ချန်ဂင်တို့စခန်း (၁၄၁)

“မင်္ဂလာရှိသော နေ့သစ်ရောက်ခဲ့ပြီ။” လို့ သီချင်းလေး ညည်းမိရင် ကြားမိတဲ့လူတွေကလည်း “လက်ထပ်ပွဲလေး ကျင်းပကြတော့မည်။” ဆို မင်္ဂလာဆောင်တွေ မျက်စိထဲ တန်းမြင်ယောင်လာမှာပါပဲ။ ကိုယ့်အဖို့ကတော့ မင်္ဂလာရှိသော နေ့သစ်ဆိုတာ အလုပ်သစ် အကိုင်သစ်ကို အောင်အောင်မြင်မြင် ခြေလှမ်းစနိုင်တာကို ပြောချင်တာပါ။ ဒီနေ့ ကိုယ်တို့ မေ့ဆေးစက်အသစ်နဲ့ လူနာကို မေ့ဆေးစပေးတယ်။ အဆင်ပြေတယ်။ အောင်မြင်တယ်။ လူနာလည်း အန္တရာယ်ကင်းကင်းနဲ့ မနာမကျင် ခွဲစိတ်ခံရတယ်။ အားလုံး စိတ်ချမ်းသာ ပျော်ရွှင်ရတယ်။ အဲ့ဒါကို မင်္ဂလာရှိသော နေ့သစ် လို့ ပြောတာ။

သို့သော် လွယ်လွယ်နဲ့ စံပါယ်တွေ ပွင့်ခဲ့တာတော့ မဟုတ်ပါဘူး။ ခွဲခန်းကလေး ပြည့်စုံလာအောင် ကိုယ်အများကြီး ပြင်ဆင်စုဆောင်းခဲ့ရတယ်။ မနှစ်က ဒီရက်မှာ ကလေးမွေးပေးတုန်းက ကိုယ်တို့မှာ မွေးခုံတောင် မရှိခဲ့ပါဘူး။ OPD ခန်းထဲက လူနာကုတင်ပေါ်မှာ ဒူးထောင်ပေါင်ကား လူနာကို လက်နှိပ်ဓါတ်မီးနဲ့ထိုးပြီး မွေးပေးခဲ့ရတာပါ။ လူနာက “အားရပါးရ ဆွဲခိုပြီး ညှစ်ချင်တယ်။” ဆိုလို့ ထုတ်တန်းပေါ် ကို မီးကြိုးဝိုင်ယာကြီး တက်ချည်ပြီး “ဒါကြီးခိုပြီး ညှစ်” လို့ ပေးခဲ့ရတာပါ။ မရှိတာကို ရှိအောင်လုပ်ရမှာက ကိုယ့်တာဝန်လေ။ ဆရာဦးခင်မောင်လွင်တို့ ဆရာဇော်ဝေစိုးတို့ဆီ ပူဆာပြီး ခွဲခုံ၊ မွေးခုံ၊ မီးစလောင်းတွေ တောထဲထိ မရောက်ရောက်အောင် သယ်ပြီး တပ်ဆင်ယူခဲ့တာပေါ့။ ရန်ကုန်မှာ ပစ္စည်းဝယ်သလို technician တွေ install လာလုပ်ပေးဖို့မှ မဖြစ်နိုင်တဲ့ဟာ။ အဲ့သည်နောက်တော့ လိုအပ်သမျှ အရာရာတိုင်းကို တစ်ခုပြီးတစ်ခု တိုးပွါးပြည့်စုံလာအောင် စုဆောင်းခဲ့တယ်။ လှူမယ့်သူ ရှိရင် လိုချင်တာကို ပြောတယ်။ ပိုက်ဆံငွေကြေး လှူတဲ့အခါဆို ကုန်ကျစားရိတ်ထက် ပိုတာမှန်သမျှကို အဖတ်တင်မယ့် ပစ္စည်း ကိရိယာ စုမိအောင် စစ်စစ်စီစီ သုံးတယ်။ ဒီလိုနဲ့ ဓါတ်မှန်စက် အသေးလေးတွေ အာထရာဆောင်းစက် အသေးလေးတွေ ရလာခဲ့တယ်။ ကိုယ့်တာဝန်က အဲ့သလို ရလာခဲ့တဲ့ ပစ္စည်းကိရိယာလေးတွေကို များများ နဲ့ မြန်မြန် အသုံးချနိုင်မှ ပေးရတဲ့သူရော၊ သုံးရတဲ့သူရော၊ လိုအပ်နေတဲ့လူနာရော အကျိုးရှိမယ်၊ တန်မယ် လို့ ယူဆတယ်။ အလှူလက်ခံ၊ ဓါတ်ပုံရိုက်၊ ဂုဏ်ပြုလွှာလေးပြန်ပေး၊ Facebook ပေါ် တင်၊ ပြီးလည်းပြီးရော ချောင်ထိုးထားလိုက်တယ် ဆိုတဲ့ အလုပ်မျိုး ဘယ်တော့မှ မလုပ်ဘူး။ သူများလုပ်ထားရင်တောင် “အဲ့ဒါ ယောက်ကရှာ အတံတပ်တဲ့ အလုပ်ပဲ။ ရှိလေရဲ့ လို့သာ ကိုယ့်ဘာသာ ကျေနပ်နေရတာ။ တကယ်တမ်း သုံးစားလို့ ရတာလည်း မဟုတ်။” လို့ ပြောခဲ့ဖူးသေးတာကို။ အဲ့ဒါကြောင့် ပစ္စည်းတစ်ခု ရလာပြီဆိုရင် ကိုယ်ကတော့ မဖြစ်မနေ အသုံးဝင် လည်ပတ်နေတာပဲ ကြိုက်တယ်။

