ချန်ဂင်တို့စခန်း (၁၄၀)

ကချင်ပြည်နယ်မှာ ဗုံးတွေကျဲပြန်ပြီ လို့ သတင်းတက်လာတော့ စိတ်ပူတဲ့သူတွေက သတင်းမေးကြ၊ ဖုန်းဆက်ကြနဲ့ပေါ့။ စာရေးတာလေး ဖတ်ရမှ သူတို့လည်း စိတ်သက်သာတယ် လို့ ဆိုတယ်။ လေယာဉ်နဲ့ ဗုံးကျဲတာ ဟုတ်ပါတယ်။ ကိုယ်တို့အပေါ်က ဖြတ်ပျံသွားပေမယ့် ကိုယ်တို့စခန်းကိုတော့ ကျဲမသွားဘူး။ ဖားကန့်ဘက် တနိုင်းဘက်မှာ သွားကျဲတာ။ အဲ့ဒီဘက်မှာ တိုက်ပွဲတွေဖြစ်နေလို့ ထွက်ပေါက်ရအောင် လေကြောင်းပစ်ကူပေးတာမျိုးလည်း မဟုတ်ဘူး။ ဒီအတိုင်းပဲ အလကားနေရင်း KIA စခန်းရှိမယ် ထင်တဲ့နေရာတွေကို ဆာပရိုက်တိုက်ပြီး ဗုံးသွားကျဲတာ။ နို့မို့ရင် “မြောက်ပိုင်းမှာ စစ်ပွဲတွေ ငြိမ်နေပြန်ပြီ။ မင်းတို့ကောင်တွေ အလုပ်မလုပ်ကြဘူးလား။” လို့ အဆူခံရမှာ စိုးလို့ “မိုးသံလေသံ မောင်မကြားလား။” လုပ်ပြီး စစ်တိုက်ပြတာနေမှာ။

စစ်ပွဲက မရပ်ပါဘူး။ ရှိတာပေါ့။ ဒီဘက်မှာ မတိုက်ဘူးလေ။ စစ်ကိုင်းထဲ ဆင်းတိုက်တာ။ တိုက်နေတဲ့သူတွေကလည်း ၅/ တွေချည့်ပဲ။ ဒီဘက်ကလူတွေက coach လိုက်လုပ်ပေးရုံတင်။ ဗိုလ်ချုပ်အောင်ဆန်း မှ ဂျပန်ပြည်မှာ စစ်ပညာသင်တာ မဟုတ်ဘူး။ အညာသားတွေလည်း ကချင်ပြည်မှာ စစ်ပညာသင်ပြီး စစ်အာဏာရှင်တော်လှန်ရေးကြီး ဆင်နွှဲနေကြတယ်။ အညာသူအညာသားတွေက တောက်ခေါက်ပြီး ဒူးနဲ့မျက်ရည်သုတ်တဲ့အချိန်တွေ ကျော်လွန်သွားပြီ။ အသေခံပြီး ဗုံးခွဲပစ်တာ။ စစ်သား လည်ချောင်းသွေးနဲ့ ခြေဆေးမယ် ဆိုတဲ့ စိတ်မျိုး ဖြစ်ကုန်ပြီ။ မင်းအောင်လှိုင်သာ အညာကိုလာရင် တံတွေးနဲ့ ဝိုင်းထွေးကြတာနဲ့တင် မွန်းပြီး သေသွားမယ်။ အခု အညာကလူတွေက ပြန်စရာလည်း အိမ်မရှိဘူး။ ထွန်စရာလည်း လယ်မရှိဘူး။ တော်လှန်ရေးထဲကို ခြေစုံပစ် ဝင်ဖို့ကလွဲရင် တခြား ဘာမှ လုပ်စရာ မရှိဘူး။ ပြေးစမ်း နင်တို့။

