ချန်ဂင်တို့စခန်း (၁၆၀)

ဟိုဘက်ရပ်ကွက်က တပ်မတော်နေ့အခမ်းအနားလုပ်တာကလည်း မုဆိုးမရွာသူတသိုက်ကို ထမီခါးတောင်းကျိုက်ပြီး တပ်ဦးကချီစေသတဲ့။ သံဃာတော်မထေရ်များက မာတုဂါမများအား သပြေပန်းရေချမ်း ကပ်လှူပူဇော်သတဲ့။ ဗိုလ်ရှုခံကာချုပ်ကြီးကလည်း “တိမ်တွေပျံလာတာမော့ကြည့်လို့ သီချင်းဆိုတာကောင်းတယ်။” ဆို မျက်ဖြူကြီးကို လန်နေတာပဲ။ ပရမ်းပတာတွေပါကွယ်။ ကိုယ်တို့ကသာ တပ်မတော်နေ့ အထိမ်းအမှတ်နဲ့ ပြည်လုံးပတ်ဆော် လေတပ်တော် လုပ်မလား အောင့်မေ့နေတယ်။ တကယ့်တကယ်မှာတော့ သူတို့စခန်းတွေပဲ အသိမ်းခံလိုက်ရတာ။ ခုတော့ ကြင်စိုးလေးဘဝဟာ “ကောင်းကင်ပေါ်လည်း မော့မကြည့်ရဲ။ ဒေါ်အုန်းကြည် ဆင်းလာနိုး။ အောက်လူတွေက အသုတ်အသုတ်နဲ့ လက်နက်ချအလင်းဝင်။ ရင်နာဖွယ်ပါ လှည်းကလေးနဲ့ အလောင်းများ တွန်းကာအလာ။ သခင်ရန်ရှာသူ ခွေးကြီးများက ဝိုင်းပြီးဟောင်တယ်ဟေ့။” ဆိုတာမျိုး ဖြစ်နေပြီ။

ကိုယ်တို့ကတော့ အဲ့ဒီညက လေယာဉ်မလာတာနဲ့ နောက်တစ်နေ့ မနက်မှာ ပုံမှန်အတိုင်း အလုပ်ပြန်စနေပါပြီ။ မသာရှင်ကတော့ အသုဘလုပ်ဖို့ ရောက်လာပြီး အလောင်းသင်္ဂြိုလ်ပြီးနှင့်လို့ ငိုငိုယိုယိုနဲ့ ပြန်သွားတယ်။ ဟောဒီက ပိန္နဲပင်ကြီးကတော့ ရွာထဲဈေးသွားဝယ်နေလို့ လွတ်သွားရော။ အဆိုးထဲက အကောင်းလို့ ပြောကြတာက ဆေးရုံတင်ထားတဲ့ brain abscess နဲ့ ကလေးဟာ လမ်းမလျှောက်နိုင်ပဲ အိပ်ယာထဲလဲနေတာ ကြာပြီ။ ညက လေယာဉ်လာတယ်ဆိုမှ ရှေ့ဆုံးက ထပြေးတာ ပြန်ကောင်းသွားတယ်။

