ချန်ဂင်တို့စခန်း (၁၄၈)

ကိုရီးယားဇာတ်လမ်းတွဲကို အားကျလို့ ရေးလိုက်မိတဲ့ နွေဦးဒိုင်ယာရီကလေးဟာ မုဆိုးမလေး မဂင်္ဂါလောက် အပိုင်းဆက်တွေ ရှည်လာပြီဆိုတော့ ဖတ်ရတဲ့သူတွေလည်း ပျင်းလာလောက်ရောပေါ့။ ကိုယ်တွေမှာတော့ မပျင်းနိုင်ပါဘူး။ ရင်းထားရတဲ့အသက်တွေထဲမှာ ကိုယ့်အသက်လည်း ပါတာကိုး။ ရုပ်ရှင်ကြည့်တယ် ဆိုတာက ဘယ်လောက်ပဲ စိတ်လှုပ်ရှားစရာကောင်းကောင်း ဇာတ်ကားထဲတော့ ကိုယ်ပါနေတာ မဟုတ်ဘူး။ ဇာတ်သိမ်းတဲ့အခါ ကိုယ့်အိမ်ကိုယ် ပြန်ကြရုံပဲ။ ဒီမှာကတော့ တစ်ကွက်မှားလို့ အစားခံရရင် လူနာအသက်၊ ကိုယ့်အသက်၊ တစုံတယောက်ရဲ့ အသက်၊ အစစ်ကြီး သေရတာဗျ။ ဘယ်သူပျင်းနိုင်မှာတုန်း။

မနက်ခင်းမှာ ချိန်းထားတဲ့ ခွဲလူနာကလေး စိတ်အေးလက်အေး ခွဲ။ ထမင်းစားလို့ ပြီးရုံရှိသေး သွေးသွန်တဲ့လူနာက ဖြူဖျော့ဖျော့နဲ့ ရောက်လာ။ BP က 80/50။ အားလုံးဝိုင်း နှာနှပ်လိုက်ပြီး ၁၅ မိနစ်တောင် မကြာဘူး။ မွေးခန်းထဲ သားအိမ်ခြစ်ပြီးလို့ ကုတင်ပေါ်ပြန်ရောက်နေပြီ။ ချိတ်ပေးထားတဲ့ Synto ပုလင်းလေးလည်းကုန်ရော လေယာဉ်တွေ ပတ်ဝဲနေလို့ ကျင်းထဲရောက်ကုန်ကြပြန်ရော။ ဒီကောင်တွေ ကင်းထောက်လာရင် ညကျ တိုက်လေယာဉ်နဲ့ လာကျဲဦးမှာဆိုတော့ post-op လူနာတွေလည်း “ရွာထဲပြန်အိပ်ပါရစေ” home leave တောင်းကုန်ကြတယ်။ သိပ်ရတာပေါ့ဗျာ။ ဒီကလည်း စာကလေးခွဲ ခွဲပြီး ဖလွတ် ဆို အိမ်ပေးပြန်ချင်တာ။ ညဘက်ကျ ကိုယ်တို့လည်း ကျင်းထဲဆင်းပုန်းဖို့ ဖိနပ်ကလေးစီးလျက်အိပ်ရတာ မဟုတ်လား။ ကြောက်လို့ ပြောနေတာ မဟုတ်ဘူးနော်။ သောက်ဂရုကို မစိုက်တဲ့အကြောင်း ပြောနေတာ။ ဘာပစ္စည်းမှ ထုပ်ပိုးမထားဘူး။ ဘယ်မှလည်း ထွက်ပြေးမနေဘူး။ မိုးလင်းရင် လာကြည့်။ လူနာတွေအပြည့် ကုနေဦးမှာ။ ဒီလိုအကြောတင်းတဲ့ ဆရာဝန်မျိုး ဘယ်မှာရှာရနိုင်မှာတုန်း။

