ချန်ဂင်တို့စခန်း (၁၄၄)

စစ်ရေးအခြေအနေအရ ဆေးရုံပေါ်မှာ လူနာတွေအများကြီး တင်မထားချင်လို့ “ရွာထဲမှာ တည်းနေ၊ မနက်တစ်ခါ ညတစ်ခါ လာပြ၊ ဆေးမှန်မှန် လာထိုး။” လို့ ပြန်ပြန်လွှတ်နေရတော့ ပြင်ပလူနာကြည့်ရတဲ့အချိန်တွေက အကန့်အသတ်မဲ့ ဖြစ်လာတာပေါ့လေ။ ကိုယ်ကသာ ညည်းတာ။ ကလေးတွေက မညည်းရှာပါဘူး။ ရေချိုး၊ အဝတ်လျှော်၊ ထမင်းစားတောင် တလှည့်စီ လုပ်ပြီး လူနာကို အချိန်ပြည့် ကြည့်ပေးကြပါတယ်။ ခွဲလူနာကိုလည်း ကိုယ့်ဘာကိုယ် ကန့်သတ်ပစ်လိုက်တယ်။ အခြေအနေနဲ့ အချိန်အခါကို ငဲ့ရသေးတာကိုး။

အင်တာနက်လိုင်းတွေကတော့ တဖြေးဖြေး ပိုပိုဆိုးလာတယ်။ လမ်းပန်းဆက်သွယ်ရေးကလည်း ရွှေလမ်းငွေလမ်းခင်းလို့ပေးတဲ့ တို့ကိုကြီးကျော် ဖြစ်နေပြီ။ ဂိတ်အဆင့်ဆင့်ကို ပိုက်ဆံအဆင့်ဆင့်ပေးပြီးမှ ဖြတ်လို့ရတယ်။ ရဲနဲ့စစ်တပ်ဟာ အုပ်ချုပ်ရေးယန္တရားကို စွန့်လွှတ်လိုက်ပြီး လက်နက်ပြ ပိုက်ဆံတောင်းတဲ့အလုပ်၊ လုတဲ့ယက်တဲ့အလုပ်ပဲ လုပ်ပါတော့တယ်။ သူခိုးတွေ ဓါးပြတွေဆိုတာ သူတို့ကိုယ်တိုင် မဟုတ်ခဲ့ရင်တောင် သူတို့ လက်နက်ထုတ်ပေးထားတဲ့ ပျူစောထီးတွေ၊ မဘသတွေပဲ ဖြစ်ကုန်ပြီ။ Failed State ဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတာ ကိုယ်တွေ့မျက်မြင် သိကြကြုံကြပြီပေါ့။ ဒါနဲ့များ မဲစာရင်းတွေ အတင်းကောက်ပြီး ရွေးကောက်ပွဲကို ဖြစ်အောင်လုပ်မယ် ကြံနေကြသေးတယ်။ ဦးကိုနီကို လုပ်ကြံခိုင်းတဲ့သူက သမ္မတတက်လုပ်ပြီး မူကြိုကလေးမုဒိန်းမှုကို လက်စဖျောက်တဲ့သူက လွှတ်တော် ဥက္ကဌကြီး လုပ်မလို့ပေါ့။ ဟုတ်စ။ သောက်ကျိုးနည်း ကောင်းစားရချည်သေးရဲ့။

ခုချိန်မှာ တိုင်းပြည်ကို အုပ်ချုပ်စိုးမိုးဖို့ အသာထားပါဦး။ ကိုယ့်တပ်ကိုယ် နိုင်အောင်စိုးမိုးနိုင်ရဲ့လား သေချာသိအောင် အရင်လုပ်ပါဦး။ “လုပ်ချင်ရာလုပ်။ ငါ့ ပုန်မကန်ရင်ပြီးရော။” မူဝါဒနဲ့ တပ်ပြေးမဖြစ်အောင် ချော့ပေါင်းနေရတာ။ ကိုယ့်တပ်တွင်းကိုယ် မဲရုံထောင်ပြီး ဆန္ဒမဲနဲ့မှ အုပ်ချုပ်ရမယ်ဆိုလို့ကတော့ ဆယ်အိမ်ခေါင်းတောင် မဖြစ်ဘူး။ ငါတို့က သူ့ကိုအဝှါမပြုရသေးခင် သူ့တပ်ထဲကကောင်တွေက သူ့ပြန်အဝှါပြုသွားမှာစိုးလို့ “စိတ်လိုက်မာန်ပါ မလုပ်ကြပါနဲ့။” လို့ ဝင်ဆွဲရမယ့်သဘောရှိတယ်။ တော်နေကြာ ကိုယ်မပါလိုက်ရမှာစိုးလို့။ ထိထိမိမိလေး တစ်ချက်လောက်တော့ နှက်ပါရစေဦး။

