ချန်ဂင်တို့စခန်း (၁၆၅)

ဒီနှစ်သင်္ကြန်မှာ စစ်ခွေးအသိုင်းအဝိုင်းကလွဲလို့ ဘယ်သူမှ ရေမကစားကြပါဘူး။ ဒေါ်အုန်းကြည် ကြောက်လို့ မကစားရဲတာ မဟုတ်ပါဘူး။ အဲ့ဒီလူတွေနဲ့ ရေလောင်းရေပက် လုပ်ရမှာ ရွံလို့မုန်းလို့ သနလို့ သပိတ်မှောက်ပြီး သင်္ကြန်မကျပဲ နေကြတာပါ။ ကိုယ်တိုင် သွားကစားဖို့ နေနေသာသာ စစ်ခွေးမဏ္ဍပ်မှာ ဓါတ်ပုံပါလာတဲ့ နိုင်ငံကျော်ကြီးတွေတောင် တံတွေးခွက်မှာ ပက်လက်မျောကုန်တာ မြင်တဲ့အတိုင်းပဲလေ။ အဲ့ဒါကြောင့် သင်္ကြန်မဏ္ဍပ် ဗုံးပေါက်တယ်များကြားရင် ဘယ်လိုလူတွေပဲဖြစ်မလဲ အားလုံးက သဘောပေါက်ကြပါတယ်။ အဲ့ဒီနေရာတွေကလွဲရင် ဘယ်နေရာမှာမှ ရေမပက်ကြပါဘူး။ ကိုယ်တို့ရောက်နေတဲ့ ဟောဒီရွာကလေးမှာတောင် ရေမပက်ဘူး။ ရှင်းရော။ ရေပက်မယ့်အစား အိမ်ရှေ့လမ်းကလေးတွေကို ဖုန်သိပ်ပြီး အေးနေအောင် ရေဖျန်းထားကြတယ်။ မနှစ်ကတုန်းက ပက်တယ်။ ဒီနှစ် မပက်တာ။ သတင်းစီးဆင်းမှုက တောကြိုအုံကြားလည်း ရောက်တာပဲ။ ရွာမှာရှိတဲ့ အမယ်ကြီးတွေကို တစ်အိမ်တက်ဆင်း လိုက်ခေါင်းလျှော်စရာ မလိုတော့ဘူး။ တော်တော်များများ ဘုန်းကြီးကျောင်းမှာ သီလရှင်ဝတ်ပြီး တရားစခန်းဝင်နေကြတယ်။ အဲ့ဒါကြောင့် ကိုယ်တို့မှာ သူတော်ကောင်းများ ဘေးကင်းရန်ကွာ ရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သနေရတယ်။ သိတယ်မှလား။ ဟိုသူယုတ်မာတွေက လေယာဉ်တဝဲဝဲနဲ့ ချောင်းနေတာ ကြာပြီလေ။ ကျောင်းပေါ်များ ကျလိုက်ရင် ရဟန်းသံဃာနဲ့ ဥပုသ်သည် သီလရှင် အမေကြီးတွေပဲ ထိကုန်မှာ။ စိတ်မပူလို့ရမလား။

