ချန်ဂင်တို့စခန်း (၁၇၃)

ရှင်ဘုရင်တွေ အသက်ကိုရန်ရှာလာရင် တောထဲခိုရတယ်ဆိုတာ ဟိုးတုန်းက တကောင်းပြည်မှာ ပန်းပဲမောင်တင့်တယ်တို့ စခဲ့တဲ့ ဇာတ်လမ်း။ ကိုယ့်အဘိုးလက်ထက်မှာလည်း တောထဲရောက်တာပဲ။ ဘားမားရိုင်ဖယ်တပ်တွေ ဗကပ နဲ့ ပူးပေါင်းရမယ်ဆိုလို့ အမေရိကား ပညာတော်သင်သွားမယ့် ကိုယ်တို့အဖိုးလေး BDA စစ်ဗိုလ်လေးဟာ မင်္ဂလာဒုံလေဆိပ်ကနေ လေယာဉ်ပေါ်မရောက်ပဲ တောထဲရောက်သွားတာပါတဲ့။ ရုပ်ရည်လည်းချော၊ လူရည်လည်းသန့်တဲ့ မောင်ငယ်လေးဆိုတော့ တောထဲမှာ မညှိုးနွမ်းရအောင် အဖွားတို့ ညီအမများက အစားအသောက်၊ စီးကရက်ဆို သံဗူးနဲ့မှ ဆို မရအရ ရှာဝယ်ပို့ကြတယ် လို့ ပြောကြတယ်။

အောင်မယ်။ ကိုယ့်လက်ထက်မှာလည်း တောထဲရောက်နေတာပဲဟာ။ ဘာဆန်းလို့လဲ။ ကိုယ့်ကျတော့မှ စားရေရိက္ခာ ဘာညာသ ရကာတွေတင် မကဘူး။ ဆေးဝါးတွေ စက်ပစ္စည်းကိရိယာတွေ တစ်ဆေးရုံလုံးစာ နေရာတကာက ဝိုင်းဝန်းပို့ဆောင် နေကြရတာ မဟုတ်ပါလား။ စဉ်းစားကြည့်လေ။ မိုးပေါ်က ကျလာတာလည်း မဟုတ်။ မြေကြီးထဲက တူးဆွယူတာလည်း မဟုတ်။ ဥုံဖွ အပ်ချလောင်း နဲ့ မန်းလို့မှုတ်လို့ ရလာတာမှ မဟုတ်တာ။ ပို့တဲ့သူ ရှိလို့ ရောက်တာပေါ့။ ချစ်ကြတာကိုး။ တောထဲသာ ရောက်နေတယ်။ လိုတိုင်း တ၊ ရ တဲ့ ဘဝပါ။

နုဖတ်အုအက်နေတဲ့သူမို့လို့ တောထဲမရောက်ရဘူး ဘယ်သူပြောလဲ။ တက္ကသိုလ်ကျောင်းထွက် မယ်ဗမာ အခါခါရတဲ့ နော်လွီဆာဘင်ဆင်လည်း ခြောက်လုံးပြူး ခါးကြားထိုးပြီး တောထဲမှာ ကျားခင်စိန် လုပ်ခဲ့ဖူးတယ်။ ဘားမားဆာဂျင် ဒေါက်တာဆီးဂရေ့ဗ်ကြီး ဆေးရုံဆောက်တုန်းကလည်း နမ့်ခမ်း ကို တောထဲ လို့ ပြောလို့ ရမှာပေါ့။ ကိုယ်တောင်မှ တောထဲရောက်ပြီးတဲ့နောက် တကိုယ်ရေပြုပြင်ထိန်းသိမ်းမှုတွေ မလုပ်နိုင်လို့ အရင်ကနဲ့စာရင် အိုစာသွားပေမယ့် အကယ်ဒမီပေးပွဲက မင်းသား မင်းသမီးတွေလို ဖောသွပ်ဖောင်းကားကြီး ဖြစ်မနေပါဘူး။ အကြည်ဓါတ်ကလေးနဲ့ ထိမ်းထားပါတယ်။အမှန်အတိုင်း ပြောရရင် ဟိုတုန်းကလို ရုပ်ကလေးတပြပြနဲ့ ဈေးဗန်းမခင်းအားတော့ဘူး။ အလုပ်ဆိုမှ အလုပ်။ အလုပ်ပြီး အလုပ်။ ဒီတော်လှန်ရေးအတွက် ကိုယ့်ဘက်က ဘာတွေ လုပ်ပေးနိုင်ဦးမလဲ ပဲ အချိန်ပြည့် စဉ်းစားနေတာ။

