူနာလည်းရှင်း၊ အလုပ်သင်လည်း ရှင်း။ ခွဲချင်တဲ့လူနာလေးတွေ တစ်ယောက်ချင်း တစ်ယောက်ချင်း ခေါ်ခေါ်ပြီးခွဲ။ သာသာယာယာပဲ။

ဆရာဝန်ဘဝရဲ့ စိန်ခေါ်မှုထဲမှာ ကိုယ်တို့ဖြတ်သန်းရတဲ့ ၂၀၂၀ နောက်ပိုင်းကာလတွေဟာ အရင်တုန်းက တစ်ခါမှ မကြုံဖူးခဲ့တဲ့ စိန်ခေါ်မှုအသစ်တွေနဲ့ချည့် တွေ့ရတာပဲ။ ကူးစက်နှုန်းလည်းမြင့်မား အသေအပျောက်လည်း အင်မတန်များတဲ့ pandemic ကပ်ရောဂါဆိုးကြီးကို နှစ်ရှည်လများ ရင်ဆိုင်ခဲ့ရတယ်။ ရောဂါရဲ့ လှိုင်းကြမ်းတွေကို ကိုယ့်ရှိတဲ့အင်အားနဲ့ ခက်ခက်ခဲခဲ တွန်းလှန်နေရင်းမှာပဲ လူယုတ်မာတွေ မိုက်မိုက်ကန်းကန်း အာဏာထသိမ်းလို့ ကျန်းမာရေးစောင့်ရှောက်တဲ့ စံနစ်ကြီးတစ်ခုလုံး ပြိုကျပျက်စီးသွားခဲ့တယ်။ ခုထက်ထိ ပြန်ပြီးမလည်ပတ်နိုင်သေးတာ ဆရာဝန်တိုင်း အသိ။ ကျောက်ကပ်ပျက်စီးသွားတဲ့လူနာတွေ၊ ဆေးသွင်း ဓါတ်ကင် ကုသရမယ့် ကင်ဆာရောဂါသည်တွေ၊ အထူးကြပ်မတ်ကုသဆောင်မှာ တက်နေသင့်တဲ့ အသည်းအသန်လူနာတွေ၊ ကိုဗစ်ကပ်ရောဂါနဲ့ အောက်ဆီဂျင်ပြတ်လပ်နေတဲ့ သက်ကြီးရွယ်အိုတွေ ဘယ်လောက် ဒုက္ခရောက်ကြသလဲ ကိုယ်တိုင်ခံစားဖူးရင်၊ ကိုယ့်အမျိုးထဲမှာ ကြုံဖူးရင် သိပါလိမ့်မယ်။

အောင်မယ်လေးဟယ်။ ဆေးလောကကြီးဟာ သူမရှိတာနဲ့ပဲ ဘယ်သူမှ အလုပ်မလုပ်တော့သယောင် လောင်နေလိုက်တာ။ တနိုင်ငံလုံးက ဆေးရုံတွေ အကုန်ပြန်အလုပ်လုပ်နေပါပြီ။ မယုံရင် မြဝတီသတင်းထဲ ကြည့်ပါလား။ ကြည့်ပါတယ်။ မကြည့်လည်း ဖေ့စ်ဘုတ်ပေါ် တက်လာတာပဲဥစ္စာ။ ကျောင်းတွေလည်း ပြန်ဖွင့်လို့ စိန်ပေါလ် ကျောင်းမှာတောင် မိန်းကလေးတွေ ကျောင်းတက်နေပြီ။ မြင်တယ်။ သဘောပေါက်တယ်။ C တဲ့သူတွေ ပြန် Non လို့ Non တဲ့သူတွေတောင် ပြန် C ကုန်ပေါ့။ အဲ့ဒါ ဆရာဝန်တွေ CDM လုပ်ကုန်လို့ ကြုံရတဲ့ပြဿနာလို့ ယူဆရင် သူတို့ဘာလို့ CDM လုပ်ကုန်သလဲ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။ ဒါလည်း နေပြည်တော်ကလူတွေ ဖြတ်သန်းခဲ့ဖူးတဲ့ အတွေ့အကြုံတွေပါလေ။ ဆမတွေထိုင်သိမ်းတယ်။ ဆေးခန်းတွေမှာ လိုက်ဖမ်းတယ်။ နိုင်ငံခြားထွက်ခွင့်ပိတ်တယ်။ အိမ်တွေ လိုက်ပြီး ချိတ်ပိတ်တယ်။ ဆေးရုံတွေတော့ နဂိုအတိုင်း ပြန်အလုပ်မလုပ်နိုင်သေးပါဘူး။ စစ်ဆရာဝန်တွေ အရပ်ဘက်ပို့ပြီး ကုခိုင်းလည်း ပိုက်ဆံရမယ့်နေရာမဟုတ်ရင် ဟိုကဖြင့် သေးတောင်ဝင်မပေါက်ဘူး။ ရှင်းလား။

