“မြူးကြွတဲ့တေးသံ ပျံ့လွင့်လို့နေ ကူးပြောင်းစ တန်ခူးလေမှာ…” တဲ့။ သင်္ကြန်သီချင်းတွေတောင် ကြားနေရပြီနော်။ ဒီနှစ်သင်္ကြန်က ကျရောကျဦးမှာလား။ သီချင်းဆိုမယ့်သူတွေကဖြင့် ငွေအကြေတောင် ယူထားပြီးပြီ ထင်ပါတယ်။ VVIP တွေ စီစဉ်တဲ့ပွဲဆိုတော့ “သိကြားမင်းဖျက်တောင် မပျက်နိုင်ပါဘူးရှင်။” လို့ ထင်မှာပေါ့။ ကမ်းခြေဟော်တယ်တွေမှာများဖြင့် အခန်းလွတ်ကို မဆိုထားနဲ့ သောင်ပြင်မှာ အိပ်ယာလိပ်ကလေးပဲ ခင်းအိပ်ပါ့မယ် ဆိုတာတောင် နေရာပေးစရာ မရှိတော့ဘူးတဲ့။ စင်္ကာပူက တိုပါးယိုးကျောင်းမှာတောင် မရင်ရွှေကြီးခေါ်ပြီး “မိချောရေ မိချောရေ။ မေလုံး။” လို့ လုပ်ကြမှာဆိုပဲ။ မအိုင်ရင်းကြီးပါ ဖိတ်လိုက်လေ။ သူ့သားတွေ ဗီဇာရအောင် ပြောပေးမယ့်သူ ရှိတယ် လို့ လက်တို့လိုက်။ တော်လှန်ရေးရဲ့ ကျေးဇူးရှင်တွေဆိုသည်မှာလည်း ကန်တော့ပလ္လင်လို သင်ပုတ်ခုံနဲ့ တန်းစီကန်တော့လို့တောင် ကုန်နိုင်ဖွယ်ရာ မရှိပေါင်ဗျာ။ ထိန်းကျောင်းတည့်မတ်ပေးလိုသော ပဲ့ကိုင်ရှင်ကြီးများကလည်း မနည်းမနော။ အဲ့ဒါ ကောင်းသော နိမိတ်လက္ခဏာ မဟုတ်ဘူးလား။ သာရာကူးတဲ့ လူ့သဘာဝအရ အကူးများလာတဲ့ ဘက်ဟာ အသာရတဲ့ဘက်ပဲ။ ဒီသင်္ကြန်မှာ အိမ်တွင်းပုန်းပြီး ဘုရားစာရွတ်နေရမယ့်သူက ကိုယ်တွေ မဟုတ်တော့ဘူး လို့ ထင်တာပဲ။ မသာအိမ်တွေက ဟိုဘက်ရပ်ကွက်ထဲမှာချည့်ပဲလေ။ ကိုယ်တို့မှာ သူများပျော်လို့ မပျော်နိုင်စရာ ဘာအကြောင်းမှ မရှိဘူး။ သူတို့ သတင်းတွေ ဖတ်ရတာနဲ့တင် အလိုလိုပျော်လာတာ။ ကရင်ဆော်ဒါလေးလည်းကောင်း။ ကယားဝက်အူချောင်းလေးလည်းကောင်း။ ကချင်ချက်တွေကတော့ ဒီမှာ ကိုယ်တိုင်ဝင်ချက်နေပြီ။ မြိန်ချက်ကွာ။
ပေါက်ဖော်ကြီး က ခေါ်တွေ့ထားလို့ မြောက်ပိုင်းကကောင်တွေ အမြီးကုပ်သွားပြီ လို့ ဟိုဘက်ရပ်ကွက်က သူ့တပ်သားတွေကို ဂျင်း နဲ့ ထန်းညက်နဲ့ ပြုတ်တိုက်တာ ဖတ်မိပါတယ်။ KIA က တော်လှန်ရေးထဲမှာ မပါတော့ဘူးတဲ့။ ဘယ်နားက KIA ကို ပြောတာလဲ ဟင်။ ကားကုမ္ပဏီလား။ ကချင်မြေက KIA ကတော့ ပုဝါလည်းမကူဘူး။ ရေလည်း မရှူပါဘူးနော်။ အော်မနေတာပဲ ရှိတယ်။ ဆော်တော့ ဆော်တုန်း။ ရော် ကိုယ့်ထက် ပိုသိတဲ့သူတွေဆိုတော့လည်း မငြင်းတော့ပါဘူး။ အားမှ မအားတာ။
