ချန်ဂင်တို့စခန်း (၁၇၇)

ဒီအရပ် ဒီနေရာမှာ ဥတုသုံးလီ ရာသီစက်ဝန်း တစ်ပါတ်လည်အောင် နေခဲ့ပြီးပြီမို့ အရာရာ နေသားတကျ ဖြစ်နေပြီလို့ ပြောရင်ရပါတယ်။ သစ်ပင်လေးတွေ မြက်ပင်လေးတွေကအစ ကိုယ်နဲ့အကျွမ်းတဝင် ရှိနေပြီ။ ထိတွေ့မှုတိုင်းကို “မနှစ်ကဆိုရင်…” လို့ မှတ်ဉာဏ်ထဲမှာ ပြန်နှိုင်းယှဉ်စရာ ရနေပြီ။ Facebook ကြီးကတောင် ကိုယ့်ရဲ့”မနှစ်ကဆိုရင်”တွေကို ပုံတွေစာတွေနဲ့တကွ memories တွေ တင်တင်ပေးနေတယ်။ ဟုတ်သားပဲ။ မနှစ်က ဒီအချိန် ဒီမှာ။ အချိန် နဲ့ နေရာတွေ တူတယ်။ ကိုယ်ပဲ မတူတော့တာ။ ဒီလူတော့ ဒီလူပါပဲ။ သို့သော် မနှစ်ကနဲ့ မတူတော့တာ ကိုယ့်ဆီမှာ အများကြီးပဲ။ စာရေးရင် အမြဲပါနေကျ စမ်းချောင်းလေးလည်း မနှစ်ကနဲ့မတူ။ ဆေးရုံနဲ့အနီးကပ်ဆုံးတည်ရှိနေတဲ့ ရွာကလေးလည်း မနှစ်ကနဲ့မတူ။ ထင်ရှားမြင်သာတဲ့ ပြောင်းလဲခြင်းတွေ သတိပြုမိတယ်။ “နေမင်းရဲ့ အလင်းရောင်ခြည်လည်း မနေ့ကနဲ့မတူ မနေ့ကလို မပူတော့ပြီ။” ဆိုတဲ့ ခံစားမှုမျိုးတွေလည်း ရလာပါပြီ။ နေ့ရက်တိုင်းကို မင်္ဂလာရှိအောင် ကြိုးစားနေထိုင်တဲ့သူတစ်ယောက်မို့ နောက်ထပ်ဖြတ်သန်းရတဲ့ နှစ်သစ်တစ်နှစ်ဟာလည်း မင်္ဂလာရှိသောနှစ်သစ်ဖြစ်နေတာ သဘာဝကျပါတယ်။