CDM လည်း မလုပ်၊ ဆန္ဒပြတဲ့ထဲလည်း မပါ၊ ဆိုရှယ်မီဒီယာမှာတောင် ဘာစာမှရေးမတင်နိုင်ပဲ ပြည်သူ့ဆေးရုံပေါ်မှာ သေနတ်ဒဏ်ရာနဲ့လူနာတွေကို ဆေးကုနေလို့ အဖမ်းခံရတဲ့ ဒေါက်တာမော်ဦးတောင် အခုထက်ထိ ထောင်ကပြန်လွှတ်မပေးသေးဘူး။ သေသွားတဲ့ ဆရာဝန် ဆရာမ ဆေးကျောင်းသားတွေလည်း အများကြီးပဲ။ လူတိုင်းလူတိုင်းက ဒီနိုင်ငံရေးစိန်ခေါ်မှုကြီးကို ကိုယ့်ခံယူချက်နဲ့ကိုယ်၊ ကိုယ့်အတွေးအခေါ်နဲ့ကိုယ် ရင်ဆိုင်ဖြတ်သန်းကြရတာပဲ။ ဒါ ဒီခေတ်မှာ ဆရာဝန်ဖြစ်လာတဲ့ မြန်မာပြည်သားတိုင်း ကြုံတွေ့ကြရတာ။ အရင်တုန်းက ဒါမျိုးဖြစ်ရင် ဘယ်သူတွေတော့ ဘယ်လိုလုပ်သွားကြတာပဲ ဆိုတဲ့ နမူနာယူစရာ သင်ခန်းစာ မရှိပဲနဲ့ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရုန်းကန်ကြရတယ်။ ကိုယ်လုပ်တာမှ အမှန်၊ သူများတွေလုပ်တာ အမှား လို့ မဆိုလိုပါဘူး။ သူ့အကြောင်းနဲ့သူ ကိုယ့်အကြောင်းနဲ့ကိုယ်။ ဒါပေမယ့် အကျိုးဆက်ကိုတော့ တနိုင်ငံလုံး ခံစားရတာပဲ။ ကလေးတွေ ကာကွယ်ဆေး မထိုးနိုင်ဘူး။ မိခင်တွေ ကိုယ်ဝန်စောင့်ရှောက်မှု မရဘူး။ ငှက်ဖျား၊ တီဘီ၊ HIV ရောဂါသည်တွေ အလွယ်တကူ ဆေးမရတော့ဘူး။ ညနေကဆို ဆေးရုံလာတက်တဲ့ လူနာစောင့်မှာ leprosy ရောဂါတွေ့တယ်။ ဘယ်လွှဲရမှန်း မသိဘူး။ လွှဲစာကို ရွှေပေလွှာဝေသလို ၂ စောင် ၃ စောင် ရေးပေးပြီး ဘယ်ဆေးရုံက ဆေးရရ ဆေးရတဲ့ဆီမှာ ယူသောက်ပါ။ သောက်ဖြစ်အောင်သောက်ပါ။ ကိုယ့်သားသမီးတွေ အပါယ်ခံ အကျဉ်ခံ မဖြစ်စေချင် သောက်ဖြစ်အောင် သောက်ပါ လို့ မှာလိုက်တယ်။ ကိုယ်က CDM မို့လို့ ဆေးရုံက Non C တွေနဲ့ အလုပ်တွဲမလုပ်ဘူး သဘောမထားပါဘူး။ လွှဲစရာရှိရင် ကိုယ်ကတော့ သေသေချာချာ စာရေးပြီးလွှဲပါတယ်။ သူတို့ဘက်က တုန့်ပြန်တာ သူတို့အပိုင်း။