ဟိုနေ့တုန်းက hemoperitoneum ကို မေ့ဆေးပါအပြီးအစီး တစ်နာရီနဲ့ လုပ်ခဲ့တာ ဒိတ်အောက်သွားပြီ။ ဒီနေ့လုပ်တဲ့ laparotomy လည်း တစ်နာရီပဲကြာတယ်။ သူ့ထက်တောင် ဆိုးသေးတယ်။ အသည်းကြီး ဟက်တက်ကွဲနေတာ။ အပြင်ထွက် သွေးထုတ်ပေးမယ့်သူ မရှိလို့ သွေးလှူရှင်ကို ခွဲခန်းအဝခေါ်ပြီး သွေးထုတ်ရတယ်။ သူ့ဗိုက်ထဲကသွေးနဲ့တင် suction တစ်ပုလင်းလုံး အပြည့်။ ဒါပေမယ့် သိတယ်မှလား။ သဘောပေါက်။ ငါ့နှယ်နော်။ မနက်ဖြန် ဘယ်လို case မျိုး ထပ်လာဦးမလဲ မသိဘူး။ elective ပြင်ထားတာ ၂ ခု ရှိသေးတယ်။ ဒီလို အသည်းအသန်တွေချည့် လာနေရင် သေရချည်ရဲ့။ လှုပ်တောင် မလှုပ်နိုင်ဘူး။

ဒီကလူတွေက တိုက်ပွဲဒဏ်ရာချည့်ပဲ မဟုတ်ဘူး။ accident လည်း သိပ်ပေါတာ။ ဘာ safety measure မှ မရှိကြဘူးလေ။ နေ့တိုင်းနီးပါး ဆိုင်ကယ်မှောက်ကြလို့ ကိုယ်တောင် ဆိုင်ကယ် မစီးရဲဘူး။ ရွာထဲဈေးဝယ်သွားရင်တောင် လမ်းပဲလျှောက်တယ်။ ရွာထဲက ကလေးတွေ မစီးတတ် စီးတတ်နဲ့ ဆိုင်ကယ်စမ်းမောင်းတာ ပြဿနာ မရှိဘူး။ မျှောထဲမှာ မမောင်းတတ်ပဲ ဘက်ဖိုးတွေတက်မောင်းကြလို့ မနေ့က လူနာ ၂ ယောက် ရောက်တယ်။ ခုန ဗိုက်ခွဲတဲ့လူနာလည်း အလားတူပဲ။ မျှောတိုင်နဲ့ ရိုက်မိပြီး အသည်းကွဲသွားတာ။ ရွှေတွေအောင်လို့ မင်းသမီးထမီစဆွဲပြီး အကယ်ဒမီပွဲတက်တာသာ လူမြင်တာ။ ရွှေတူးရင်း မသာပေါ်သွားတာကျ ဘယ်သူမှ မမြင်ဘူးလေ။ ဟုတ်ပါတယ်။ တကယ်တော့ ကျောက်တူးသမားများဟာ လော်ပန်လောင်းတွေပါ။ တစ်ယောက်စ နှစ်ယောက်စ ကျောက်အောင်ပြီးရင်တော့ ကျန်တာ မသာလောင်းချည့်ပဲ။ မြေကြီးထဲက ရတနာလည်း အလကားမရဘူး။ အသက်နဲ့ ရင်းရတယ်။

