ချန်ဂင်တို့စခန်း (၁၇၆)

မုန်တိုင်းပြီးတော့ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးတွေ အားစိုက်နေတဲ့ အချိန်ကာလပေါ့လေ။ ကိုယ်တို့ဆီမှာလည်း မုန်တိုင်းနဲ့ တဆက်တည်း ရောက်လာမယ့် မုတ်သုန်ရာသီအတွက် ပြင်ကြဆင်ကြရပါတယ်။ လမ်းခရီးက ခက်ခဲပြီ။ အတားအဆီး အစစ်အဆေးတွေ များလာပြီ။ ပစ္စည်းတွေကလည်း ပြိုက်ကနဲပြိုက်ကနဲ ကုန်လို့ တချိန်လုံး ဝယ်ယူမှာကြားနေရတာပဲလေ။ လူနာတွေက လျော့သွားတယ်လို့မှ မရှိတာ။ မိုးရာသီမတိုင်ခင် ကိုယ့်မှာ ဆောင်ရွက်ရမယ့် အထူးအစီအစဉ်တွေ အများကြီး ရှိတယ်။ ရာသီပြောင်းသွားတဲ့အခါတိုင်း ကိုယ်တို့ဆေးးရုံကလေးက move forward ဖြစ်နေရမှာ မဟုတ်လား။

အနားယူဖို့ တဖွဖွ တိုက်တွန်းနေကြတဲ့သူတွေသဘောအတိုင်း ၃-၄ ရက်လောက်တော့ နားဖြစ်ပါတယ်။ မနားလို့မှ မရတာ။ နေမကောင်းဘူး။ လည်ချောင်းနာတယ်။ ချောင်းဆိုးတယ်။ အပင်ပန်းမခံနိုင် ဖြစ်လာတယ်။ ဒါနဲ့ပဲ တနေကုန် အိပ်လိုက်၊ နိုးလာတော့ အစားစားလိုက်၊ အစားစားပြီး ပြန်အိပ်လိုက် နဲ့ အားရပါးရ နားပလိုက်တယ်။ ဒါတောင် ခွဲခန်းရှိရင် ထခွဲ၊ ခွဲပြီးတော့မှ ပြန်အိပ်တယ်။ ဆေးတွေလည်း အများကြီး သောက်ပစ်လိုက်တယ်။ ခါးနာတာတော့ မရှိတော့ဘူး။ ဓါတ်ခွဲခန်းပို့တဲ့အဖြေလည်း ကောင်းတယ်။ အာထရာဆောင်းပြန်ရိုက်တာလည်း ကောင်းနေတယ်။ ကျောက်ကလေးတွေ ရှိတာကလွဲလို့။ အခု နေကောင်းသွားပြီ။

မိုင်းထိတဲ့ကလေးတွေလည်း ကောင်းသွားပြီ။ ဆေးရုံက ပေးဆင်းလိုက်တယ်။ မေမီကလေးက လွဲလို့။ သူကတော့ ဒီနေ့မှ တံတောင်ဆစ်က မိုင်းစထုတ်ရတာမို့ ၃-၄ ရက်လောက် ဆေးထိုးချင်သေးတယ်။ ဒီကလေးတွေ တစ်ယောက်မှ အသေအပျောက် မရှိတာ တော်တော်စိတ်ချမ်းသာပါတယ်။ ဟိုကောင်တွေ ယုတ်ကန်းသမျှ ပြန်လည်ကယ်ဆယ်နိုင်တဲ့ကိုယ် ဖြစ်လိုတယ်။ အဲ့ဒါကိုယ့်ရဲ့ main mission ပဲ။ နေမကောင်းလို့ အနားယူနေရင်းကပဲ ကိုယ်တို့ဆေးရုံကလေးရဲ့ အယောက် ၃၀၀ မြောက် ခွဲလူနာကို အောင်အောင်မြင်မြင် ခွဲခဲ့တယ်။ ဝမ်းဗိုက် ဓါးနဲ့ အထိုးခံရတဲ့ လူနာ။ အခုမှပဲ Surgeon ပီပီသသ ဖြစ်တော့တယ်။