ဒီရက်ပိုင်း မအားတာထက် စိတ်ရောလူရော ပင်ပန်းတာ များပါတယ်။ အရာရာကို လူနာနားလည်အောင် ရှင်းပြရတာ မောလွန်းလို့ ကိစ္စတော်တော်များများကို လူနာရှင်နေရာက ဝင်ဝင်ပြီး ကိုယ့်ဘာသာ ဆုံးဖြတ်ပေးလိုက်ပါတယ်။ ငါသာ သူ့နေရာမှာဆို ဘာလုပ်မလဲ။ ဒီလူနာ ငါ့ဆွေမျိုးဆို ဘာလုပ်မလံ။ ဒီလိုပဲ စဉ်းစားလိုက်တယ်။ သူတို့ကို စဉ်းစားခိုင်းရင် ရွာလည်သလောက် မဟုတ်တာတွေချည့်ပဲ ထွက်ထွက်လာလို့။ ယုံလား။ ယုံရင် ပုံလိုက်။ ကျန်တာအကုန် ကိုယ့်တာဝန်ထား။ အဲ့သလိုမျိုးပဲ အလုပ်လုပ်ရတယ်။ ဒါမှ မပင်ပန်းရင် ဘယ်ခံနိုင်မှာလဲ။
ဟိုတစ်ရက်က မမအိုဂျီ ကြည့်တဲ့ case က သားအိမ်ခေါင်းကင်ဆာ။ သွေးတွေ တစိမ့်စိမ့်ဆင်းနေတာ။ အသားစယူပြီး အဖြေစောင့်လို့ မဖြစ်ဘူး။ growth က တော်တော်ကြီးနေပြီး ထိတာနဲ့ သွေးထွက်တယ်။ Wertheim’s hysterectomy လုပ်မှ ရလိမ့်မယ်။ ဒါဆိုရင် သွေးက လိုဦးမှာ။ “သွေးလှူရှင် ၃ ယောက်ရှာပေး။ ရတာနဲ့ ခွဲပေးမယ်။” လို့ သေချာမှာထားပေမယ့်လည်း သူ့သွေးလှူရှင်က လေပဲလာတယ်။ လူမလာဘူး။ ကိုယ့်ဆေးရုံကလူပဲ လှူပေးရတာပေါ့။ ခွဲမယ့်မနက်ကျတော့လည်း သူခေါ်လာတဲ့ သွေးလှူရှင်ကိုယ်တိုင်က ဖြူဖျော့ပြီး သွေးအားနည်းနေလို့ training လာယူတဲ့ ဆေးကျောင်းသားလေးကို ဘာအလုပ်မှမလုပ်ခင် သွေးအရင်လှူပါဦးဆို တန်းထုတ်ရတယ်။ တတ်နိုင်ဘူးလေ။ သူနဲ့က သွေးအုပ်စုတူတာကိုး။ ငါ့နှယ်နော်။ ဆေးစိုက်ရုံ၊လူစိုက်ရုံ၊ ပညာစိုက်ရုံနဲ့လည်း မလုံလောက်လို့ သွေးပါစိုက်ကုရတာ။ ခွဲတော့လည်း မေ့ဆေးပေးရုံနဲ့ မရဘူး။ ကိုယ်တိုင် assist ဝင်ရတာ။ spinal က ၂ နာရီခွဲထက် ပိုမှ မခံတာ။ မြန်နိုင်သမျှ မြန်အောင်ခွဲဖို့ လိုတယ်။ ခွဲရင်းတန်းလန်း အပြင်မှာ heart rate 180/min နဲ့ SVT တစ်ယောက် ရောက်နေတယ်ဆိုလို့ တစ်ယောက်ထွက်ကြည့်ပြီး ECG ဆွဲ၊ Corderone drip တင်ရပြန်တယ်။ သွေးနောက်တစ်လုံးလည်း ထွက်ထုတ်ရသေးတယ်။ သူတို့အားစိုက်တာ ဘာမှ မရှိပါဘူး။ ကိုယ်ချည်းပဲ အားစိုက်နေရတယ်။ သူတို့အားကိုးရင် “မသိဘူး။ မရှိဘူး။ ကုန်ပြီ။” နဲ့ အဲ့ဒီနားတင် ရပ်နေတာ။ ခွဲခန်းကထွက်တော့ ၁ နာရီကျော်ပြီ။ ဘယ်သူမှလည်း ထမင်းမစားရသေး။ အပြင်မှာလည်း လူနာတွေစောင့်လို့။ ခုန SVT နဲ့ လူနာက ဗိုက်အောင့်လို့ လာတာတဲ့။ ဒီကိုခွဲဖို့ လွှတ်လိုက်တာ ဆိုတော့ နှလုံးခုန်နှုန်း ၁၈၀ ကျော်နဲ့ လူနာကြီးကို ထခွဲရင် ခုံပေါ်တင် သေသွားမှာပေါ့။ ကိုယ်စမ်းတာတော့ သူ့ဗိုက်က ခွဲရမယ့် ဗိုက် မဟုတ်ဘူး။ တစ်ခုခုတော့ မှားနေတာ အမှန်။ ဆေးခန်းတကာပတ်ပြလာတာ တစ်ပါတ်ကျော်ပြီ။ တစ်နေ့ ဆလိုင်း ၇ လုံးချိတ်ရတယ်။ ဒီမှာခွဲလို့ရတယ်ဆိုလို့ ဒီလာတာတဲ့။ ခွဲမပေးရင် စိတ်ဆိုးမယ့် သဘောရှိတယ်။ အေး။ ခွဲပေးရင်လည်း သေမယ့်သဘောရှိတယ်ဗျ။ သူ့ပြဿနာက ဆီးမထွက်ဘူး။ ဆီးပိုက်ထည့်လို့တောင် ထွက်မလာဘူး။ ဒရစ်တွေ နင်းကန်သွင်းလာတာ မျက်နှာကြီးကို ဖောသွပ်နေပြီ။ သွေးဖောက်စရာ ရှိတာတွေဖောက်၊ ပေးလို့ရသမျှဆေးတွေ စုံပလုံစိနေအောင် ပေးထားရင်း ထမင်းကို အလှည့်နဲ့ ပြန်စားရတယ်။ ခွဲဖို့လိုတယ်ဆိုရင်တောင် လူနာက ခွဲတဲ့စိတ်တဲ့ဒဏ် မခံနိုင်တော့ဘူး လို့ ရှင်းပြထားတယ်။ ထင်တဲ့အတိုင်းပါပဲ။ ထမင်းစားပြီး ပြန်လာတော့ gasping ဝင်နေပြီ။ မမအိုဂျီက သူ့အသက်ငယ်သေးတယ်။ မသေသင့်သေးဘူးဆိုပြီး မရရအောင်ကယ်တယ်။ ပြန်ပါလာတယ်။ သို့သော်လည်း အောက်ဆီဂျင်က မတက်တာ ET tube ထည့်ပြီး မေ့ဆေးစက်ကြီးနဲ့ ရှူခိုင်းထားဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီမှာ ICU setting မှ မရှိတာ။ အခု အောက်ဆီဂျင်ကို bag & mask နဲ့ ပေးတာတောင် ရေရှည်မှာ အဆင်မပြေနိုင်ဘူး။ တစ်နေ့ကို ၂ လုံး ကုန်မှာလေ။ ညတွင်းချင်းကုန်သွားတဲ့အိုးကြီးကိုပြပြီး ဒီနှုန်းနဲ့ဆို ရှိတဲ့အိုးတွေ ကုန်တော့မယ်။ “ကုန်တဲ့အိုးတွေ သွားဖြည့်ပေးပါ။” ဆိုတော့ ဟိုဖုန်းဆက် သည်ဖုန်းဆက်နဲ့။ နောက်ဆုံးတော့လည်း အစစအရာရာ အကုန် ကိုယ့်ဘာသာလုပ်ပေးရတာပါပဲ။ “မသိလို့ပါ” တစ်ခွန်းတည်းနဲ့ အကုန်လုံး ကိုယ့်တာဝန်ဖြစ်တော့တာ။