လော်ပန်လောင်းတွေက မြို့ပေါ်တက်ကုန်ကြပေမယ့် မသာလောင်းတွေကတော့ ကိုယ့်ဆီပဲ လာတာပေါ့လေ။ ဟိုနေ့က brought dead နဲ့ လာတဲ့ မိန်းကလေးလည်း မျှောထဲက ထမင်းချက်တဲ့။ ဒီလူတွေအလာများတော့ ကိုယ့်ဆေးရုံကလေးဟာ EM service ကို တော်တော် သွက်သွက်လက်လက် အလုပ်လုပ်နိုင်တဲ့ team ကလေး ဖြစ်လာတာပေါ့။ ကိုယ်လည်း ပညာရ။ ကလေးတွေလည်း ပညာရ။ လက်တွေ့နဲ့တွဲပြီး စာတွေ့ပါ နားလည်သွားအောင် နေ့တိုင်းစာသင်ပါတယ်။ ဆရာဝန် ဆရာမအင်အားက ဘယ်နေရာမှာမှ မလောက်ဘူးလေ။ ဆေးတပ်သားတွေကို ကိုယ့်လက်ကိုယ့်ခြေ ဖြစ်နေအောင် သင်ခိုင်းခိုင်းမှ အလုပ်လုပ်လို့ ရမယ်။

ဆရာဝန်လေးတွေကိုလည်းပဲ EM training နဲ့ OT training ပြန်ပေးရတာပဲ။ ဒီမှာ လုပ်လို့ကိုင်လို့ တတ်သွားရင် သူတို့နေရာပြန်၊ OT အသေးစားလေးတွေ ထောင်ပြီး အရေးပေါ် အသက်ကယ်နိုင်အောင် သင်ပေးပြပေးတယ်။ လိုတဲ့ပစ္စည်းလေးတွေ မျှပေးရတယ်။ ဒီမှာလုပ်သလို ဟိုမှာလည်း ဆက်လုပ်ပေါ့။ လုပ်တတ်နေပြီပဲဟာ။ ဘာကြောက်စရာ ရှိလဲ။ နိုင်သလောက်လုပ်။ မနိုင်ရင် ဒီကိုလွှဲ။ တစ်ယောက်ပြန်ရင် နောက်တစ်ယောက် လာသင်လှည့်။ ဆရာဝန်တွေ တိုက်ခိုက်ရေးထဲမှာ ပါဝင်နေကြပေမယ့် အရေးကြုံလာတဲ့အခါ ကယ်ဆယ်ရေးတွေ ကုသရေးတွေပါ ကိုယ်ထူကိုယ်ထ ဆက်လုပ်ကြရမယ်။

ဆရာဝန်ပဲဖြစ်ဖြစ်၊ ဆေးတပ်သားပဲဖြစ်ဖြစ်၊ PDF ထဲ ဝင်ရင်တော့ စစ်သင်တန်းကို အရင်တက်ရပါတယ်။ ရှေ့တန်းမှာက ကိုယ့်အသက်ကိုယ် ကာကွယ်နိုင်ဖို့ အောက်သက်ကျေမှ ဖြစ်မှာ။ ရောက်ရောက်ချင်းကတော့ ဘယ်သူလာလာ ကျင်းဆိုမှ ကျင်းပဲ။ အိမ်သာကျင်း တူးရမယ်။ ခံတုတ်ကျင်း တူးရမယ်။ သေနတ်မကိုင်ခင် ပေါက်ပြားကို အသားမာတက်အောင် ကိုင်နိုင်မှ ကိုယ်တို့ဘွထဲကို ဝင်လာခဲ့ပါ ညေး။ ကျင်းတွေကို အထင်မသေးပါနဲ့။ မအလရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ အသက်ရှင်ကျန်ရစ်ဖို့က ကျင်းရှိမှပဲ ဖြစ်မှာပါ။ အဲ့ဒီတော့ ဆရာဝန်ညီလေးလည်း ကျင်းကို မညိုငြင်ပါနဲ့။ ရှေ့နေအကိုကြီးတွေလည်း တစ်ကျင်းပြီးတစ်ကျင်း တက်လာကြရတာပါ။ ဆာစိုးမွေးတဲ့ ယုန်ကလေးတွေတောင် ကျင်းကလေးတူးပြီး ပုန်းတတ်ပါတယ်ကွယ်။