စစ်သည်တော်ကျင့်ဝတ်တောင် မစောင့်ထိန်းနိုင်ပဲ ကာချုပ်တက်လုပ်နေတဲ့ကောင်ရဲ့ လက်ပါးစေ စစ်တပ်ဆိုတော့ သူတို့ပစ်မှတ်ထားတိုက်ခိုက်တဲ့နေရာတွေကလည်း စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေးအဆောက်အဦတွေ ဖြစ်နေတာ မဆန်းပါဘူးလေ။ ဂျပန်ကိုသွားတုန်းက သူတို့ဆီက မူကြိုကျောင်းကလေးမှာ ကလေးတွေ ငလျင်ဘေးအတွက်၊ ဆူနာမီအတွက်၊ အန္တရာယ်ကင်းအောင် ပြေးရရှောင်ရတဲ့ လေ့ကျင့်ခန်းကလေးတွေ မနက်တိုင်း လေ့ကျင့်နေကြတာ မြင်ဖူးခဲ့တယ်။ အခုတော့ ကိုယ်တို့ဆီက မူကြိုကလေးလေးတွေ “လေယာဉ်ပျံလာပြီ။ ဝပ်နေကြ ဝပ်နေကြ။” ဆို ကျောပိုးအိပ်ကလေး ခေါင်းပေါ်တင် မှောက်လျက်ကလေးတွေ ပြားနေအောင် အဝပ်ကျင့်နေရတယ်။ “လေယာဉ်ပျံကြီး တဝီဝီ ကောင်းကင်ထက်မှာမြည်” ဆိုတာ သူတို့အတွက်တော့ အန္တရာယ်အချက်ပေးသံပဲ။ ကိုယ်တို့ဆေးရုံတွေမှာလည်း drill တွေ လုပ်ရတာပေါ့။ “စစ်သားတွေ ရွာထဲဝင်လာပါပြီဗျိုး။” ဆိုခါမှ “ဟေ့ လူဆိုး။ ငါ့မှာ ငွေကြေးတော့မရှိဘူး။ အကြွေးပဲရှိတယ်။” လို့ ထိုးမအပ်နိုင်ဘူး။

မြန်မာပြည်အနှံ့အပြားက ကလေးသူငယ်တွေကို လေကြောင်းတိုက်ခိုက်မှုရန်က ကာကွယ်မပေးနိုင်တဲ့ ကုလသမဂ္ဂဆိုတဲ့ဟာကြီးက စင်္ကာပူမှာ ဆေးလာထွက်ကုနေတဲ့ မင်းအောင်လှိုင်မိသားစုကိုတော့ ခလုပ်မထိ ဆူးမငြိအောင် စောင့်ရှောက်ပေးနေသလား မသိပါဘူး။ အာဆီယံတွေကလည်း “ဒီအရိပ်မှာ လာပါ နားပါ။ မုန့်လုံးရေပေါ်တွေစား။” ဈေးခေါ်နေကြတယ်။ ရွှေတစ်တင်းနဲ့ နေ့ချင်းသေမယ့် မသာလောင်းကြီးဆိုတော့ မကြာလောက်မှန်း သိနေမှကိုး။ ထွန်းမင်းလတ်အမှုတွဲ တရားခံတွေ နိုင်ငံပြင်ပထွက်လာပြီလေ။ အင်တာပိုကြီးက လက်ပိုက်ကြည့်နေနိုင်လိုက်တာ။ အံ့ဩစရာကြီး။