ခုရက်ပိုင်း နေပြည်တော်မှာ လေတပ် က အရေးပေါ်အစည်းအဝေးခေါ်ပြီး အထူးညွှန်ကြားချက်တွေ ပေးထားတယ် ဆိုတော့ ဒီလထဲမှာ လေကြောင်းစစ်ဆင်ရေးတွေ ပိုများလာလိမ့်မယ် လို့ မျှော်မှန်းထားပြီးသားပါ။ သို့သော်လည်း ကိုယ်တို့အားလုံးမှာ မနှစ်တုန်းကနဲ့ မတူတော့တဲ့ စိတ်အခြေအနေတစ်ခု ကို ရောက်သွားတာ သတိထားမိလိုက်တယ်။ အဲ့ဒါကတော့ သေရမှာ လုံးဝမကြောက်တော့တဲ့ စိတ်ဓါတ်ပါ။ ဒီကောင်တွေ လက်အောက်မှာ ရှင်သန်နေရမှာကို သေရမှာထက် ပိုကြောက်တဲ့အတွက် ကိုယ့်အသက်သေချင်သေပစေ။ စစ်ခွေးတွေအောက်တော့ မနေနိုင်ဘူးဆိုပြီး အရမ်းကိုပြတ်သားသွားကြတယ်။ စစ်ခွေးတစ်ကောင် အရှင်မိရင် ဖင်ဗူးတောင်းထောင်ပြီး ရှိခိုးသလိုမျိုး ဘယ် PDF ကမှ မလုပ်ဖူးပါဘူး။ ဒီဘက်ကကလေးတွေ သေမှာမကြောက်ပဲ အသက်ကို ပဓာနမထားသလောက် ဟိုဘက်မှာ မင်းအောင်လှိုင်ကိုယ်တိုင်က ကြောက်သေးဖြန်းဖြန်းပါနေတာ ဒိုင်ယာပါ နဲ့ ကျည်ကာ မချွတ်တမ်းဝတ်နေရတဲ့ ဘဝ။ လက်မှာတောင် ပရိတ်ကြိုး တန်းလန်းနဲ့။ ခြေမလက်မ ပူးချည်လိုက်ဖို့ပဲ ကျန်တော့တယ်။

Geneva Convention ဆိုတာ ဘယ်တုန်းကမှ လေးစားလိုက်နာရကောင်းမှန်း မသိတဲ့ အာဏာရှင်ခါးပိုက်ဆောင် စစ်တပ်ဖြစ်နေမှပဲဟာကို။ ဆေးရုံတွေ ဗုံးကျဲတိုက်ခိုက်၊ လူနာရော ဆရာဝန်တွေပါ အသေသတ်ပစ်တဲ့အလုပ်ဆိုတာ စစ်သည်တော်ကျင့်ဝတ်ထဲမှာ ထည့်ရေးထားသည့်အလား နေရာတကာ ကျင့်သုံးနေတာ ကြာလှပြီ။ ကိုယ့်ဆေးရုံကလေးနဲ့ကျမှ မလုပ်သေးပဲ ထိုင်ကြည့်နေစရာ ဘာအကြောင်းမှ မရှိဘူး။ အဲ့ဒါကြောင့်မို့လို့ ကြိုတင် ပြင်ဆင် တွက်ချက်ထားရတဲ့ ရှေ့လုပ်ငန်းစဉ် စိတ်ကူးစိတ်သန်းတွေထဲမှာ ဒီကောင်တွေ ငါ့ဆီကို ဗုံးလာကျဲရင် ဘာဆက်လုပ်မှာလဲ ဆိုတဲ့အထိ တွေးထားရပါတယ်။ လွယ်လွယ်လေးပါပဲ။ ချန်ဂင်တို့စခန်းကို ချေမှုန်းတိုက်ခိုက်လို့ ဆေးရုံမရှိတော့ဘူး။ ပျက်သွားပြီ ဆိုရင် စစ်မြေပြင် ဆရာဝန်အဖြစ် ကိုယ်တိုင် ရှေ့တန်းထွက်ရုံပဲ ရှိပါတယ်။ လှေခွက်တောင်မှ မကျန်ရင်နေ။ အသက်ရှင်နေသ၍တော့ နောက်ဆုံးထွက်သက်အထိ အရှုံးမပေးဘူး။ နိုင်အောင်တိုက်မှာ။