အမှန်ကတော့ သူက သက်သာနေပါပြီ။ ရောက်စကတော့ မျက်လုံးတစ်ဘက် လေဖြတ်ပြီး လမ်းကောင်းကောင်း မလျှောက်နိုင်ဘူး။ ငှက်ဖျားပိုးတွေ တီဘီပိုးတွေ စစ်ကြည့်တာ မတွေ့ပေမယ့် သူ့ဦးနှောက်ထဲမှာ တစ်ခုခုဖြစ်နေတာ သေချာတယ်။ ဆေးခန်းတကာ စုံပြီး အဖျားမကျပဲ fits တွေရလို့ ကိုယ့်ဆီရောက်လာတာ။ လုပ်စရာရှိတာ အကုန်လုပ်ထားပြီး သူ့ကိုတော့ clinical meeting မှာတင်ပြီး အကြံဉာဏ်တောင်းပါတယ်။ သို့သော် လိုင်းမရလို့ ဘာတွေပြောကြမှန်းတောင် မသိရ။ နောက်တော့မှ အကြံပြုဆွေးနွေးချက်တွေအရ ရင်ဘတ်ဓါတ်မှန်ရိုက်ပါ။ CT scan ရိုက်ပါတဲ့။ သူ့မိဘက မလုပ်နိုင်။ အခုတောင် ၁၅ သိန်းလောက် ကုန်လာပြီးပြီတဲ့။ အိမ်မှာလည်း ကလေးအငယ်တွေချည့်ထားခဲ့ရတာ။ ပြန်ဖို့ကို စိတ်သန်နေတယ်။ အေးလေ။ CT ရိုက်လို့ ခွဲရမယ်သိလည်း ရှေ့ဆက်နိုင်မှာမှ မဟုတ်တာ။ အဲ့ဒီအစား ဆေးအကောင်းစား မှာသုံးတာ ပိုအလုပ်ဖြစ်လိမ့်မယ် ဆိုပြီး Vancomycin ထိုးဆေးတွေ မှာပြီးကုလို့ သက်သာလာတာ ကိုယ်တို့ပဲသိတာလေ။ သူတို့ကတော့ လေယာဉ်ကြောက်လို့ လမ်းပြန်လျှောက်နိုင်ပြီ။ မျက်စိလေးလည်း ဘက်ညီသွားပြီ။ ပြန်တော့မယ်။ တာ့တာ လုပ်နေလို့ မနည်းတောင်းပန်ထားရတယ်။

ဆေးရုံကလူနာတွေ ပြန်ချင်ကြတဲ့ အကြောင်းရင်းက ဟိုနေ့ညက ဟိုဟာပြုသွားတဲ့ လူနာကြီးက ညဘက်ညဘက်ကျရင် သိပ်သောင်းကျန်းတာ လို့ သူတို့အချင်းချင်း ပြောကြတာကိုး။ မဟုတ်ကဟုတ်က စကားတွေပါကွာ။ သူတို့နဲ့တွေ့မှပဲ ဆေးရုံကပေးရတဲ့ service ထဲမှာ အုပ်ကြီးခေါ် ပေါက်တူးနဲ့ မြှုပ်ပေးရတာအပြင် ဘုန်းကြီးပင့် သပိတ်သွပ်တာပါ ပိုလာဦးတော့မယ်။ ဓမ္မဆရာတွေကတော့ ယုံကြည်သူတွေအတွက် အမြဲလက်ဦးမှုယူတယ်ဗျ။ နေမကောင်းလို့ ဆေးရုံတက်တယ်ဆိုကတည်းက ကျမ်းစာအုပ်ကလေးနဲ့ ရောက်လာပြီး “အာမင်” ထားနှင့်တယ်။ ယုံချင်ယုံ မယုံချင်နေ။ ဆရာဝန်ဆိုတဲ့ သဘာဝက စေတလုံးမောင်ဖုန်း ဆန်နေလို့ မဖြစ်ဘူးလေ။ ချန်ဂင်တို့စခန်း လို့ ကိုရီးယားနံမည်တပ်ပြီးမှ ထိုင်းသရဲကား ပြောင်းမရိုက်ချင်ဘူး။ တောစကားတောပျောက်ပဲ။ ခွဲစရာရှိတာ ဆက်ခွဲရုံပေါ့။