မေ့ဆေးစက် ရှိတာနဲ့ မရှိတာ ဘာကွာသလဲဆိုတော့ အများကြီး ကွာတယ်လေ။ လုပ်နိုင်တာချင်း၊ လုပ်ခွင့်ရတာချင်း၊ လူနာအပေါ် အန္တရာယ်ကင်းတာချင်း အပုံကြီးကွာတယ်။ ဒီစက် မရှိခင်လည်း မဖြစ်ဖြစ်တဲ့နည်းနဲ့ ကိုယ်တို့ ခွဲနေတာပါပဲ။ ဒါပေမယ့် limitations တွေ ရှိတယ်။ high spinal ထိုးပြီးလုပ်တယ်။ spinal shock ရပြီး Blood pressure ထိုးကျတဲ့ အန္တရာယ်က ရှောင်လို့မရဘူး။ Ketamine infusion သုံးတယ်။ သွေးပေါင်တွေ တက်ပြီး relaxation မရဘူး။ လူနာရုန်းရင် ဝက်တုပ်တုပ် ခွဲတာ။ အဓိကပြဿနာကတော့ ခွဲချိန်ကြာရင် အန္တရာယ်လည်း များလာတယ်။ Muscle relaxant မသုံးတော့ ဗိုက်ထဲလည်း လှန်လှောကြည့်ရှုလို့မရ၊ ဗိုက်ပြန်ပိတ်လို့ကလည်း ခက်။ မိုးကြိုးတွေကို ပစ်နေရော။ အဲ့ဒါကြောင့် လိုချင်တယ်။ လိုင်းပေါ်က ဆရာတွေနဲ့ တိုင်ပင်ကြည့်တဲ့အခါ သူတို့ကတော့ အားမပေးဘူး။ နံပါတ် (၁) ကတော့ မေ့ဆေးဆရာ မရှိဘူး။ ကိုယ်က ပေးတတ်လို့ ပေးနိုင်ဦးတော့ ကိုယ်မရှိတော့ရင် နောင်ကျ ဘယ်သူမှ သုံးတဲ့သူ ရှိမှာ မဟုတ်ဘူး။ ပိုက်ဆံတွေအများကြီး အလသဿဖြစ်သွားမယ်။ ခေတ်အဆက်ဆက်က စက်မရှိပဲ မေ့ဆေးဆရာတွေကို နယ်ပို့ထားတဲ့ခေတ်ကြီးမှာ ကိုယ်က မေ့ဆေးဆရာတောင် မရှိပဲ အဲ့ဒီစက်ကြီး ဝယ်ထားတော့ လွင်မိုးတို့ ထွန်းဣန္ဒြာဘိုတို့ တွေ့ရင် “သားတို့ သမီးတို့က တောထဲမှာ အဲ့ဒါကြီးနဲ့ ဘာလုပ်ကြမလို့လဲကွဲ့။” လို့ အမေးခံနေရမယ်။ သဘာဝမှ မကျတာ။

