ရေမြေတောတောင် သဘာဝတွေက ဥတုရာသီနဲ့ လိုက်လျောညီထွေ ပြောင်းလဲသက်ဝင်နေသလိုပါပဲ။ ကိုယ်တို့ဆေးရုံကို လာပြကြတဲ့ လူနာတွေဟာလည်း နယ်မြေဒေသရဲ့ လက်ရှိ စစ်ရေးနိုင်ငံရေး အခြေအနေပေါ် မူတည်ပြီး ခုတစ်မျိုး တော်ကြာတစ်မျိုး အဆင်ပြေသလို ဆေးလာကုကြပါတယ်။ တိုက်ပွဲတွေဖြစ်တယ်၊ လမ်းတွေပိတ်တယ်၊ အစစ်အဆေး အဖမ်းအဆီးတွေ ကြမ်းတယ်ဆို လူနာလည်း မလာတော့ဘူး။ သေကောင်ပေါင်းလဲဖြစ်မှသာ “လာပြလို့ ရသေးလား။” ဆို ဒီဘက်က အခြေအနေ စနည်းနာပြီးမှ Ambulance ကလေးနဲ့ လာတယ်။ ညရေးညတာ ဆေးရုံမှာ စိတ်မချရင် ရွာထဲပြန်အိပ်တယ်။ ရွာထဲမှာ စစ်ရှောင်စခန်း ဆို ဖွင့်ထားတဲ့ တဲတန်းလျားကလေးဟာ တကယ်တော့ ကိုယ်တို့ဆေးရုံကို လာပြတဲ့ လူနာတွေ လူနာစောင့်တွေအတွက် နားခိုရာ ဇရပ်ကလေးတွေပဲ။ ဟိုးတလောက အဲ့ဒီထဲမှာ ညဘက်ကြီး ကိုယ်ဝန်ဆောင်တစ်ယောက် ဗိုက်နာနေတယ်ဆိုလို့ ကိုယ့်ကားနဲ့ကိုယ် သွားပင့်ပြီး မွေးပေးရတာလေ။ အလကားကုတာတောင် လူနာက ဆရာဝန်မပင့်ပဲ ဆရာဝန်က လူနာပင့် မွေးပေးရတဲ့ ဘဝ။ အဲ့ဒီရက်ကတော့ ဆေးရုံမှာလည်း စောင့်အိပ်တဲ့သူ မရှိဘူးလေ။ လေကြောင်းရန်ကြောင့် ရှောင်အိပ်ရတာ။ သူ့ဗိုက်က သန်းခေါင်ကျော်ကြီး ထနာတော့ ဒီလိုမှ မလုပ်ရင် မရ။
အခုကတော့ လူနာတွေ ပြန်များလာပြန်ပြီ။ ကားတွေ အစီးလိုက် အစီးလိုက် ထိုးဆိုက်လာပြီး အသုတ်လိုက် အသုတ်လိုက် စုစုပြီး လာပြကြတယ် ဆိုရင် မမေးနဲ့တော့။ လတ်တလော အခြေအနေ အေးချမ်းတယ်။ လမ်းပွင့်တယ်။ အစစ်အဆေး မရှိဘူး။ နောက်ထပ် ပြဿနာ တစုံတရာ မဖြစ်မချင်း ဒီအတိုင်းပဲ လူနာတွေ စည်နေလိမ့်မယ်။ တကယ်တော့ သူတို့က လာချင်ကြတယ်။ ပြချင်ကြတယ်။ လမ်းခရီး အခြေအနေ မကောင်းလို့သာ မလာနိုင်ကြတာ။ လူနာများရင်တော့ ကိုယ်တို့လည်း ထမင်းစားချိန် တဖြတ်နားပြီးမှ ဆက်ကြည့်ရတယ်။ လူနာကုန်မှ ထမင်းစားရင် ညနေစောင်းရော။ ဒါပေမယ့် လူနာတွေက လက်ချည့်ပဲ မလာပါဘူး။ စားစရာ သောက်စရာတွေ စုံအောင်ချက်ပြုတ်လာတယ်။ ကိုယ်တို့မှာ ကုန်အောင်တောင် မစားနိုင်။ ဝေခြမ်းပေးကမ်း ယူရတယ်။