ကျင်းပြီးရင်တော့ ကင်းရှိပါသလေ။ ရှေ့တန်းမှာ ကိုယ့်အသက်၊ ကိုယ့်ရဲဘော်ရဲဘက်တွေရဲ့အသက်၊ ကိုယ့်တပ်စခန်းရဲ့အသင်က ကင်းပဲလေ။ PDF တွေ သင်တန်းမှာကတည်းက ညတိုင်း အလှည့်ကျ ကင်းစောင့်ရတယ်။ စကားဝှက်တွေ ညတိုင်းပြောင်းတယ်။ ကင်းသမား ခရာတွတ်ရင် သင်တန်းသားအားလုံး လက်နက်ယူပြီး ကျင်းထဲရောက်ရပါတယ်။ ခရာတွတ်လို့ ထပြေးရင်း မိုင်းနင်းမိတဲ့ ကလေးတောင် ခြေထောက် ဖြတ်ပေးဖူးသေး။ စစ်သားဆိုတာ ကင်းနဲ့ ကင်းလို့မရ။ ကလေးတွေ ကင်းပုန်း သေချာဝပ်စောင့်နိုင်လို့ တိုင်းမှူးကိုယ်တိုင် ဗျူဟာမှူးကို အမိန့်ပြန်ပေးရတာ တွေ့ပြီ မဟုတ်လား။ နောင်ကျတော့ ဒီကျင်းတွေ ကင်းတွေကိုပဲ ကျေးဇူးတင်နေရမှာ။

အဲ့ဒါပြီးရင် နောက်ထပ် ကျွမ်းကျင် အပ်သော ပညာတစ်ရပ်က ထမင်းတဲ့။ ရှေ့တန်းရောက်ရင် ကိုယ်စားဖို့ထမင်း ကိုယ့်ဘာသာ ဖန်တီးချက်ပြုတ် တတ်ရမယ်လေ။ ထွက်ကတည်းက ဆန်ကို ဆိုင်ကယ်ကျွတ်နဲ့ထည့်သယ်လာရတာ။ စစ်တပ်လို အရပ်သားတွေ ပေါ်တာဆွဲပြီး အသယ်မခိုင်းဘူး။ ကိုယ့်လက်နက်၊ ကိုယ့်ရိက္ခာ ကိုယ့်ဘာသာသယ်။ ရွာထဲဝင်ပြီး ကြက်ဆွဲဘဲဆွဲ ဆီတောင်းဆားတောင်း လုပ်တာ PDF အထာ မဟုတ်ဘူး။ ခေါင်းကြီးတို့ သောက်ကျင့်။ နားလည်လား။ ရောက်ရာအရပ်မှာ လုယက်စားသောက်ပြီး အိုက်ကောင်တွေ ထမင်းဝရင် မေမီ့ဆီမှာ sex chat ကြတာ ယူနီဖောင်းတောင် မလဲနိုင်။ ဖွားဖက်တော်ငုတ်စိလောက်နဲ့ ကြောက်ပလား ကြိုက်ပလား ကလည်း မေးချင်သေး။ ဟဟ ပဲ ရမယ်။ တို့ကလေးတွေက ကျင်းထဲအိပ် ကျင်းထဲစား ကျင်းထဲမှာအခင်းသွားပြီး ၃-၄ ရက်လောက် ကင်းပုန်းဝပ်ဖူးကြတယ်။ ဒီကလေးတွေ အဲ့လောက် ဒုက္ခခံနေတာ ဟိုခွေးသူတောင်းစားတွေလို အာရကေရဖို့၊ ခိုးဆိုးလုယက်ဖို့ မဟုတ်ဘူး။ ခံယူချက်ချင်း မိုး နဲ့ မြေ။ ကိုယ်တို့တွေ မနိုင်မှာ ပူမနေနဲ့။