ဒီအချိန် ဒီကာလ ဒီတိုင်းပြည်မှာ ဘာတွေဖြစ်သလဲဆိုတာက ရွေးချယ်လို့ မရဘူးပေါ့။ မြန်မာနိုင်ငံသားတိုင်းအတွက် ပေးထားချက်ကြီးတစ်ခု။ အဲ့ဒါကို ကိုယ့်ဘက်က ဘယ်လို တုန့်ပြန်သလဲ။ ဘယ်ထိအောင် တောင့်ခံနိုင်သလဲ။ ဘယ်လိုအနိုင်ယူကျော်လွှားခဲ့သလဲဆိုတာကတော့ ကာယကံရှင်ရဲ့ ရွေးချယ်မှုအတိုင်းပါပဲ။ ဒီကာလမှာ ဆရာဝန်ဖြစ်လာတယ်။ ကိုယ် ဘယ်လိုဆရာဝန်မျိုးလဲ ကိုယ့်ဘာသာသိကြရမယ်လေ။ “ဒီအရွယ်မှာမှ ကိုယ် ဘာကောင်မှန်း မသိရင် ကိုယ်ထင်တာထက် ကိုယ်ဟာ ပိုအ ပေါ့။” တဲ့။ တိုင်းပြည်က ပျက်သွားတယ်။ ကိုယ့်အသက်ကိုယ် ရှင်သန်အောင် မွေးမြူရတယ်။ ရှိပါစေလေ။ ပျက်ပြီးရင်တော့ ပြန်တည်ဆောက်ယူရမှာပဲ။ ဘယ်ဆရာဝန်ပဲဖြစ်ဖြစ် Health System Reform လုပ်တဲ့အထဲမှာ ပါရတော့မှာ မဟုတ်လား။ အရင်တုန်းကအလုပ်တွေ၊ လုပ်နေကျအလုပ်တွေနဲ့ ဒီအတိုင်းဆက်သွားလို့ မရတော့ဘူး ဆိုတာ သဘောပေါက်မှာပါ။ စစ်အာဏာရှင်လက်အောက်မှာတောင် ကိုယ့်ကိုယ်ကိုယ် နေသားကျအောင် ပြုပြင်ပြောင်းလဲလာခဲ့သေးတာပဲ။ စစ်အစိုးရ ပြုတ်ကျသွားရင် ငါဘာဆက်လုပ်မလဲ ဆိုတဲ့ နောက်ထပ်ပေးထားချက် အသစ်တစ်ခုအတွက် စဉ်းစားထားရမယ့်အချိန်ရောက်လာပြီနော်။

မပူပါနဲ့။ ဝန်ထမ်းစစ်စစ်ပါ။ ဘယ်အစိုးရတက်တက် ကိုယ့်ရာထူးကိုယ် မပြုတ်အောင်နေတတ်ပါတယ်။ မိုးရွာရင် မိုးရေချိုးမယ်။ မေမေလာရင် နို့စို့မယ်ပဲ။ ဘယ်သူလာလာနို့စို့လို့ရအောင် လျှာဂျွန်းပြန် မုန့်ဟင်းခါးလေး စားထားတယ်။ ရေယုန်တွေ ကြွက်နို့တွေ ကူးကာမှ ကူးရော။ အလုပ်ထဲ သက်တမ်းစေ့နေပြီးမှ gracefully retired လုပ်မှာတဲ့။ ယူတို့လို dismissed letter နဲ့ ဆမအသိမ်းခံပြီး ထွက်မယ့်အစား မဟုတ်ဘူး။ လူနာကိစ္စကတော့ ဆရာကြီးနဲ့ကုချင် ဆရာကြီးဆေးခန်း လာပြလေ။ ပိုက်ဆံသာများများသာ ယူခဲ့။ ဟုတ်ပြီလား။ ဟုတ်ပါပြီ။ ဒါလည်း သူ့အနေအထားနဲ့ သူရွေးချယ်တဲ့ ခေတ်စံနစ်ကို ရင်ဆိုင်နည်းပေါ့။ ဘရာဘို။ ရှာပို။ hat off to you.