လူနာများရင် တစ်ခု စိတ်ညစ်ရတာက လာသမျှ လူနာတိုင်းကို ကိုယ်တို့က တခုခုလုပ်ပေးဖို့က ဘယ်ဖြစ်နိုင်မှာလဲ။ အားကိုးတကြီး အလာကြီး လာရတယ်ဆိုပေမယ့် ကိုယ်မနိုင်တာက မနိုင်တာပဲ။ စိတ်တော့ မကောင်းဘူး အဲ့လိုအခါမျိုးကျ။ ဒီနေ့လာပြတဲ့လူနာတစ်ယောက်ဆို ဗိုက်ထဲမှာ အလုံးစမ်းမိတယ်။ အစာအိမ်ကင်ဆာ ရောဂါလို့ ထင်တယ်။ ထင်ကြေးနဲ့ ဗိုက်ခွဲရှာပြီး အထဲရောက်မှ တွေ့သလိုလုပ်ကြတာပေါ့ ဆိုတာမျိုးကလည်း မလုပ်နိုင်ဘူး။ ပိတ်လို့ဆို့လို့ ခွဲရတာလည်း မဟုတ်။ အစာအိမ်မှန်ပြောင်းလေး ကြည့်ချင်တယ်။ ကွန်ပြူတာဓါတ်မှန်လေး ရိုက်ချင်တယ်။ လူနာဘက်ကတော့ ဘူးတစ်လုံးဆောင် အိုတောင်မဆင်းရဲပဲ။ ဘယ်မှ မသွားနိုင်ဘူး။ “ဆရာ မကုနိုင်ရင် ပြန်ခေါ်သွားမှာ။” တဲ့။ ကိုယ့်ဘက်က စဉ်းစားတာတော့ ဗိုက်ခွဲပြီးရင်တောင် ထုတ်နိုင်မထုတ်နိုင် မသေချာတဲ့ဟာကြီးကို ဘုမသိဘမသိ မခွဲရဲဘူး။ အထုပ်အပိုး အိုးခွက်ပန်းကန်နဲ့ ကားငှါးပြီး အားကိုးတကြီးလာရတယ်ဆိုပေမယ့် ကိုယ်လုပ်ပေးနိုင်တာ ဘာမှ မရှိဘူး။ referral system မရှိပဲ အရပ်ညွှန်းညွှန်းလို့ လာရတဲ့အခါ ဒီလိုပဲ ဖြစ်ရတာပေါ့။ ကိုယ့်ဆီကလည်း ထပ်ညွှန်းလို့မှ မရတာ။ စကတည်းက လာမပြရင်တော့လည်း အကောင်းသား။
လူနာတွေနဲ့ ကိုယ်နဲ့ကြားမှာ သူလည်း မြန်မာစကားပြောတာ။ ကိုယ်လည်း မြန်မာစကားပြောတာ။ language barrier မရှိဘူး ဆိုပေမယ့် သူ့ခေါင်းထဲက အသိဉာဏ်နဲ့ ကိုယ့်ခေါင်းထဲက အသိဉာဏ် အဟပ်ကွာလွန်းတဲ့အခါ ဘယ်လိုပဲ ရှင်းပြပြ နားမလည်နိုင်တဲ့ အခါတွေလည်း ရှိတယ်။ ပြချင်တာက နို့မှာပြည်တည်လို့တဲ့။ စမ်းလို့တွေ့တာက ရင်သားကင်ဆာ၊ ချိုင်းမှာ အကြိတ်အကြီးကြီးတွေ ခိုနေပြီ။ ပြည်ဖောက်ရုံနဲ့ ပျောက်မယ့်အနာ မဟုတ်ဘူး။ ရင်သားတစ်ဘက် ဖြတ်ထုတ်ရမယ် လို့ ရှင်းပြလိုက်တယ်။ ဆီးချိုတွေကလည်း တက်နေလို့ မေ့ဆေးမပေးခင် ဆီးချိုကို အရင်ထိန်းရမယ်။ “သွေးဖောက်ခဲ့။ ရင်ဘတ်ဓါတ်မှန်ရိုက်ခဲ့။ ဆေးရုံလာတက်နေလှည့်။”လို့ သေချာမှာလိုက်တာ ပြန်မလာဘူး။ ဖုန်းဆက်ခေါ်၊ လူကြုံနဲ့လွှတ် ခေါ်လည်း မလာဘူး။ သူ့မှာ ဆီးချိုကြီးနဲ့ ခွဲလို့ မဖြစ်ပါဘူး ဆိုပြီး သည်အတိုင်း နေတယ်။ ဘာတွေ ဘယ်လိုရှင်းပြပြ ခေါင်းထဲ တစ်လုံးမှ မဝင်ဘူး။ စကတည်းက လာမပြရင်လည်း အကောင်းသား။