လောလောဆယ် ထေရီထေရာတွေ ဖြစ်သွားပေမယ့် အရင်က ဆေးခန်းလာပြနေကျ လူနာတွေပါ။ ဒီနေ့တော့ တသုတ်ကြီး ဆေးခန်းလာပြကြတယ်။ မွန်းလွဲသွားပြီဆိုတော့ ကိုယ်တို့လည်း အချိုရည်လေးများ ကပ်မယ်ဆို ပြင်ဆင်ထားတာပေါ့။ ဘယ်ဟုတ်မလဲ။ သူတို့ကတောင် မုန့်တွေအချိုရည်တွေ ဆေးရုံအဖွဲ့အတွက် ယူလာတာ အများကြီးပဲ။ သီလရှင်အသစ်တွေနဲ့ ဆေးကုရတာ ပြောင်းပြန်တွေကိုဖြစ်လို့။ “တပည့်တော် ပြန်ကြွလိုက်ဦးမယ်ဖျာ့။ ညကျ တပည့်တော်တို့က ဒီမှာ မကျိန်းဘူးဖျာ့။” နဲ့ လျှောက်မိရင် သူတို့ကလည်း လက်အုပ်ကလေးချီလို့ “တင်ပါ့ဘုရား။” လိုက်တာ။ ဒီရွာက အမယ်ကြီးတွေက မနက်လင်းတိုင်း ဆွမ်းချိုင့်ကလေးတွေ ထမ်းပြီး သီလသွားယူနေကျပါ။ ပြီးရင် သူတို့ ရှမ်းထုံးစံအတိုင်း ဆွမ်းပွဲကလေးတွေပြင်တယ်။ လက်ထဲမှာ ပန်းတစ်မျိုးမျိုးကို ငှက်ပျောညွန့်ကတော့လေးနဲ့ ပတ်လို့ ဆွမ်းတော်တင် သီလယူကြတာပဲ။ အခါကြီးရက်ကြီးမှ လုပ်တာ မဟုတ်ဘူး။ နေ့စဉ်ပြုနေကျ အာစိန္နကံ။ ဒါကြောင့်လည်း သူတို့ အသက်ရှည်ကြတာ။

ဆေးရုံမှာတော့ ခါတိုင်းနဲ့စာရင် လူနာရှင်းသွားတယ်။ ကားတွေမဝင်တော့ဘူး။ ဂိတ်ကလည်း ပေးမဖြတ်တော့ဘူး။ ဈေးဆိုင်ကယ်တွေ မလာတော့လို့ ဘာမှ ဝယ်စရာ မရှိ။ လူတွေက အခြောက်အခြမ်းနဲ့ ချက်စားလို့ရပေမယ့် ယုန်တွေက ဒုက္ခရောက်တာပေါ့။ ဝယ်ထားတာတွေကလည်း ဘယ်ခံမလဲ။ နေ့ရောညရော စားနေတဲ့ဥစ္စာ။ အောင်မယ် သူတို့က ဟင်းရွက်ကန်စွန်းတောင် ဝါရင်နွမ်းရင် မစားဘူးဆရာ။ စိမ်းစိုလတ်ဆတ်နေမှ။ ဗိုက်ဆာရင် သူတို့ကလည်း လူမြင်တာနဲ့ အစာတောင်းတော့တာ။ မုန်လာဥနီ နဲ့ ကန်စွန်းဥတွေလည်း ကုန်ပြီ။ နက်ဖြန် သူတို့ကျွေးဖို့ ဟင်းရွက်ထွက်ခူးရတော့မယ်။