ဒါဆိုရင်တော့ စက်ချည့်ပဲ ဝယ်လို့မရဘူး။ လူပါ အသင့်ပြင်ထားမှ ရမယ်ဆိုပြီး ဆေးရုံက ဆရာဝန်လေး နှစ်ယောက်ကို အွန်လိုင်းပေါ်က မေ့ဆေးဆရာဝန်များနဲ့ NUG က သင်တဲ့ crushed course တက်ခိုင်းရပါတယ်။ ခွဲခန်းထဲမှာလည်း မေ့ဆေးအလုပ်တွေ အကုန် သူတို့ကို ပေးလုပ်ထား။ သူတို့ မနိုင်မှ ဝင်ကူပေးတယ်။ စက်ရောက်လာချိန် သူတို့လည်း training ပြီးခါနီးပြီ။ သို့သော် စာတွေ့ပဲ ရသေးတယ်။ hands on training မရနိုင်ဘူး။ အဲ့ဒါနဲ့ မေ့ဆေးဆရာများကို အပူကပ်ပြီး ကိုယ့်ရှိတဲ့စက်၊ သူတို့ရှိတဲ့ knowledge နဲ့ အဲ့ဒီဆရာဝန် နှစ်ယောက်ကို အလုပ်လုပ်လို့ ဖြစ်အောင် tailor made အနီးကပ်သင်တန်း ၂ ပါတ် ထပ်လေ့ကျင့်ရတယ်။ ကိုယ်ပါ ဝင်သင်ယူရတယ်။ သင်ပေးတဲ့ဆရာတွေနဲ့ကလည်း “ချစ်သူက နေ့ ကိုယ်က ည” ဖြစ်နေတော့ အချိန်တွေတင် ညှိရတာ မဟုတ်ဘူး။ ကိုယ့်ဆီမှာ လိုင်းတက်တဲ့အချိန်၊ လိုင်းမိတဲ့ နေရာတွေပါ လိုက်ညှိရတယ်။ ဥတေန စောင်းသင်တာကမှ တင်းတိမ် ၇ ထပ်ခြားလည်း အပေါက်အလမ်းမတည့်လို့ စိတ်မရှည်ရင် “ပြစမ်း” ဆို ဆွဲလှန်ပစ်လို့ရတယ်။ ဒီမှာက “ကြားလား ကြားလား။ ကြားတယ်နော်။” နဲ့ အော်အော်ပြီးသင်ရတာ။ တော်ရုံစိတ်ရှည်ရုံနဲ့ မရ။