ဘယ်လို Surgeon အမျိုးအစားလဲ လို့ ပြန်တွေးရင်တော့ EM Surgeon လို့ ပြောရမယ် ထင်ပါရဲ့။ စစ်ပွဲ နဲ့ လက်နက်နဲ့ ပါတ်သက်တဲ့ဒဏ်ရာ၊ မတော်တဆ ထိခိုက်ဒဏ်ရာတွေကို ခွဲရတာ များတာကိုး။ အဓိက ဦးစားပေး ပြင်ဆင်ထားတာလည်း အဲ့ဒီအတွက် ဖြစ်နေတယ်။ Elective Major Operation တွေကိုတော့ သေသေချာချာ ချင့်ချိန်ပြီးမှ လုပ်တယ်။ မသွားနိုင်တဲ့သူ သေချာမှ လုပ်ပေးတာ။ ကိုယ့်ထက်ပိုကောင်းတဲ့ ဆရာသမား၊ ကိုယ့်ဆေးရုံထက် ပိုသာတဲ့ facility နဲ့ ဆေးရုံကို သွားနိုင်တယ် ဆိုရင် အတင်းကြီး လာပါတွတ်ပါ လပွတ္တာ မခေါ်ပါဘူး။

ကင်ဆာလူနာတွေကို ခွဲတဲ့အခါမှာတော့ ကိုယ့်အတွက် နောက်ကထပ်လိုက်စရာ adjuvant chemotherapy ဖြစ်ဖြစ်၊ radiotherapy ဖြစ်ဖြစ် လိုလာရင် ဒုက္ခရောက်ပါတယ်။ oncologist ဆီကို online consultation နဲ့ပြ၊ pre chemo investigation တွေ ဖောက်ပြီး ကိုယ့်ဆေးရုံမှာ ဆေးသွင်းပေးနေပေမယ့် မိုးတွင်းရောက်လို့ လမ်းတွေပိတ်ရင် လူနာက မလာနိုင်၊ ဓါတ်ခွဲခန်းကို သွေးပို့လို့မရ၊ ဆေးက အချိန်မီ မှာမရ။ အများကြီး ဒုက္ခရောက်တော့မှာလေ။ ပိုဆိုးတာက chemo အတွက် ဆေးဖိုးမတတ်နိုင်တဲ့ လူနာတွေပါ။ ၂ သိန်း ၃ သိန်း စိုက်နိုင်၊ အလှူရှင်ရှာနိုင်ပေမယ့် သိန်း ၂၀-၃၀ ကို လူနာတစ်ယောက်တည်းအတွက် အကုန်အကျခံလိုက်ရင် တခြားလူနာတွေအတွက် မလောက်ငှနိုင်တော့ပါဘူး။ လုပ်နိုင်သလောက် လုပ်ပေးပြီး သံယောဇဉ်ဖြတ်ရပါတယ်။ ကိုယ့်ဆေးရုံက ဦးလှထွန်းကင်ဆာဖောင်ဒေးရှင်း မဟုတ်ဘူး လို့ပဲ စိတ်လျှော့ရပါတယ်။

ဟိုပင် မိုးညှင်းဘက်ကနေ လာပြပြီး “ဆရာကြီးနဲ့ ခွဲချင်လို့။ ဆရာကြီးကို အားကိုးလို့။ မန်းလေးမှာတောင် မခွဲဘူး။ မြစ်ကြီးနားမှာတောင် မခွဲဘူး။” ဆိုတဲ့ စအိုကင်ဆာ လူမမာမျိုးကို အားမနာတမ်း ရင်ဝဆောင့်ကန်ပြီး ငြင်းလွှတ်ရတာ အဲ့ဒါကြောင့်ပါ။ ကုန်အောင်စင်အောင် ခွဲမပေးနိုင်ပဲနဲ့ နောက်လူအခွဲခက်အောင် ဘာဝင်ရှုပ်စရာ ရှိသလဲ။ လူနာအတွက် ကိုယ်က အကောင်းဆုံး မဟုတ်ဘူး။ ကိုယ့်ထက်ကောင်းတဲ့ options တွေ သူ့မှာ ရှိတယ်ဆိုရင် “ငါ့ဆီရောက်လာ ငါ့လူနာ” ဆိုတဲ့ အတ္တစိတ်ကြီးကို လျှော့ရတာပေါ့။ မကုပေးချင်လို့ မလုပ်ပေးချင်လို့ လို့ လူနာဘက်ကတော့ ထင်ချင် ထင်မှာ။ ကိုယ့်ဘက်က တွေးတာကို သူတို့မှ နားမလည်ပဲကိုး။ accident နဲ့ trauma လူနာတွေက option မရှိဘူး။ အချိန်လည်း မစောင့်နိုင်ဘူး။ ဒါကြောင့်မို့ ကိုယ်အစွမ်းကုန် လုပ်ပေးတယ်။ ဟိုလူနာတွေအတွက်ကျတော့ ကိုယ်တို့ရဲ့ ဦးစားးပေးနံပါတ်စဉ်ထဲမှာ မပါဘူး။ ကိုယ်လုပ်ပေးလို့ အကျိုးရှိမှာ သေချာရင် လုပ်တယ်။ ဘေးဖြစ်မယ်ထင်ရင် ဘေးကင်းတဲ့ဆီမှာ သွားလုပ်ခိုင်းမယ်။ ဒီလိုပဲ စဉ်းစားတာ။

ကိုယ့်အနေနဲ့ တချို့လူနာတွေအပေါ်မှာ အရမ်းလုပ်ပေးတယ်။ တချို့လူနာတွေကျတော့ သိပ်လုပ်မပေးဘူး ဆိုတာမျိုး bias ရှိချင် ရှိခဲ့မှာပေါ့လေ။ မမျှတဘူး ထင်ချင်လည်း ထင်မှာပေါ့။ ဒါပေမယ့် အဲ့ဒီ bias က လူနာရဲ့ ဆင်းရဲတာ ချမ်းသာတာ၊ ကိုယ်နဲ့ သိကျွမ်းတာ မသိကျွမ်းတာ၊ အစရှိတာတွေနဲ့ မသက်ဆိုင်ပါဘူး။ သူ့ရောဂါက ဘာလဲဆိုတာရယ် ကိုယ်လုပ်ပေးလို့ ရနိုင်မရနိုင် ဆိုတာရယ် အဲ့ဒီအပေါ်ပဲ မူတည်ပါတယ်။ တခါတရံ လှေမျောလို့ လှေနဲ့လိုက်ဆယ်ရတဲ့ အဖြစ်မျိုးတွေမှာဆိုရင် ရှေ့က ကိုယ် ကြိုးစားပန်းစား ခွဲထားတာလေးတွေ အလဟဿဖြစ်မစိုးလို့ ဆေးတွေ ပုံးပေါလအော သုံးပြီး ကုရတာတွေလည်း ရှိပါတယ်။ ဥပမာ မဏိစန္ဒာလို လူနာမျိုးပေါ့။ ရှင်အောင် မနည်းကုထားရတာ။ ဆေးဖိုးဆက်မလိုက်နိုင်လို့ တစ်က ပြန်မစနိုင်ဘူး။ သူ့အတွက်ကတော့ ကုန်ချင်ကုန်ပစေ။ စိုက်ကုမယ် လို့ သဘောထားရတယ်။ အဲ့ဒီလောက်တော့ ခွဲခြားဆက်ဆံမိသလား မသိပါဘူး။ လက်မနှိုက်မိခင်ကတည်းက ဂဏန်းတွင်းလား မြွေတွင်းလား စဉ်းစားတယ်။ အကောင်ရှည်မယ်၊ လက်တဆုံးမမီလောက်ဘူးထင်ရင် လက်လွန်ခြေကျွံ အဖြစ်မခံဘူး။ ကိုယ် လက်ခံမကုမချင်း ကိုယ့်လူနာ မဖြစ်သေးဘူးလေ။