အခုနောက်ပိုင်းမှာ အငယ်တွေကိုယ်တိုင်လုပ်နိုင်တဲ့ operations တွေဆို သူတို့ကိုပဲ ခွဲခိုင်းပါတယ်။ ကိုယ်က လိုတာပဲ လုပ်ပေးတယ်။ လိုရင်ပြပေးတယ်။ အဲ့ဒါကြောင့်စာသင်သွားတုန်းက သူတို့နဲ့ စိတ်ချလက်ချ ထားခဲ့လို့ရတာပေါ့။ ဒီနေရာမှာ အချိန်အတိုင်းအတာတစ်ခုအထိ နေခဲ့ပြီးပြီဆိုရင် သိသင့်တတ်သင့်သလောက်တော့ သူတို့နဲ့အတူ ပါသွားစေချင်တယ်။ ကိုယ့်ဆီမှာ training လာယူတဲ့ PDF ဆရာဝန်လေးက သူ့တပ်ကို ပြန်သွားပြီ။ ဟိုမှာ သူ Minor OT လေး စဖို့ လုပ်နေတယ်တဲ့။ အဲ့သလိုပဲ ဖြစ်ရမယ်လေ။ ကိုယ်တစ်ယောက်တည်းနဲ့ နေရာတကာ လိုက်လုပ်နိုင်တာမှ မဟုတ်တာ။ လုပ်တတ်ကိုင်တတ်ရှိအောင် သင်ပေးပြီး ဆေးကုနိုင်တဲ့နေရာကလေးတွေ အများကြီးရှိလာအောင် လုပ်ရမှာပေါ့။ ဆရာဝန်တွေ တောထဲရောက်နေတာ ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာ။ ဒီနေ့ဒီအချိန်ထိအောင် ဒီလိုရပ်တည်နေဆဲ ဆရာဝန်မျိုးဟာလည်း စိတ်ဓါတ်ပိုင်း၊ ခံယူချက်ပိုင်း၊ ဇွဲလုံ့လပိုင်းမှာ အထူးပြောနေစရာ မလိုတော့ပါဘူး။ စစ်တပ်က မှတ်ကျောက်တင်ပေးလိုက်လို့ ရွှေရည်စိမ်တွေ တစ်ယောက်မှ မပါတော့ဘူး။ ရှေ့ဆက်မယ့်ခရီးလမ်းက ကြမ်းပေမယ့် ယုံကြည်စိတ်ချလို့ရတဲ့ ရဲဘော်ရဲဘက်ချည့် ကျန်တာမို့ အရေအတွက်ထက် အရည်အချင်းက ပြည့်ပါတယ်။ ရေစီးကြောင်းက သန့်စင်သွားတော့ အနှစ်အသားတူရာတွေချင်းပဲ တစ်နေရာမှာ စုမိတာပေါ့။ အဆံချောင်က အဆံချောင်ချင်းပဲ ပေါင်းလို့ရမှာလေ။

နောက်ရက်တွေကျတော့ ကိုယ်တို့တွေ အလုပ်ရှုပ်သွားတာ ရွာထဲမှာ အလှူရှိလို့ပါ။ ရှင်ပြုနားသအလှူကို ခမ်းခမ်းနားနား လုပ်ကြတယ်။ ဇာတ်အဖွဲ့တွေပါ ငှါးလို့။ အလှူမတိုင်ခင်ကတည်းက ဖိတ်ထားတဲ့ ဆွေတွေမျိုးတွေ တရုံးရုံး။ အိမ်တကာ လူစည်သလို ဆေးရုံမှာလည်း လူနာစည်တယ်။ သားတွေငါးတွေဆိုတာ ဝယ်လို့တောင်မရ။ ရောက်တာနဲ့ကုန်တာပဲ။ ရွာထဲမှာလည်း လူတွေစည်တာ ဖုန်တလုံးလုံးနဲ့ရယ်။ နွားလှည်းတွေနဲ့ ရှင်လောင်းလှည့်ထွက်ကြတယ်။ ညဘက်ကျတော့ ဘုန်းကြီးကျောင်းရှေ့မှာ ပွဲဈေးတန်းလေး ဖြစ်လာရော။ ကလေးကစားစရာ အရုပ်ဆိုင်တွေက အရမ်းရောင်းကောင်းပါတယ်။ တစ်ရွာလုံးက ကလေးတွေ အရုပ်မရရင် မပြန်ဘူးဆို အော်ဟစ်ငိုယိုနေကြတာကိုး။ ဘုန်းကြီးက အရက်သေစာ မရောင်းရဘူး တားမြစ်ထားလို့ ဟောတော့အကင်ဆိုင်လေးမှာ ခေါင်ရည်ဖြူဖြူလေးတွေပဲ တင်ရောင်းတာတွေ့တယ်။ ဒါပေသိ ဇာတ်စင်ထောင့် ကခုန်နေတဲ့သူတွေဖြင့် မူးလိုက်တာ ယိုင်လို့။ ဘယ်လောက်အေးတဲ့သီချင်းဖြစ်ဖြစ် သူတို့ရအောင် ကနေကြတယ်။ ဟိုဘက်စင်ထောင့် သည်ဘက်စင်ထောင့် လှမ်းလှမ်းကပြနေကြတာ ဘောလိဝုဒ်ရုပ်ရှင်တွေထဲကလိုပဲ။

