ချန်ဂင်တို့စခန်း (၁၃၉)

ကိုယ်တို့ဆေးရုံကို 24 hour service ပြန်ပေးမှ ရပါတော့မယ်။ လူနာတွေက ညဘက်အထိလည်း ဝင်လာမစဲ တသဲသဲနဲ့။ Ambulance ကားတွေနဲ့ကို ရောက်လာတာ။ အဆောင်မှာ ထမင်းစားနေရင်လည်း ထမင်းဝိုင်းထိ လိုက်လာခေါ်တာဗျား။ ခံရပါများလို့ ကိုယ်တွေလည်း နပ်လာပြီ။ Ambulance လာရင် လူနာကို ဖုတ်ကနဲချပြီး ပေးမပြန်တော့ဘူး။ နေဦး စောင့်ဦး။ ဥစ္စာရင်း မှန်မမှန် အရင်ကြည့်ဦးမယ် ဆို တားထားရတယ်။ နို့မို့ brought dead တွေ ပစ်ချသွားရင် ဆေးရုံမှာ ရေခဲတိုက်တွေ ရင်ခွဲရုံတွေလည်း ရှိတာ မဟုတ်။ ကြပ်ကြပ်သတ်သတ် လူနာတွေကြားမှာ ပူပူနွေးနွေး အလောင်းကြီး တစ်ညလုံးထားလို့ ဘယ်သူက အိပ်ရဲမှာတုန်း။ အထူးသဖြင့်တော့ ကားတိုက်၊ ဆိုင်ကယ်တိုက် head injury တွေလာရင် လူနာကို စမ်းသပ်စစ်ဆေးပြီး အရေးပေါ်ခွဲခန်းဝင်ဖို့ လိုတယ် ဆိုရင် ဦးနှောက်ခွဲစိတ်လို့ရတဲ့ မန္တလေး မြစ်ကြီးနားကို အမြန်ပြန်လွှဲပေးရဦးမယ်လေ။ ကိုယ့်ဆီမှာ ခေါင်းခွံဖောက်တဲ့ ကိရိယာ မရှိဘူး။ “ဟင့်အင်း ဟင့်အင်း။ ရဘူး ရဘူး။ ဆရာပဲ ကုပေးတော့။” ဆိုတိုင်းလည်း အသက်က လူနာရဲ့အသက်လေ။ လာပို့တဲ့သူက သူ့လက်က လွတ်ချင်တာပဲ သိမှာ။ ကိုယ်ကတော့ ဘာမဆို လူနာရှင် နေရာကပဲ စဉ်းစားတယ်။ လူနာအတွက် ဘယ်နေရာဟာ အလုံခြုံစိတ်အချရဆုံးဖြစ်မလဲ။ အဲ့ဒါသာ အဓိက။ စကားမပြောနိုင်တဲ့ သတိမေ့နေတဲ့လူနာဆိုတာ အဖြစ်မှန်ကို ပြန်ပြောပြနိုင်တဲ့ အခြေအနေလည်း မရှိဘူး။ သူနဲ့ပါတ်သက်ရင် ကိုယ်တို့မှာ တဆင့်ကြားနဲ့ပဲ အတည်ပြုနေရတာ။ သတိထားနိုင်မှ တန်ကာကျတယ်။

လူတော်တော်များများကတော့ ကိုယ်ဟာ Surgeon တစ်ယောက်မို့လို့ လူနာမြင်ရင် ဓါးတင်ဖို့ချည့် အရင် စဉ်းစားလိမ့်မယ် လို့ ထင်နေကြတယ်။ ဟုတ်ပါတယ်။ ကိုယ်က surgeon တော့ surgeon ။ ဒါပေမယ့် မေ့ဆေးလည်း ကိုယ့်ဘာသာပေးရတာ ဖြစ်တဲ့အတွက် ခွဲခန်းကထွက်ရင် အသက်ကလေးပြန်ပါသွားဖို့ ကိစ္စကိုလည်း တာဝန်ယူရသေးတာပေါ့။ ကိုယ့်စိတ်ထဲက ခွဲချင်နေတိုင်းလည်း မေ့ဆေးမမတွေကို “မတ်မာဂါ မောင်ခေါ်ရင် လိုက်မှာလား။” ဆို နောက်ကပါအောင် ခေါ်လို့မရဘူး။ လွယ်လွယ်နဲ့ မေ့လို့ မရနိုင်မှန်း သိပါတယ်။ ခွဲစိတ်မှုမှာ အန္တရာယ်ရှိသလို မေ့ဆေးထုံဆေးမှာလည်း အန္တရာယ် ရှိတာပဲ။ အခု အဲ့ဒီအန္တရာယ် ၂ ခုစလုံးကို ကိုယ် တစ်ယောက်တည်း ရင်ဆိုင်ရတော့မယ်။ လက်ယားရင် ကိုယ့်လက်ကိုယ် ဖြတ်ပစ်တာပဲ အေးတယ်။ သူများအသက်တွေနဲ့ ဘာဆိုဘာမှ မယားသင့်ဘူး။ လူနာဘက်က “ဆရာကောင်းမယ်ထင်သလို လုပ်ပါ။ အကုန်လုံးသဘောတူ ကြည်ဖြူပါတယ်။” ဆိုတဲ့စကားဟာ လူနာကောင်းသွားတဲ့ အခြေအနေအတွက်ပဲ အကြုံးဝင်တယ်။ လူနာသာ တစ်ခုခု ဖြစ်ကြည့်ပါလား။ “နို့ သိမှသိပဲကို။” တစ်ခွန်းတည်းနဲ့ ယုံကြည်မှုတွေ အကုန် ပြိုပျက်သွားတယ်။ “ဒါဆိုရင်လည်း ခွဲတဲ့အလုပ်မလုပ်၊ လွှဲတဲ့အလုပ်ပဲ လုပ်ကြတာပေါ့။” ဆိုတာလည်း မဖြစ်သေးပြန်ဘူးလေ။ ဒီအခါမှာ ကိုယ့်ဆရာသမားများ ဆုံးမလို့ အသည်းထဲမှာ စွဲနေအောင် မှတ်ထားတဲ့ ပေတံကြီးကို ထုတ်သုံးရပါတယ်။ “The patient must earn the surgery.” တဲ့။ လူနာကို ပိုက်ဆံပေးပြီး အခွဲခံခိုင်းတာ မဟုတ်ဘူးနော်။ ကိုယ် လုပ်မယ့် ခွဲစိတ်မှုဟာ လူနာအတွက် အကျိုးစီးပွါး တစုံတရာ ရှိကိုရှိလာသင့်တယ် လို့ ပြောတာ။ Benefits နဲ့ risks ကို ချိန်ခွင်ပေါ်မှာ တင်လိုက်ရင် အသားတင်ကျန်တာ လူနာအတွက်ပဲ ဖြစ်ရမယ်။ Surgeon ခွဲခရဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့၊ ခေါက်ဆွဲကြော်လေး စားရဖို့ မဟုတ်ဘူး။

နားလည်အောင် ရှင်းပြရတာ လွယ်သလောက် လက်တွေ့လိုက်နာကျင့်သုံးနိုင်ဖို့ တော်တော်ခက်ပါတယ်။ ငယ်တဲ့သူဆိုတာ ခွဲချင်တဲ့စိတ်က ငယ်ထိပ်တက်ကပ်နေတာ။ မခွဲပဲထားလည်း အန္တရာယ်မရှိမယ့်ကိစ္စကို ဇွတ်အတင်းကြီး ခွဲမိလို့ လူနာအပေါ် ဘေးဖြစ်လာခဲ့ရင် “သူ့ကိုက ကံဆိုးတာကိုး။” လို့ တရားနဲ့ဖြေမလား။ ဟိုလူမကောင်းလို့ သည်လူမကောင်းလို့ အပြစ်ပုံချမလား။ “အတံလေး မတော်လို့ ဖြတ်မိသွားတယ်နော်။ စိတ်မပူနဲ့။ အပေါက်ကလေး ပြန်ဖောက်ပေးလိုက်တယ်။ သိလား။ အမလေး နောက်ဆို ပျော်သွားမှာ။ အာ့မျိုးလုပ်ချင်နေတဲ့သူတွေ တပုံကြီး။” လို့ အလျော်ပြန်ပေးရမှာလား။

လူနာအတွက် ဘဝတစ်ပါး ကူးပြောင်းရာ သေလာညောင်စောင်းဟာ ကိုယ့်ရဲ့ ခွဲခုံပေါ်မှာ မဖြစ်ဖို့ ဘယ်လောက် အရေးကြီးတယ် မှတ်သလဲ။ အသက်ရှူပိုက်ကြီးတန်းလန်းနဲ့ ICU ထဲ တန်းသွင်းပြီး တစ်နာရီကြာမှ “ဆွေမျိုးတွေကို ရှင်းပြလိုက်။” ဆိုတဲ့အလုပ်ကို လွယ်တယ် ထင်လို့လား။ အရမ်းဆိုးတဲ့ အိပ်မက်တွေပါနော်။ ဆရာဝန်ဆိုတာ သေခြင်းတရားကို အခါခပ်သိမ်း အနိုင်မယူနိုင်ပါဘူး။ သို့သော် ကိုယ့်ရဲ့အရှုံးဟာ ခွဲခန်းထဲမှာ မဖြစ်ရအောင်တော့ ရှောင်တတ်ရမှာပေါ့။ လေယာဉ်မယ်လေးတွေတောင် ပျံသန်းချိန် အန္တရာယ်ကင်းစင်အောင် လေ့ကျင့်သင်ကြားပေးထားတာပဲ။ ခွဲခန်းဆိုတာလည်း လူနာအတွက် ဘေးရန်ကင်းကွာတဲ့အရပ် ဖြစ်သင့်တယ်။ အဲ့သလောက် ရှည်ရှည်ဝေးဝေး ရှင်းပြနိုင်တယ်ဆိုရင် ကိုယ့်ဆီမှာ အလကားနေ “ခွဲမှာပဲ။ ခွဲမှာပဲ။ ငါ့ကိုလာမတားနဲ့။” ဆိုတဲ့ အခြေအနေမျိုး မဟုတ်မှန်း သဘောပေါက်လောက်ပါပြီ။

နောက်တစ်ခုကတော့ ကိုယ့်ဘာသာပဲ ခွဲခွဲ၊ သူများကပဲ ခွဲခွဲ၊ မေ့ဆေး ထုံဆေးကတော့ ပေးရပါတယ်။ အဲ့ဒါတွေရဲ့ ဘေးထွက်ဆိုးကျိုး အန္တရာယ်ကိုလည်း ကာကွယ်ရတယ်၊ ကိုင်တွယ်ရတယ် မဟုတ်လား။ ကိုယ့်လစ်မစ်ကိုယ် သိထားရပါတယ်။ ကိုယ်ထိမ်းထားနိုင်ရင် လွန်ရောကျွံရော ၂ နာရီသာသာပဲ။ ၂ နာရီကျော် ကြာလာရင် အာနိသင်ပြယ်ပြီး ယမ်းခါလာပါတယ်။ ဒါကြောင့်မို့ လုပ်စရာရှိတာတွေကို အီလေးမဆွဲပဲ မှန်မှန် နဲ့ မြန်မြန် လုပ်ဖို့ လိုပါတယ်။ အထူးသဖြင့်တော့ သွေးထွက်နေတဲ့ ကိစ္စတွေကို စိမ်ပြေနပြေ တို့ပတ်ရိုက်ပြီး ဟိုနားလေးလား သည်နားလေးလား explore မလုပ်နိုင်ပါဘူး။ pressure ကျလို့ သွေးလိုရင်လည်း ကိုယ်ကိုယ်တိုင် အပြင်ရောက်မှ သွေးထုတ်ယူလို့ ရမှာပါ။ ဒါတောင် donor က stand by ရှိဦးမှ။ ဘာ့ကြောင့်တိတ်တိတ် သွေးတိတ်အောင် အရင်လုပ်ပြီး damage control surgery ကို ထွက်ပေါက်ရအောင် ယူရပါတယ်။ အဲ့ဒါမရရင် အရှင်ထွက် ထွက်နိုင်မှာမှ မဟုတ်တာ။ ခွဲခန်းထဲမှာ အဖိတ်အစင် မခံနိုင်တာ ကိုယ့်အတ္တ လို့ ပြောရင်လည်း အဲ့ဒီအတ္တက ကိုယ် စွန့်လွှတ်လို့ မရတဲ့ အတ္တပါ။ “on table” ဆိုတဲ့ အိပ်မက်ဆိုးတွေဟာ surgeon တစ်ယောက်ကို သေရာပါအောင် ခြောက်လှန့်နိုင်ပါတယ်။ ခဏခဏကြုံဖူးလို့ ရိုးသွားရင်တော့ မပြောတတ်ဘူးပေါ့။ အဲ့လိုကိစ္စမျိုးတွေဟာ ပစ္စည်းကိရိယာ မပြည့်စုံတဲ့ တောကြိုအုံကြားက ခွဲခန်းကလေးထဲမှာတောင်မှ ကိုယ့်ဘက်က အဖြစ်မခံနိုင်ပါဘူး။ မနိုင်ရင် အစကတည်းက မခွဲပဲနေမယ်။ ခွဲလိုက်တော့မှ အန္တရာယ်ဖြစ်လို့ မရဘူး။ ဒါကြောင့်မို့လို့ ကိုယ်ခွဲနေတုန်း လေယာဉ်လာရင်တောင် ထွက်ကိုမကြည့်ဘူး။ ကျလည်း ကျပစေတော့။ မတတ်နိုင်။

ခွဲတဲ့စိတ်တဲ့သူဆိုတာ စိတ်လည်း တည်ငြိမ်ရတယ်။ အာရုံလည်း မများရဘူး။ ကျဉ်းထဲကြပ်ထဲရောက်လို့ ရှိရင်လည်း ထွက်ပေါက်ကို မှန်မှန်ကန်ကန် ရှာနိုင်အောင် လှစ်လှစ်ကလေး အကင်းပါးရတယ်။ အဓိက ကတော့ လူနာအပေါ် စေတနာမှန်ရတယ်။ မသိတာ မတတ်တာ သင်ပေးပြပေးလို့ရတယ်။ အကျင့်တွေ စရိုက်တွေကတော့ ကိုယ့်ဘာသာ ပြုပြင်ယူမှပဲ ရမယ်။ နို့မို့ တစ်သက်လုံး သည်အတိုင်းပဲ သွားတာ။ အေးပေါ့လေ။ ကိုယ့်အကြောင်းကိုယ် ရေးတာပဲ။ အကောင်းချည့် ရှာကြံရေးလို့ရတာပေါ့။ ဒါပေသိ surgeon တစ်ယောက်ရဲ့အကြောင်းကိုတော့ သူ့ဘာသာ ရေးလို့မရသလို သူများကို ပိုက်ဆံပေးပြီး အရေးခိုင်းလို့လည်း မရပါဘူး။ သူ့အလုပ်ရဲ့ ရလပ်က အဖြူအမည်း သဲသဲကွဲကွဲ ထွက်လာတာပဲဟာ။ သူ့အကြောင်းသိချင် သူခွဲထားတဲ့လူနာတွေ၊ သူ့လုပ်ဖော်ကိုင်ဖက်တွေက ရေးထားတဲ့စာကိုဖတ်ရင် ရတာပေါ့။

