ကိုယ်တို့လို တောထဲက ဆေးရုံ သေးသေးလေးမှာ တစ်နေ့ကို ၃ ယောက်လောက် ခွဲခန်းဝင်ရတယ် ဆိုရင် တော်တော် အလုပ်ရှုပ်နေပြီ ပြောရမှာပဲ။ ခွဲခန်းထဲ မဝင်ပဲ အပြင်က minor room ကလေးမှာတင် ချုပ်လုပ်ခွဲစိတ်တဲ့ တိုလီမုတ်စလေးတွေလည်း ရှိသေးတယ် မဟုတ်လား။ OPDလူနာတွေ၊ ဗိုက်ကြီးသည်နဲ့ မွေးလူနာတွေ၊ သွားလာနှုတ်တဲ့သူတွေနဲ့ဆိုတော့ ဆေးရုံကြီးက လူတွေ တရုန်းရုန်းနဲ့ရယ်။ စစ်ပွဲတွေဖြစ်နေပါတယ်ဆိုကာမှ “စစ်ပွဲ က စစ်ပွဲ။ လူနာ က လူနာ။ လာမှာပဲ လာမှာပဲ။” ဆိုတဲ့သူတွေချည့်။
မနက်ပိုင်း elective ပြင်ထားတဲ့ Bladder stone လူနာကို ကျောက်ထုတ်ပြီးတဲ့အခါ appendix လူနာက စောင့်နေတယ်။ နေ့လည် ထမင်းစားပြီး စာသင်ပြီးရင် ခွဲပေးမယ် ဆို အေးအေးဆေးဆေး လူနာတွေ ဆက်ကြည့်တာပေါ့။ နေ့လည် တအားပူတော့ စာသင်တာကို အရိပ်ကောင်းတဲ့သစ်ပင်အောက်မှာ သင်ကြတယ်။ ခွဲခန်းအပြီး အပြင်မှာ လူနာ ဆက်ကြည့်နေတုန်း ကလေးတွေက ထရော်လီကြီးဆွဲပြီး အပြင်ပြေးထွက်သွားတော့ လေယာဉ်လာတယ်မှတ်လို့ ကုတင်ပေါ်ကလူနာတောင် ဆင်းပြေးမယ် လုပ်သေး။ ငါးကောင်တွေကလည်း အရမ်းကို active ဖြစ်နေတော့တာပဲ။ အပြင်ကလူနာက အရေးကြီးတာတော့ အမှန်ပါ။ မိုင်းထိလာတာ။ သွေးထွက်လွန်လာတာ။
ရင်နာရမလား ကျေနပ်ရမလားတောင် မပြောတတ်။ ကိုယ့်ဆီက ကလေးတွေ ဒီလိုလူနာမျိုးကို အကြောက်အရွံ့ အတုန်အလှုပ်မရှိ၊ သွက်သွက်လက်လက်ကြီး ပြင်ဆင်လုပ်ကိုင်နေကြပြီ။ မသွက်ပဲ ဘယ်နေမလဲ။ ကြုံရပေါင်းမှ မနည်းတော့တာ။ ဒီလိုလူနာတွေကုဖို့ ဒီဆေးရုံတည်ထားတာဖြစ်တဲ့အတွက် ဒီမှာ အလုပ်လုပ်တဲ့သူတွေအားလုံး ဒီအလုပ်မျိုးတွေ ကျွမ်းကျင်လိမ်မာနေရမယ်။ သူတို့တတွေ အရမ်းလုပ်နိုင်နေတာ သင်ပြပေးတဲ့အတိုင်း အမီလိုက်နိုင်သားပဲဆိုတဲ့ အဓိပ္ပါယ်ထွက်သလို ဒဏ်ရာရတဲ့လူနာတွေ အများကြီး ရှိနေတယ်ဆိုတဲ့ သဘောလည်း သက်ရောက်တယ်။