အခါတွင်းကြီးပေမယ့် မွေးလူနာကလည်း နေ့တိုင်းရှိတာဗျ။ ကလေးအနှီးတွေ အုပ်လိုက်ဝယ်ထားတာ။ ကုန်ပြန်ပြီ။ မနေ့ကပဲ တက်သုတ်ရိုက်ပြီး လူနာတွေပေးဆင်း။ နောက်နေ့ အသစ်တွေ ထပ်ရောက်လာတာပဲ။ ဆယ်ဇင်းဘက်က ခြေနှစ်ဘက်လုံး မိုင်းထိလို့ရောက်လာတဲ့လူနာကိုတော့ ပြန်လွှတ်ဖို့ စီစဉ်ပေးရဦးမယ်။ ပါလာတဲ့ ပိုက်ဆံလည်း ကုန်ပြီ။ ရောက်နေတာလည်း တစ်လရှိပြီ။ ခြေထောက်ထောက်လို့ မရသေးပေမယ့် ကျောက်ပတ်တီးစည်းပြီး ပေးပြန်ရမှာပဲ။ အထဲကအရိုးတွေက ကျေမွသွားတာ။ ဒီမှာ မိုင်းအမျိုးမျိုး ကုဖူးပြီ။ အရေအတွက်လည်း မနည်းတော့ဘူး။ ဒီဘက်ကလူတွေ ထောင်တဲ့မိုင်းက ခြေငုတ် လက်ငုတ်ပဲ တန်းလန်းကလေးကျန်ပြီး ဆေးရုံကို အချိန်မီရောက်ရင် ဖြတ်တောက်ပြီး အသက်ကယ်ရတယ်။ စကစ က သုံးတဲ့မိုင်းကျတော့ ခြေရောလက်ရော အကောင်းကျန်တယ်။ ဆန်ကာပေါက်လေးတွေပဲ မွစိတက်သွားတာ။ သတ္ထုအဆံတွေနဲ့။ အရေ မှာ အသားမှာ ဆိုးဆိုးရွားရွား စုတ်ပြတ်မသွားပေမယ့် အရိုးကတော့ အပိုင်းပိုင်း ကျေသွားတယ်။ ဖြတ်စရာ မလိုပေမယ့် လမ်းပြန်လျှောက်နိုင်ဖို့ မလွယ်ဘူး။ ဘယ်ဘက်က မိုင်းပဲထိထိ၊ ဆေးရုံရောက်တာတော့ အတူတူပါပဲ။ ကချင်ပြည်နယ်မှာ တဒိုင်းဒိုင်းနဲ့မိုက်တဲ့ ဒိုင်းနမိုက်တွေ ဘယ်လောက်ပေါတဲ့အကြောင်း မမလီဆာ လိုင်ဆာကိုရောက်ဖူးတဲ့အခါ သိလာပါလိမ့်မယ်။ ဦးတေဇကြီးတို့ ကချင်တွေဆီမှာ ရွှေတွေ၊ ကျောက်တွေ၊ မြေရှားသတ္တုတွေ လိုချင်ရာ လာတူး။ တူးလို့ရပါတယ်။ မပခရောက်ဖူးတဲ့ စစ်တိုင်းမှူးတိုင်း ကျိကျိတက်ချမ်းသာသွားတာချည့်ပဲ မဟုတ်လား။ ဒါပေသိ ကချင်မြေမှာ ဖိနပ်ဆိုင်တော့ လာမဖွင့်ကြနဲ့ဗျ။ စီးပွါးဖြစ်မှာ မဟုတ်ဘူး။ ခြေထောက်ဦးရေက တော်တော် လျော့နေလို့ ပူတာအိုမှာ ငေါင်းတွေ့တယ် ငေါင်းတွေ့တယ် ဆိုပြီး သတင်းတွေ တက်တက်နေတာ ဖြစ်မှာပေါ့။ ခြေတပေါင်ကျိုးပြေးနေရတဲ့သူတွေမြင်တိုင်း ငေါင်းမှတ်နေသလား မသိပါဘူး။

ဒါကတော့လေ။ စစ်တပ်ထဲမလည်း ငေါင်းတွေ တပုံကြီးပဲဟာ။ ကျေရောပေါ့။ ဒါပေသိ စစ်တပ်ထဲကငေါင်းတွေက မီးပွိုင့်မှာ ဂျာနယ်လိုက်ရောင်းနေတယ်ချည့် မှတ်မနေပါနဲ့။ ကျုပ်တို့ ကျန်းမာရေးမှာတောင် နှစ်ပေါင်းများစွာ ဆရာဝန်အပေါင်းတို့၏ ကော်ရော်ဖူးမျှော် ပူဇော်အထူးကို ခံယူတော်မူလျက်ရှိသော စိန်ငေါင်းရွှေငေါင်းတွေလည်း ရှိပါသေးတယ်။ ယနေ့ထက်တိုင် ဘုန်းတော်ကြီး လို့ သက်တော်ရှည်လျက်ပါ။ ကချင်ပြည်နယ်က ငေါင်းလေးတွေကတော့ လေယာဉ်လာတဲ့အချိန်မှာ တစ်ချောင်းတည်းရှိလည်း မြောင်းထဲအထိ ကိုယ့်ဘာသာ ခုန်ဆွခုန်ဆွ မဆင်းနိုင်ရင် အလယ်အချောင်းလေးတောင် လိုက်ကောက်စရာ ကျန်မှာ မဟုတ်ဘူး။