စင်ပေါ်မတော့ ပွဲဦးအပျိုတော်ကို ကလေးမလေးတွေ ကနိုင်ကြပါတယ်။ နတ်ဒိုးကမြိုင်မြိုင်၊ စင်အောက်ကလည်း ခပ်ယိုင်ယိုင်။ သူ့အရပ် နဲ့ သူ့ဇာတ်တော့ အကိုက်သား။ အပျိုတော်ပြီး ယိုးဒယားကန်တော့ခန်းထွက်တော့လည်း မောင်မင်းကြီးသားများ သာခွေယိုင်ထိုးလို့။ အဲ့ဒါလည်းပြီးရော နှစ််ပါးခွင်တန်းထွက်တော့တာပဲ။ ဘယ်လိုကြီးပါလိမ့်နော်။ မင်းသားလေးကတော့ ပြောရှာတယ်။ ရွှေပွဲလာပရိသတ်ထဲက သက်ကြီးရွယ်အိုတွေ အိပ်ရေးပျက်မှာစိုးလို့ပါတဲ့။ နှစ်ပါးသွားလေး ကြည့်ချင်တာကို ညဉ့်နက်အောင်စောင့်ကြည့်ရမယ်ဆို လူကြီးတွေ ပင်ပန်းနေမှာပေါ့။ အဲ့ဒါကြောင့် အစောကြီး ကပလိုက်တာ။ လူငယ်တွေက ပွဲမပြီးမချင်း ဒွန့်ကြမယ့်ဟာ ညနက်လေ မြူးလေ မဟုတ်လား။ ဟုတ်တော့ ဟုတ်တာပေါ့။ သူက အဲ့လိုပြောလာတော့ ကိုယ်လည်း အလိုလိုနေရင်း သက်ကြီးရွယ်အိုတန်းထဲ တန်းရောက်သွားတာ အောင့်သက်သက်နဲ့ရယ်။ ကိုယ့်ဘာကိုယ် ခြေထောက်ညောင်းလို့ ထပြန်ရင်တောင် “အဘိုးကြီးတွေ လစ်ကုန်ပြီ။ သားရီးတို့ ဖိုက်တင်း။” လို့ အပြောခံရလိမ့်မယ်။

သူတို့ဇာတ်ပွဲမှာ ကိုယ် မှတ်မှတ်သားသား ရှိလိုက်တာကတော့ ဆိုင်းဝိုင်းမပါပဲ ကီးဘုတ်နဲ့ ဗုံသံပတ်သံမြည်အောင် တီးသွားတာပါ။ ခြောက်လုံးပတ် နဲ့ ပတ်မတီးပဲပါတယ်။ ပတ်လုံးတစ်လှည့် ကြေးနောင်တစ်လှည့်ကို ကီးဘုတ်ပေါ်က တီးချသွားတာ။ ကိုယ်ငယ်ငယ် ရှင်လောင်းလှည့်တီးတဲ့ ကက်စီယိုသံ စီစီညံညံကြီး မဟုတ်ဘူး။ ဒီပုံအတိုင်းဆို ဆိုင်းဝိုင်းတွေ ပြတိုက်ထဲရောက်ကုန်တော့မယ် ထင်ပါရဲ့။ သယ်ရပို့ရ စားရိတ်စားခ ဝန်ကကြီးပါဘိသနဲ့။ ကီးဘုတ်တစ်ခုနဲ့ အကုန်တီးနိုင်မှတော့ သူ့ ဘာလိုတော့မတုန်း။ လက်ကျကတော့ ဆိုင်းလက်ကျပါ။ နည်းပညာတွေကွာသွားတာ။ ကတဲ့သူတွေကလည်း လူမလဲပဲ သုံးလေးပုဒ်လောက်ကို ဆက်တိုက် ခုန်ပေါက်ပြီး ကသွားတာဗျ။ အသက်ကလေးတွေ ငယ်တော့ သက်လုံအကောင်းသား။ ခမျာများ ပိုက်ဆံရှာစားရတာ ပင်ပန်းရှာပါတယ်။