ဒီအကြောင်းတွေ ဘာလို့ ဒီမှာရေးနေတာလဲ။ ခွဲခန်းထံမှာ အမှားအယွင်း အဖိတ်အစင် ရှိလို့လား ဆို စိတ်ပူနေကြပါဦးမယ်။ မပူပါနဲ့။ ဒါ ကိုယ့်ကိုယ်ကိုယ်လည်း သံပါတ်တင်းတာ။ ကိုယ့်အောက်က အငယ်တွေကိုလည်း သတိပေးတာ သင်ပြတာ သက်သက်ပါ။ ကိုယ်တို့အခု မေ့ဆေးစက်နဲ့ လူနာကို ကိုယ့်ဘာသာ မေ့ဆေးပေးနိုင်ဖို့ လေ့ကျင့်နေကြတယ်။ ဒီအလုပ်ကို ချောချောမွေ့မွေ့ လုပ်နိုင်ဖို့ ကိုယ်တို့မှာ မေ့ဆေးတွေ တွေးသလို တွေးတတ်တဲ့ မေ့ဆေးနှလုံးသား ရှိရမယ်။ patient safety ကို နားလည်ထားရမယ်။ အဲ့ဒါအတွက် tuning ဝင်အောင် ကြိုးညှိနေတာ။ အံတီချိုပြုံးကြီး ကားရိုက်စကလို “အောင်မယ်။ notes ကြီးများနဲ့တောင် ရေးထားပါလား။ မှန်းစမ်း။ သင်းသင်း ဆိုကြည့်ဦးမယ်။” ဆို သူများပညာရပ်ကို ပေါ့တီးပေါ့ဆ မလုပ်ပါဘူး။ “သင်းသင်းကို မဆိုတတ်ဘူး ထင်လို့လား။ အဟင်းဟင်း။” ဆို ကိုကျော်စွာကိုလည်း ဝင်မညုပါဘူး။ အမှားမခံတဲ့ ကိစ္စမို့ မှားကို မမှားစေရဘူး။ ခွဲစိတ်ခန်းအလုပ်ဆိုတာ team work ပဲ။ ကိုယ်တစ်ယောက်တည်း ရုန်းနေရုံနဲ့ မရဘူး။ သူ့အလုပ်နဲ့သူ ထောင့်စေ့မှ လည်ပတ်တယ်။ ကိုယ့်ဆီက ဆရာဝန်လေးတွေဟာ သင်ချင်တတ်ချင်တဲ့ စိတ်လည်း ရှိတယ်။ သင်ပေးပြပေးတဲ့သူလည်း ရှိတယ်။ စဉ်းစားပုံ စဉ်းစားနည်းလေးတွေ သဘောပေါက်သွားရင် စိတ်ချလက်ချ တာဝန်ပေးလို့ ရတာပေါ့။ တော်နေကြာ ဦးဖိုးစိန်ကြီး ဇာတ်စီးသလို သူ့ချည့်ပဲ ဆိုငိုနေတာပဲ။ သူများမင်းသား နေရာမပေးဘူး ထင်နေမစိုးလို့။ သင်ကိုသင်ပေးမှာပါဗျာ။ အောက်လူ တတ်မှ ကိုယ် သက်သာမှာ။ ပညာတွေ သေရွာသယ်မသွားပါဘူး။

ကိုယ်တို့ ဒီဘက်ခြမ်းမှာ ပျားတုပ်နေသလိုပါပဲ။ ဟိုဘက်မှာ ဆေးရုံက အင်ဂျင်နီယာလေးလည်း အဆောင်သစ်ဆောက်ဖို့ ဇယားတွေ ရှုပ်နေတယ်။ ခွဲခန်းဆောက်တုန်းကလို ဘယ်သူမှလည်း သူ့ကို မကူနိုင်။ လိုတဲ့ပစ္စည်းတွေကို မြို့တက်ဝယ်တဲ့အခါ ဝယ်ရတယ်။ “ဟယ် ပွတာပဲ။ တို့လည်းလိုက်မယ်။ ဆံပင်ညှပ်မယ်။ မုန့်စားမယ်။” လုပ်လို့မရ။ မမှောင်ခင် အရောက်ပြန်ရတာ။ ပြေးပြေးလွှားလွှား သွားသွားလာလာပဲ။ သူ့မှာလည်း သူ့စိန်ခေါ်မှု နဲ့ သူ။ လူနာစောင့်တွေ ဆေးရုံနံဘေးက ဆိုင်ကယ်နောက်တွဲပေါ်မှာ တာလပတ်လေးမိုးပြီး ချမ်းချမ်းစီးစီး အိပ်တာမြင်ရလို့ သူလည်းပဲ လူနာဆောင် မြန်မြန်ပြီးအောင် လောနေရတယ်။ အစောကြီးကတည်းက ကြိုမြင်လို့ ကြိုပြင်ထားပေမယ့်လည်း အကြောင်းကြောင်းကြောင့် last minutes ရောက်မှ ဖုတ်ပူမီးတိုက် လုပ်ရတယ်။ လယ်သမားတွေ စပါးကိစ္စပြီးပြတ်မှ ပန်းရံ လက်သမား လုပ်နိုင်မှာကိုး။

အမှန်မှာတော့ ကိုယ်က ဖြစ်ချင်တာတွေ သိပ်များလွန်းနေသလား မသိပါဘူး။ ဒီအရပ်မှာ ခွဲခန်း နဲ့ ဆာဂျင် အရမ်းခက်ခဲတယ်ဆိုတာ သိလိုက်ရတဲ့အတွက် ခွဲခန်းတစ်ခန်း ဖြစ်မြောက်အောင် စီစဉ်ရတယ်။ ဆေးဝါးပစ္စည်း ကိရိယာတွေ စုရတယ်။ လိုချင်တာတွေ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ပြည့်စုံအောင် ရှာရဖွေရတယ်။ မွေးလူနာတွေအတွက် အိုဂျီရအောင် ခေါ်ရတယ်။ အဲ့ဒီနောက်တော့ လူနာပေါင်းစုံလာတဲ့အခါ ကိုယ့်မှာလည်း ရှိသမျှ သိသမျှ အထူးကုသမားတော်ပေါင်းစုံဆီကို ဆက်သွယ်ချိတ်ဆက် အကူအညီတောင်းရတယ်။ ဒီကြားထဲမှာ မန္တလေးက ဆရာဝန်တွေ တသီကြီးအဖမ်းခံရတာ ကိုယ့်ရေးတဲ့စာတွေကနေ နောက်ယောင်ခံလိုက်တာပါလို့ သတင်းထွက်လာတဲ့အတွက် မဟုတ်တဲ့အကြောင်း ရှင်းပြရသေးတယ်။ ဒီလူတွေက သူနဲ့ အချိတ်အဆက် မဟုတ်ဘူးတဲ့ လို့ ရေးမိပြန်ရင်လည်း “ဒါဆိုရင် သူ့လူတွေ ကျန်လိမ့်ဦးမယ်။ ထပ်ဖမ်း။” ဆိုမှအခက်။ အမှန်တော့ ငွေညှစ်ချင်လို့ ရမယ်ရှာတာ သက်သက်ပဲ။ ဖမ်းတဲ့သူကို အပြစ်မတင်ပဲ “နင် ရေးလို့ ဖမ်းခံရကုန်ပြီ။” ဆို လာ ဆေးထိုးနေတယ်။ ကိုယ့်အတွက် နောက်ကွယ်က ကူညီပံ့ပိုးသူတွေ ဘေးရန်မကင်းဖြစ်မှာ မစိုးရိမ်ပဲ ဘယ်နေပါ့မလဲ။ ဒါပေမယ့်လည်း သူတို့အကူအညီမပါရင် ပြီးမှမပြီးတာ။ ဆက်ပြီး