ကိုယ် ဒီရောက်တဲ့အခါ Mine injury တွေ အများကြီး ခွဲရတယ်။ ပြန်သွားတဲ့အခါကျမှ ဘယ်နှစ်ယောက် ရှိသလဲ စာရင်းပိတ်မယ်။ လောလောဆယ်တော့ ပိတ်လို့ မရသေးဘူး။ ဝင်လာမစဲ တသဲသဲနဲ့ရယ်။ ကိုယ့်အတွေ့အကြုံအရတော့ ခြေတွေလက်တွေဆိုတာ ဖြတ်ရတောက်ရတာ လွယ်သလောက် ပြန်တပ်ဖို့ သိပ်ခက်တာပဲ။ ဒီကလူနာတွေက ရန်ကုန်၊ မန်းလေး လွှဲလို့လည်း သွားနိုင်တာ မဟုတ်ဘူး။ မြစ်ကြီးနားမှာ လိုင်ဆာမှာလည်း အတုတပ်ပေးမယ့်သူ မရှိဘူး။ လူကြီးတွေဆီ အကူအညီတောင်းတော့လည်း လူနာကို မဲဆောက်၊ ချင်းမိုင် ရောက်အောင် ပို့ဖို့ မဖြစ်နိုင်ဘူး။ တောင်ပိုင်းကလူနာတွေ ထိုင်းကိုလွှဲလို့ အဆင်ပြေသလိုမျိုးမြောက်ပိုင်းကလူနာတွေကို တရုတ်ပြည်လွှဲရတာ ချောချောမောမော မရှိဘူး။ ကိုယ်တို့စခန်းက နယ်စပ်မှာ မဟုတ်တာလည်း ပါတာပေါ့။ ကိုယ်ဖြတ်ပေးထားတဲ့ ငုတ်တိုလေးတွေကို ခုထက်ထိ ခြေတုလက်တု တပ်မပေးနိုင်တာ စိတ်တော့မကောင်းဘူး။ တိုင်းပြည်ကြီး အေးချမ်းတော့မှ လုပ်ပေးမယ်နော် လို့ ချွေးသိပ်ထားရတယ်။

ဒါပေမယ့်လည်း ကောင်းတဲ့ဘက်က လှည့်တွေးပါတယ်။ ခုချိန်မှာ မိုင်းတွေက ကိုယ့်ရဲ့ လုံခြုံရေးကို ကာကွယ်ပေးတယ်။ အဲ့ဒီမိုင်းတွေသာ မရှိရင် ဟိုအကောင်တွေ ကိုယ်တို့ဆေးရုံကို စိစိညက်ညက် အမှုန့်ချေပြီး ကြက်ကလေးငှက်ကလေး ဖမ်းသလို လာဖမ်းသွားတာ ကြာလှပေါ့။ အခုဆို လေကြောင်း တစ်ရန်ပဲ ပူစရာရှိတယ်။ ခြေလျင်နဲ့လာရင် ချက်ချင်းရောက်မလာနိုင်ဘူး။ ဒဿဂီရိတောင် စည်း ၃ တန် တက်နင်းရင် ဘာဖြစ်သလဲ မြင်ဖူးသလား။ ဒီဇာတ်လမ်းက ကလေးဘဝကတည်းက အလွတ်ရခဲ့တာပါလေ။ သင်္ကန်းကြီးတကားကား အရောင်ပြလည်း လက်သီးဆွမ်းတောင် ထွက်မလောင်းပါဘူး။ ပူမနေနဲ့။ ဘန်ကောက်တက်ပြီး သမင်လိုက်တဲ့ ခွင်ရိုက်တဲ့ ကောင်တွေသာ ဘောဆိပ်တက်ပြီး ငိုချင်းချနေရတာ။ မြေစာပင်တွေ ဘယ်နှစ်ဧကရှိရှိ၊ သူ့အပူလား။ ကိုယ့်ဘာသာ “ဘောကြီး ဘောကြီး ဘယ်လောက်ကြီး။ ဟောသည်လောက်ကြီး။” လို့ တိုင်းထွာနေကြ။