ထုံးစံအတိုင်း လူနာကို ကုတင်ပေါ် နေရာချပြီးတာနဲ့ cannula ထိုး၊ drip line တင် ၊ G & M ဖောက်၊ အောက်ဆီဂျင်ပေး၊ vital sign ယူ၊ သူ့အဖွဲ့နဲ့သူ လုပ်ကြတယ်။ သွေးပေါင်က ၈၀/၅၀ ပဲ ရှိတယ်ဗျ။ သွေးအမျိုးအစားသိတာနဲ့ သွေးလှူရှင်တွေ ခေါ်ပြီး infection screening ဆက်လုပ်တယ်။ သင်ပေးထားတဲ့အတိုင်း A B C D E နဲ့ မကျန်အောင် လုပ်ကြတာပေါ့။ ပို့တဲ့သူကလည်း သွေးထွက်မလွန်အောင် ပေါင်ရင်းမှာ tourniquet စည်းပေးပြီး လွှတ်လိုက်တာ။ မဆိုးပါဘူး။ tuning ကလေးတော့ ဝင်လာပြီ။ သွေးတွေနဲ့ ရွှဲနစ်နေတဲ့ အဝတ်အစားတွေ ကပ်ကျေးနဲ့ ကိုက်ဖြတ်ပြီး ခွဲခန်းဝတ်စုံဝတ်ပေးရတာပေါ့။ သတိရတချက် မရတချက် လူနာက သူ့ဘော်လီင်္အကျီ ကတ်ကြေးနဲ့ ဖြတ်မယ် လုပ်တဲ့အခါ “မလုပ်ပါနဲ့ရှင်။ ကျွန်မမှာ အိုက်တစ်ထည်လေးပဲ ရှိတာပါ။” တဲ့။ ထအော်တယ်။ နုနုရည် (အင်းဝ) နဲ့ ဘာတော်သလဲ မသိပါဘူး။ နောက်မှ ဓမ္မစကူးဆရာမလေးဆီက ငှါးပေးပါ့မယ်။ အခုတော့ သွေးတွေလည်း စွန်းနေပြီ။ လျှော်ဖွပ်ပေးမယ့်သူလည်း ရှိမှာ မဟုတ်ဘူး။ ဝဲလိုက်တော့နော်။
သွေးရရင် ခွဲခန်းဝင်မယ်။ သွေးပေါင်ပြန်တက်လာရင် ခွဲခန်းဝင်မယ်။ ခွဲခန်းပြင်တဲ့သူကပြင်၊ လူနာပြင်တဲ့သူကပြင်။ FAST scan လေး အာထရာဆောင်းနဲ့ ထောက်ကြည့်တယ်။ ဝမ်းခေါင်းထဲမှာတော့ သွေးမထွက်။ ဆီးပိုက်က ဆီးအရောင်လည်း ကြည်တယ်။ ဗိုက်ထဲက နာတယ်လည်း မပြော။ ခြေထောက်ကိုက်တယ်ချည့် ပြောနေတယ်။ tourniquet time က ကျော်နေပြီ။ သွေးရတာနဲ့ သွေးလှူရှင်ကြီး အခန်းထဲထားခဲ့ပြီး လူနာနဲ့ ခွဲခန်းဝင်ကြတာ။ ဟိုလူက သူ့ဘာသာ ပြန်လို့ရပြီဆို ကမန်းကတမ်း ထထိုင်တာ မူးလဲရော။ ချွေးတွေကို ပျံလို့။
ခွဲခန်းထဲရောက်တော့ သူ့မှာ ဒဏ်ရာ ၂ ချက်တွေ့ပါတယ်။ ဒူးကောက်ခွက်မှာ အဝင်အထွက် ဒဏ်ရာ ၂ ချက်၊ တင်ပါးဆုံခါးစောင်းမှာ သွေးထွက်နေတာ တစ်ချက်။ ခြေထောက်ကဟာ အရင်ဝင်ကြတာပေါ့လေ။ စည်းထားတဲ့ tourniquet လည်း ဖြုတ်လိုက်ရော သွေးတွေက ဒလဟောထွက်လာတာ။ မတတ်နိုင်ဘူး။ ဖမ်းဟာ။ ဖမ်းလို့တော့ တိတ်ပြီ။ ခြေဖမိုးက သွေးခုန်တာရော ရသေးရဲ့လား မသိ။ တော်နေကြာ သွေးမလျှောက်မှ အခက်။ သွေးနောက်တစ်လုံးလည်း ထုတ်ခိုင်းရတာပေါ့။ အဲ့ဒီကပြီးလို့ ခါးစောင်းက အပေါက်ကို လက်နှိုက်ကြည့်လိုက်တဲ့အခါ လက်တစ်ဆုံးအထိ အပွင့်လိုက်ကြီး ဝင်သွားတယ်။ spinal ထိုးထားတာ ၁ နာရီပြည့်တော့မယ်။ ထုံဆေးမပျယ်ခင် နောက် ၁ နာရီအတွင်း အကုန်ပြီးအောင်လုပ်ရမှာ။ “ဘာမှမတွေ့ရင် ပြန်ပိတ်ခဲ့မယ်ကွာ။ သူလည်းနာတာမှ မဟုတ်ပဲ။ ဖွင့်ကြည့်တာပေါ့။” လို့ အောင့်မေ့တာလေ။ ဗိုက်ထဲရောက်တော့ ထင်တဲ့အတိုင်းပဲ။ ဝမ်းခေါင်းထဲအထိ ပေါက်ဝင်လာတာ အူမကြီးမှာတစ်ချက် အူသိမ်မှာတစ်ချက် ဖာရတယ်။ တော်သေးတာပေါ့။ အခုမဝင်လို့ နောက်နေ့မှ ပြန်ခွဲရရင် soiling များလို့ colostomy ဖောက်နေရဦးမယ်။ လုပ်လို့ဆုံးမှာ မဟုတ်။ ဒီဟာကတော့ လူနာကံကောင်းတာ မဟုတ်။ ဆာဂျင်ကံကောင်းတာ။ on second thought နဲ့ တခါတည်းဆက်ခွဲမိလို့။ ခွဲခန်းပြီးတော့ ၆ နာရီ။ စားကြစို့ သောက်ကြစို့ လစ်ကြစို့။
ပြောမယ့်သာပြောရတယ်။ တကယ်တမ်းကျတော့ မလစ်နိုင်ပါဘူး။ ward ထဲမှာ ill case လူနာ တစ်ယောက် ရှိတယ်။ ဒီနေ့ည သွားမှာလား မသိဘူး။ မပြောကောင်း မဆိုကောင်း တစ်ခုခုဆို ဆရာဝန်မရှိလို့မှ မရတာ။ လူခွဲချန်နေခဲ့ကြပေါ့။ ကိစ္စဝိစ္စ ရှိရင် ဖုန်းဆက်လိုက်လေ။ စီစဉ်စရာတွေက ရှိသေးတယ်။ ရင်ခွဲရုံက မဆောက်ရသေးပဲကိုး။ လူနာက ဟစိဟစိနဲ့ဟာကို ဆရာဝန်က ပေါက်တူးကြိုရှာသလိုတော့ ဖြစ်နေပါပြီ။ သို့သော်ငြား ဖြစ်နိုင်ချေတွေကို တွက်ချက်ပြင်ဆင်ထားတော့ တကယ်ဖြစ်လာတဲ့အခါ မလစ်ဟင်းပဲ အဆင်သင့်ရှိတာပေါ့။ လူနာရှင်တွေကိုတော့ ဘယ်ထုတ်ပြောပါ့မလဲ။ အသည်းနှလုံး မရှိတဲ့သူ။ အိုင်က အသည်းနှလုံး မရှိတဲ့သူ။ ဆေးကုတဲ့အခါ ကောင်းမှာလေးတွေချည့် ရွေးရွေးပြီး ဒါ ငါ့လူနာ လုပ်လို့ မရဘူးလေ။ မကောင်းတဲ့လူနာကိုလည်း မကောင်းတဲ့အလျောက် အဆင်ပြေချောမွေ့အောင် ကူညီရတာပဲ။ Terminal care is a care. ပဲ။ ကိုယ်တို့ service ပေးရမယ်။ အုပ်ကြီးခေါ်၊ ဘုန်းကြီးပင့်၊ ပျဉ်စပ်တဲ့အထိ ဆေးရုံထဲတင် စီမံရတာ။