အဲ့သလို လိုင်းမကောင်းတဲ့ကြားကပဲ ကိုယ့်မှာ တဘက်ကသိချင်တဲ့ စက်နဲ့ပါတ်သက်သော အစိတ်အပိုင်းတွေ၊ ကိရိယာ တန်ဆာပလာတွေကို ဓါတ်ပုံတွေ ဗီဒီယိုတွေ ရိုက်ပြီး အခါခါပို့ရတယ်။ ဟိုဟာလေး ဟိုလိုလုပ်ပြပါဦး။ သည်ဟာလေး သည်လို လုပ်ပြပါဦး။ ဆိုလည်း “ဟုတ်ကဲ့ မမ။ ခဏ။” ဆို ခိုင်းတဲ့အတိုင်းလုပ်။ ဗီဒီယိုနဲ့ ပြန်ပို့ရတာ။ စိတ်ပူရတယ်လေ။ သူများဆီမှာလို ကုမ္ပဏီက biomedical engineer လိုက်လာပြီး install လုပ်ပေးသွားတာ မဟုတ်ဘူး။ ကိုယ့်ဘာသာ စာအုပ်ကြည့်ပြီး အရုပ်ဆက်သလို ဆက်ထားတာ။ အမှားအယွင်းရှိရင် သေတတ်တယ်။ အလုပ်လုပ်တဲ့အခါ စက်တစ်ခုတည်း အလုပ်လုပ်သွားတာ မဟုတ်ဘူး။ သူနဲ့တွဲသုံးရတဲ့ အပိုပစ္စည်းတွေ စက်ကိရိယာတွေ အကုန် ဓါတ်ပုံရိုက်ပို့လိုက်တယ်။ ရှိပါတယ် တစ်ခွန်းနဲ့ ယုံလို့မှ မရတာ။ ထိုးရမယ့် ဆေးတွေကအစ လက်ထဲရှိသမျှ stock အကုန် ပုံနဲ့တကွ ပို့တယ်။ လိုမှ ဆိုင်မှာ ပြေးဝယ်ခိုင်းလို့ မရ။ ဒီက connection နဲ့ ဒါတွေ မရရအောင် လုပ်ခဲ့တာ အိုင် ဘယ်လောက် စိတ်ရှည်သလဲ သဘောပေါက်လိုက်။

လက်တွေ့အလုပ်လုပ်နိုင်ဖို့ ကိုယ်တို့ရဲ့ tailor made သင်တန်းကြီးကို ကိုယ်တိုင်းယူတဲ့အခါ တကယ်ဝတ်ဆင်ရမယ့် လူနာရဲ့ အတိုင်းအထွာတွေကိုလည်း မယူလို့ မဖြစ်ပါဘူး။ အရပ်အမောင်း အလေးချိန်ကစလို့ ရှေ့တစ်ပုံ၊ ဘေးတစ်ပုံ၊ သွား ၃၂ ချောင်းပေါ်အောင်တစ်ပုံ၊ အာသီးနီနီလေး မြင်အောင်တစ်ပုံ ရိုက်ပို့ရတာပေါ့။ သွေးစစ်ထားတဲ့ ဓါတ်ခွဲခန်းအဖြေတွေ၊ ECGတွေလည်း ကျန်လို့မရဘူး။ လူနာမှာ သွေးတိုးရှိလို့ သမားတော်နဲ့ပြပြီး ဆယ်ရက်လောက် ကြိုခေါ်ထားလိုက်တယ်။ ရွာထဲမှာနေပြီး မနက်တစ်ခေါက် ညတစ်ခေါက် သွေးပေါင်ခေါ်တိုင်းတာ။ ခွဲရမယ့်ရောဂါက ထောပတ်သီးလောက် ရှိတဲ့ ရင်သားအကျိတ်ကြီး။ ခွဲလို့ရပြီဆိုမှ နေ့ကောင်းရက်သာ မင်္ဂလာအခါကောင်း ရွေးရတယ်။ ဗေဒင်ဆရာနဲ့ မတိုင်ပင်ပါဘူး။ ကိုယ့်အချင်းချင်း ညှိယူရတာ။ supervise လုပ်မယ့်သူတွေကလည်း သူများနိုင်ငံမှာ အလုပ်နဲ့အကိုင်နဲ့။ သူတို့လည်းအား ကိုယ်လည်း အားတဲ့ နေ့ရက်အချိန်ကို ရွေးရတာ။ လူနာကို စိတ်ငြိမ်ဆေး ကြိုတိုက်ထားသလိုပဲ ကိုယ်ကိုယ်တ်ုင်လည်း သွေးကျဆေးလေး ကြိုသောက်ထားပြီး စိတ်ရှင်းရှင်းနဲ့ ခွဲခန်းဝင်ကြတယ်။ အဲ့ဒါကြောင့်မို့လို့ မနက်လင်းကတည်းက မင်္ဂလာဆောင်လည်း မသွားပဲနဲ့ “မင်္ဂလာရှိသော နေ့သစ်ရောက်ခဲ့ပြီ။” ဖြစ်နေတာလေ။