နေ့ဘက်ကျတော့ ဘိသိက်ဆရာငှါးပြီး ဆိုင်းနဲ့ ဘိသိက်နဲ့ ပေအရှည်ကြီးရိုက်ကြတာ ဘုန်းကြီးနဲ့ တန်းတိုးတော့တာပဲ။ “ငါ့ တရားဟောချိန် မကျန်ပဲနေတော့မယ်။ အခု ရပ်။” ဆို ကျောင်းပေါ်က မိုက်နဲ့အော် အရပ်ခိုင်းတာ။ ဘာရမလဲ။ ကျောင်းထဲတော့ တို့ဘုန်းကြီး ဟိတ် ဆို တိတ်။ သီလယူ၊ မေတ္တာသုတ်တွေရွတ်ပြီး အနုမောဒနာ တရားဟောမယ်လည်းကြံရော ပရိသတ်က လှုပ်ရွလှုပ်ရွ ဖြစ်လာရော။ လေယာဉ်ပျံလာတယ်လေဗျာ။ ၂ ခါတောင်။ ကင်းထောက်လေယာဉ်က တစ်ခါ၊ ရဟတ်ယာဉ်က တစ်ခါဆိုတော့ ပရိသတ်ကလည်း ဘုန်းကြီးကြောက်ရမလား လေယာဉ်ကြောက်ရမလား ဝေခွဲမရ။ ဒါနဲ့ ဘုန်းကြီးကပဲ အလျော့ပေးလိုက်ပါတယ်။ “ငါက အလှူ့ဒကာ ဒကာမ ဝမ်းပန်းတသာ သာဓုခေါ်ရအောင် တရားကို ရှယ်ပြင်ထားတာ။ ကိုင်း နေပစေဦး။ အခုမဟောရ ညကျ ညဉ့်ဦးယံဓမ္မသဘင်ကျ အားရပါးရ ပြန်ဟောမယ်။ ဒီလူတွေ အကုန်ပြန်လာခဲ့။ ကြားလား။ အခုတော့ ရေစက်တန်းချလိုက်။” တဲ့။

ညကျ ဘုန်းကြီးက တကယ်ဟောတာဗျ။ ကျောင်းပေါ်မှာ တရားပွဲ၊ ကျောင်းအောက်မှာ ဇာတ်ပွဲ။ ဘုန်းကြီးသတ္တိက ကြာနီကန်ထက်တော့ မလျော့။ ဘယ်သူတွေ ဘယ်ဟာကြည့်ကြည့် အလှူ့ဒကာ ဒကာမကတော့ တရားပဲ နာရမှာနော်။ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ ဖြစ်သွားချင်သလား။ ဟင်းဟင်း။ တင်ပါ့ဘုရား တင်ပါ့ဘုရားပေါ့။ အကုသိုလ်ကြီးတဲ့ ဟိုဆရာဝန်ကောင်ကတော့ မကြီးမငယ်နဲ့ ဇာတ်စင်အောက် သွားမော့နေပါရောလား။ ညနေစောစောကလည်း မင်းသမီးလေး လည်ချောင်းနာ အသံတွေဝင်နေတယ်ဆိုလို့ ဇာတ်စင်နောက် ငုံဆေးပြားတွေ သွားပို့နေတာ ရွာသားတွေက မြင်မှာပါလေ။ မြင်ဆို သူတို့ပဲ ဖုန်းဆက်ခေါ်တဲ့ဟာ။ အမယ်ကြီးအိုသာဆို ဒီလို ဘယ်လာကြည့်လိမ့်မလဲ။ ဟုတ်ဘူးလား။ အေးလေ။ သွားမှတော့ မြင်အောင်ကြည့်ခဲ့ရတာပ။ ကလေးမလေးတွေက အလွန်ဆုံးရှိလှ ၂၀ ပတ်ချာလည်ပေါ့။ ခေါ်စရာရှိ ဦးဦးဆရာဝန်ပဲ ခေါ်ကြရမှာ။ ဒါပေမယ့်လည်း ဦးရယ်။ လူဆိုတာဟာ ခက်တယ်။ အဲ့ဒီဦးလေးကြီးက စင်အောက်က မျက်တောင်မခတ်ပဲသာ ငေးကြည့်နေတာ ဆုတော်ငွေများစွာနဲ့အတူ သီချင်းလေးဘာလေးမှ တောင်းဖော်မရ။ ဆရာဝန်လည်း ဆိုသေးရဲ့။ ဖွတ်ကလိဒင်္ဂါးကလေးမှ ကပ်ပုံမပေါ်။ ခက်တာက အလှူ့တကာ အလှူ့အမကလည်း ဘုန်းကြီးခေါ်ထားလို့ တရားပွဲထဲသွားထိုင်နေရတော့ သူတို့ခမျာ ကသာ ကရတာ ဆီမပါပြားမပါ အခြောက်တိုက်လှော်နေရသလိုပဲ။ မဖြစ်ဘူး။ မဖြစ်ဘူး။ အကြော်အလှော်၊ အခေါ်အပြောတွေ စမှဖြစ်တော့မယ်။ မိုက်ခွက်ကြီးနဲ့ ကုန်းအော်ပါလေရော။ “အလှူ့ဒကာ အလှူ့အမများခင်ဗျား။ ဇာတ်အဖွဲ့ဘက်က မီးစက်ကြီး ဆီကုန်တော့မှာဖြစ်လို့ ဆီကလေး လာဖြည့်ပေးပါရန်။” တဲ့။ ဒါမှပဲ တရားပွဲထဲ ပိတ်မိနေတဲ့ အလှူ့ဒကာကြီးလည်း ပွဲခင်းထဲရောက်ဖို့ရာ အကြောင်းပြချက် ရပေတော့သည်လေ။