မနှစ်တုန်းက စာရေးရင် တဝက်လောက်က ဒေသန္တရမြင်ကွင်းတွေကို မျက်စိထဲမြင်လာအောင် သရုပ်ဖော် ရေးတာ။ ရှေးသီချင်းကြီးတွေထဲက ရာသီအဖွဲ့အနွဲ့စာသားတွေကို အလျဉ်းသင့်သလို ယူသုံးတာ။ ကိုယ့်အတွက်တော့ အင်မတန် အရသာရှိတယ်။ ဒီသီချင်းတွေကို နားထဲမှာ ပြန်ကြားယောင်ပြီးမှ ရေးတာကိုး။ သို့သော် အဲ့ဒီအသံတွေက မကြားဖူးရင် စာဖတ်သူတွေဆီ ပါမသွားဘူး ဆိုတာ YouTube ပေါ် ပြန်ဖတ်ပြမှပဲ သဘောပေါက်တယ်။ တမင်သက်သက် အဆန်းထွင်ပြီး သီချင်းစာသားတွေ ထည့်ရေးနေတာတော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ကမ္ဘာမှာ ဘယ်အရာဖြစ်ဖြစ် Playback Music တွေနဲ့ Dubbing လိုက်ထားပြီးသား။ အသံတွေ ထည့်ထားပြီးသား။ “ဘယ်လို ဘယ်လို ပြောလိုက်တယ်။ ပြန်ပြောပါဦး။ ပြန်ပြောပါဦး။” ဆိုတဲ့ စကားလေးကအစ ဖြူဖြူကျော်သိန်း အင်တာဗျူးထဲက လေယူလေသိမ်းအတိုင်း အနိမ့်အမြင့်အတက်အကျ ရှိတယ်။ အဲ့ဒါကြောင့်မို့လို့ စာဖတ်တဲ့သူရဲ့ memory ထဲမှာ same experience ၊ same feeling ရှိခဲ့ဖူးမှသာ ထူးကဲတဲ့ အရသာပေါ်တယ်။ စားမြုံ့ပြန်တယ်ဆိုတာ အရင်စားထားတဲ့အစာရှိမှ ပြန်လို့ရတာ မဟုတ်ဘူးလား။ အဲ့သလို ရည်ညွှန်းကိုးကားချက်တွေများလို့ ဘာတွေရေးထားမှန်း မသိဘူး ဆိုပြီး မကြိုက်တဲ့သူတွေ အများကြီး ရှိပါလိမ့်မယ်။ ရှိပစေလေ။ ကိုယ်က လူကြိုက်နည်းတဲ့ အကောင်ပါ။ ဒါပေသိ စားနေကျလူတွေ အရသာသိတယ်။ ငါးသလောက် ငါးသလောက်။ ဟောကြည့်။ ဒါလည်း မောင်ချောနွယ် ကဗျာ ဖတ်ဖူးမှ အဓိပ္ပါယ် နားလည်လိမ့်မယ်ဗျား။

မနှစ်တုန်းက သီချင်းတွေ ထည့်ရေးနိုင်တာ သီချင်းနားထောင်ဖို့ အချိန်ရတာကိုး။ နေ့ခင်းဘက် အားတဲ့အချိန် စုဆောင်းထားသမျှ ရှားပါးသီချင်းကြီးတွေ ဖင်ပြန်ခေါင်းပြန် နားထောင်ဖြစ်တယ်။ ဆိုချင်ရင်လည်း ကိုယ့်ဘာသာ သီချင်းမပါတဲ့ တီးလုံးကလေးတွေထဲ ဝင်ဝင်ဆို။ သူများနားထောင်ဖို့ မဟုတ်ဘူး။ ကိုယ့်ဘာသာ အရသာရှိဖို့။ အဲ့ဒါ မနှစ်ကပေါ့ဗျာ။ ဒီနှစ်တော့ တေးမြုံငှက် ဖြစ်နေတာ ကြာပြီ။ သီချင်းနားထောင်ဖို့ အချိန်လည်းမရဘူး။ အာရုံလည်း မရတော့ပါဘူး။

မနှစ်တုန်းက ညနေမိုးချုပ်ရင် တစ်ည ၂ နာရီတော့ မီးစက်မောင်းပေးတယ်။ အဲ့ဒီတော့ ဘာဖြစ်ရမှာလဲ။ ကိုရီးယားကား ကြည့်တယ်လေ။ အခုများဖြင့် ညဘက် မီးစက်နှိုးသံကြားရင် OT ရှိလို့သာမှတ်။ တနေ့လုံးလည်း မီးစက်က ပြတ်တယ် လို့ကိုမရှိ။ ညဘက်တော့ အလုပ်မရှိရင် ဆီကုန်မှာစိုးလို့ မနှိုးဘူး။ မှောင်မှောင်ပဲ နေကြတယ်။ စောစောအိပ်ထ ပြုကျင့်ကြပေါ့။ အခု ဆိုအင်ဗာတာ တပ်ထားပေမယ့် တီဗီကို နေ့လည်းမဖွင့် ညလည်းမဖွင့်နိုင်တော့ဘူး။ စာတောင် အိပ်ချိန်က ဖဲ့ဖဲ့ရေးရတာ။ ပိတ်ရက် နားရက် မရှိ။ ရုံးတက်ရုံးဆင်း မရှိ။ လူနာ ရှိရင် ရှိသလို ၂၄ နာရီ အလုပ်လုပ်ရတာ ဆေးရုံစတည်ကတည်းကပါပဲ။