“မင်းတော်တယ် မောင်ပြူး။ မင်းကို ရုံးရောက်ရင် ဘောက်ဆူးပေးရမယ်။” လို့ ချီးမွှန်းတာကတော့ ပရဟိတ ဝါသနာပါသူ ဘုန်းဘုန်းဘုရားများပါပဲ။ “ဟဲ့ တကာတို့။ လာ တက်။ ဘုန်းဘုန်း ကားပေးမယ်။ ဆေးရုံကို လိုက်ပို့လိုက်ကြ။” ဆို လွှတ်လိုက်တာ မအိပ်နိုင် မစားနိုင် တငိုင်ငိုင်နဲ့ အိပ်ယာထဲလဲနေတဲ့ လူမမာသယ်လေးပါ။ ကလေးမ အားပြတ်နေရှာသတဲ့။ အမှန်တော့ အာဟာရပြတ်နေတယ် ထင်တာပဲ။ အေးလေ။ မွေးထိုက်လို့ မွေးရတော့မယ်။ သူငယ်မကုသိုလ် ငါ့ကုသိုလ်။ စမ်းသပ်စစ်ဆေး မေးမြန်းကြည့်တော့ ရခိုင်ဘက်က ရွှေမျောလုပ်ဖို့ ဒီဘက်ကိုရောက်လာတာ။ အခု ယောက်ကျားသယ်က ကလေးလေးယောက်နဲ့ သူနဲ့ထားခဲ့ပြီး ဘယ်ဆီရောက်သွားမှန်းမသိ။ သေသလား ရှင်သလား။ သတင်းမကြား။ စားရမဲ့မဲ့ သောက်ရမဲ့မဲ့မို့ ခို ၉၉၉ ကောင်စလုံးမဲ့နေတာ။ သနားပါတယ်ကွယ်။ ပါလာတဲ့ သမီးအကြီးမလေးကမှ ၁၀ နှစ် ကျော်ကျော်ရယ်။ ကျန်ခဲ့တဲ့ ကလေးတွေ ဘယ်သူ ထမင်းကျွေးထားမယ် မသိ။ ပရဟိတ ကားဆရာကြီးများကတော့ “ဆရာတို့ စိတ်ချလို့ ဆရာတို့လက် အပ်ရမှာပဲ။ ပြန်ပါဦးမယ်။ ပြန်ဦးမယ်။ နှုတ်ခွန်းဆက်ပါတယ်။” တဲ့။ “မင်း ဘာစောင်စကားပြောလိုက်တာလဲ ညီလေး။” လို့ ရန်ပြန်မဖြစ်တော့ပါဘူး။ ကားထဲမှာ နေကာမျက်မှန်ကြီးနဲ့ ထိုင်နေတဲ့ ဘုန်းဘုန်းဆီ တန်းကြွပလိုက်တာပေါ့။ “မှန်… လှပါ ဖယား။ သံဃာ့ဆိုတာ ရတနာတစ်ပါးဟားဟားဟားပေမို့…။” ဆို ကိုယ်က ဦးအောင် ငိုချင်းချပလိုက်တယ်။ ဘုန်းဘုန်းလည်း မြင်တဲ့အတိုင်းပါ ဘုရား။ တပည့်တော်တို့ ဆေးရုံကြီးမှာ လူနာတွေကို အပြည့်ပါပဲ။ အဲ့ဒါ တစ်ရက်စာပါ ဘုရား။ ညနေကျ တပည့်တော်တို့ ပြန်ပေးဆင်းလိုက်ရင် နက်ဖြန်ကျ အခုလိုပဲ ပြန်ပြည့်လာဦးမှာပါ ဘုရား။ ခုနေခါ စစ်တပ်က ဆေးရုံတွေချည့် ဗုံးနဲ့လိုက်ကျဲနေတာ ရှင်ဖျားတို့လည်း အသိပါဖျာ့။ ဗျိတော်တို့ ဆေးရုံက ဒီနေ့ ရှိပေမယ့် နက်ဖြန်ခါ ရှိချင်မှ ရှိမှာပါဖျာ့။ စစ်တပ်ကဝင်လာရင် ဒီသားအမိကို ဘယ်သူကခေါ်ပြေးမှာလဲဖျ။ ဆလိုင်းလေး တစ်လုံး