နိုင်လည်းနိုင်နေပြီးသားပါ။ မေးတဲ့သူ ရှိလို့သာ ရေးပြနေရတာ။ ကိုယ့်ခေါင်းထဲမှာ အဲ့ဒီကောင်တွေအကြောင်း ထည့်ကို မစဉ်းစားအားဘူး။ ခုရက်ပိုင်း အလုပ်တွေ ရှုပ်လိုက်တာ မပြောပါနဲ့။ ဆေးရုံကိစ္စ၊ လူနာတွေကိစ္စ နဲ့ ချာလပတ်ကို လည်နေတာပဲ။ ကိုယ်တိုက်နေရတဲ့စစ်မျက်နှာက အဲ့သည်မှာကိုး။ ဘေးဘီဘယ်ညာ ဘာကိုမှ အာရုံမထားနိုင်ပဲ ကိုယ့်အလုပ်ကိုယ် လုပ်နေရတယ်။ အချိန်တစ်ခုရောက်တဲ့အခါ လက်ဆုပ်လက်ကိုင် ပြစရာ အဖြေပေါ်လာမှာပဲ။ ကိုယ်လည်း ကိုယ့်ဘက်က တာဝန်ကျေစေရမယ်။ ဒီလိုမှပဲ အဲ့ဒီကောင်တွေ ခွေးကျကျတဲ့အခါ ငါ့လက်ရာလည်း ပါချေသည် လို့ စိတ်ဝမ်းချမ်းမြေ့ရတာပေါ့။