အဲ့သလို အချိန်ပြည့် အလုပ်ထဲမှာ နစ်နေရတာ တစ်ခုတော့ ကောင်းတယ်လေ။ အချိန်ရှိသ၍ သူများကိစ္စ (လူနာကိစ္စကို ပြောတာပါ) တွေချည့် ခေါင်းထဲထည့်ထားရတဲ့အခါကျတော့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ လဲပြိုဖို့ အချိန်မပေးနိုင်တော့ဘူး။ ကိုယ့်အကြောင်းကိုယ်လည်း ခေါင်းထဲမထည့်နိုင်ဘူး။ ပျော်ရင်လည်း လူနာအတွက်ပျော်ရတာ။ ဝမ်းနည်းရင်လည်း လူနာအတွက် ဝမ်းနည်းရတာ။ ရင်ခုန်စိတ်လှုပ်ရှားရင်လည်း လူနာကုတဲ့ကိစ္စနဲ့ပဲ ပါတ်သက်မယ် မဟုတ်လား။ အာရုံတွေက အရမ်းကို focus ပြတ်နေတာလေ။ “ဟာ ငါ ဒီရောက်တာ ဘယ်လောက်တောင် ကြာသွားပါပေါ့လား။ နောက်ထပ် ဘယ်လောက်တောင် ကြာဦးမှာပါလိမ့်။” အဲ့သလို စဉ်းစားတွေဝေနေဖို့ အချိန် မရှိဘူး။ ဒီနေ့ ဘာခွဲစရာ ရှိသလဲ။ ခွဲပြီးသားလူနာတွေရဲ့ အခြေအနေက ဘယ်လိုရှိသလဲ။ နောက်ထပ် ရက်ချိန်းပေးထားတဲ့ လူနာတွေ လာရင် ခွဲဖို့ ဘာတွေ ပြင်ဆင်ထားရမလဲ။ ဒါပဲ နေ့ရှိသ၍။ လူနာကောင်းလို့ ဆေးရုံက ဆင်းသွားတာနဲ့ သူ့အကြောင်းကို ခေါင်းထဲက မေ့ပစ်လိုက်ပြီ။ နောက်လူ အသစ်ထည့်ရမှာမို့လို့။ အဲ့ဒါကြောင့် အရင်က ကိုယ်ခွဲထားတဲ့လူနာ ဘယ်သူ့ကိုမှ မမှတ်မိတော့ဘူး။ လာနှုတ်ဆက်မှ “ဪ ဟုတ်လား။” လုပ်ရတာ။ ချေတယ်ထင်လည်း မတတ်နိုင်ဘူး။

ဒီလို ဒီလို အခြေအနေတွေကြောင့် CDM လုပ်လာတာ ၂ နှစ်ပြည့်ပြီးလည်းပဲ depression ကောင်ဇိုးလေး မဖြစ်။ အိမ်ပြန်ချင်တဲ့ စိတ်ကလေး တားမရဘူး ဆိုတာမျိုးလည်း မရှိ။ တခါတခါများ ကိုယ့်ကိုယ်ကိုယ်တောင် မေ့နေတယ်။ မစဉ်းစားမိဘူး။ နာစရာလည်းမရှိ လွမ်းစရာလည်းမရှိ။ ထုံနေပြီ။ ဒါနဲ့တောင် ဒရာမာတွေချိုးနေတယ်ထင်တဲ့ ပေါကားပရိသတ်က ရှိသေး။ ဉာဏ်မမီပဲ ဝင်ဝင်မငံနဲ့။ ငါရိုက်နေတာ ဒရာမာ မဟုတ်ဘူး။ comedy ။ ဖတ်တဲ့သူ ရယ်ချင်ရယ် မရယ်ချင်နေ။ ရေးတဲ့သူကတော့ ဟာသတွေချည့်ပဲ လို့ မြင်တာ။ ဟိုဘက်က သေခါနီး စစ်ခွေးအိုကြီးတွေရဲ့ သွေးရူးသွေးတမ်း စကားတွေဆို ပိုတောင် ရယ်ရသေး။ မယုံ ကြည့်နေ။ တအောင့်လောက်ဆို “ကလေးတွေ ရွာသားတွေကို ဘယ်သူသတ်တာလဲကွ။” ဆို အချင်းချင်း ထဆော်ပြီး ကိုယ်လွတ်ရုန်းပြလိမ့်မယ်။ 3 stooges အကွက်တွေ။

ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကိုယ်နဲ့အတူ ရှေ့တန်းမှာရောက်နေတဲ့ကလေးတွေ၊ အလုပ်လုပ်ဖို့ ရှေ့တန်းပြန်ထွက်သွားတဲ့ကလေးတွေမှာလည်း အတူတူပဲ။ personal feelings တွေ သိပ်မခံစားကြတော့ဘူး။ mission မှ mission ပဲ ခေါင်းထဲမှာ ရှိတာ။ ကိုယ်တို့အားလုံးရဲ့ ဘဝတွေကို စစ်ခွေးတွေက ဖျက်စီးသွားပြီ။ ဒီကောင်တွေ စမုံတုန်းကုန်မှ ကိုယ့်ဘဝကိုယ် ပြန်ရမှာ။ ခရီးများ အဆုံးထိလျှောက်နေတယ်။ မတ်တတ်ရပ်လို့ လမ်းမှာငိုဖို့ အချိန်မရ။ အဘတို့ရင်ခွင်ကို ပြန်လာရင် ဆုတော်ငွေတွေ ချီးမြှင့်ဦးမှာ။ ဟတ်လား။ ကိုကိုက ရယ်စရာတွေ အရမ်းပြောတတ်တယ်နော်။ သွား။ လူဇိုး။ ဒိုင်းညှောင့်။ ဟီဟိ။

“ဒီတော်လှန်ရေးကြီးက ပြီးတော့မှာလား။ နီးပြီလား။” တဲ့။ သိဘူးလေ။ အဲ့လောက်ထိ မတွေးအားသေးဘူး။ သိချင် ဦးဇော်ဝေစိုး သွားမေး။ တော်လှန်ရေးက ဒီနေ့ပြီးသည်ဖြစ်စေ၊ မနက်ဖြန် ပြီးသည်ဖြစ်စေ။ ကိုယ့် mission ကိုယ်အရင် ပြီးအောင် လုပ်မှာ။ ဒီခြေလှမ်းအတိုင်းလျှောက်မှ ဒီခရီးကို ရောက်မှာ။ အာရုံများရင် ခလုတ်တိုက်တယ်။ ရပ်မနေသ၍ ခရီးကတွင်တယ်။ ဆက်လျှောက်။ အောင်ဗလ ဖိုးစိန် ကနေတာ မဟုတ်ဘူး။ “နာပါတယ်တော့။ လှမ်းနိုင်ဘူးတော်ရေ။” နုနုနယ်နယ် မင်းသမီးလေးတွေတောင် မငြီးငြူဘူး။ ကိုယ့်အလုပ်ကိုယ် မရပ်မနား လုပ်နေတယ်။ ပြီးတော့မလား ပြီးတော့မလား ခဏခဏ လာလာမမေးနဲ့။ BDSM ပြောင်း ကပလိုက်မယ်။ ငါ့ ဘာမှတ်။

