သင်္ကြန်တွင်းတုန်းက ပြောင်စပ်စပ် မျက်နှာနဲ့ ရေပက်ခံထွက်ကြတဲ့ နိုင်ငံခြားသား ၄ ကောင်ဟာ နောက်တော့ ဘယ်သူမှ ရိုက်စစ်စရာမလိုပဲ မြဝတီသတင်းကနေ ဖော်ကောင်လုပ်လာပါတယ်။ အဲ့ဒါ အွန်လိုင်းပေါ်ကနေ psy war ထည့်ဖို့ ငှါးထားတဲ့ ရပ်ရှန်းဘလော့ဂါတွေပါတဲ့။ ဂုဏ်ပြုညစာစားပွဲကြီးနဲ့တောင် ဧည့်ခံရလေတယ်။ ခေါ်မယ့်ခေါ်လည်း ခေါက်စံက ဘားတွေမှာ တိုင်ပတ် က နေတဲ့ ရပ်ရှန်းဒန်ဆာတွေပါ ခေါ်တာ မဟုတ်ဘူး။ အခုတော့ သားစစ်က ဒီးယား နဲ့ ဒွန့်ပြီး စင်ပေါ်တက်ဆဲတာ ခံလိုက်ရပြီ။ ဒီကမ္ဘာမှာ ဒင်းတို့ကို အဖက်လုပ်မယ့်သူ ချူချာကလွဲလို့ တခြား ဘယ်သူမှ မရှိတာ သိပြီးသားပဲ။
လိုင်းပေါ်မှာ တက်တက်ပြီး သတင်းအတုတွေ ဖြန့်နေတဲ့ စစ်ဗိုလ်အကောင့်တွေ ဒီရက်ပိုင်း ခြေရှုပ်နေတာ သတိထားမိတယ်။ သတင်းအမှန်တွေ ပျံ့မသွားဖို့ နည်းမျိုးစုံနဲ့ နှောက်ယှက်ပိတ်ပင်နေတာ။ ဘောလုံးသမားများလိုပဲ ဘယ်သူ့ဘယ်သူဆီ အသေကပ်ထား။ သူ့ဆီ ဘောလုံးမရောက်စေနဲ့။ သိပ်စွာနေရင် ညှို့သကျီးပိတ်ကန်ပစ်။ စသဖြင့် ညွှန်ကြားထားပုံရတယ်။ လင်တရူးမယ့် ပရိသတ်ကို ပြည်သူ့လင်ကလေးတွေနဲ့ ထိန်းထား။ တဏှာရူးမယ့် ပရိသတ်ကို အညှီအဟောက်ကလေးတွေနဲ့ ခေါ်ထုတ်သွား။ သတင်းအမှန်တွေကို လူမကြားစေချင် သတင်းအမှားတွေကို ကျယ်ကျယ်လောင်လောင် အော်ပေး။ မျိုးစုံ ကြိုးခုန်နေကြသူများပါ။ သူတို့ဆိုက်ဝါးက အရပ်သားတွေကို တားဂက်ထားမယ် မထင်ပါဘူး။ တပ်ထဲကလူတွေကို သောင်ပိန်းဖြစ်အောင် အပြင်လောကကြီးနဲ့ မျက်ခြေဖြတ်ထားတာ။ “ဖုန်းလည်း မသုံးရ။ နန်နန်ဂျားသတင်းတွေလည်း နားမထောင်ရ။” တဲ့။ ဒါထက် စကားမစပ်။ သူတို့တပ်ထဲမှာရော မီးလာရဲ့လား မသိ။ မျောက်မြန်မာပြည်မှာ မီးလုံးဝ မပျက်ဘူးလား။ ဟပ်လား။ မျောက်ဖြစ်ရကျိုးနပ်ပါပေတယ်။
ကိုယ်တို့ဆီမှာတော့ မီးလာတာ မလာတာ ပြဿနာ မဟုတ်ပါဘူး။ ကိုယ့်မီးစက်နဲ့ကိုယ် နှိုးသုံးရတဲ့ ဥစ္စာ။ ဒါပေသိ မီးစက်ကို ညဘက်မီးထွန်းဖို့ မနှိုးပါဘူး။ လူနာအတွက် လုပ်စရာတစ်ခုခုရှိမှ နှိုးတယ်။ ကိုယ်တွေအတွက်ဆို မှောင်မှောင်ပဲနေတာ။ အခုရက်ပိုင်းတော့ ဒီကောင်တွေ ကိုယ့်ဆီ လာဖျက်စီးနိုင်တဲ့ အလားအလာကြောင့် တစ်ချက်ကလေးမှ သတိမလစ်အောင် နေပါတယ်။ မြိုင်မှာလည်း ဆေးရုံမီးရှို့ဖို့သက်သက် ရွာကိုဝင်စီးပြီးပြီ။ တပ်မဟာ ၉ တို့ တပ်ရင်း ၆ တို့ဘက်မှာလည်း လေယာဉ်တွေနဲ့ ဗုံးလာကျဲပြီးပြီ။ သတိမထားရင် အထိအခိုက်များတယ်။ သတိနဲ့နေရင် အသေအပျောက်ကင်းတယ်။ အသက်ကို ဉာဏ်စောင့်သတဲ့။ ကိုယ့်ဘာသာကိုယ်ပဲ စောင့်ရှောက်ကြတာပေါ့။