မြစ်တွေဟာ ပြောင်းပြန်စီးရိုး ထုံးစံမရှိပေမယ့် လူနာတွေကတော့ ပြောင်းပြန်စီးတဲ့အခါ စီးတယ်။ မနှစ်တုန်းက ဆိုင်ကယ်မှောက်ပြီး ဆီးခုံရိုးကျိုးလို့ ဆီးမပေါက်နိုင်တော့တဲ့လူနာဟာ urethral rupture နဲ့ မန္တလေးမှာ ဆင်းကုလာတာပါ။ ဗိုက်ပေါ်က SPC ဖောက်ထားပြီး ပြုတ်ထွက်လို့ ၂ ခါပြန်ထည့်ထားရသေးတယ်။ CDM တွေ လုပ်ထားလို့ ကုပေးမယ့်သူ မရှိဘူး။ အဲ့ဒါ ဆရာများ လုပ်ပေးနိုင်မလား လို့ လာပြတာတဲ့။ အဲ့ဒါ ဒီမှာလုပ်လို့ မရဘူးလေ။ urologist တွေမှ လုပ်နိုင်မှာ။ မန်းလေးက urology ward လည်း မလွှဲရဲပါဘူး။ အရင်တစ်ခါ uro surgeon တစ်ယောက် အဖမ်းခံရတာတောင် ကိုယ်က လူနာလွှဲတာ စာထဲထည့်ရေးလို့ အဖမ်းခံရတယ် ပြောကြသေးတာ။ လူများ ဟန်ငြိမ်းဦးမှတ်နေသလား မသိ။ အခု ကိုယ့်ဆီက တည့်တည့်လွှဲလိုက်မှ ဘယ်သူမှ ကြည့်ပေးမယ့်သူ မရှိ ဖြစ်နေမယ်။ ကိုယ်လုပ်ပေးလို့ရတဲ့ ကိစ္စလည်း မဟုတ်ဘူး။ scope ကြည့်ရမယ်။ ဓါတ်မှန်ရိုက်ရမယ်။ တစ်ခါတည်း နဲ့ မရရင် နှစ်ခါခွဲရမယ်။ အခုဟာက ရဲတွေဖာခန်းဖမ်းဖို့ အသွင်ယူသလို ဆရာဝန်ကို လူနာအသွင်ယူပြီးတောင် ဖမ်းနေတဲ့အချိန်ဆိုတော့ ကိုယ်လွှဲလိုက်မှ တကယ်အဖမ်းခံရတယ်ဆိုလည်း မကောင်းဘူး။ သူလည်း စကတည်းက ကိုယ့်လာမပြရင် ကောင်းတဲ့ထဲပါတယ်။
ဘဦး ရေကူးနေတာနဲ့ပဲ ဆေးကု၍ မရပါ ဆိုတဲ့ လူနာတွေ အများကြီး ထွက်လာပြီနော်။ အဲ့လို လူနာမျိုးတွေ နေ့တိုင်းကြုံရတယ်။ သေနတ်နဲ့ပစ်မှ၊ လေယာဉ်နဲ့ ဗုံးကျဲမှ သေတာ မဟုတ်ဘူး။ ဆရာဝန်တွေကို ဆေးမကုနိုင်အောင် တားမြစ်ပိတ်ပင်တာ၊ လူနာတွေကို ဆရာဝန်ဆီရောက်မလာနိုင်အောင် တားဆီးပိတ်ဆို့ထားတာတွေကလည်း သေစေနိုင်သော အကြောင်းရင်းတွေပဲ မဟုတ်လား။ အဲ့ဒါတွေကိုရော အာဏာသိမ်းလို့ ဖြစ်ပေါ်လာရတဲ့ collateral damage လို့ ထည့်တွက်ရမှာလား။ ဒါဆို မြန်မာပြည်တနံတလျားမှာ ကာကွယ်ဆေးမရလို့ ကူးစက်ရောဂါနဲ့ သေရတဲ့ ငါးနှစ်အောက်ကလေးတွေ၊ ကိုယ်ဝန်စောင့်ရှောက်မှုမရပဲ ဖြစ်သလိုမီးဖွားရင်း အသက်ဆုံးရှုံးရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေလည်း ပါဦးမှာပဲ။ တီဘီဆေး ၊ ငှက်ဖျားဆေး၊ ART ဆေးတွေ ပြတ်သွားလို့ သေတဲ့လူနာရော မရှိပဲနေမလား။ အချက်အလက် ခိုင်ခိုင်မာမာနဲ့ စကားပြောလို့ရအောင် health data ကောက်တဲ့ဆီမှာပဲ တောင်းကြည့်စမ်းပါ။ ဒီ ၂ နှစ်စာ data တွေ ဘယ်လိုဖြစ်ကုန်သလဲ လို့။ ကပ်ရောဂါကြီးတန်းလန်းနဲ့ အာဏာကောက်သိမ်းလိုက်တာ ဖေဖော်ဝါရီ ၁ ရက် ၂၀၂၁ က စလို့ WHO မှာတင်ရတဲ့ မြန်မာပြည်ရဲ့ ကိုဗစ်ပိုးတွေ့လူနာဟာ zero new case ဖြစ်သွားပါလေရော။ “Pandemic ကို ရပ်တန့်ဖို့ အာဏာသိမ်းကြစို့။” ဆိုပြီး ဆောင်ပုဒ်အသစ်တွေ ထပ်ထွက်လာဦးမယ်။
“ဘာဆိုင်လို့လဲ။ အဲ့ဒါ နင်တို့ ဆရာဝန်တွေ CDM လုပ်လို့ သေရတာလေ။” လို့ ပြောင်လိမ်ပြောင်ငြင်းမယ့် ကောင်တွေပါလေ။ ဟုတ်သလား မဟုတ်သလား ကိုယ့်ဘာသာ ပြန်စဉ်းစားပေါ့နော။
အာဏာသိမ်းတဲ့အခါ ဆေးရုံကြီးတစ်ခုလုံးရပ်တန့်သွားတာ အံ့ဩစရာတောင် ကောင်းသေး။ ကိုယ့်မှာက အာဏာမသိမ်းခင်ကတည်းက ကိုဗစ်ကြောင့် အိမ်မပြန်နိုင်ပဲ ဆေးရုံမှာအိပ်နေရတာကြာပြီလေ။ အာဏာလည်းသိမ်းပြီးရော ကြက်ပျံမကျ စည်ကားခဲ့တဲ့ ဆေးရုံကြီးဟာ မှောင်နဲ့မည်းမည်း လူခြေတိတ်ဆိတ်ပြီး သုဿန်တစပြင်လို ဖြစ်သွားတယ်။ နိုက်ဂျူတီဆင်းမယ့် အငယ်ဆရာဝန်လေးတွေ မရှိတော့ဘူး။ ကိုယ်ကိုယ်တိုင် နိုက်ဂျူတီ ဆင်းရတယ်။ နောက်ရက်တွေမှာ ဆရာမလေးတွေပါ မလာတော့ဘူး။ ဒါပေမယ့် ကလေးတွေက ကိုယ့်ကိုအားနာလို့ ဆေးထိုးချိန်တွေ လာထိုးပေးတယ်။ ရုံဆင်းရုံတက် paper work တွေ လာလုပ်ပေးတယ်။ ကိစ္စမရှိဘူး။ လူနာကလည်း နှစ်ယောက်တစ်ပိုင်းလောက်ပဲကျန်တာ။ လုပ်စရာရှိရင် ကိုယ်တိုင် PPE ဝတ်ပြီး အထဲဝင်လုပ်ပေးတယ်။ အထဲကလူနာကုန်တဲ့အခါ နောက်ထပ်လူနာ လာစရာမရှိဘူး။ အဖိုးတန်စက်ပစ္စည်း ကိရိယာတွေနဲ့ လူနာဆောင်ကြီးကို လူမရှိပဲ ဒီအတိုင်း ပစ်ထားလို့ မရဘူး။ အကုန်လုံးဖြုတ်သိမ်းပြီး အဆောင်ကို မိန်းချ၊ တံခါးပိတ်၊ သော့ခတ်ရတယ်။ တစ္ဆေတစ်ကောင်လို ဘယ်သူမှ မရှိတဲ့ ဆေးရုံကြီးထဲမှာ တစ်ပါတ်ကြာအောင် နေခဲ့တယ်။ ဆေးရုံစတည်ကတည်းက အဲသလိုမျိုးအခြေအနေ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။
