ချန်ဂင်တို့စခန်း (၁၅၈)

“ဒီနေ့ နဲ့ မနက်ဖြန်အတွက် သင်ဘာတွေလုပ်ဖို့ စဉ်းစားမလဲ။” တဲ့။ မစဉ်းစားပါဘူး။ စဉ်းစားစရာမှ မလိုတာ။ ဒီနေ့အတွက်ရော မနက်ဖြန်အတွက်ရော အလုပ်တွေ တန်းစီနေတယ်။ ခွဲစရာရှိရင် ခွဲမယ်။ ခွဲစရာမရှိ အတွင်းလူနာတွေ အပြင်လူနာတွေ ကြည့်ရမယ်။ အဲ့ဒီလူနာတွေ ဆေးကုဖို့ လိုအပ်တဲ့ ဆေးဝါး ကိရိယာတွေ ပြည့်စုံအောင် စီစဉ်ရဦးမယ်။ အဲ့ဒီထဲကမှ အချိန်ရလာရင် ယိုယွင်းစပြုလာတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေကို ပြုပြင်မွန်းမံတဲ့အလုပ် လုပ်ရမယ်။ အလုပ်တွေကို ပုံလို့။ စာရေးတာတောင် သန်းခေါင်ကျော် တရေးနိုးမှ ရေးနိုင်တယ်။ ကိုယ့်အတွက်တော့ ဒီနေ့လည်း မအားဘူး။ မနက်ဖြန်လည်း မအားပါဘူး။

ဒါဆိုရင် ဒီလိုပဲ တောထဲမှာ အရိုးထုတ်တော့မှာလား။ အဇာတသတ် ထိုမင်းသား အနာဂတ်ကို ကြိုမစဉ်းစားလေပြီ။ အဲ့သလိုတော့ မဟုတ်ရပါဘူး။ နေစမ်းပါဦး။ မယ်တော်ဖုရားရယ် စကားတစ်ခွန်းလောက် မေးစမ်းပါရစီ။ မနက်ဖြန်ကို ဘယ်သူပိုင်သလဲ။ သားတော်ကြီးရဲ့ မနက်ဖြန်ကရော ဘယ်သူ့လက်ထဲမှာ ရှိသလဲဖျာ့။ အမှန်တော့လည်း အဲ့ဒီမနက်ဖြန်တွေအတွက်ပဲ တစိုက်မတ်မတ် အလုပ်လုပ်နေတာလေ။ အတိတ်လမ်းကို ပြန်လျှောက်နေတာ မဟုတ်ရပါဘူး။ ကိုယ့်ရဲ့အနာဂတ်၊ ကိုယ့်ကလေးတွေရဲ့ အနာဂတ်၊ ကိုယ့်တိုင်းပြည်ရဲ့ အနာဂတ်အတွက် လူညွန့်မတုန်းရအောင် ခုခံတွန်းလှန်နေတာ။ သာသနာပိုင် ဆရာတော်ကြီးတွေ၊ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးတွေတောင် ရှိပြီးဥစ္စာ တာရှည်စွဲလို့ ကြာလေမြဲလေ ကောင်းကျိုးပေးဖို့ မင်းလိုလိုက် မင်းကြိုက် ဆောင်နေချိန်မှာ ကိုယ်ကတော့ နင်သာလူမိုက် ဒုစရိုက်မို့ ရွာမှထွက်လေ တောမှာနေနေရတာလား။ ဘုရားရှင်ဟောကြားသော ဓမ္မတရားတော်နှင့်အညီ ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော အကျိုးစီးပွါးအတွက် အသက်ကို ပဓာနမထားပဲ တိုက်ပွဲဝင်နေရတာပါ။ အဲ့ဒါ အနာဂတ်အတွက် မဟုတ်လို့ ဘာအတွက် ဖြစ်ရဦးမှာလဲ။