ဟိုးအရင်နှစ်တွေတုန်းက “ဒေါ်စုအကွက်တွေကို မခန့်မှန်းနဲ့။ ခင်ဗျားတို့ ရူးသွားလိမ့်မယ်။” လို့ ပြောတာ ကြားဖူးတယ်။ အခုရက်တွေမှာတော့ ပြန်ပြောစရာ ရပြီ။ “ကြင်စိုးအကွက်တွေကို မခန့်မှန်းနဲ့။ အဲ့ဒီကောင် ရူးသွားပြီ။” လို့။ ပဇီကြီးရွာက စစ်ရာဇဝတ်မှုတွေကို လက်စဖျောက်ဖို့ နောက်ထပ် ၂ ကြိမ်တိုင်တိုင် လေယာဉ်နဲ့ ဗုံးထပ်ကျဲပြီး အနားပတ်ဝန်းကျင်က ရွာတွေကို စစ်ကြောင်းထိုး သတ်ဖြတ်မီးရှို့နေတယ်။ သူအုပ်ချုပ်တာ လက်မခံလို့ကတော့ မြေပါလှန်ပစ်လိုက်မယ် ဆိုတဲ့ သဘောပေါ့။ စစ်ခုံရုံးမှာ သက်သေလိုက်စရာ လူမကျန်အောင် အကုန်လုံးအမျိုးတုန်း လက်စဖျောက် သတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်လည်းပါမယ်။ ကလေးသူငယ် အယောက် ၄-၅၀ မရှုမလှ သေကြေရတဲ့အကြောင်းရင်းက စစ်သားတွေသတ်လို့သေတာ မဟုတ်ပဲ PDF တွေမိုင်းထောင်ထားလို့ပါ ဆိုပြီး ဗြောင်လိမ်တဲ့ ဇာတ်ညွှန်းက ထုတ်လာသေးတာ။ ဒင်းအသိဉာဏ် တစ်ထွာတစ်မိုက်နဲ့။ သူ့တပ်ထဲက မုဆိုးမတွေပဲ သူပြန်လိမ်လို့ရမှာ။ ရောက်လာမယ့်နေ့ရက်တိုင်း တပ်ထဲကကောင်တွေ မရှုမလှသေဖို့ ကိုယ့်သေတွင်းကိုယ်တူးသွားတာမှန်း နားမလည်ဘူး။ ဇော်မဲလုံးတောင် လိမ်ရလွန်းလို့ ပါးစပ်လောက်တက်ပြီး သင်္ကန်းပြေးခြုံနေရတယ်။ ခုရက်ပိုင်း ပေါက်ဖော်ကြီးတွေ နေပူတော်လာပြီး သန်းရွှေ၊ သိန်းစိန် နဲ့တွေ့တယ်ဆိုတာ “အဲ့ဒီအကောင်ကို ဖြုတ်လဲပစ်မှ ခများတို့ဘဝ အာမခံချက်ရှိမယ်။” လို့ သတင်းစကားလာပါးတာ ဖြစ်နေဦးမယ်နော်။ အဲ့ဒီမြေခွေးအိုကြီးတွေကရော အစွယ်တွေ အဆိပ်တွေ မကျန်တာ သေချာလို့လား။ နောက်ကျောကိုထိုးမယ့်ဓါး ဈေးပေါလိုက်တာ။ စဉ်းစားကြည့်လေ။ တောထဲမှာ လေကြောင်းရန်မအေးလို့ ပျောက်ကျားစစ်သည်တပိုင်း လုပ်ပြီး ဆေးကုနေရတဲ့ ကိုယ်တို့ဘဝနဲ့ စစ်သည်ငါးသိန်းအကာအကွယ်ယူပြီး လုံခြုံရေးအထပ်ထပ်နဲ့နေရတဲ့ ကြင်စိုးဘဝ။ ဘယ်ဒင်းက ပိုပြီး ဘေးရန်အန္တရာယ်များနေသလဲ။ သူတပါး ပယောဂမပါရင်တောင် သူ့အကုသိုလ်အကြောင်းတရားသက်သက်နဲ့တင် ကုန်းသွား ကုန်းဘေး၊ ရေသွား ရေဘေး၊ လေပေါ်ပျံ လေဘေးတွေ့ဖို့ လုံလောက်နေပြီ။