မနက်စာ ဖြောင့်ဖြောင့် မစားရလို့ ညစာရော အေးအေးဆေးဆေးစားရမယ် မထင်နဲ့။ စစ်တပ်နား ဟင်းရွက်သွားခူးတဲ့ မိန်းမတစ်ယောက် မိုင်းထိလာလို့ မဝါးပဲမျိုချပြီး ခွဲခန်းဝင်ရတယ်။ ခြေထောက်နှစ်ချောင်းလုံး မွစိတက်နေအောင် ဆန်ကာပေါက်ဖြစ်သွားတယ်။ အရိုးတွေလည်း အပိုင်းပိုင်းကျေလို့။ မိုင်းထိလူနာ ခွဲရဖန်များလို့ ကိုယ်တို့မှာ ဒဏ်ရာမြင်ရင် ဘယ်ဘက်က ထောင်တဲ့မိုင်းလဲ တန်းသိတယ်။ C-arm X’ray လေးရှိတော့ အဲ့ဒါလေးနဲ့ အစထုတ်တယ်လေ။ စာကလေး အမွှေးနှုတ်ရသလိုပဲ။ နောက်ဆုံး ကုန်အောင် မထုတ်နိုင်တော့လို့ ထားပစ်ခဲ့ရတယ်။ ၂ နာရီခွဲကျော်ကြာပြီ။ ထုံဆေးက ပျယ်တော့မှာ။ ဖြတ်မပစ်ရပေမယ့် လမ်းလျှောက်နိုင်ဖို့တော့ မလွယ်ဘူး။ ခြေထောက်နှစ်ဘက်စလုံး အရိုးတွေ ကျေနေတာ။ သူ့ခမျာ ဆူးပုတ်ရွက်ကလေး တစ်ခါချက်စာရဖို့ စစ်တပ်ရှိတဲ့ဘက် သွားရတယ်လို့။
တနေကုန် ခွဲခန်းမှာ ပင်ပန်းလို့ ကိုယ်က အိပ်နိုင်ပေမယ့် ကလေးတွေကတော့ မအိပ်ရပါဘူး။ ဟိုလူနာ အသည်းအသန်ကို နာရီဝက်တစ်ခါ
သွေးပေါင်တိုင်း အောက်ဆီဂျင်တိုင်း လုပ်နေရတယ်။ ခွဲခန်းထဲက မော်နီတာကြီး ထုတ်တပ်ထားပေးပေမယ့် ဘက်ထရီက အကြာကြီး မခံဘူးလေ။ မီးစက်က တနေ့လုံးမောင်းထားရတာ။ တစ်ညလုံး ဆက်မောင်းလို့ ပျက်သွားရင် နောက်လူတွေ ဘယ်လိုဆက်ခွဲမလဲ။ ကိုယ့်စိတ်ထဲမှာတော့ ပထမဆုံးမြင်မြင်ချင်းကတည်းက မရနိုင်လောက်ဘူးလို့ ခံစားမိတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မနက်ထိအောင် ရှိသေးတယ်ဆိုတော့ သူ့အပေါ် ကိုယ်တို့ လက်မလျော့သင့်ဘူးပေါ့။ အဲ့ဒါကြောင့် သွေးပို့၊ အောက်ဆီဂျင်ဖြည့်၊ အကောင်းဆုံးဆေးတွေ ပုံအောပေးထားပြီး သမားတော်ဆီ လှမ်းပြရတယ်။ စာတစ်ကြောင်းပို့ဖို့ ဆယ်မိနစ်လောက် ကြာတဲ့အရပ်မှာ ဓါတ်ပုံတွေထွက်ဖို့ရာ တစ်နေကုန်ကို ကြာပါရော။ သမားတော်ဆီက treatment update ရတော့ ပြင်စရာရှိတာပြန်ပြင်ပေမယ့် ဆီးကမထွက်။ လူနာက သူ့ကို saline တွေ မချိတ်ပါနဲ့။ သူမခံနိုင်တော့ဘူးပြောနေတယ်။ အဲ့ဒီ saline ထဲမှာ ဘာဆေးတွေပါပြီး ဘယ်လိုပေးထားရတယ် သူနားလည်မှာလည်း မဟုတ်။ ရန်ကုန်မှာလို ဆေးချိတ်ကာနီးတိုင်း ဒီဆေးလေးသွားဝယ်ပေးဦး လို့ စာရွက်နဲ့ ရေးမလွှတ်တော့ ဆေးအကောင်းစားတွေ ပေးထားမှန်းလည်း သိမှာ မဟုတ်ပါဘူး။ “ရွာဆေးခန်းမှာ တစ်နေ့ ခုနစ်လုံးချိတ်တုန်းက ဘာမှမပြောဘူးလား။” လို့ မေးချင်ပေမယ့်လည်း ဝေဒနာခံစားနေရတဲ့ လူနာမို့ ဘာမှ မပြောဖြစ်ဘူး။