အရေးပေါ် နဲ့ ဒဏ်ရာရလို့ ရောက်လာသူတွေအတွက်ကျတော့ သူတို့မှာလည်း တခြားရွေးစရာ မရှိဘူး။ ကိုယ့်မှာလည်း မရှိဘူး။ အချိန်လည်း စောင့်လို့ မရဘူး။ အဲ့ဒီအတွက်ကျ အစွမ်းကုန် ပြင်ဆင်ထားရတာပေါ့။ နောက်ပြီး ရလပ်ကလည်း တန်းသိသာတယ်။ ကယ်လိုက်ရင် ရှင်မယ်။ မကယ်နိုင်ရင် မရှင်ဘူး။ ဒီဘက်မှာ ဘာလာလာ ကိုယ်ရွေးစရာ မရှိဘူး။ မေ့ဆေးလည်းကိုယ်ပဲ။ အော်သိုလည်း ကိုယ်ပဲ။ နျူရိုလား။ ယူရိုလား။ EM physician လေးလား။ ဘာလာလာ အကုန်ဒေါင်းမှ ဖြစ်မှာ။ ဘာမရှိလို့ ညာမရှိလို့။ ဆင်ခြေပေးလို့လည်း အဖြေက မပြောင်းဘူး။ do or die ပဲ။ ကိုယ့်မှာရှိတဲ့ man power, material, money အကုန်လုံးက သူ့အတွက် ဦးစားပေးပြီး ပြင်ဆင်ထားရတယ်။ အဲ့ဒါကြောင့်မို့လို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လို Surgeon မျိုးလဲ ကွဲကွဲပြားပြား သိအောင် လုပ်ထားတာ။ ကိုယ်ဟာ ဒေါက်တာဆီးဂရေ့ဗ် မဟုတ်သလို ဆရာကြီးဦးသိန်းလှိုင်လည်း မဟုတ်ရပါဘူး။ ဆရာမော်ဦးဆီမှာ EM ဘွဲ့လွန်မတက်ပေမယ့်လည်း အခု ကိုယ်လုပ်နေတာ သူ့အရေးပေါ်ဌာနက အလုပ်တွေ။ သူက ထောင်ထဲရောက်သွားလို့ ဘာမှ မလုပ်နိုင်တော့ဘူး။ ကိုယ်က ထောင်ထဲမရောက်အောင် တောထဲထွက်လာလို့ သူလုပ်တဲ့အလုပ်တွေ ဆက်လုပ်နိုင်တာ။ YGH ကနေ စစ်ခွေးမုန်တိုင်းတိုက်လို့ ကွဲသွားတဲ့ ကျေးညီနောင် ပုံပြင်အသစ်ပဲ။ ဟဟ။

