ခုရက်ပိုင်း ဆေးရုံမှာ လာစောင့်နေတဲ့ အရေးပေါ်မဟုတ်သော elective ခွဲလူနာတချို့ကို ချော့ချော့မော့မော့နဲ့ ပြန်လွှတ်ရတယ် ဆိုတာဟာ ကိုယ်မလုပ်နိုင်လို့ လုပ်မပေးချင်လို့ မဟုတ်ပဲ တခြားအကြောင်းတစ်ခု ရှိပါသေးတယ်။ ဆေးရုံအပြည့် လူအပြည့် ခပ်သွက်သွက်ကလေး အတက်အဆင်းလုပ်ပြီး ဆေးလာကုနေကြတာကို သိပ်ပျော်နေတယ် မထင်ပါနဲ့။ လောလောဆယ် စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်နေသမျှဟာ ဆေးရုံတွေ ကျောင်းတွေချည့်ပဲ ဆိုတာ ကိုယ် မသိပဲ မနေပါဘူး။ ညကတောင် ကြာအင်းဆိပ်ကြီးဘက် လေယာဉ်လေးစင်းနဲ့လာပြီး ပြောင်တလင်းခါအောင် ဗုံးကျဲသွားသေးတာ မဟုတ်လား။ ဆရာဝန်ထဲမှာ အဲ့ဒီကောင်တွေ မျက်စိစပါးမွှေးအစူးဆုံးဟာ ဆရာကြီး ဇော်ဝေစိုး ပြီးရင် ဟောဒီက ရုပ်ချောချော ဆရာဝန်ကလေးပဲ ရှိပါလိမ့်မယ်။ အဲ့ဒါကြောင့် ဒီကောင်တွေ ငါ့ဆီကို အချိန်မရွေး ဗုံးလာကျဲနိုင်တယ်ဆိုတဲ့ သတိနဲ့ အမြဲနေရပါတယ်။ ခွဲခန်းထဲမှာ on glove မဟုတ်ရင်တော့ ရှောင်ချိန်ရမှာပေါ့လေ။ ခွဲတုန်းတန်းလန်း လူနာကြီး ထားခဲ့ပြီး ပြေးလို့မှ မရတာ။ ဒါကြောင့်မို့ ကိုယ်တို့ရဲ့ ခွဲစိတ်ချိန်တွေကို တတ်နိုင်သမျှ လျှော့ဖို့ လိုမှာပေါ့။ အခုဟာက တခါတလေ တစ်နေ့တည်း လေးယောက် ခွဲခန်းဝင်နေရတာ။ အဲ့လိုတော့ မဖြစ်သေးဘူး။ မလိုအပ်တာတွေ လျှော့မှ ဖြစ်မယ်။
လေကြောင်းအန္တရာယ်ရှိလို့ ကျင်းထဲ ဆင်းဝပ်ရင်လည်း ခွဲပြီးကာစ တုံးလုံးပက်လက် လူမမာတွေက ဘယ်လိုမှ လိုက်နိုင်မှာ မဟုတ်ဘူး။ အခုလို ဆေးရုံပေါ်မှာ လူနာတွေအပြည့်နဲ့အချိန်ဟာ သူတို့အတွက် အင်မတန် စိတ်ပူစရာကောင်းတယ်။ နှစ်ယောက်သုံးယောက်လောက်က ထမ်းစင်နဲ့ တင်ပြေးလို့ ရသေး။ ဒါကြောင့်မို့လို့ အတွင်းလူနာ အရေအတွကိကိုလည်း တတ်နိုင်သမျှ လျှော့ထားမှ ဖြစ်မယ်။ ဆောင်းတွင်းကြီးဆိုတော့ ဆေးရုံပေါ်မှာ ချောင်းဆိုးရင်ကြပ်နဲ့ တစ်နှစ်အောက် ကလေးလူနာကတင် ငါးယောက်လောက်ရှိတာ။ အချိန်နဲ့ အလှည့်ကျ မှုတ်စက်ကလေးတွေ ရှူနေရတယ်။ တပည့်တစ်ယောက်က ဘက်ထရီနဲ့မှုတ်တဲ့ nebulizer ၆ လုံး လှူထားပေးလို့သာ တော်တော့တယ်။ တနေကုန် အဲ့ဒီကလေးတွေ cannula ထိုးရတာလည်း လက်မလည်ဘူး။ ဟိုကောင်တွေသာ ဗုံးလာကျဲလို့ကတော့ ဆေးရုံမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေ ချည့်ပဲ။ သူတို့လား။ မလုပ်ပဲနေမှာ။ ယုတ်မာတဲ့စိတ်က ကမ်းကုန်ရုံမကဘူး။ ရေဆုံးရေဖျားထိ ရောက်နေပြီ။ ဘယ်လိုပဲတွေးတွေး အခုချိန် ဆေးရုံမှာ လူနာပြည့်နေတာ နည်းနည်းလေးမှ စိတ်အေးစရာ မကောင်းတာ အမှန်ပဲ။ သူတို့အတွက် ဘေးမှ မကင်းတာ။