အနာဂတ်ကို ရှုမြင်ချင်ရင် ပစ္စက္ခအခြေအနေကိုလည်း အမှန်အတိုင်းမြင်အောင် သုံးသပ်ရမှာပေါ့။ ဒီနေ့ဖြစ်ရတဲ့ ပြဿနာအပေါင်းဟာ အနီ နဲ့ အစိမ်း အာဏာလုပြီး စစ်တပ်က ကြားညပ်ရပါတယ် လို့ ထင်နေရင် အဲ့ဒီဦးနှောက်က မွေးကတည်းက ပါမလာတဲ့ဦးနှောက်။ ခေါင်းထဲရှိတာ ဦးနှောက်မစစ်ဘူး။ စစ်သားတကာရဲ့ သုက်ပိုးတွေ ငယ်ထိပ်တက်ကပ်နေတာ။ အခုဖြစ်နေတာ ပင်စင်မယူရဲတဲ့ သက်ကြားအိုကြီးက လူငယ်တွေရဲ့ အနာဂတ်ကို ဝါးမျိုပြီး ကုလားထိုင် သက်တမ်းတိုးမယ် လုပ်နေလို့ လူငယ်မျိုးဆက်သစ်တွေနဲ့ ထိပ်တိုက်တွေ့တာ။ ကလေးတွေက ကိုယ့်အနာဂတ်ကိုယ် ပြန်ရအောင်ယူနေတာ။ ဘယ်သူအာဏာရဖို့မှ မဟုတ်ဘူး။ သူတို့ကိုယ်တိုင်လည်း အာဏာယူဖို့ မဟုတ်ဘူး။ တိုင်းပြည်အကျိုးစီးပွါး နဲ့ အနာဂတ်ကို ကိုယ့်အာဏာရဖို့အတွက် ချေဖျက်ချနင်းတဲ့ ဘယ်အာဏာရှင်မျိုးကိုမဆို အမြစ်ပြတ်အောင် မောင်းထုတ်သွားမှာ။

တကယ်ဆိုရင် ကိုယ့်အသက်အရွယ်က ဒီကလေးတွေနဲ့ ဘယ်လိုမှ မအပ်စပ်ပါဘူး။ ကိုယ်နဲ့သက်တူရွယ်တူ Gen L ကြီးတွေလို “အဘက အသက်ကြီးပါပြီ။ သားတို့သမီးတို့ရယ်။ ပင်စင်ယူဖို့လည်း သိပ်မကျန်တော့ပါဘူး။ ကျန်းမာရေးကလည်း ဘာညာ ဘာညာ။” နေသာသလိုနေပြီး မုန့်ဖိုးပဲဖိုးလေး အလှူငွေထည့်လည်း ရတဲ့ဟာကို။ ဒါပေမယ့် သူတို့လို ကိုယ်မနေနိုင်ရခြင်း အကြောင်းရင်းဟာ ကိုယ့်တုန်းက ဘယ်ခေတ်မှာ ဘယ်လို နေထိုင်ကျင်လည်ခဲ့ရသလဲဆိုတာ ကိုယ့်ဘာသာကိုယ် ကောင်းကောင်းသိလို့ပါပဲ။ ကိုယ့်ကလေးတွေလက်ထက်မှာ ကိုယ့်တုန်းကလို မကြီးပြင်းစေချင်တော့ဘူး။ ဒါကြောင့်မို့ သူတို့နဲ့အတူ ရပ်တည်တယ်။ သူတို့ကို ဖေးမနိုင်ဖို့ ကြိုးစားတယ်။ “ဒီကလေးတွေ အသေခံတိုက်မှ ငါအိမ်ပြန်လို့ရမှာ။” ဆိုပြီး မြှောက်ပင့်ပေးနေတာ မဟုတ်ဘူး။ ကိုယ်တိုင် သူတို့နဲ့အတူ ရှေ့တန်းမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ရုန်းနေတယ်။ ကိုယ့်အနာဂတ်က ဘာကျန်မှာလဲ။ လွန်ရောကျွံရော ဆယ်နှစ်၊ အနှစ်နှစ်ဆယ်ပေါ့။ သူတို့အနာဂတ်က အညွန့်တလူလူ။ ဘယ်သူ လာဆိတ်တာမှ မခံနိုင်ဘူး။ ကိုယ်မွေးထားမှ ကိုယ့်သွေးသား မဟုတ်ဘူး။ သူတို့ကိုလည်း ကိုယ့်သားသမီးလိုပဲ သဘောထားတယ်။ ဘယ်သူဖြစ်ဖြစ်။