ပိုက်ဆံ သိန်း ၂၀ လောက်မှ မပါရင် ခွဲခန်းအရိပ်ကို နင်းလို့မရတဲ့ ဒီအရပ်ဒေသမှာ တစ်နှစ်ကျော်ကာလအတွင်း လူ ၃၀၀ ကို ခွဲပေးခဲ့နိုင်တာကတော့ လှူတန်းထောက်ပံ့ပေးကြတဲ့ အလှူ့ရှင်တွေ ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ဖို့ အတွက်ပါ။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ဖော်ကြွားဝါစရာ အကြောင်း မရှိပါဘူး။ အားလုံးအတွက် အန္တရာယ်ကင်းသွားတဲ့အခါကျမှ ဘယ်သူဘယ်ဝါတွေ စပွန်ဆာပေးပြီး ဘယ်ကလေးတွေ အသက်ကယ်နိုင်ခဲ့တယ် လို့ ဓါတ်ပုံမှတ်တမ်းလေး ထုတ်ပြဦးမယ်။ လှိုင်သာယာမှာတုန်းက ဘယ်လိုမှ မတတ်နိုင်တော့လို့ ကိုယ့်မျက်စိအောက်မှာ လူတွေသေတာကို ရင်နာနာနဲ့ ဒီအတိုင်း ကြည့်နေခဲ့ရတဲ့ ဘဝကနေ လွတ်မြောက်ရာမှာ ကိုယ့်ဘာသာဆေးရုံတစ်ခုထောင်ပြီး အဲ့လိုလူနာတွေကို စိတ်တိုင်းကျ ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီ။ အဲ့ဒါ အာဏာသိမ်းတဲ့ကာလအတွင်း ကိုယ်တွန်းရွှေ့ခဲ့တဲ့ အရွေ့ပဲ။ သူတို့ဘက်ကတော့ အရင်တုန်းကလည်း လူတွေအများကြီးသတ်နေရတုန်း။ အခုထက်ထိလည်း လူတွေအများကြီး သတ်နေရတုန်း။ အဲ့ဒီကြားထဲကမှ သူတို့လူတွေလည်း အများကြီး အသတ်ခံနေရတုန်းပါပဲ။ ဘာအရွေ့မှ မရှိဘူး။ လှော်ရင်းနစ်နေတာ။ စုန်းစုန်းတောင် မြုပ်လုပြီ။