ဆိုရကရ သဘင်သည်ဘဝဆိုသည်မှာလည်း ပညာသက်သက်နဲ့ ထမင်းအိုးတည်လို့ အနပ်လွယ်တာ မဟုတ်ပါဘူးလေ။ အရိပ်အခြေ အထူအပါး သိမှ အူမခြောက်အောင် ဉာဏ်ကူနိုင်မယ်။ ပရိသတ်က “မောင်လေး စား။ မောင်လေး စား။” ဆိုရင် မင်းသားလေးကို ဇမ်းတင်ပေးရမှာ။ ကိုကိုကာလသားတွေ များနေရင် သည်းတုံးလေးတို့ ချစ်တုံးလေးတို့ကို ပွဲထုတ်ရမှာ။ ခုနေခါ လူတကာ ဈေးရောင်းတတ်တာ မြင်တယ်မှလား။ “လှေကြီးထိုး ရိုးရိုးမှန်မှန်လှော်။” ဆိုတာ ဩဘာသောင်း အပျိုဖြစ်စက သီချင်း။ နှစ်တစ်ရာကျော်လောက် အောက်နေပြီ။ သူတို့ခမျာ တစ်ညလုံး နဖူးကချွေး ခြေမကျအောင် ဆိုရကရတာ။ အောက်ပြည်ကလာတဲ့ ဘိသိက်ဆရာလောက် နေ့တွက်မစည်ဘူး။ ဟိုက မောင်ရင်လောင်းတွေကို တစ်ပါးပြီးတစ်ပါး မိဘခေါ်လို့ လူလည်ခေါင် ဖလားထိုး အလှူခံသွားတာ။ မိဘကျေးဇူးလေး တဖွဖွဟောပြီးတော့။ မထည့်ပြန်ရင်လည်း ရိုးရာကိုင်မယ်။ သူများထည့်သလောက် မထည့်နိုင်ရင်လည်း မိသားစုလိုက် မျက်နှာက ငယ်ရဦးမယ်။ ရွာမှာကလည်း ငါးထောင်တန်အောက်ငယ်ရင် ပြန်မအမ်း။ တစ်ရွက်နှစ်ရွက်ပစ်ထည့်လို့ကလည်း ဖလားကြီးချောင်နေမှာ။ အိုလေ။ ဒဂုံအကျော်တရိုးက ပုဏ္ဏားတော်စိုးကလေးတောင် ပညာတွေ လေ့လာနေရတယ်။ နောက်နှစ်ခါ အိမ်မပြန်ရသေးရင် ဘိသိက်လိုက်ဟောမယ်။ ဧယျာဉ့်ကျူးတာပါ လိုက်သင်ရင်တော့ ဘုန်းကြီးက လူမြင်တာနဲ့ မောင်းထုတ်လိမ့်မယ်။ မဖြစ်သေးဘူး။