ဆယ်ဇင်းရဲစခန်းထဲကနေ SNA လက်ကိုအပ်ပြီး အသတ်ခိုင်းတဲ့အထဲက မသေပဲပြန်လွတ်လာတဲ့ လူနာနှစ်ယောက် ကိုယ့်ဆေးရုံကို ရောက်လာတဲ့အခါ ကိုယ့်မှာ ဆေးကုရတာ၊ စုံစမ်းမေးမြန်းရတာ၊ သူတို့ပြောတဲ့စကား ဟုတ်မဟုတ် မှန်မမှန် တိုက်ဆိုင်စစ်ဆေးရတာနဲ့ အလုပ်တွေ တော်တော် ရှုပ်သွားပါတယ်။ ဒါနဲ့လည်း မပြီးသေးဘူးဗျ။ သူတို့က လူသားချင်းစာနာမှုကင်းမဲ့သော စစ်ရာဇဝတ်မှုတွေရဲ့ အရေးကြီးမျက်မြင်သက်သေတွေလည်းဖြစ်၊ နစ်နာသူ ဓါးစာခံလည်း ဖြစ်တာကြောင့်မို့လို့ နောက်ထပ် တစုံတရာ ဘေးဥပါဒ်အန္တရာယ် မကျရောက်အောင်လည်း လုံခြုံရာကို ပို့ဖို့ တာဝန်ရှိလာပါတယ်။ နယ်စပ်မှာဆိုလို့ကတော့ ကယ်ဆယ်ရေးစခန်း ကတဆင့် တတိယနိုင်ငံ ပို့လိုက် ရင် စတားစတုံးတို့ မရပ်ကျော်သူတို့ဆီတောင် ရောက်နေလောက်ပြီ။ ကိုယ့်ဆီမှာတော့ ဟိုကောင်တွေ လက်က မလွတ်သေးဘူး။ လိုက်မလာနိုင်တာပဲ ရှိတာ။ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်ခံရတာ ကိစ္စမရှိဘူး။ တော်နေကြာ ဗုံးတစ်လုံး နဲ့ သူရောကိုယ်ရော ဂိနေဦးမယ်။ လူနာပေမယ့်လည်း တရားဥပဒေနဲ့ အရေးယူနိုင်တဲ့ တစ်နေ့ကျရင် စစ်ရာဇဝတ်ကောင်တွေကို မှန်အောင်ပစ်နိုင်မယ့် လူကျည်ဆန်တွေ မဟုတ်လား။ သိမ်းထား အုထားရမယ့်သူတွေ။