ဒီကလေးတွေ ကိုယ့်ဆီလာတာ ရှေ့တန်းမလိုက်ချင်လို့၊ ဆေးရုံမှာ သက်သက်သာသာနေရဖို့ စတေးလာရှောင်တာ မဟုတ်ဘူး။ သူတို့အချင်းချင်းထဲက ဒဏ်ရာရရင် ကယ်နိုင်အောင် ကယ်တတ်အောင် ဆရာနဲ့ လူနာနဲ့ team work ကို ဟာမိုနီကျကျ လုပ်နိုင်တဲ့အထိ လာသင်တာ။ ဘယ်သူကမှ ဆရာဝန်ဖြစ်ဖို့ ကျွန်တော်ကြိုးစားမည် အသံကောင်းဟစ်မနေဘူး။ ခံယူချက် ခံစားချက် ရှိလို့သာ တောထဲလာ ဒုက္ခခံနေတာပေါ့။ နိုင်ငံခြားထွက်ရလွယ်အောင် ဒုက္ခသည်စခန်းက လာစောင့်နေတာ စစ်ဗိုလ်သားသမီးတွေပဲ ရှိတယ်။ US / Europe ရောက်ချင်လွန်းလို့ အဖေနံမည်လိမ်ပြီး တောထဲကို chat through transit လာလာဝင်ကြတာ။

ဒီကနေ့ ဒီအချိန်မှာ ဒီက PDF ကလေးတွေ အကြောင်းကို ဂုဏ်ဖော်ပြီး ထုတ်ရေးတာက သူတို့ရဲ့ လုံခြုံရေး၊ စစ်ဆင်ရေးတွေကို ထိခိုက်စေချင်လို့ မဟုတ်ပါဘူး။ အောင်ပွဲက ရတော့မှာ။ ကိုယ့်ဘက်က အသာစီး။ ဒီဘက်မှာ ဘာအန္တရာယ်မှ မရှိတော့မှန်း သိရင် လည်သလိုရှောင်နေတဲ့ စောင်ဆရာကြီးအပေါင်းတို့က “ကွန်ကွန်ပါ ညီလေး။” “ဖိုက်တင်းပါ အကိုကြီး။” နဲ့ အချင်းချင်း ဇာတ်ပို့ပြီး တောထဲကလူတွေကို “မင်းတော်တယ် မောင်ပြူး။” လာလုပ်မှာစိုးလို့ ဇာတ်လိုက်ကို စာတန်းထိုးထားနှင့်တာ။ သိလား။ လိုင်းပေါ်က လေနဲ့လော်နေတဲ့ကောင် မဟုတ်ဘူး။ အံတိုနေပြီ။ တောထဲရောက်တိုင်း တာဇံမှတ်မနေနဲ့။

တောထဲကို “မသိန်းရှင်ဆီ ပို့ပေးပါ” ဆိုတဲ့ စာရေးဆရာ နိုင်ဝင်းဆွေ လည်း ရောက်ဖူးတယ်။ ကိုမွန်းအောင်တို့ ကိုငှက်ကြီးတို့လို အဆိုတော် ဂီတသမား စစ်စစ်တွေလည်း ရောက်ဖူးတယ်။ အနုပညာသမားတွေရဲ့ ဖန်တီးနိုင်စွမ်းအားက တောထဲရောက်လို့ ငုတ်လျှိုးပျောက်ကွယ်သွားရိုး မရှိဘူး။ ကိုပေါက်တို့၊ လင်းလင်းတို့၊ ဏကြီးတို့ကို ကြည့်ပါလား။ ကိုယ့်ကိုယ်ကိုယ် အနုပညာသမား လို့ မပြောလိုပေမယ့်လည်း တောထဲမှာစာတွေရေးခဲ့တာ လူတိုင်းအသိပါ။ ဇာတ်အိမ်ဖွဲ့ပြီး ဇာတ်လမ်းဆင် ရေးနေတာ မဟုတ်ဘူး။ ကိုယ်တိုင်ရင်ဆိုင် ဖြတ်သန်းခဲ့ရသမျှကို မှတ်တမ်းရေးတာ။ တောထဲမှာ ရွှေကျင်တဲ့သူတွေလည်း ရှိကြတယ်။ ကျောက်တူးတဲ့သူတွေလည်း နေကြတယ်။ သစ်ခုတ်တဲ့သူတွေလည်း လာကြတာပေါ့။ တောထဲကို ဆေးကုဖို့လာပြီး စာမှန်မှန်ရေးတဲ့ ဆရာဝန်လေးတစ်ယောက် ရှိခဲ့ဖူးတဲ့အကြောင်း သတိရလာရင်တော့ သူ့နံမည် ချန်ဂင် လို့ မှတ်မိကြမယ် ထင်ပါတယ်။