ကိုယ့်အတွက်လည်း ဘေးမကင်းလို့ ရင်တမမ ရှိသူတွေအားလုံးက နေ့စဉ်နဲ့အမျှ ဆုတောင်းမေတ္တာ ပို့သနေကြတာတွေကို သိရှိခံစားရပါတယ်။ စိတ်မပူစေချင်ပါဘူး။ ကိုယ်လည်း စိတ်မပူဘူး။ ကြောက်လည်း မကြောက်ဘူး။ သေခြင်းတရားဆိုတာ အစဉ်သဖြင့် လွတ်မြောက်နိုင်တဲ့သူ ဘယ်သူရှိလို့လဲ။ မသေခင် ရှင်သန်နေရသခိုက် ဘာတွေလုပ်ခဲ့သလဲဆိုတာကသာ အဓိကကျတာ။ ကိုယ့်အတွက် အဲ့ဒါက စိတ်ပူစရာမှ မရှိပဲ။ မပူပါနဲ့။ ကိုယ်တို့က ဒီအလုပ်တွေကို သေမှာမကြောက်လို့ လုပ်နေတာ။ သူတို့က သူတို့အလုပ်တွေကို သေမှာကြောက်လွန်းလို့ လုပ်နေရတာ။ အရှုံးအနိုင်က အဖြေပေါ်နေပြီးသား။ ကိုယ့်စိတ်ကိုယ် နိုင်အောင်တိုက်နိုင်မှ တက်လာခဲ့။ မင်းတို့က သူများစိတ်နဲ့ သေရရှင်ရတဲ့ကောင်တွေ။
မင်းအောင်လှိုင်ရဲ့ ဗျူဟာတွေဟာ လေယာဉ်နဲ့ ဗုံးလာကျဲတာချင်းသာ တူတာ။ ကျန်တာ ဘာမှ မတူတော့ဘူး။ အရင်ကဆို တိုက်စစ်ဆင်တဲ့အခါ ကြည်းတပ်နဲ့ အရံတပ်တွယ်တွေ ဝင်သိမ်းနိုင်ဖို့ လေကြောင်းပစ်ကူပေးရတာ။ ပိတ်မိနေတဲ့ ကျွံဝင်နေတဲ့ စစ်ကြောင်းတွေ ဆုတ်ခွါနိုင်ဖို့ လေတပ်က ကာပစ်ပစ်သလို လိုက်မလာနိုင်အောင်တားပြီး လမ်းဖွင့်ပေးရတာ။ အခုဟာက ဘာစစ်ဗျူဟာ အခင်းအကျင်းမှ မပါပါဘူး။ သူ့ဆီလာပြီး ကြက်ကလေးငှက်ကလေးလို ဖမ်းသွားမှာကြောက်လို့ လေတပ်ကို အမိန့်ပေးပြီး ဟိုနားလေးသွားကျဲစမ်း သည်နားလေး သွားကျဲစမ်း လုပ်နေတာ။ သူ့ဘာသူတော့ ဝပ်ကျင်းထဲမှာ မိကြူလိပ်ပြာ မျက်နှာအပ်ပြီး နှာနှပ်နေရတာ ကြာပြီ။ ခေါ်များခေါ်လို့ကတော့ ငပလီမှာတင် အထုပ်ပိုက်ပြီး လိုက်သွားမှာ။ ဟိုက “ဘိန်းစော်နံတယ် ပြန်လိုက်ဦး။” ဆို သပ်ချထားခဲ့လို့။