ကိုယ်တို့ဘက်ကို စစ်ကြောင်းထိုးမလာပေမယ့်လည်း နယ်မြေအခြေအနေကတော့ မအေးချမ်းပါဘူး။ အထိုင်တပ်ရင်းရှိတဲ့နေရာကနေ စစ်ဆေးရေးဂိတ်တွေ ပိတ်ဆို့ပြီး အဓိကကတော့ ပိုက်ဆံတောင်း ငွေညှစ်တဲ့အလုပ်တွေ လုပ်နေကြတယ်။ ဟိုးတုန်းက သူပုန်တွေ ဆက်ကြေးကောက်တယ်ဆိုပြီး စစ်ကားတွေထဲမှာ ရိုက်ပြတဲ့ အလုပ်တွေကို စစ်သားတွေရော ရဲတွေရော ပြောင်ပြောင်တင်းတင်း လုပ်ကိုင်နေတာပေါ့။ ဒီနယ်မြေ ဒီဒေသမှာ ဆိုင်ကယ်လိုင်စင်ဆိုတာရှိကို မရှိဘူး။ ဘယ်သူမှလည်း မလုပ်ကြဘူး။ အဲ့ဒါကို ကောက်ကာငင်ကာ လိုင်စင်မပါတဲ့ဆိုင်ကယ်တွေ ဖမ်းတယ်ဆိုတော့ ကိုယ့်ဆိုင်ကယ်ကို ပိုက်ဆံပေးပြီး ပြန်ရွေးခိုင်းဖို့ သက်သက် လုပ်တာလေ။ ကားနဲ့ဆိုရင် ဈေးပိုကြီးတာပေါ့။ နောက်ဆုံးတော့ သူတို့အဖွဲ့တွေ ပိတ်စစ်နေတဲ့ ဂိတ်ကိုဖြတ်သွားချင်ရင် ပိုက်ဆံပေးရမယ် လို့ တောင်းစားတာ သက်သက်ပါပဲ။ ဆယ်ဘီးကားတွေ ဆီဘောက်ဆာတွေဆိုရင် သောက်သောက်လဲကို ပိုက်ဆံတောင်းတော့တာ။ ဒေသခံတွေကျတော့ ဂိတ်ဖြတ်ကြေးကို အဲ့သလောက် မပေးနိုင်တဲ့အခါ ကွင်းရှောင်လမ်းတွေက ပတ်မောင်းကြတာပေါ့။ ကြာချင်ကြာ လမ်းဆိုးချင်လည်းဆိုး။ မတတ်နိုင်ဘူး။ အဲ့လိုကျတော့လည်း ရဲတွေက သူတို့စားပေါက် အလွတ်မခံဘူး။ ကွင်းလမ်းမှာ ယူနီဖောင်းမဝတ်ပဲ လာထိုင်စောင့်ပြီး ပိုက်ဆံတောင်းပြန်တယ်။ စုပေါင်းဂိတ်ကဖြတ်ရင် အဖွဲ့အစည်းများတော့ ၃ နေရာပေးရတယ်။ ကွင်းလမ်းကဆို ရဲကိုပဲပေးရတော့ သက်သာတယ်။ ဘယ်လမ်းကသွားသွား ပေးတာတော့ ပေးရမှာပဲ။ နည်းတာများတာ ရစ်တာ မရစ်တာပဲ ကွာလိမ့်မယ်။ စစ်တပ်က နယ်မြေကို မစိုးမိုးနိုင်ပေမယ့် ကတွတ်ပေါက်က ဗျိုင်းစောင့်သလို အဝင်အထွက် ဂိတ်တွေမှာ ပိတ်ဆို့ပြီး ပိုက်ဆံရှာစားနေတဲ့သဘောပါပဲ။ ၂၁ မိုင်ဂိတ်မှာ စစ်ဆေးနေသ၍ မြစ်ကြီးနားက မလွတ်မြောက်ဘူး။ နမ့်စီးအောင် ဂိတ်မှာ စစ်နေသ၍ ကချင်ပြည်နယ်က မလွတ်မြောက်ဘူး။ လုံးတုံ ဂိတ်မှာ စစ်နေသ၍ အင်းတော်ကြီးဒေသ နဲ့ ဖားကန့်ဒေသ က လွတ်မြောက်မနေဘူး။ သူတို့ကို indicatorsလို သဘောထားလို့ ရတယ်။