နှစ်လုံးနဲ့လည်း ငုတ်တုတ်ထထိုင် လောက်အောင် ပြန်ကောင်းစရာ မရှိပါဘုရား။ ရှင်ဖျားတို့ကျောင်းက လူနာစောင့် တစ်ယောက် နေရစ်ရင် တပည့်တော် ဆေးရုံတင်ကုပေးမယ် ဘုရား။ ချည်ရတုပ်ရတာပေါ့လေ။ တော်သေးတယ်။ ငိုချင်းလေးနဲ့တင် ကိစ္စပြတ်သွားပေလို့။ နို့မို့ ဧယျာဉ်ပါ လိုက်ကျူးနေရမယ်။ သူများကို သွေးတက်အောင် လုပ်မိပြီ။
လူနာတွေကလည်း တကယ်ကို ရုံနဲ့အပြည့် အုန်းအုန်းထနေတာပါပဲ။ နာရေးအဖွဲ့ကလည်း ခွဲခန်းရှေ့ ဖျာတွေခင်းပြီး တရားနာကြတာ။ ကောင်းကွာ။ နေကပူပူ လူကရှုပ်ရှုပ်။ ဗိုက်အရမ်းနာနေတဲ့လူနာတစ်ယောက်ကတော့ ခွဲရမယ့်ပုံပေါ်တယ်။ ခဏတော့ စောင့်ကြည့်ချင်သေးလို့ ဆေးတွေထိုး လိုင်းတွေချိတ်ပြီး ထမင်းစား၊ စာသင်၊ ဗိုက်ပြန်စမ်း။ ခွဲမယ်ကွာ ဆို ခွဲခန်းထဲဝင်ကြပြန်ရော။ သည်းခြေအိပ်ကြီးက ပြည်တည်နေတာကိုး။ အောင့်တာဖျားတာ ဘာဆန်းသလဲ။ ခုတော့ ပြည်ပဲ ဖောက်ထုတ်ပေးလို့ရတယ်နော်။ နောက် ၂ လလောက်နေမှ သည်းခြေအိပ်ပြန်လာထုတ်ရမှာ။ ဒီဆေးရုံက ရှိသေးတယ် ဆိုရင်ပေါ့နော့။ အဲ့ဒါလည်းပြီးရော တနေဝင်သော် တမိုးချုပ်လျှင် ဖြစ်သွားတာပဲ။
စာရေးဖို့လား။ ဘာမှ မခဲယဉ်းဘူး။ တနေ့တမျိုး မရိုးအောင် ကြုံနေရသမျှကို လူနာဆီမှာ chart down သလို “အင်းဟယ် အင်းဟယ်” နဲ့ ကောက်ရေးသွား။ ဒီနေ့မပြီး နက်ဖြန်ဆို တင်စရာ တစ်ပုဒ် ရတာပဲ။ ကိုယ်တို့ဆေးရုံကြီးကလည်း တနေ့ထက်တနေ့ လူနာမျိုးစုံနဲ့ စည်ကားလာဦးမှာပဲ။ ကိုယ်တို့တော်လှန်ရေးကြီးကလည်း တနေ့ထက်တနေ့ အောင်မြင်လာတာ မြင်တဲ့အတိုင်းပ။ စစ်ခွေးတွေဘက်ကလည်း တနေ့ထက်တနေ့ ပိုယုတ်မာလာတာ သိတယ်မှလား။ နွေဦးတော်လှန်ရေးကို live လွှင့်သလို လွှင့်ထားပြီး ကိုယ်တိုင်ဖြတ်သန်းနေတယ်။ ရေးစရာတွေများ အာကာကိုလွှာပုံပြုရမတတ်။ ဖတ်ရမှာပါ။ မပူပါနဲ့။ ဇာတ်ညွှန်းအတိုင်း ရိုက်ရအောင် Myanmar Idol မှ မဟုတ်တာ။ မီးကလေး ခဏပြတ်ပြီးရင် ကျနော် ပြန်လာခဲ့ပါ့မယ် ခည။ အဲကွန်းမအေးရင် ဟိုစောင်ဆရာမလေးကို သွားဆဲထားနှင့်ပါနော်။