စစ်ကောင်စီဟာ စစ်မြေပြင်တိုက်ပွဲကာလ မဟုတ်ပဲနဲ့ မြို့ပြရပ်ရွာတွေမှာ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အဦတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ချေမှုန်းတိုက်ခိုက်နေတာ ကြာပါပြီ။ သူတို့ အုပ်ချုပ်မှုအောက်မှာမနေလို့ရှိရင် ဘာတစ်ခုမှမကျန်အောင် မြေလှန်ဖျက်စီးပစ်မယ်ဆိုတဲ့ အင်မတန်ယုတ်ညံ့သော စိတ်နေစိတ်ထားရော အမူအကျင့်ပါ ရှိပါတယ်။ ဒီတစ်ခါ ငါတို့ရှုံးရက် ဘာမှကျန်မှာ မဟုတ်ဘူးဆိုတဲ့အသိနဲ့ မြင်မြင်သမျှကို အစွမ်းကုန် ဖျက်စီးသတ်ဖြတ်နေတာပါ။ သူတို့ရဲ့ပျက်စီးခြင်းနဲ့အတူ ပြည်သူကိုလည်း လိုက်ပါပျက်စီးစေလိုတဲ့ စေတနာဆိုး ရှိပါတယ်။ ခွေးရူးများလိုပဲ မသေခင် အနားရှိတဲ့ မည်းမည်းမြင်ရာ အကုန်လိုက်ကိုက်ပြီးမှ မိုက်ဇာတ်သိမ်းမှာပါ။ အခုလိုမျိုး ရမ်းကားယုတ်မာလာတာဟာ မကြာခင်မှာ နိဂုံးချုပ်တော့မယ် ဆိုတဲ့သဘောပါပဲ။ ၂၀၂၃ အတွင်းမှာ ကိုယ်တို့လိုချင်တဲ့ ပန်းတိုင်ရှိသလို ပို၍ ခက်ခဲကြမ်းတမ်းသော စစ်ဘေးစစ်ဒဏ်များလည်း ရှိပါလိမ့်မယ်။ ဉာဏ်နည်းတဲ့သူတွေကတော့ ကိုယ့်စားခွက်လေးကိုယ်ကြည့်ပြီး ခွက်မပျောက်အောင် ကိုက်နေတဲ့အရိုးကိုပဲ အာရုံထားတော့ လောကကြီး သာယာနေဆဲပေါ့။
လောလောဆယ် ကိုယ်တို့ကြုံတွေ့နေရတာဟာ ဒုတိယကမ္ဘာစစ်တုန်းကထက် ပိုဆိုးတဲ့ ကပ်သုံးပါး ဘေးရန်အန္တရာယ်နဲ့ ဖက်ဆစ်ဂျပန်တ္ထေက် ယုတ်မာကောက်ကျစ်သော အာဏာရှင်ခါးပိုက်ဆောင် စစ်ခွေးတပ်သားတွေကို ရင်ဆိုင်နေရပါတယ်။ ဒါကြောင့်မို့လို့ ဒီ ၂၀၂၁-၂၂-၂၃ ကာလတွေ ကုန်ဆုံးသွားတဲ့အခါ လူတွေ ဘယ်လောက်တောင် သေဆုံးထိခိုက် သွားပြီး ရပ်ရွာအိုးအိမ် စည်းစိမ်တွေ ဘယ်လောက်တောင်များ ထိခိုက်နစ်နာ ဆုံးရှုံးသွားသလဲ ဆိုတာ လူတိုင်းကိုယ်စီ ကြုံရမယ့် aftermath ပါ။ ဘယ်တတ်နိုင်မလဲ။ ကိုယ်တွေက ဒီအချိန်ကြီး မြန်မာပြည်မှာ လူလာဖြစ်တာကိုး။ ဒီကာလအတွင်း ကိုယ့်မိသားစုဝင်တွေ၊ ကိုယ်နဲ့နီးစပ်ရာလူတွေ ဘယ်လို သေဆုံးသွားရတယ်ဆိုတာကို ဘယ်သူမှ မေ့နိုင်မှာ မဟုတ်သလိုပဲ ဘယ်သူတွေက ဘယ်လို ရှင်သန်နေထိုင်သွားကြတယ် ဆိုတာကိုလည်း ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ဒါတွေက တစ်ယောက်ချင်း၊ တစ်ယောက်ချင်း အတွက်တော့ အတိတ်ပေါ့။ တနိုင်ငံလုံးအတွက်ကျ သမိုင်း ဖြစ်သွားတာလေ။ ကိုယ့်အတွက်တော့ ဒီကာလမှာ နောင်တရစရာ၊ လိပ်ပြာမလုံစရာ၊ စိတ်သိမ်ငယ်ဝမ်းနည်းစရာ ဘာတစ်ခုမှ မလုပ်ခဲ့ပါဘူး။ ရှင်ရင်လည်း ရဲရဲရှင်တယ်။ သေရင်လည်း ရဲရဲသေမှာ။ ယုံကြည်ချက်လည်း ခိုင်မာတယ်။ ဆုံးဖြတ်ချက်လည်း ပြတ်သားတယ်။ အရာအားလုံး ကိုယ်ကျေနပ်လို့ လုပ်ခဲ့တာချည့်ပဲ။ လုပ်ခဲ့သမျှလည်း ပြန်တွေးတိုင်း ကျေနပ်စရာချည့်ပဲ။ ဒါကြောင့်မို့ တန်တယ်။ ဝမ်းမနည်းဘူး။ စိတ်မပူနဲ့။ ကိုယ်နဲ့ဆက်စပ်ပါတ်သက်ခဲ့သူ အားလုံးလည်း ကိုယ့်ကြောင့် ဘယ်သူမှ အရှက်ရ၊ မျက်နှာငယ်စရာ မရှိဘူး။