ဒီမှာနေလာတာလည်း တစ်နှစ်ကျော်ပြီဆိုတော့ မိုးရိပ်လေရိပ် တင် မကပါဘူး။ လူရိပ်လူကဲရော၊ စစ်ရိပ်စစ်ကဲပါ ခတ်တတ်လာပါပြီ။ သူများဆေးရုံတွေ နေရာရွှေ့ရတာ သုံးလေးခါလောက် ရှိနေပြီ။ ကိုယ့်ဆေးရုံလည်း လိုအပ်သလို သယ်ယူရွှေ့ပြောင်းနိုင်ဖို့ အစီအမံလေးတွေ လုပ်ထားရတယ်။ စဆောက်ကတည်းက အခိုင်အခံ့ မဆောက်ပဲ နှစ်ရှည်ရင်းနှီး မြှုတ်နှံမှု လုပ်မထားတာ ဒီအရေးတွေ တွက်ဆမိလို့ပါ။ ညကပဲ ဆယ်ဇင်းဘက်ကနေ အမြောက်သံ ဗုံးသံ စက်သေနတ်သံတွေ ကြားနေရပြီ။ မနက်ပိုင်းလောက်မှာ နမ့်နှစ်ဘက်မှာပါ တိုက်ပွဲသံတွေ ကြားရပြီဆိုတော့ ကိုယ်တို့လည်း ဆေးရုံပေါ်မှာ လမ်းလျှောက်နိုင်တဲ့သူမှန်သမျှ ရုံခါထုတ်ရပါပြီ။ မဏိစန္ဒာတောင် အိမ်ပြန်ပေးဆင်းလို့ရတဲ့အချိန် ရောက်လာပြီပဲ။ ဆေးတစ်လစာပေးပြီး နောက်တစ်လကြာရင် မဖြစ်မနေ ပြန်လာပြရမယ် လို့ မှာလိုက်တယ်။ နောက်တစ်ခါပျက်ကွက်သူက ကိုယ်တွေ ဖြစ်မနေဖို့ပဲ ဆုတောင်းပါတယ်။ သည်တစ်ခါ ဆေးရုံပေါ်မှာ ၂ လ နီးပါး ကြာခဲ့ပြီး နဂိုရုပ်ကလေးနဲ့ အကောင်းတိုင်း ပြန်ဆင်းနိုင်တဲ့အတွက် ဝမ်းသာပါတယ်။ ခွဲလူနာတွေလည်း ချုပ်ရိုးတွေဖြည် ရောဂါတွေ ထားပစ်ခဲ့ပြီး ကျန်းကျန်းမာမာ အိမ်ပြန်ဆင်းကြပြီ။ ကင်ဆာလူနာတွေကိုတော့ oncologist ဆီ ချိတ်ဆက်ပြီး လွှဲပေးရဦးမယ်။ နောက်ဆုံး ဆေးရုံပေါ်ကျန်တာ ခွဲဖို့ပြင်ဆင်နေတဲ့ gall stones with cholangio-hepatitis တစ်ယောက်ပဲ ကျန်တယ်။ နိုင်ငံရေး အခြေအနေကို ကြည့်ပြီး အကဲခတ်နေတုန်း။ မဆိုးပါဘူး။ ခုလောက်ဆို ရွှေ့လို့ပြောင်းလို့ ခြေနိုင်လက်နိုင်ပါပဲ။ လူနာတော်တော်များများကို ရွာထဲမှာနေခိုင်းပြီး မနက်သွား ညနေပြန် ခေါ်ခေါ်ကြည့်ပေးတယ်။ ခုချိန်ထိတော့ သေနတ်သံ အမြောက်သံတွေ ကြားရတာတောင် တည်ငြိမ်သူလေးစိုး လုပ်နေဆဲပါ။ လမ်းတွေကတော့ ပိတ်သွားခဲ့ပြီမို့ နောက်ထပ် လူနာ လာစရာလည်း မရှိတော့ဘူး။ လာချင်းလာ စစ်ပွဲဒဏ်ရာတွေသာ လာလိမ့်မယ်။ အဲ့ဒီအတွက် ခွဲခန်းကိုတော့ ပိတ်ထားလို့ မရသေးဘူး။ အသင့်အနေအထားမှာ အမြဲရှိနေစေရတယ်။

ဒီအခြေအနေကို မဖြစ်မနေ ဖြတ်သန်းပြီးမှ ကိုယ်လိုချင်တဲ့ပန်းတိုင်ရောက်မှာ ဖြစ်တဲ့အတွက် ဘာကိုမှ တုံ့ဆိုင်းတွန့်ဆုတ် မနေပဲ ရဲရဲကြီး ရင်ဆိုင်ပလိုက်ရုံသာ ရှိပါတယ်။ ကိုယ်တို့ဆေးရုံက စစ်ကြောင်းလာလို့ စွန့်ခွါထွက်ပြေးရတဲ့ အခြေအနေ မဟုတ်ပါဘူး။ စစ်ပွဲအတွက် လူနာလက်ခံဖို့ နေရာခင်းကျင်း ပြင်ဆင်ထားတဲ့ အသင့်အနေအထားပါ။ သတိ၊ သက်သာ၊ အေးစေ နဲ့ ပြောရရင်တော့ သတိဆွဲထားတာ။ alarmed and alert ဖြစ်နေပြီ။ အလစ်အငိုက် ခံရစရာ မရှိဘူး။