အခု မုန်တိုင်းအပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ နာဂစ်တုန်းက ဦးသန်းရွှေတို့ ဦးသိန်းစိန်တို့ လုပ်တဲ့အတိုင်း ဓါတ်ပုံရိုက်ပြီး ပြန်ယူသွားတဲ့အကွက်တွေ၊ ကိုယ့်လူကိုယ်ပေးပြီး စာရင်းပြတဲ့အကွက်တွေ ပြန်ထုတ်သုံးနေပြန်ပြီလေ။ သူ ဘယ်လောက်ယုတ်မာသလဲတကမ္ဘာလုံးသိအောင် သူ့ဘာသူ သက်သေပြန်ပြနေတဲ့အဖြစ်ပါပဲ။ သူထင်တာက တရုတ် နဲ့ ရုရှားက ဗီတိုနဲ့ ကာကွယ်ပေးထားသမျှ သူ့ကို ဘယ်သူမှ ထိလို့ မရဘူးပေါ့။ ဆုတောင်းလေ ဆုတောင်း။ ယတြာလေးဘာလေးလည်း ချေလိုက်ဦး။ နိုင်ငံခြားက လာဖမ်းမှ စစ်ဗိုလ်ချုပ်တွေကို ကြိုးစင်တင်နိုင်လိမ့်မယ် လို့ ထင်နေတာ ၈၈ က အတွေးအခေါ်တွေ။ ခုခေတ်က ဒေါ်အုန်းကြည် နဲ့ တွေ့ပေးလိုက်ရင် ကိုကြင်စိုး no need ပါ။ သူများစားပြတာနဲ့ ကိုယ့်ဘာသာကိုယ်စားရတာ အရသာချင်းက တခြားစီ။ “အချိန်တန်ရင် သူ့အကုသိုလ်နဲ့သူ ဝဋ်လည်လိမ့်မယ်လေ။ ကိုယ်ဘာမှ လုပ်စရာ မလိုဘူး။” ဆိုတဲ့ အတွေးအခေါ်ကိုတောင် ဘာသာရေးဂျင်းမိနေတဲ့ Gen L’s thought အဖြစ် စွန့်ပစ်ခဲ့ပြီ။ သိတဲ့မီတဲ့သူတွေ မှတ်မိပါလိမ့်မယ်။ ဦးနေဝင်းခေတ်က မြန်မာပြည်မှာ ဝင်ငွေအကောင်းဆုံး ထိပ်တန်းအနုပညာရှင်တွေကို အမြတ်တော်ကြေး ကောက်လိုက်တာ အကုန်လုံး ဖြူကာပြာကာကျပြီး စည်းစိမ်ပြုတ်ကုန်တယ်။ ဝင်းဦး၊ ကြည်ကြည်ဌေး၊ တွံတေးသိန်းတန် အကုန်ပါတယ်။ ဘယ်သူမှ ဘာမှ မတတ်နိုင်ခဲ့ဘူး။ ပြည်သူပိုင်သိမ်းတုန်းက ဆွဲကြိုးချသေတဲ့သူဌေးတွေ၊ ပြည်နှင်ဒဏ်ပေးတုန်းက ရှိသမျှစည်းစိမ်သိမ်းပြီး ကိုယ်တီးလက်ကျွတ် သင်္ဘောပေါ်တင်ပေးလိုက်တဲ့ အိန္ဒိယသားတွေ။ သူတို့ကတော့ မမေ့လောက်သေးဘူး ထင်တာပဲ။ အခု အဲ့ဒီ ကာယကံရှင်တွေလည်း တစ်ယောက်မှ မရှိတော့ဘူး။ ဦးနေဝင်းကြီးလည်း မရှိတော့ဘူး။ ဝဋ်က ဘယ်နားမှာ ဘယ်လိုလည်လိုက်တာ တွေ့ခဲ့လို့တုန်း။ ကိုယ်ရစရာရှိတဲ့ အကြွေးကို ကိုယ်တိုင်ပြန်မတောင်းပဲ သူများတောင်းပေးရင် ရလိမ့်မယ် ထင်နေတာ အကောင်တော့ အကောင်ပဲ။ အကြွေးဆုံးမယ့်အကောင်။ အဲ့ဒီတော့ ဥစ္စာရင်လို ဥစ္စာရင်ခဲ ခဲရတော့မှာပဲ။ သဘောပေါက်တယ် ဟုတ်။

ကိုယ်တို့ဘက်မှာ ကိုယ်တစ်ယောက်တည်း အရွေ့ရှိတာ မဟုတ်ဘူး။ လူတိုင်းကိုယ်စီ တက်ညီလက်ညီ တွန်းနေလို့ နေရာတိုင်းမှာ ခရီးရောက်နေပြီ။ စစ်တပ်က အာဏာသိမ်းလိုက်ရင် ဘယ်အဝေးရောက် အစိုးရကများ လှုပ်ရှားသက်ဝင် ပြည်တော်ဝင်တာ ရှိခဲ့ဖူးလို့တုန်း ဆိုတဲ့ အစဉ်အလာဟောင်းကြီးကို မြန်မာပြည်က အသစ်ပြန်ရေးနေပြီ။ တကမ္ဘာလုံးက နမူနာယူရမှာ။ ဒီတစ်ခါ အလင်းဝင်ရမယ့်သူတွေကတော့ စစ်တပ်ထဲကလူတွေ ကိုယ်တိုင်ပဲ ဖြစ်ရပါတော့မယ်။ ကိုယ်တို့ဘက်မှာ ရောင်နီသာတဲ့ နေ့သစ်ကို ရောက်နေပြီလေ။ ဒီဆရာဝန်လေးကတော့ ဂျိန်းဖောပွဲတော် လုပ်ပြီး ပြန်လာခဲ့ဦးမှာ။

“နေအရုဏ် အောင်လံစိုက်တော့

ဆွေအစုံ တောင်ယံတဝိုက်မှာ

(ဒေါင်မ ရေ) ကလိုက်ချည့်သေး။”