ကိုယ်တို့ လုပ်စရာရှိတာတွေကို လျှောက်လွှာစာရွက်နဲ့ နံပါတ်စဉ်တပ်ပြီး ချရေးထားတာ ၃ မျက်နှာ အပြည့်ပဲ။ check list ထားပြီး တစ်ခုပြီးတစ်ခု လုပ်သွားတယ်။ တစ်ခုပြီးတာနဲ့ အမှန်ခြစ်ပြီး နာရီအချိန်မှတ်လိုက်တယ်။ ဒီနေ့တော့ OPD မှာ လူနာကြည့်မယ့်သူ မကျန်ဘူး။ ရှိသမျှ လူကုန် ခွဲခန်းထဲမှာ။ လူနာရဲ့ လည်ချောင်းထဲကို အသက်ရှူပိုက် ထည့်တဲ့အထိ ချောချောမွေ့မွေ့ပဲ။ လက်ဖျားက အောက်ဆီဂျင် လည်း ၁၀၀% ပြည့်လို့။ သို့သော် ventilator mode on တဲ့အချိန်မှာ အဆုတ်ထဲ လေ အလုံအလောက် မရောက်ပဲ airway pressure တွေ တက်နေတယ်။ OT ထဲမှာ လိုင်းမမိလို့ video call လည်း ခေါ်မရဘူး။ ဖုန်းနဲ့ပြောလည်း ပြတ်ပြတ်ကျသွားတယ်။ လူနာကို muscle relaxant မထိုးရသေးလို့ စက်နဲ့အတင်းလုရှူနေတာလည်း ဖြစ်နိုင်တယ်။ manual mode ပြန်ပြောင်းပြီး လက်နဲ့ ညှစ်ရင် အိုကေတယ်။ မေ့ဆေးက SIMV mode ကို ပြောင်းလိုက်ဖို့ ပြောပေမယ့်လည်း သင်ထားတဲ့အထဲမှာ အဲ့ဒါ မရောက်သေးလို့ အခုမှ စမ်းတဝါးဝါး မလုပ်ချင်ဘူး။ အောက်ဆင်း ခွဲဖို့က ရှိသေးတယ်။ အပေါ်ပိုင်းကို မီးသေအောင် ငြှိမ်းခဲ့မှ ဖြစ်မှာ။ မတတ်နိုင်ဘူး။ ခုတစ်ခါတော့ manual နဲ့ပဲ သွားကြရအောင် ဆို တစ်ယောက်ကို ဘောလုံးထိုင်ညှစ်ဖို့ပေး၊ တစ်ယောက်ကို မော်နီတာကြည့်ခိုင်းပြီး mastectomy ကို တစ်နာရီအတွင်းပြီးအောင် ပန်းကန်လုံးစီးရတယ်။ muscle relaxant ထပ်မထိုးချင်လို့။ သွေးပေါင်လေးကို မေ့ဆေးငွေ့နဲ့ပဲ အချိန်အဆလုပ် ခွဲတယ်။ ခွဲလို့ပြီးတာနဲ့ ခေါင်းရင်းပြန်တက် ဖြေဆေးထိုးပြီး tube out၊ လူနာ ပြန်နှိုးရတာပေါ့။ “သတိရရဲ့လား သတိရရဲ့လား သတိရရဲ့လား လို့ မေးချင်တယ်။” ၃ ခေါက်လောက် ဆိုအပြီးမှာ လူနာဆီက “အင်း” လို့ တစ်ခွန်းပြန်ဖြေတာ ဘယ်လောက် စိတ်ချမ်းသာဖို့ ကောင်းသလဲ။ နာသလား မေးလို့ “ဟင့်အင်း” လို့ ဖြေတာ ဘယ်လောက်ပျော်ဖို့ ကောင်းသလဲ။ အဲ့ဒါ အရင်တုန်းက မေ့ဆေးဆရာဝန်တွေ သူတို့ဘာသူတို့ ကြိတ်စားနေတဲ့ အသီးလေ။ အခု ကိုယ်လည်း စားဖူးသွားပြီ။ ချိုသားပဲ။ ကိုယ့်ရဲ့ mission က ကိုယ်လုပ်ချင်တာ လုပ်ရဖို့ မဟုတ်ပါဘူး။ လူနာအန္တရာယ်ကင်းကင်း ခွဲစိတ်ခံရဖို့ပါ။ အဲ့ဒီကို ရောက်အောင်သွားနိုင်မှ accomplished ဖြစ်မယ်။