ဒီကလေးတွေရဲ့ အနာဂတ်ကို တကယ်အလေးထားရင် သူတို့ဘဝကို ကိုယ်တွေခေတ်တုန်းက ABSDF တွေလို တောတွင်းတနေရာမှာ အညွန့်တုန်းခံလို့ ဖြစ်မလား။ မပြီးမပြတ်သေးတဲ့ ပညာရေးတွေနဲ့ အလှမ်းဝေးပြီး ဘူးသီးအမွှေးသပ် ဖြစ်မှာ မစိုးရိမ်ဘူးလား။ ဒါ သူများမမေးတောင် ကိုယ့်ဘာသာ ပြန်မေး၊ ပြန်ဖြေထားရမယ့် မေးခွန်းတွေပါ။ လုံးဝ အဲ့သလိုအဖြစ်မခံပါဘူး။ ဘယ်နည်းနဲ့မှ အဖြစ်မခံနိုင်ပါဘူး။ ဒီတော်လှန်ရေးက အောင်ကိုအောင်မှ ဖြစ်မှာပါ။ ဒါကြောင့်မို့ ဘယ်သူ့မှ စိတ်မချပဲ၊ ဘယ်သူ့ကိုမှ အားမကိုးပဲ ကိုယ်တိုင်ဝင်တိုက်နေတာ။ အခြေအနေ ဘယ်လိုရှိသလဲ။ လာမမေးနဲ့။ မျက်စိဒေါက်ခေါက် ကြည့်နေလိုက်။ ရောက်တော့မယ်။ ပန်းတိုင်ကို။ တစ်ရက်ပြီးတစ်ရက်ကို နီးလာပြီ။

“အတိတ်စိမ်းတွေ လာမပေးနဲ့။ နိုင်မယ်ထင်ရင် လက်တွေ့ပြ။” ဆိုလည်း ပြရတာပေါ့။ ကြင်စိုးတို့အုပ်စုဟာ အခု နောက်ဆုံးကျည်ဆန်ကို ပုံအောတိုက်ခိုက်နေရပြီ။ ဒါပေမယ့် အရေးမသာဘူး။ ရှိစုမဲ့စု စစ်အင်အားနဲ့ လေကြောင်းပစ်ကူပါ သုံးပြီး ပင်လောင်းလမ်းက ကရင်နီထဲ ဝင်တယ်။ နောက်ကြောင်းအေးချင်လို့ PNO ကို သူကိုယ်တိုင်ဖင်မ။ PDF နဲ့ သွေးခွဲ။ အစွမ်းကုန် ယုတ်မာပြီး ဒီမောဆိုးကို ဝင်တိုက်တာ။ အဲ့ဒီမှာတင် ဒစ်လည်ပြီး တပ်လန်မသွားအောင် အသေအလဲ ကြုံးနေရတယ်။ ယောနယ်ကိုဖြတ်ပြီး ချင်းပြည်နယ်ကို ဝင်ဖို့ တာစူတယ်။ အဝမှာတင် အမှည့်ခြွေ ခြွေခံရတယ်။ တပ်ကိုပျက်လုရော။ နောက်တစ်ကြောင်း နဲ့ အင်းတော် ကသာကနေ ဗန်းမောက်ဘက်မှာ ဗျူဟာကုန်းထိုင်ဖို့ ကြံတယ်။ စစ်ကြောင်း ၃ ကြောင်းစလုံး စစ်ကား အစီး ၈၀ – ၁၀၀ လောက်သုံးပြီး စစ်သားတွေ မကုန်ကုန်အောင် ဖြုန်းတာနော်။ ရာမတွေ မသေမချင်းကျွေးတိုက်တာတောင် တစ်ကောင်မှ သောက်သုံးကျကျ ပြန်မတိုက်နိုင်။ မြေပုံကြီးပေါ် မင်နီဝိုင်းပြီး စစ်တိုက်ခိုင်းနေတာလေ။ မြေပြင်မှာ မုန့်ဟင်းခါးတောင် မကျွေးနိုင်တော့ဘူး။ စစ်သားတွေကို မိုတီပေးဖို့ နမခ ထဲသွားပြီး “သားရီးတို့ အေးဆေး။” ချွေးသိပ်တယ်။ သူရှိမှန်းသိလို့ ရှစ်လုံးလောက်ကျွေးထည့်လိုက်တာ ဒိုင်ယာပါတင် ရှစ်ထည်လောက် လဲယူလိုက်ရတယ်။ ဒင်းကိုယ်တိုင် ပါတယ်အမှတ်နဲ့ ဆွဲစိတာ ကားချင်းလဲစီးတဲ့ ရဲမှူးချုပ် ဂန့်သွားတယ် လို့ သတင်းတက်လာတယ်။ ၈၈ တုန်းကလို မီးပွိုင့်ကို ခဲနဲ့ထု၊ ရုံးကားကို မီးရှို့တဲ့ လက်ရည်မျိုး မဟုတ်တော့ဘူး။ နေပြည်တော်ကို လာဝိုင်းတော့မှ ပါတီဖျက်ပြီး အိမ်ပြန်မယ်ဆိုတဲ့ ကြီးပေါကြီးတွေ ရှက်တတ်ရင် လဲသေလို့ရတယ်။