ကိုယ်တို့ အခုကစားနေတာ endgame ရောက်နေပြီလေ။ အဖြေက ရုပ်လုံးပေါ်လာပြီ။ ရပ်တန့်လို့လည်း မရနိုင်တော့ဘူး။ ရှင်သန်ကျန်ရစ်သူထဲ ကိုယ်ပါဖို့ပဲ သတိလေးနဲ့ အားစိုက်ရတော့မယ်။ ကိုယ်မပါရင်လည်း ကိုယ်လုပ်ခဲ့သမျှအလုပ်တွေက ဘာတစ်ခုမှ အဟောသိကံ ဖြစ်မသွားတဲ့အတွက် ကိုယ်လိုချင်တဲ့ အကျိုးရလပ်တွေ အခုကတည်းက ရနှင့်နေပါပြီ။ ပြောနေကျ စကားအတိုင်းပဲ။ “There’s no hurry anymore when all is said and done.” ပါ။ ကိုယ်ကဆို ရေးတာတောင် အဆစ်ပါသေးတယ်။ နောင်အခါကျမှ ဘေးကင်းတော့မှ ပြန်ရေးမယ် လို့တောင် အကြွေးချန်မထားဘူး။ အားလုံးရေးခဲ့ပြီးသား။ ကိုယ့်အတွက် ဒီတစ်သက် ဒီဘဝမှာ စည်းစိမ်ချမ်းသာတွေလည်း မလိုချင်ခဲ့ဘူး။ အာဏာ ပါဝါတွေလည်း မရချင်ခဲ့ဘူး။ ဆရာဝန်ပီသတဲ့ ဆရာဝန်တစ်ယောက်ပဲ ဖြစ်ချင်ခဲ့တယ်။ ဖြစ်လည်းဖြစ်ခွင့်ရခဲ့တယ်။ တော်ပြီပေါ့။ တားဂက်ထိပြီလေ။ ကျန်တာတွေအားလုံး အပိုဆုပဲ။ ကိုယ့်အတွက်တော့ ဘဝဆိုတာ ဘယ်သူနဲ့မှ ယှဉ်ပြိုင်အနိုင်ယူစရာ rat racing တစ်ခု မဟုတ်ခဲ့ပါဘူး။ ကိုယ်စိတ်ချမ်းသာရာ ကိုယ်လုပ်ချင်တဲ့အလုပ်ကလေး အရာထင်အောင် လုပ်နိုင်တယ်ဆို ကျေနပ်ပါတယ်။
တချို့လူတွေဟာ ဘဝတသက်တာမှာ ဒီအလုပ် ဒီပညာနဲ့ ရပ်တည်ရစ်ဖို့ လူဖြစ်လာသလိုမျိုး ဗီဇရော၊ဝါသနာရော၊ အာရုံစူးစိုက်အားထုတ်မှုတွေပါ အရာအားလုံး ရင်းနှီးမြှုတ်နှံပြီး ခုံမင်နှစ်သက်စွာ အသက်ထက်ဆုံး နေထိုင်သွားကြတယ်။ ကျော်ကြားမှုအတွက်လည်း မဟုတ်ဘူး။ ပိုက်ဆံရှာဖို့လည်း မဟုတ်ဘူး။ ပညာရပ်နယ်ပယ်မှာ ဝမ်းစာပြည့်ပြည့်နဲ့ သိက္ခာရှိရှိ ကျင်လည်ကျက်စားခဲ့ကြတာ။ ကိုယ်တို့အန်တီ ဒေါ်မြင့်မြင့်စိန် သီချင်းဆိုဖို့ လူဖြစ်လာတယ် ဆိုတာမျိုး။ ဆရာမြို့မငြိမ်းတို့ သီချင်းရေးဖို့ လူဖြစ်လာသလိုမျိုး။ ကိုယ်လည်းပဲ လူနာတွေကို ဆေးကုဖို့သက်သက် ဆရာဝန် အလုပ်တွေ လုပ်ခဲ့ပါတယ်။ “Nothing more or nothing less.” ပါ။ ဒါလောက်ဆို ကျေနပ်ပါပြီ။