ညနေ ထမင်းစားတော့ ထမင်းဝိုင်းကြီးထားခဲ့ပြီး အကုန်ဆေးရုံပြေးရပြန်ရော။ ဒီတစ်ခါတော့ မရတော့ဘူး။ အချိန်က ၆ နာရီလောက်ရှိပြီဆိုတော့ နာရေးကိစ္စလုပ်ဖို့ကလည်း အချိန်မမီနိုင်တော့ဘူး။ လူနာရှင် အမျိုးသမီး သုံးယောက်ကလည်း ငိုလို့ယိုလို့ ချည့်နေတယ်။ ဆလိုင်းတွေချည့်သွင်းနေတယ်။ ခွဲဖြင့် ခွဲမပေးပဲနဲ့တဲ့။ “ဟုတ်ပါပြီ။ အခု ဘယ်လိုလုပ်ပေးရမလဲ။” ဆိုမှ “အမျိုးတွေစောင့်မယ်။ တရားနာမယ်။ သပိတ်သွပ်မယ်။” တဲ့။ အဲ့ဒီတော့မှပဲ ကိုယ်ကလည်း ကိုယ့်လိုအပ်ချက်ကိုယ် သတိရတယ်။ ဆေးရုံက လူနာဆောင်တွေ ကုတင်တွေ တိုးချဲ့လာတာလည်း ဟုတ်ပါရဲ့။ လူနာတွေ လက်မလည်အောင် ကုနေရတာလည်း ဟုတ်ပါရဲ့။ နောက်ထပ်တိုးချဲ့မယ်ကြံရင် မရှိမဖြစ် လိုအပ်တာ တစ်ခု ရှိနေပါရောလား။ ရင်ခွဲရုံလေ။ ဆေးရုံမှန်ရင် လူနာ အသေအပျောက်က ရှိမှာပဲ။ အခုလို အချိန်မတော် အသေအပျောက်ရှိရင် ထားစရာနေရာတစ်ခု စီမံပေးမှ ရမှာပေါ့။ လမ်းဘေး လေးတိုင်စင်နဲ့ ဖျာလိပ်ပတ်ထားလို့မှ မတင့်တယ်တာ။ ကိုကျော်သူတို့ မရွှေဇီးကွက်တို့ဆီ အလှူခံဦးမှပါ။ ဖားကန့်မှာဆို ဆေးရုံ၊ နာ/ကူ၊ သုဿန် ကပ်လျက်ကလေးပဲ။ ဟိုဘက်သည်ဘက် မအော်ပဲကြားရတယ်။ အခု ကိုယ့်ဆီမှာ လိုအပ်လာပြီ။ ဘယ်မှာသွားထားမလဲ။ လူနာတွေကလည်း မှောင်နဲ့မည်းမည်း ဒါကြီးနဲ့ တမိုးတည်း မအိပ်ရဲဘူးတဲ့။ အဲ့ဒါနဲ့ပဲ ကိုယ်တို့ဆေးရုံမှာ နောက်ထပ်ပြင်ဆောက်မယ့် အဆောင်ထဲမှာ မီးထွန်းပြီး စောင့်အိပ်ကြဖို့ စီစဉ်ပေးလိုက်တယ်။ အတိတ်တွေ နိမိတ်တွေ ရှိပါစေတော့။
ညဘက် အိပ်မယ်ကြံကာမှ အရေးပေါ် သတိပေးတဲ့သူရောက်လာတယ်။ မနက်ဖြန် တပ်မတော်နေ့မို့ ဒီနေ့ည သန်းခေါင်ကျော်ရင် လေယာဉ်လာလိမ့်မယ်။ ရှောင်နေပါတဲ့။ ဟဲ့ ပလုပ်တုပ်။ ဘယ့်နှယ်လုပ်မတုန်း။ ဝါဒ်ထဲမှာလည်း လူနာတွေ အများကြီးနဲ့ ဟာကို။ ill case ကတော့ အခုလေးတင် ရှင်းသွားတာပေါ့။ ကိုယ်တို့တွေ အကုန်လုံး ရှောင်အိပ်လို့လည်း မဖြစ်သေးဘူး။ မမအိုဂျီနဲ့ မိန်းကလေးတချို့ ရှောင်အိပ်။ ကိုယ်တို့ကတော့ ဆေးရုံမှာ မအိပ်ပဲ ကင်းစောင့်ကြတာပေါ့ လို့ တိုင်ပင်တယ်။ အချိန်ကမှောင်နေပြီမို့ ဆေးရုံကလူနာတွေ သတိနဲ့ အိပ်ကြဖို့၊ ရွာထဲမှာ အမျိုးရှိရင် အိမ်ရှိရင် ပြန်အိပ်ကြဖို့ နှိုးပြီးပြောတယ်။ မမအိုဂျီတို့ကို လိုက်ပို့ပေးပြီး ပြန်လာတဲ့အခါ ဆေးရုံမှာ ခွဲပြီးစ လူနာ ၂ ယောက်ပဲ ကျန်တော့တယ်။ မနေ့က မိုင်းထိတဲ့ လူနာက ငုတ်တုတ်ကလေး။ ပြေးမှ မပြေးနိုင်တာ။ သူ့ယောက်ကျားက သူ့ကို မသယ်နိုင်လို့ ဆိုတော့ ကိုယ်ကပဲ ဝင်ပွေ့ပေးရမလို။ “ဟိုမှာ ဆေးရုံထရော်လီလေးနဲ့ သယ်လိုက်။ ဒီအဆောင်မှာ မအိပ်နဲ့။ တခြားမှာသွားအိပ်။” လို့ မှာရတယ်။
ပြဿနာကတော့ နာရေးလူနာထားတဲ့ အဆောင်ပါ။ လေယာဉ်သတင်းကြားတော့ မသာရှင်တွေက ဘယ်ပြေးသွားမှန်းတောင် မသိတော့ဘူး။ အစောင့်လည်း တစ်ယောက်မှ မကျန်ဘူး။ ကင်းလှည့်တဲ့သူတွေက လူမနေတဲ့အဆောင်ထဲ အလောင်းကြီးတစ်လောင်းတွေ့တော့ ပြဿနာတွေ တက်ကြရော။ နောက်ဆုံးတော့ ဆရာဝန်ဆီရောက်လာ။ ဒီကလည်း ဘာရမလဲ။ အုပ်ကြီးဆီ ဘော်လီဘော ပုတ်။ အုပ်ကြီးခမျာ ညကြီးသန်းခေါင် ရွာသားတွေခေါ်လာပြီး သွားမြှုတ်ရပါလေရော။ မနက်မိုးလင်းလို့ ဟိုမမတွေ ဘုန်းကြီးပင့်ပြီး ရောက်လာရင် ငိုကြယိုကြ တက်ကြချက်ကြဦးမှာ။ အစကတည်းက ပါချင်ချင် ပိန္နဲပင် ဆရာဝန်လည်း အားရပါးရကြီးကို ဆွဲဆွဲထည့်ပြီး အငိုခံရဦးမှာ။
ရယ်မနေနဲ့။ ဒီမှာအခု နာရီပြန် နှစ်ချက်တီးတော့မယ်။ လေကင်းစောင့်ရင်း စာထိုင်ရေးနေရတုန်း။ လာချင်လည်း လာလေ။ ဆေးရုံမှာ ဘယ်သူမှ မရှိတော့ဘူး။ ကိုယ်တို့လည်း လေယာဉ်သံကြားရင် ကျင်းထဲဆင်းမှာ။ မနက်ကျ ကိုယ်တို့အလုပ်ဆင်းစရာ ဆေးရုံကြီး ရှိ မရှိ ဆိုတာက မသေချာဘူး။ ဟိုလူတွေ parade လျှောက်စရာ စစ်ရေးပြကွင်းကြီး မရှိတော့တာက သေချာသွားပြီ မဟုတ်လားလို့စ်။ ကွင်းရှိရင်တောင် ဗိုလ်ရှုခံစင်မြင့်ပေါ်မှာ အလေးပြုခံရဲတဲ့ သတ္တိရှိပါ့မလား ကြည့်ကြသေးတာပေါ့နော့။ အဲ့ဒါကြောင့် ပြောတာပါ။ ဒီသင်္ကြန်မှာ အိမ်တွင်းပုန်းမယ့်သူက ကိုယ်တို့ မဟုတ်ပါဘူး လို့။ ကိုင်း။ ပျော်မယ်ဆိုရင် လာကွယ် နှမရယ်။ ရေပက်ခံမယ်။ မြို့မ မြို့မ အတူနွှဲပျော်မယ်။ သင်္ကြန်ရေဆိုတာ အန္တရာယ်ကင်းသတဲ့။ ပက်စမ်းခင်ရယ်။ မြို့မ မြို့မ နှစ်ကူးပျော်မယ်။