စစ်တပ်က ကျူးလွန်တဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုတိုင်းဟာ တော်လှန်ရေးအင်အားတွေ ငြိမ်ဆင်းသွားရမယ့်အစား မီးလောင်ရာ လေပင့်သလို တဟုန်းဟုန်း တောက်လောင်တိုးပွါးစေတယ်။ ပိုလည်း နာကျည်းသလို ပိုလည်း အားစိုက်ကြတယ်။ ကိုယ်တို့ရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ခိုင်မာပြတ်သားစေတယ်။ မီးပေးပြီး ထုနှက်သမျှဟာ ဓါးကောင်းတစ်လက် ဖြစ်ဖို့ချည့်ပဲ။ ဘာမှ မလုပ်ရဲတာ မရှိဘူးဆိုတဲ့အကောင်။ ကိုယ်လုပ်တဲ့အကျိုးဆက်ကိုပဲ ခံနိုင်ရည်ရှိအောင် ကြိုးစားထား။ ဟုတ်ပြီလား။ ချက်ချင်းတော့ သေမသွားနဲ့ဦး။ တမြေ့မြေ့လေး ခံစားသွားစေချင်သေးတယ်။
အခုလောလောဆယ် စစ်ရေးအခြေအနေ မငြိမ်မသက် ဖြစ်နေတာကတော့ ဖားကန့်ဘက်မှာပါ။ မနေ့က ဗုံးကျဲသွားတဲ့ တပ်ရင်း (၆) တို့၊ တပ်မဟာ (၉) တို့က ဖားကန့် နယ်မြေကို ထိန်းချုပ်ထားတဲ့ KIA တပ်တွေ မဟုတ်လား။ မြန်မာစစ်တပ်က ဖားကန့်မြို့ပေါ် ဗျူဟာကုန်းမှာထိုင်ပြီး KIA တပ်တွေက ဖားကန့်ပတ်ပတ်လည် တောင်ကုန်းတွေပေါ်မှာ ထိုင်တယ်။ တခါတလေ ဥရုချောင်းကလေးခြားပြီး ဟိုဘက်တောင်ထိပ် သည်ဘက်တောင်ထိပ် လှမ်းမြင်ရတဲ့နေရာမှာ နေကြတယ်။ သူတို့ဆီ လေယာဉ်တွေ လာလာကျဲတာ ရိုးနေပြီ။ သူတို့စခန်းတွေက အလွယ်တကူ ဗုံးစာမမိနိုင်တဲ့ အနေအထားမှာ တည်ထားတယ်။ အကြိမ်များစွာ လာကျဲတဲ့အထဲမှာမှ အနမ့်ပါမှာပဲ အလစ်အငိုက်မိပြီး ပွဲခင်းထဲကျလို့ လူအများကြီး ပါသွားတာ။ အနမ့်ပါမှာ ဒဏ်ရာရတဲ့လူနာတွေကို ဆေးရုံပို့လို့မရအောင် ကံစီးကြိုးတံတားထိပ်ကပိတ်ပြီး တပ်ခွဲတစ်ခွဲထိုင်ထားတယ်။ ကံစီးက အောက်ကိုဆင်းသွားရင် လုံးခင်းနားမှာ မှော်ပုံ တို့ ဆန်ခါတို့လို ရွာတွေရှိတယ်။ မနေ့ညက အဲ့ဒီရွာတွေကို တစ်အိမ်တက်ဆင်း ဝင်မွှေပြီး လူ ၈၀ လောက် ဖမ်းသွားသတဲ့။ ရွာထဲမှာလည်း စစ်ကြောင်းထိုင်ထားတယ် လို့ ဆိုတယ်။ တယ်လီနောတာဝါတိုင်ကိုလည်း သူတို့ကပဲ မီးရှို့ဖျက်ဟစီးလိုက်သတဲ့။ ရှမ်းဘုန်းကြီးယတြာနဲ့ ပရိတ်ရေတွေလိုက်ဖျန်းခါမှပဲ စစ်မီးပွါးတွေ တားမရဆီးမရ လောင်မြိုက်တော့မယ့်သဘောရှိတယ်။ KIA က ဖားကန့်နယ်မြေကို လက်လွှတ်ဆုတ်ခွါဖို့ အဲ့သလောက်လွယ်မယ် မှန်းထားတာ အံ့ဩပါရဲ့။ အကိုရေ မောတယ်။ အပိုတွေ မပြောဘူး။ စောင့်ကြည့်လိုက်။ စောင့်ကြည့်လိုက်။
ပြီးခဲ့တဲ့ ၂ လလောက်တုန်းက စကစ ဟာ ခံစစ်ကို ပြောင်းကစားနေတယ် လို့ ပြောခဲ့ဖူးတယ်နော်။ အခု ဒီနှစ်ဦးမှာတော့ တိုက်စစ်အသွင်နဲ့ ထိုးစစ်ဆင်လာတာ နေရာအနှံ့ပဲ။ တစ်ခုတော့ ရှိတာပေါ့။ “ထီကနဲဆို တုတ်ဆွဲဓါးဆွဲ ထွက်သွားလိုက်။ ထိပ်ကြီးကွဲပြီး ပြန်လာလိုက်။” ဆိုတဲ့ ငပွကြီး စစ်ဆင်ရေးမျိုး။ သူတို့အတွက် အောင်မြင်တဲ့ စစ်မျက်နှာဆိုတာ အရပ်သားပြည်သူကို အမုန်းဆွဲ ဗုံးကျဲတဲ့ တဘက်သတ် လူသတ်ပွဲတွေမှာပဲ ရှိတယ်။ တိုင်းတပါးအကူအညီမပါတဲ့ PDF ကလေးတွေကို တိုက်ရတာ သူတို့ဘက်က အပွင့်တွေတင်မကဘူး။ အခွေတွေပါ တဖြုတ်ဖြုတ်ကြွေတယ်။ ကစထမှူးတွေ အနှုတ်အသိမ်းလုပ်ယူရတယ်။ ဒါတောင် တရုတ်အားကိုး ရုရှားအားကိုးနဲ့ လေယာဉ်ပါသုံးပြီးတိုက်နေတာ။ တကမ္ဘာလုံးအလယ်မှာ သောက်ရှက်တွေ တဗြန်းဗြန်းကွဲလည်း “အို ဘာဖြစ်သေးလဲ။ ဒါလည်း ဆယ်လီဖြစ်တာပဲဟာ။” ဆို ပြောင်ပြောင်ကြီး ဆက်ထိုင်တယ်။
မင်းအောင်လှိုင် ရဲ့ အကြမ်းဖက်စစ်တပ်ကြီး ကမ္ဘာမြေပြင်မှာ ရှိနေသမျှ ကာလပါတ်လုံး “ဟောဒီစကြာဝဠာကြီးတစ်ခုလုံးမှာ ဘာဘုရားသခင်မှ မရှိခဲ့ဖူးဘူး။ ဓမ္မတရားတွေအားလုံးဟာ အလိမ်အညာတွေသာဖြစ်တယ်။” လို့ သက်သေပြနေရာ ရောက်တယ်။ ဘယ်ဘုရားသခင် အဆုံးအမအောက်မှာမှ မရှိတဲ့ကောင်တွေ မင်းမူနေတာ ကြာလွန်းလို့။ သင်္ကန်းခြုံ မဘသ တစ်ကောင်ရဲ့ လူပေါင်းများစွာသေစေလိုသော သတင်းပေး ချောက်တွန်းမှုကြောင့် လူမမယ်ကလေးငယ်တွေ ရက်ရက်စက်စက် အသတ်ခံရတယ်။ လူမဆန်လွန်းတဲ့ သူတို့ပြစ်မှုကို လက်စဖျောက်ဖို့ နောက်ထပ် ၂ ကြိမ်တိုင်တိုင် လေယာဉ်နဲ့ ဗုံးကျဲပြီး ဘယ်ရွာသားမှ မကျန်အောင် ရှင်းလင်းတယ်။ ပြီးကျမှ အလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ပြီး သက်သေပစ္စည်းအတုတွေ ဖန်တီးတယ်။ အဲ့ဒီရွာကလေးဟာ PDF စခန်းပါ လို့ ဇွတ်ညာတယ်။ ဒီလူတွေ ရမ်းကားသမျှ ဘယ်သူမှတားမယ့်ဆီးမယ့်သူ မရှိတဲ့အဖြစ်ဟာ လူ့လောကတစ်ခုလုံးကို အင်မတန် အရုပ်ဆိုးစေတာပဲ။ လူသားအချင်းချင်း ကိုယ့်နိုင်ငံသားအချင်းချင်း အဲ့ဒီလောက် ထိ ယုတ်မာနိုင်အောင် မှိုင်းတိုက်ခိုင်းစေလို့ ရတယ်ဆိုတဲ့ နမူနာကို မြန်မာစစ်တပ်က ရှင်းနေအောင် သက်သေပြသွားတယ်။ ရာဇဝင်မှာတော့ စာတင်ပြီလေ။ ခွေးရေပုရပိုဒ်နဲ့။
သူတို့ခမျာလည်း သနားစရာတောင် ကောင်းပါတယ်။ ချူချာတွေ ခခယယ ပင့်ထားတာတောင် ကလဲရစ်ဆာ လာတုန်းက လီလီနိုင်ကျော်နဲ့ ပေးတွေ့တဲ့ အကြံဉာဏ်မျိုးထက် ပိုတက်မလာဘူး။ တစ်တပ်လုံးပေါင်းလို့မှ ခေါင်းတစ်လုံး သုံးစားစရာ မပါ။ အခု ဖားကန့်မှာ စစ်မြှူနေတာ ဆယ်ဇင်းမှာ ဖြတ်တောက်ပိတ်ဆို့ခံနေရတဲ့ တပ်ရင်းကို ဝင်စီးမှာစိုးလို့ မဟုတ်ဘူးလား။ SNA ကို မောင်းထုတ်ပြီးရင် တေ့တေ့ဆိုင်ဆိုင် တိုက်စရာ ဒီ ၂ ဖွဲ့ပဲ ကျန်တော့တာလေ။ သိအောင်ပြောပြရမယ် ဆိုရင် ဆယ်ဇင်းရွာတစ်ရွာလုံး မီးလောင်ပြင် ဖြစ်သွားတုန်းကလည်း ရွာနံဘေးမှာ ရှိနေတဲ့ KIA/KIO စခန်းတွေ တစ်လက်မတောင် ရွေ့မသွားဘူး။ အနမ့်ပါမှာ ပြာပုံဖြစ်သွားပေမယ့်လည်း KIA တပ်ရင်းတွေ တပ်မဟာတွေ စကစလက်အောက်ကို ရောက်မသွားလို့ ခုထက်ထိ ဗုံးကျဲနေရတုန်းလေ။ အနှစ် ၆၀ တိုက်လာတဲ့သူတွေကို ကနေ့ နက်ဖြန် အပြုတ်တိိုက်မယ်ဆိုတော့ ကြူကြူလှကိုယ်တိုင် ပြုတ်ပေးလိုက်တဲ့ဟာပဲ ဖြစ်ရမယ်။ မြန်မာပြည် တနံတလျား ဘယ်လက်နက်ကိုင်ကိုမှ အနိုင်မတိုက်နိုင်ပဲနဲ့။ လက်နက်မဲ့ပြည်သူဆိုရင်သာ အဆုံးစွန်အထိ မိုက်ရိုင်းယုတ်မာလွန်းလို့ ကိုယ့်အသက် ကိုယ့်မိသားစုအသက်ကို လက်နက်နဲ့ကာကွယ်ရတာ။ လက်နက်ကိုင်လမ်းစဉ်ဟာ အဖြေမဟုတ်ဘူးလို့ တဖွဖွအော်နေတဲ့သူတွေဟာ သူတို့ကိုယ်တိုင် လက်နက်မဲ့ အနေအထားကြောင့် အသက်ပါရန်ရှာခံလာရရင် ဘယ်လိုအဖြေရှာမှာလဲ။ အခွင့်အရေးတစ်ခုအတွက် သူများအသက်ကို “သတ်ရဲတယ်ကွ။” ဆိုတဲ့သူတွေနဲ့ မတရားမှုတွေ ဆန့်ကျင်ဖို့ ကိုယ့်အသက်ကို “သေရဲတယ်ကွ။” လို့ စွန့်လွှတ်ရဲတဲ့ လူငယ်တွေ ဘယ်သူက အောင်ပွဲခံမလဲ။ Live show တစ်ခုကို ကြည့်နေရသလိုပါပဲ။ အဖြူ အမည်း သဲသဲကွဲကွဲ မြင်ရတော့မှာပါလေ။ ခုနလေးတင် ပြောခဲ့တယ်။ “စောင့်ကြည့်လိုက်။ စောင့်ကြည့်လိုက်။” လို့။