ပွဲမပြီးခင် အိမ်ပြန်အိပ်ပေမယ့်လည်း ရိုးရာမပျက် ထိပ်ပေါက်ခေါင်းကွဲကလေးတော့ လိုက်လာနှိုးကြသေးတာ။ ဒါမှပဲ ပွဲဖြစ်တော့မပေါ့။ သားတွေသမီးတွေ အရွယ်ကလေးရလာလို့ ရှင်ပြုတာ နားသတာလေ။ “လိပ်ပြာလုံပါစေ။” တို့။ “ဒီစတေးတပ်စ် မေမေသိရင် စိတ်ကောင်းမှာ မဟုတ်ဘူး။” တို့။ “ယူတို့က ပရယ်လယ် ယူနီဗာ့စ်မှာ နေထိုင်ကြတာလား။” တို့ ဘယ်သူကမှ စာမဖတ်ကြပါဘူး။ အလှူရှိရင် ထမင်းစားရမယ်။ ပွဲရှိရင် ကြည့်မယ်။ လေယာဉ်လာတော့လည်း “ဣိတိပိသော ဩောင်းနမော” ပေါ့။ လူနာရှိတော့လည်း ဆေးရုံပြန်ကြည့်လျက်ပဲ။ ဘာမှ မပြောင်းလဲပါဘူး။ မိအောင်လှိုင်တို့ကလည်း ကမ္ဘာတည်သ၍ မအိမ်လုံးမယ့်ကောင်တွေ။

“ဒီရွာကလူတွေ ဆယ်ဇင်းကမဟုတ်တော့ ပျော်နိုင်မှာပေါ့။” လို့ မအောင့်မေ့နဲ့။ သူတို့ရွာဟာ တစ်ရွာလုံးဖျက်ပြီး ရွှေ့ခိုင်းလို့ ၃ ကြိမ်မြောက် တည်ထားရတဲ့ရွာ။ စစ်တပ်ကအမိန့်နဲ့ ညတွင်းချင်း အိုးတွေအိမ်တွေ ဖျက်ပြီးရွှေ့ခိုင်းတော့ ဘယ်သူမှတောင် မသိလိုက်ကြဘူး မဟုတ်လား။ ကိုယ်လည်း ဒီမှာနေတာ တစ်နှစ်ကျော်ပြီ။ သိကိုမသိခဲ့တာ။ ရွာမှာ အလှူရှိတဲ့အခါ diaspora ဖြစ်သွားတဲ့ သွေးသားဆွေမျိုးတွေ ပြန်လာတော့မှ ဇာတ်စုံခင်းလို့ ရှင်းရတာ။ စစ်တပ်ဟာ တိုင်းရင်းသားရပ်ရွာတွေမှာ အနိုင်ကျင့်နှိပ်စက်နေတာ နှစ်ပေါင်းများစွာတောင် ကြာခဲ့ပါပြီ။ လူသူအရောက်အပေါက်နည်းတဲ့ဒေသတွေမို့ သတင်းရယ်လို့တောင် ဖြစ်မလာခဲ့ဘူး။ ကိုယ်တို့ဆေးရုံနေရာက သူတို့ရွာဟောင်း။ ဒါကြောင့်မို့ စေတီပျက်တွေ ဘုရားငုတ်တိုတွေ တွေ့ရတာ။ ကိုယ့်မထိတော့ မသိခဲ့ကြဘူးလေ။ ကိုယ့်အရပ် မဟုတ်တော့လည်း မနာတတ်ခဲ့ဘူး။ အခုထက်ထိလည်း တပ်မတော်ကြီးကို အင်အားရှိဖို့ အရာရာမှာကူညီနေတဲ့သူတွေက ကိုယ်ချင်းစာနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်ကတော့ အဲ့ဒီလူတွေအားလုံး မအလ စစ်တပ်ကြီးနဲ့ သက်ဆုံးတိုင် ခိုင်မြဲစွာ မကွဲမကွာ ရှိနေကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။ ဘဝဆက်တိုင်းကို လိုက်ပါပေါင်းဖော်ရစ်ကြပါ။ ဩောင်းနမော ဒူရေ ဒူရေ သွားဟုန်ဟုန်။