အစကတည်းက ကြိုတွေးကြိုတွက်ပြီး ပြင်ဆင်ထားခဲ့လို့ ထင်ထားတဲ့အတိုင်း ဖြစ်လာခဲ့လို့ ရှိရင် ကိုယ်တို့မှာ အမြဲ အဆင်သင့်ရှိနေတာပါလေ။ တနေကုန် ပစ်သံခတ်သံတွေချည့်ကြားနေရတာ လူနာမလာပဲတော့ မနေလောက်ဘူး ဆို ပြင်စောင့်နေလို့ ညကျ လူနာလည်းရောက်ရော ချက်ချင်း iv line တွေတင်၊ သွေးလှူရှင် ချက်ချင်းရှာ သွေးသွင်းပြီး ခွဲခန်းဝင်ကြတာ နာရီဝက်လောက်အတွင်းမှာ သွေး ၁ လုံးသွင်း နောက် ၂ လုံးအဆင်သင့်ထုတ်ပြီး ခွဲခန်းဝင်ကြပါတယ်။သူ့ သွေးပေါင်ချိန်က စမ်းကြည့်လို့မှ ၆၀ မပြည့်တာ spinal ဘယ်လိုလုပ် ထိုးမတုန်း။ ရှေ့မှာ elective case နှစ်ခု မေ့ဆေးစက်နဲ့ ပေးဖူးထားလို့သာ ဒီလူနာကို ရဲရဲတင်းတင်း GA ပေးနိုင်တဲ့ သတ္တိရလာတာပါ။ ၆ နာရီလောက် ရောက်တဲ့လူနာကို ၉ နာရီလောက် ခွဲခန်းက ပြန်ထုတ်လာနိုင်တယ်ဆိုတာ လိုချင်တာမှန်သမျှ ချက်ချင်းရအောင် ပြင်ဆင်ထားနိုင်ခဲ့တာကြောင့် မဟုတ်ဘူးလား။ ကိုယ့်ရဲ့ မေ့ဆေး team ကလေးကလည်း ချိန်သားကိုက်လာခဲ့ပြီမို့ အရင်လောက် စိတ်ဖိစီးမှု မရှိတော့ဘူး။ ညဘက်ဆိုတော့ ခွဲစရာရှိတာ မြန်မြန်ခွဲပြီး မီးမှောင်ချနေဖို့ကလည်း အရေးကြီးသေးတယ်။ နေ့ခင်းတိုက်ပွဲဖြစ်ရင် ညဘက်ကျ လေယာဉ်လာတတ်တာကိုး။ မွေးလူနာတစ်ယောက်ကလည်း စောင့်ရဦးမှာ ရှိသေးတယ်။

ဒီလိုနဲ့ပဲ စစ်ပွဲက စစ်ပွဲ။ ကိုယ့်အလုပ်က ကိုယ့်အလုပ် ပြန်ဖြစ်သွားတာပါပဲ။ battle friendly hospital ခေါ်ရမလား မသိဘူး။ ခုမနက် မီးစက်ပြန်နှိုးပြီး ကလေးကို vacuum ဆွဲတဲ့လူကဆွဲ၊ မနက်စာ ချက်တဲ့လူက ချက်၊ အုတ်သဲကျောက် တိုက်တဲ့သူက တိုက်၊ မီးလှုံရင်း ရေးလက်စ စာကလေး လက်စသတ်တဲ့သူကသတ်။ ဘာမှမဖြစ်သလို ပုံမှန်လည်ပတ်နေပါပြီ။ ဒိုင်ယာရီကမှ တစ်နေ့ကို တစ်ခါသာ ရေးရသေး။ ကိုယ့်မှာဖြင့် မနက်၊ နေ့လည်၊ ည၊ သုံးပန်လှ လုပ်ပြီး စာကိုပြတ်တောင်းပြတ်တောင်း ရေးနေရတယ်။ တတ်နိုင်ဘူးလေ။ ခဏနေ ဘာဖြစ်မယ်မှန်း ကိုယ်လည်း သိရတာမှ မဟုတ်တာ။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် လုပ်စရာရှိတာ ဆက်လုပ်သွားမယ့်သူမို့ စိတ်ပူစရာ မလိုပါဘူး။ မင်္ဂလာနံနက်ခင်းပါနော့။