ခုရက်ပိုင်းအတွင်း ယန္တရား၊ ယာဉ်တန်း အလုံးအရင်းနဲ့ အင်အားသုံးပြီး စစ်ကြောင်းထိုးနေရတာ အောက်ခြေစစ်သားတင် မကပါဘူး။ အရာရှိအဆင့်တွေပါ အကျအဆုံးများလှပြီ။ ခုချိန်မှာ သူအကြောက်ဆုံးက PDF လည်း မဟုတ်ဘူး။ NUG လည်း မဟုတ်ဘူး။ သူ့အောက်ကလူ သူ့ပြန်တော်လှန်မှာ အကြောက်ရဆုံး ဖြစ်နေပြီ။ ခုတောင် ဘောမအကောင့်တွေက တစာစာအော်နေပေါ့။ Double Coup လုပ်ပေးပါတဲ့။ အာဏာသိမ်းတဲ့လူဆီက အာဏာပြန်သိမ်းခိုင်းနေတာ။ တပ်ထဲကလူတွေ အသက်ရှင်ကျန်ရစ်ဖို့က ဒီတစ်နည်းပဲ ကျန်တော့တာကိုး။ ကိုင်း ထိမ်းစမ်း မောင်ကြင်စိုးရေ။ အာဏာမထိမ်းနဲ့။ မင်းတပ်မင်း နိုင်အောင်ထိမ်း။ ရှေ့ကျည်နဲ့ မသေရင် နောက်ကျည်နဲ့ သေရတော့မှာ။ အိမ်သာတက်ရင်တောင် ကမုတ်ထဲ ဗုံးရှာပြီးမှ ဖင်ထိုင်လို့ ကျလိမ့်မယ်။ နေ့နေ့ညည သေမင်းငင်နေပြီ။ တွေ့လား။

ခုချိန်မှာ သူတို့မနိုင်နိုင်တော့ဘူးဆိုတာ စစ်သားတွေကိုယ်တိုင်သိလာလို့ သူတို့အသက်သူတို့ မသေအောင် နည်းလမ်းရှာနေကြတယ်။ အရင်တုန်းကလို အောက်ခြေစစ်သားတွေအသက်နဲ့ စတေးပြီး မင်းအောင်လှိုင်အသက်ကို ကာကွယ်ဖို့ မဖြစ်နိုင်တော့ဘူး။ မင်းအောင်လှိုင်အသက်ကို စတေးပြီး ကိုယ့်အောက်ကစစ်သားတွေရဲ့အသက်ကို ကယ်တင်ရမယ့်အချိန်ဆိုတာ တိုင်းမှူး၊ တပ်မမှူးတိုင်း သဘောပေါက်နေလောက်ပါပြီ။ ကယ်ရမယ့်အထဲမှာ သူ့အသက် သူ့မိသားစုအသက်လည်း ပါတယ် မဟုတ်လား။ သူများအသက်တွေကို လက်ရဲဇက်ရဲ သတ်လာခဲ့တာ ကြာပြီလေ။ အခု ကိုယ့်အလှည့်ရောက်ပြီ။ ဘယ်ကောင် ဘယ်လောက် သွေးရှိသလဲ သိရတော့မယ်။ ပြည်သူအပေါ် ဒီကောင်တွေ ရက်စက်လေ ပြည်သူက သူတို့အပေါ် တုန့်ပြန်တဲ့ အင်အားက ပြင်းထန်လေပဲ။ ရပ်ကွက်ထဲလာတုန်းကတော့ ဒီကောင်တွေ စိန်ခေါ်တာ “သေရဲတဲ့ကောင် ထွက်ခဲ့။” တဲ့။ အခု ပြည်သူက ပြန်အော်နေပြီ။ “မသေရဲတဲ့ကောင် လက်နက်ချ။” တဲ့။ အိမ်း ဒီလိုအချိန်တွေရောက်ဖို့ အကြာကြီး စောင့်လာခဲ့ရတာလေ။ ကာဖီလေးသောက်၊ ရေနွေးကြမ်းအိုးလေး ရှေ့ချ၊ နေကြာစိလေးဝါးပြီး စိမ်ပြေနပြေကို ထိုင်ကြည့်လိုက်ဦးမယ်။ ဟေးဟေး။