အဲ့ဒီလိုဆိုရင် အခု သူတို့ဘက်က လာသိမ်းတဲ့အထိ မလုပ်နိုင်သေးပေမယ့် ကိုယ့်ဆေးရုံကို လွတ်မြောက်နယ်မြေမှာ လို့တော့ ပြောလို့မရသေးဘူး။ ကိုယ်တို့ဘက်က ဩဇာလွှမ်းမိုး ထားနိုင်တဲ့ စိုးမိုးနယ်မြေမှာ လို့ပဲ ပြောလို့ရမယ်။ ကိုယ်တို့ဆီမှာ ပျူတွေ ဒလန်တွေတော့ ခေါင်းမထောင်ရဲဘူး။ အရင်က ဖွတ်ဘောမ လုပ်ခဲ့ဖူးသူတွေတောင် ခုကာလမှာ ဆင်ဝှေ့ရန်ရှောင် နေရတယ်။ ပထွေးတွေလာမှ ထကြွလာမယ့်ကောင်တွေ။ လောလောဆယ်တော့ အမြီးမကုပ်ရင် ခေါင်းပြုတ်သွားမှာပေါ့။ ဆေးရုံမှာ ကလေးလာမွေးတဲ့ လူနာထဲမှာဆိုရင် ရှမ်းနီစစ်တပ်ကလူတွေရဲ့ မိန်းမတွေလည်း ပါပါတယ်။ အေးအေးဆေးဆေးပါပဲ။ နယ်က ကျဉ်းကျဉ်းလေးဆိုတော့ ဘယ်သူ ဘာဆိုတာ လူတိုင်းသိကြတာပဲဟာ။ ကိုယ်တို့အတွက်ကတော့ လူနာ က လူနာပဲ။ ဘာခွဲခြားဆက်ဆံမှုမှ မရှိဘူး။ အဲ့ဒါ လူနာတွေ ကိုယ်တိုင် အသိဆုံး။ သူတို့ ကချင်အုပ်ချုပ်ရေး အဖွဲ့တွေကလည်း ဆေးရုံပေါ်က လူနာကို ရန်မရှာပါဘူး။ အဆင်ပြေရဲ့လား သတင်းလာမေးပြီး ဘယ်သူဘယ်ဝါဆိုတာ သူတို့ သိတဲ့အကြောင်းတော့ ပြောပြတယ်။ ကျန်းမာရေးကိစ္စ နဲ့ ဆေးရုံကိစ္စဟာ စစ်ရေး၊ နိုင်ငံရေးတွေ နဲ့ မပါတ်သက်တဲ့အတွက် တခြားလူတွေ နေထိုင်မကောင်း ဖြစ်ရင်လည်း ဒီမှာ လာကုလို့ ရတယ်။ ဒီက ဆရာဝန်တွေကလည်း နေ့မအားညမအား ကုပေးနေကြတယ် လို့ ရှင်းပြတယ်။ ဆရာဝန်ကိုသတ်ပြီး ဆေးရုံကို မီးရှို့တာ တိုင်းရင်းသား လက်နက်ကိုင်တွေကတော့ မလုပ်တဲ့အကြောင်း မြင်ဖူးသွားတာပေါ့။ မြန်မာစစ်တပ်ကမှ လာလုပ်တယ်ဆိုရင်လည်း ဗီဒီယိုရိုက်ပြီး live လွှင့်တင်မလို့ cctv ကင်မရာတွေ မှာထားတယ် သိလား။

စစ်သား ရဲသား ဆေးမကုပေးဘူး လို့ ဘယ်လိုပဲ ကြွေးကြော်နေသော်လည်းပဲ ဆယ်ဇင်းမှာကတည်းက ရဲစခန်းထဲကဟာတွေ အရပ်ဝတ်နဲ့ ဆေးခန်းလာပြရင် သိသိကြီးနဲ့ ဆေးကုပေးခဲ့တာပါပဲ။ ကိုယ့်ဆေးခန်းလာ ကိုယ့်လူနာအပြင် ဘာရှိရဦးမှာလဲ။ ဆေးရုံဆောက်ခါစကနေ အခုချိန်ထိအောင် ဆီးချိုတိုင်း ဆေးပေးလုပ်နေတဲ့ လူနာဟာလည်း သူ့ယောက်ကျားက အရင်အုပ်ကြီးဟောင်း၊ ကြံ့ဖွံ့ထောက်ခံသူ၊ နန့်မွန်းမှာ ၅၀၀၀ စား သွားလုပ်နေသူမှန်း သိပေမယ့်လည်း “သွား။ မလာနဲ့။ ကိုယ့်ဆေးကိုယ်ဝယ်သောက်။” လို့ တစ်ခွန်းမှ မပြောဖူးပါဘူး။ မဆိုင်တဲ့ဟာတွေကို မဆိုင်သလို တစ်ကန့်စီပဲထားတယ်။

ဟိုးအရင် အာဏာသိမ်းကာစက ဆေးရုံကြီးမှာ လူနာလက်မခံနိုင်တဲ့အခါ ကာဖျူးချိန်ကြီး ဓါးထိုးခံရလို့ အရေးပေါ်လာတဲ့လူနာတွေကို အပြင်ဆေးခန်းတစ်ခုမှာ ထိုင်ပြီး အခမဲ့ ကုပေးဖူးတယ်။ စစ်တပ်က ပစ်မိန့်မပေးသေးလို့ gun shot wound တွေ မလာသေးဘူး။ ဆိုးခိုးလုနှိုက်တွေ ထောင်ဖွင့်လွှတ်လိုက်လို့ ညတိုင်း stab wound တွေပဲ လာတာ။ သူတို့က လုပ်လွှတ်လိုက်တဲ့သူတွေ၊ သူတို့ကို ရပ်ကွက်ကဝိုင်းလုပ်လိုက်တာတွေ ထိုင်ကုရတယ်။ လူမြင်တာနဲ့ ဒီလူ ဘာမှန်း သိပါတယ်။ စေတနာမရှိပေမယ့်လည်း လူနာဆိုရင် လူနာပဲ။ တခြားလည်း ဘယ်ကိုမှ သွားစရာ မရှိဘူး။ တခါတော့ ရင်ဘတ်မှာ ဓါးဒဏ်ရာနဲ့ shock ရနေတဲ့လူနာကို ဓါတ်မှန်ခန်း ပို့နေတုန်း ဓါတ်လှေကားဝမှာ ဆုံတယ်။ ဓါတ်လှေကားထဲမှာတင် ရင်ဘတ်ခေါက် နားကြပ်ထောက်ပြီး “ဓါတ်မှန်မရိုက်နဲ့တော့ ခွဲခန်းထဲတန်းသွင်း” ဆိုပြီး ခွဲခန်းဝမှာတင် chest tube ထည့်တာ ၂ ပုလင်းအပြည့် ထွက်တယ်။ consent တောင် နောက်မှ ပြန်ယူရတာ။ နောက်နေ့ပြန်ကောင်းသွားတော့ လူမြင်တာနဲ့ လှမ်းလှမ်းကန်တော့ရတာ အမော။ chest tube လည်း out ပြီးရော ပိုက်ဆံမရှင်းပဲ ဆင်းပြေးသွားလို့ ဆေးခန်းက လိုက်ရှာရသတဲ့။ ဪ ယူတို့က နံမည်အမှန် လိပ်စာအမှန် နဲ့ လာတက်တယ် ထင်နေတာပေါ့လေ။ အစကမသိလို့ ကုပေးလိုက်တာ မဟုတ်ဘူး။ သိသိကြီးနဲ့ စိတ်ရှင်းလို့ ကုပေးတာ။ အကုန်လုံး ခေါင်းထဲမှာ ရှိတယ်။ သူ့အကန့် နဲ့ သူ။

အခုလောလောဆယ် ဆေးကုတဲ့အလုပ်ကို စစ်တိုက်သလို သဘောထားပြီး mission တွေ တစ်ခုပြီးတစ်ခု တိုက်ပွဲဝင်နေတာ မဟုတ်လား။ စစ်တပ်က လာဖျက်စီးလို့ ဆေးရုံကလေး မရှိတော့ဘူးဆိုရင်လည်း အလုပ်လက်မဲ့ ဖြစ်သွားမယ် မထင်ပါနဲ့။ စစ်တိုက်တဲ့အလုပ်ကို ဆေးကုသလို သဘောထားပြီး ဆက်လုပ်သွားရုံပဲ ရှိတာပေါ့။ ကိုယ့်အတွက် လေ့လာသင်ကြား တတ်မြောက်စရာ အတတ်ပညာ နယ်ပယ်အသစ်တစ်ခုပေါ့။ So that I could find my talent in another career. လေ။ Quite interesting. နော်။ ဆရာဝန်ပစ်တဲ့ကျည်ဆန်လည်း မှန်ရင်သေတတ်ပါတယ်။ မယုံဘူးလား။

“Shot through the heart

And you’re to blame

Darling, you give love

a bad name.

I play my part

And you play your game

Darling, you give love

a bad name.”