၁၉၄၂ တုန်းက ဝင်လာခဲ့တဲ့ ဂျပန်တွေကို ၁၉၄၅ မှာ အမြစ်ပြတ်အောင် တော်လှန်ခဲ့သလိုပဲ ၂၀၂၁ မှာ အာဏာသိမ်းတဲ့ စစ်ကောင်စီကို ၂၀၂၃ မှာ လက်နက်ချတဲ့အထိ ဆက်တိုက်ကြတာပေါ့။ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ် လို့ ဆိုတယ် မဟုတ်လား။ ဒီနွေဦးဟာ ကိုယ်တို့အတွက် တိုက်ပွဲခေါ်သံတွေချည့်ပါပဲ။ တောထဲက ကလေးတွေကို မဲဆောက်က ထိုင်လှော်နေတာ မဟုတ်ပါဘူး။ အဲ့ဒီကလေးတွေနဲ့အတူ လဲရင်ထူ ကွဲရင်ကူဖို့ ရှေ့တန်းမှာ အတူရှိပါတယ်။ ထွက်မပြေးပဲကို ဆေးကုနေတာ။ အဓိကရည်ရွယ်ချက်က အဲ့ဒါပဲ။ မြေပြင်မှာ အရေးနိမ့်ရင် သူတို့ဘက်က လေကြောင်းကို စစ်ကူခေါ်မှာလည်း သိပြီးသားလေ။ ဗုံးမှန်လို့ သေတဲ့ထဲ ကိုယ်မပါသ၍ကတော့ ဒဏ်ရာရလူနာ ဆေးကုတဲ့သူထဲ ပါကိုပါရဦးမှာ။ ကိုယ်မကုလို့ ဘယ်သူကုမလဲ။ ဟုတ်တယ်မှလား။ ရှင်းနေတာပဲကို။

မြေပြင်ပေါ်က စစ်သတင်းတွေအရတော့ မတ်လ ၂၇ ကျရင် တော်လှန်ရေး parade လျှောက်ခိုင်းစရာတောင် ကျန်ပါ့မလား မပြောတတ်။ ရင်းလုံးပြုတ်တွေ၊ စင်းလုံးမြုပ်တွေနဲ့ အလောင်းတောင် မကောက်နိုင်။ သူတို့ မဘသကိုယ်တော်တွေကလည်း “ဗမာ့စောင်း” ဇာတ်ကားထဲကလို ဖုတ်ကျည်းသင်္ဂြိုလ်ပေးမှာ မဟုတ်။ ရဲဘော်တို့ရေ။ ပီဒီအက်ဖ်တွေ ဝိုင်းထားပြီ။ လက်နက်ဖမ်းပြီး အချခံလိုက်ကြတော့။ ဘောလုံးပွဲဒိုင်တွေ ဒီလအတွင်း ဘယ်တပ်တွေစပြီး အလင်းဝင်မလဲ လောင်းကြေးဖွင့်သင့်တာ။

ကဲ ပွဲကတော့ ကောင်းပြီဗျိုး။ ဒီခရီး ဒီစခန်းကို ဒီနည်း ဒီလမ်းနဲ့သွားမှ လိုရာပန်းတိုင် ရောက်မယ်ဆိုတာ သိထားပြီးပြီပဲ ဥစ္စာ။ ဘာတွေ တွေဝေစရာ ရှိမလဲဗျာ။ တုံးတိုက်တိုက် ကျားကိုက်ကိုက်ပေါ့။ အဖေကယ်ပါ အမေကယ်ပါ တ မနေဘူး။ ဘယ်သူမှ မကယ်လည်း ကိုယ့်ဘာသာကယ်မှာ။ ဘယ်သူပါပါ မပါပါ ကိုယ်ဘာသာ ရောက်အောင်သွားမှာ။ တန်းစီ ညာညှိ ရှေ့ကြည့် အေးစေတွေ အတိုင်အဖောက်မညီလည်း တစ်လမ်းတည်းသွားတဲ့သူတွေ လက်တွဲညီတယ်။ လက်နက်နဲ့သတ်ဖြတ်နှိမ်နှင်းပြီး အတင်းအဓမ္မ အာဏာလုတဲ့ အာဏာသိမ်းတဲ့ စစ်တပ်ဆိုတာ မြန်မာပြည်မှာ နောက်နောင် ဘယ်တော့မှ မရှိစေရဘူး။ အရောက်သွားမယ့် ပန်းတိုင်ကတော့ အဲ့ဒီအထိပဲ။ အပုံမဝေးဘု။ ရောက်လုပါပြီနော့။