ဆေးရုံပိတ်လိုက်တာဟာ လူနာမလာတော့လို့ မဟုတ်ပါဘူး။ လာတဲ့လူနာကို လက်ခံကုသပေးန်ုင်လောက်အောင် ဆရာဝန် ဆရာမ အင်အားမရှိတော့လို့။ ဒါဆိုရင် ဆေးရုံကို လာတဲ့လူနာတွေ ဘယ်မှာသွားတင်ကုကြမလဲ။ ဆေးခန်းက စောင့်ကုပါတယ်။ ဆေးရုံမှာလိုပဲ အခမဲ့ဝန်ဆောင်မှုပေးပါတယ်။ ဆေးခန်းပိုင်ရှင်ကလည်း အခန်းခကို ၇၀% လျှော့ပေးပြီး ၃၀ % ပဲ ယူပါတယ်။ သူ့ဆေးရုံက ဝန်ထမ်းစားရိတ်ကာမိရုံလောက်ကလေးပဲ ယူပြီး ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးစံနစ်ရဲ့ ယိုပေါက်ကြီးကို တတ်နိုင်သလောက် ဖြည့်ပေးတာပါ။ ကိုယ့်လိုမျိုး အိမ်မပြန်နိုင်တဲ့ Specialsit ကြီးကို နေစရာ စားစရာပေးပြီး လိုလေသေးမရှိ အလုပ်လုပ်နိုင်တဲ့ facility ဖန်တီးပေးပါတယ်။ သူ့အတွက်လည်း အကျိုးတော့ မယုတ်ပါဘူး။ 24 hour senior surgeon on call ရှိတဲ့ အထူးကုဆေးရုံလေးဖြစ်သွားတာပေါ့။ အခန်းတွေကုန်၊ ခုံတွေပြည့်ပြီး အဆောင်အသစ်တွေဘာတွေတောင် ဖွင့်ယူရတယ်။ လူနာ၊ ဆရာဝန်၊ ဆေးခန်းပိုင်ရှင် ဘယ်လိုပဲ သုံးဦးသုံးဖလှယ် အဆင်ပြေနေပလေ့စေ။ စစ်ဗိုလ်တစ်ယောက်ယောက်ရဲ့ ခြေဖဝါးအောက်မှာ ရှိမနေတဲ့ မြန်မာပြည်သားဆိုတာ အသက်ရှင်ခွင့်တောင် ပေးဖို့မသင့်ဘူး လို့ စစ်သားတွေက ယူဆတဲ့အတွက် ဖမ်းဆီးသုတ်သင် တားမြစ်ပါတယ်။ ဆေးခန်းပိုင်ရှင်က ဖာခေါင်းမဟုတ်သလို ကိုယ်တွေကလည်း ဖာသည် မဟုတ်တဲ့အတွက် ကလေကချေတွေက စော်ကားဖမ်းဆီးတာ မခံနိုင်လို့ ဆေးဆက်မကုပါဘူး။
ဒါပေမယ့်လည်း တော်တော်များများသော CDM ဆရာဝန်များဟာ Non CDM ဆရာဝန်တစ်ယောက်ယောက်ရဲ့ နံမည်ဆိုင်းဘုတ်အောက်မှာ ဆေးဆက်ကုလို့ ရနေပါသေးတယ်။ ဆင်းရဲသား လူနာအများစု အပြင်ဆေးခန်းနဲ့ လက်လှမ်းမီလာဖို့အတွက် စားရိတ်မျှပေးစံနစ် ကျင့်သုံးတဲ့အခါ “တဝက်ဈေး နဲ့ အောက်ကြေးနှိုက် ကုတယ်” လို့ Non မဝစိန်ကြီးတွေကတော့ မှိုချိုးမျှစ်ချိုး ပြောကြတာပေါ့။ သူတို့က Non သာ Non တာ။ ဆေးရုံမှာ ကုသလား ဆိုတော့လည်း မကုဘူးဗျ။ night duty မပြောနဲ့ on call တောင် ဆေးရုံကဆက်ရင် ဖုန်းပိတ်ထားတဲ့ လူစားတွေ။ ဆေးခန်းတကာဆေးခန်းမှာ ပစ္စည်းမှန် ဈေးမှန် အလေးမှန် အထက်တန်းစား branded ကြီးတွေအဖြစ် ချေချေမိုးမိုး ထိုင်ကုနေတဲ့သူတွေ။ သူကတော့ ဒီဈေးရမှ ခွဲနိုင်မယ်။ ရေခဲရေအေးအေးလေးသောက်ချင်မှ ဒီကိုလာ။ အချိုအချောင်လိုချင် တိုးတိုးသား လိုင်စင်မဲ့ဆရာဝန်တွေ လိုက်ရှာကုချေ လို့ ခပ်တင်းတင်း ပြောလွှတ်တာ။ နိုင်ငံခြားခရီးစဉ်လေးထွက်လိုက်။ မော်စကိုတွေ၊ စိန်ပီတာစဘတ်တွေ ဘာတွေကို ရောက်လို့။ Facebook ပေါ် ဓါတ်ပုံမတင်ရဲတာပဲ ရှိတယ်။ အာဏာသိမ်းပြီးကတည်းက သောတာပန်ဆိုက်သွားသည့်အလား ဘုရားစကား တရားစကားလေးတွေပဲ ဟောကြားနှလုံးသွင်းတော့တယ်။ မတော်မတည့်များ သွားမန့်မိနေရင် မြေမျိုခံရကိန်းပဲ။ ကိုယ့်လည်း သူတို့က ဖုတ်လေသည့်ငပိ ရှိတယ် လို့ကို မအောင့်မေ့ပါဘူး။ စွမြင်တွေ အကြီးကြီးကို ကပ်နေမှာ။ ဒီက ဗန္ဓုလသွေးကြီး လဥများ ဗုံးမှန်လို့ကတော့ “ရိုက်လိုက်ပါဦး။ ဒုန်း ဒုန်း ဒုန်း။” အရင်ဆုံး လုပ်မယ့်သူတွေ။
လူနာဘက်အခြမ်းမှာ ဘာတွေဖြစ်နေသလဲလည်း သိပြီ။ ဆရာဝန်တွေ ရပ်ဝန်းမှာ ဘယ်လိုဖြစ်နေသလဲလည်း သိပြီ။ အကြောင်းအကျိုးတွေ ဆက်စပ်ကြည့်လေ။ အခုလို health system break down ဖြစ်နေတာ ဆရာဝန်တွေ CDM လုပ်လို့ ဖြစ်တာသာမှန်ရင် အခု C တွေ အကုန်လိုက်ဖမ်းပြီး Non ခိုင်းတော့ရော အလုပ်ပြန်လုပ်လို့ ရသလား။ အလုပ်တွေအကုန်ရပ်တန့်ပြီး လည်ပတ်လို့မရတာ ကျန်းမာရေးစံနစ် တစ်ခုတည်းမှ မဟုတ်ပဲ။ ဖမ်းတာ သတ်တာ မီးရှို့တာကလွဲလို့ ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်တာ မရှိ။ ကိုင်း အခု CDM ဆရာဝန်တွေကို တွေ့ရာသင်္ချိုင်း ဓါးမဆိုင်း စီမံချက်နဲ့ ဖမ်းဆီးသုတ်သင်နေပါပြီတဲ့။ ငုတ်ကောင်တွေ ဖော်ထုတ်မလို့ပေါ့ ဟုတ်စ။ အတော်ပဲ။ ဒီမှာလည်း လူလိုနေတာ။ ပေါ်လာသမျှ ဆယ်စားလိုက်ရုံပဲ။ ဒီအရိပ်မှာ လာပါ နားပါ။ မိချောရေ မိချောရေ။ မုန့်လုံး။ (မရင်ရွှေအသံကြီးနဲ့ မဖတ်ရ)