“မောင်ရင်တို့ကသာ တောထဲတောင်ထဲ ဒုက္ခတွေရောက်နေတာ။ ဟိုမှာ ကြည့်စမ်း။ သူများတွေဖြင့် သာသာယာယာရယ်။ သောက်လို့စားလို့ ပျော်လို့ပါးလို့။ ပွဲပြီးသွားလို့ NLD အာဏာရတော့လည်း မင်း တို့ ဘယ်သူမှ မှတ်မိမှာ မဟုတ်ပါဘူး။” တဲ့။ တချို့က ပြောတာ။

လာ လာချည်သေး။ အဲ့ဒါ မင့်သောက်ကြောင်းလေ။ ဟကောင်ရ။ မင်းတို့ကသာ သားစဉ်မြေးဆက် ကျွန်ခံပြီး အဘတွေ ကုလားထိုင်မြဲဖို့ ပေးဆပ်နေရတာ။ ငါတို့လုပ်နေတာ ငါတို့ကိုယ်တိုင် အာဏာရဖို့အတွက်တောင် မပါဘူး။ NLD ဆိုတာ ဝေးရော။ နောက်နောင်ကို မြန်မာပြည်မှာ ဘယ်သူတက်တက်။ တက်ချင်တဲ့သူတက်။ ဒေါင်း မကလို့ လဒပဲ ဖြစ်ပစေ။ ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး လက်နက်အားကိုးနဲ့ အာဏာသိမ်းတဲ့ ထုံးစံတော့ မရှိစေရဘူး။ အမျိုးယုတ်တွေ နိဂုံးချုပ်ဖို့ ဒီအလုပ်ကို လုပ်နေတာ။ နန်းလုချင်လို့ ထောင်ထားခြားနားတဲ့ခေတ်က ကုန်းဘောင်ခေတ်မှာ ကျန်ခဲ့ပြီ။ နားလည်လား။

ငါတို့ဦးနှောက်က ကျပ်ပြည့်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဘွဲ့မပေးဘူး။ ကိုယ်မေကိုယ်လည်း ထောက်ပံ့ကြေး မပေးဘူး။ သူများပေးတဲ့ ဘွဲ့ရဖို့ ကိုယ့်ဘဝကြီးနဲ့ စတေးစရာ မလို။ ကိုယ့်သမိုင်းကိုယ်ရေးနေတာ။ နေရာလိုချင်လို့ ဖျာလာခင်းတယ် မှတ်လို့လား။ အချဉ်ပေါင်း လာမစားနဲ့။ ဓါတ်တိုင် နဲ့ မခိုင် နဲ့ တွေ့သွားမယ်။ ကိုယ်တို့အားလုံး ကိုယ်လုပ်စရာရှိတဲ့အလုပ်ကို ပြတ်ပြတ်သားသား လုပ်နေတယ်။ ဘယ်သူတွေ သွေးခွဲဖျားယောင်းလို့မှ တွေဝေယိမ်းယိုင် မသွားဘူး။ မတူညီတဲ့ရောင်စဉ်တွေတောင် မှန်ဘီလူးခုံးတစ်ခုကို ဖြတ်သွားပြီး တစ်နေရာတည်းမှာ focus လုပ်နိုင်တဲ့အခါ မီးထတောက်တယ် မဟုတ်ဘူးလား။ ပြည်သူတွေအားလုံးရဲ့အာရုံတွေ မကွဲမပြားပဲ ဘုံရန်သူ စစ်ခွေးတွေကို အမြစ်ပြတ်အောင် တော်လှန်ပစ်မှ ဖြစ်တော့မယ် လို့ ယတိပြတ် ဆုံးဖြတ်ထားကြပြီမို့ အဆုံးသတ်တိုက်ပွဲဟာ ကိုယ့်အောင်ပွဲ။ မလွဲနိုင်တော့ပါဘူးလေ။