အခု သည်စာဖတ်နေတဲ့သူက ဆရာဝန်တစ်ယောက်ဖြစ်တယ်ဆိုရင် ဘယ်လို ရွေးချယ်မှုမျိုးကို ရွေးမှာလဲ။ မတိုက်တွန်းပါဘူး။ စဉ်းစားပါ။ ဒါ ကိုယ့် career life မှာ ကြုံရတဲ့ crisis challenge ပဲ။ အရင်ဆုံးလုပ်ရမှာက ကိုယ်ဘယ်လိုရပ်တည်မလဲ။ ကိုယ့်ရဲ့ရပ်တည်ချက်ကို ပြတ်ပြတ်သားသား သိအောင် လုပ်။ ပြီးရင် ကိုယ် ဘယ်အရာကို ယုံကြည်သလဲ။ ယုံကြည်တဲ့အတိုင်း တစိုက်မတ်မတ်လုပ်။ ဒီအခါမှာ ကိုယ်က ဘယ်လိုဆရာဝန်မျိုးလဲ သူ့ဘာသာ ရုပ်လုံးပေါ်လာပါလိမ့်မယ်။ ကျေနပ်တယ်ဆိုလည်း ပြီးတာပဲ။ မကျေနပ်ရင် ပြုပြင်ပေါ့။ မတတ်သာလို့ ဒီအတိုင်း နေရတယ် လို့ ဆင်ခြေမပေးပါနဲ့။ ပြင်ချင်ရင် အခုပြင် အခုရပါတယ်။ ကိုယ်နဲ့ အယူအဆမတူလို့ ရန်သူလို သဘောထားစရာအကြောင်း မရှိပါဘူး။ စိတ်တူသဘောတူ ရှိရင်တော့ အတူလက်တွဲပြီး အလုပ်လုပ်ကြဖို့ ဖိတ်ခေါ်ပါတယ်။ ဖေးကူပါဦး။ ပြေးထူပါဦး။ ကိုယ့်ကို မဟုတ်ပါဘူး။ နီးစပ်ရာက နာမကျန်းတဲ့ လူမမာတွေကိုပါ။

“အို ကူညီရမှာပေါ့။ ချစ်တုံးလေးတို့ရေ သည်းတုံးလေးတို့ရေ။ နေမကောင်းဘူးလား။ ဖြစ်မှဖြစ်ရလေ။ ကိုင်း လာ လာ။ ဒေါက်ဒေါက်ဆေးခန်းကိုလာ။ သောက်လိုက်ပါဦး။ ဆေးဆေးလေးတွေ သောက်လိုက်ပါဦး။ အွင်း လိမ်မာလိုက်တာ။ ကောင်းသွားပြီ။ တားတားချားချင်တာ ချားလို့ရပြီ။ ချောင်းဆိုးတော့ဝူး။ ရင်ကြပ်တော့ဝူး။ အက်ဒါ ထက်လင်း ရင်လူးချေး ချောင်လို့ပေါ့။ ပြန်လို့ရပါပြီ။ ဟိုရှေ့က မမနပ်စ်နပ်စ်ဆီမှာ ဆေးဖိုးလေးတွေ ရှင်းပြီးရင် ပြန်လို့ရပါပြီ။ နောက်လည်းလာနော်။ အာဘွား။”

(ပိုင်ဖြိုးသုတို့ ချစ်သုဝေတို့ အသံနဲ့ မဖတ်ရဘူးနော်။ တက္ကသိုလ်ဂွမ်းပုံအသံနဲ့ အိုက်တင်လေးတွေပါ မြင်ယောင်ပြီးဖတ်။ အဲ့ဒါမှ ဆေးစွမ်းက ထက်မှာ သိလား။)