လူနာကို ပြန်လည်ထူထောင်ရေး rehabilitation မလုပ်နိုင်သေးသလို တိုင်းပြည်ကိုလည်း ဘယ်လိုလုပ် ပြန်လည်ထူထောင်ရေး လုပ်နိုင်မှာလဲ။ ဟိုအကောင်တွေက ဖျက်စီးလို့မှ မပြီးသေးတဲ့ဥစ္စာ။ သမင်မွေးရင်း ကျားစားရင်းပေါ့။ သူတို့ရဲ့ လူမဆန်တဲ့ အဖျက်အမှောက် လုပ်ရပ် တွေကိုလည်း ဘယ်သူကမှ တားဆီးပိတ်ပင်မယ့်သူ မရှိဘူး။ “ပစီကြီးရဲ့နောက်ကွယ်မှာ ချူချာတွေစနက် မကင်းဘူး ထင်တယ်နော်။” လို့ ရေးတင်လိုက်ရင် ဟို တရုတ်မယွကျား သားတပည့်တွေက restrict လုပ်တယ်။ ရေးပြီးလို့ ၂ ရက်ပဲကြာပါတယ်။ သံအမတ်ကြီးတွေ စကစမဏ္ဍပ်မှာ ရေတက်ပက်ကြရော။ မခန့်တာ မခန့်တာ။ အားပေးအားမြှောက်ပြုနေတယ် ပေါ့လေ။ UN မှာတောင် စကားအစမခံဘူး။ “ဟုတ်ရောဟုတ်လို့လား။”တဲ့။ အလောင်းတွေ မစစ်ဘူးထင်နေတာလား။ လေယာဉ်ပျံကတော့ အစစ်ကြီးပါဗျာ။ သူတို့ပဲရောင်းထားတာ မဟုတ်ဘူးလား။ ကြည်လင်းနောက်က မအလ အချိုးမျိုး လာချိုးနေတယ်။ မပြေးဘူးသာ ဆိုတယ်။ သူ့ကန်ရာကြီးက စုံလိုက်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလောက်ပက်ပက်စက်စက် အသတ်ခံရတဲ့ စစ်ရာဇဝတ်မှုကြီးဟာ တကမ္ဘာလုံးရဲ့ မျက်စိအောက်ကိုတော့ ရောက်သွားခဲ့တာ အမှန်ပဲ။ နောက်ကွယ်က မသမာတဲ့ ဆက်စပ်ပတ်သက်မှုတွေ ရှိရင်လည်း မကြာခင် ဗူးပေါ်သလို ပေါလာဦးမှာ။ အမေရိကန်၊ အင်္ဂလန်ကလူတွေကတော့ မြဝတီသတင်းလေးကြည့်ပြီး “အင်းပါ အင်းပါ။” လုပ်မသွားတာ သေချာတယ်။ ချူချာတွေလည်တာ သူတို့အိပ်နေသလောက်ပဲ ရှိတာ။ ဘယ်သူတွေ ဘယ်လိုရှိရှိလေ။ ပြည်ပအားကိုး ပုဆိန်ရိုး ဆိုတာ ကြင်စိုး နဲ့ သားများအဖွဲ့မှာပဲ ရှိတယ်။ ကိုယ်တို့ကတော့ ဘယ်သူ့မှ အားမကိုးပဲ ကိုယ့်ဘာသာ နိုင်အောင်တိုက်မယ့်သူတွေမို့ ဘယ်ပထွေးမှ အဖေခေါ်စရာ မလိုပါဘူး။ အောင်ဆုဆိုတာ သူများပေးတာထက် ကိုယ်ကိုယ်တိုင် တိုက်ယူမှ တန်ဖိုးရှိတာ၊ အရသာရှိတာ မဟုတ်လား။ ရအောင်ကို ယူပြလိုက်ဦးမှာ။

“စိုးပါနဲ့မေရယ် မိုးကြယ်မို့လား။

သည်တောင်ကို မောင်ဖြိုပါ့မယ်။

မြင့်မိုရ်မို့လား။”