လူနာ ward ထဲရောက်တာနဲ့ ကိုယ့်ရဲ့ မေ့ဆေးရှီးဖောများကို ဖုန်းခေါ်ပြီး အကျိုးအကြောင်း ပြန်ပြောရပါတယ်။ သူတို့လည်း ဟိုဘက်မှာ ဘယ်လောက်တောင် စိတ်ပူနေမလဲ မသိ။ အခက်အခဲတွေ ရှိခဲ့ပေမယ့် ဘေးကင်းအောင် ကျော်လွှားနိုင်ခဲ့တယ်။ နောက်တစ်ခါ အခက်အခဲမရှိအောင် အဖြေရှာကြမယ်။ မအောင်မြင်မချင်း ဆက်လုပ်မယ်။ ဒါကြီးလက်ထဲရောက်မှတော့ တန်အောင်ကို အသုံးချပစ်မယ်။ ဟုတ်ပလား။ အောင်မယ်လေး။ ငါများ နတ်သားဖြစ်လို့ကတော့လေ။ တစ်ဘက် လေးငါးရာ နတ်သမီးတွေ ကိုယ့်တစ်ယောက်တည်း ကုန်အောင်မစားနိုင်ရင် အလကားမှိုတက်မယ့်အတူတူ ပလာတာဆိုင်များ ဖွင့်ရောင်းခိုင်းနေမလား မသိပါဘူး။ မှားလို့ မှားလို့။ ထပ်တစ်ရာဆိုင်လို့ ပြောရမှာ။ မန်းလေးသားတွေ နားမလည်ရင် လာမစားပဲ နေမယ်။ ပြောမယ့်သာ ပြောရ။ နတ်ပြည်မယ် မန်းလေးသား ရှားမယ် ထင်ပါရဲ့။ တဝက်လောက်က ကွမ်ရင်တို့ ကျိကုန်းတို့ဆီ သွားမယ့်ဟာကို။ စတာနော်။ အော်မီတော်ဖော်ပါဗျ။

“ငွေစန်းရောင် မြူးယှက်ကူးနေ

ကြည်နူးအေးမြ သီတာရေ

အေးမြသီတာရေ။

သရပတ်ကြာ ထပ်တစ်ရာလန်းကြိုင်

ပွင့်သောပန်းတို့ မြိုင်ပါစေ

ကြိုင်စေ လှိုင်စေ။

ကောင်းတဲ့စိတ်တွေ ဘဝင်မှာပွါးလို့

ပို့သောမေတ္တာရေ

ပို့သောမေတ္တာရေ။

သောမနသမ္ပယုတ် ယှဉ်ကာထားလို့

ပို့သောမေတ္တာရေ

ပို့သောမေတ္တာရေ။

ဘယာ ပ လို့ ၉၆ ဖြာ ကင်းကွာ

မာစေ။ အသက်ရာကျော်ရှည်။

ကြာ ရေ ပန်းသို့ စိုပြေ။”