အပူလည်းကပ် အအေးလည်းကပ်ပါ့မယ်။ အရာအားလုံးဟာ တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေတာ လို့ ယုံကြည်ထားလို့ တတ်နိုင်သလောက် ဝိုင်းကြဝန်းကြတာပါ။ ကိုယ့်အကျိုးစီးပွါးအတွင်၊ လူသိထင်ရှား နံမည်ကြီးဖို့အတွက် ဘယ်သူ့ကိုမှ အသုံးမချပါဘူး။

စခန်းမှာ လူတိုင်းလူတိုင်းဟာ ကိုယ်နိုင်တဲ့ ဝန်ထက် ၂ ဆ ၃ ဆ ပိုထမ်းနေရတာချည့်ပါပဲ။ ကိုယ့်ဆီက ဆရာဝန်လေးနှစ်ယောက်ဆို OPD လည်း သူတို့ပဲ။ ward ထဲလည်း သူတို့ပဲ။ OT ထဲလည်းသူတို့ပဲ။ assist လည်း လုပ်ရတယ်။ spinal တွေ short GA တွေလည်း ပေးရတယ်။ လိုသလို သုံးတာ။ OT ထဲရော ward ထဲရော အတွက် SN ဆရာမလေးတစ်ယောက်တည်းက အကုန်ထိန်းထားရတယ်။ သူ့အောက်က အငယ် ကလေးမလေးတွေ အားလုံး သူနာပြုအလုပ်တွေ သင်ပေးပြပေး ထားတာ အကုန်မျက်နှာလွှဲရတဲ့အထိပါပဲ။ တစ်ဦးတည်းသော ယောက်ကျားလေး ကျပြန်တော့လည်း အောက်ဆီဂျင်အိုးတပ်၊ မီးစက်နှိုး၊ ရေတင်၊ ပိုးသတ်ဆေးဖြန်း၊ လူနာသယ်ပို့၊ အကုန်လုပ်ရတာပဲ။ ဘယ်သူမှ ခိုကပ်နေလို့ မရ။ အကုန်လုံး တက်ညီလက်ညီနဲ့မို့သာ အခုလောက် အဆင်ပြေပြေ မြန်မြန်ဆန်ဆန် လည်ပတ်လှုပ်ရှားနိုင်တာ။ တစ်ဦးကောင်း တစ်ယောက်ကောင်း ဆိုတာ အိမ်မက်မက်လို့ပဲ ရမယ်လေ။ အလုပ်လုပ်လို့ ဘယ်ရမလဲ။

အညာမှာ အလှူအိမ်တွေမှာ ဖိုကြီးထတော့ ရေအိုးတွေ တစ်လုံးပြီးတစ်လုံး ခေါင်းပေါ်ရွက် က ကြတယ်။ အဲ့လို က နိုင်ဖို့ တစ်လုံးရွက်ပြီးကျင့်၊ အဆင်ပြေပြီဆိုတော့ နောက်တစ်လုံးရွက်ပြီး ထပ်ကျင့်။ ဒီလိုနဲ့ ရေအိုး ခုနစ်ဆင့်လောက် ရွက်လာနိုင်တယ် မဟုတ်လား။ ကိုယ်တို့အားလုံးလည်း ရေအိုးတွေ တစ်လုံးပြီးတစ်လုံး ရွက်ကျင့်ပြီး နိုင်ရာတာဝန်ကို ထမ်းနေတယ် လို့ပဲ သဘောထားပါတယ်။ သူများလုပ်အားကို ကြံရည်ညှစ်သလို ညှစ်ထုတ် ခိုင်းစေနေတယ် လို့တော့ မထင်ပါဘူး။ ဘယ်သူမှ လာမကူတဲ့ဘဝမှာ ကိုယ်ထူမှ ကိုယ်ထရမှာမို့ပါ။ ဒီခြေလှမ်းကို မရရအောင် ကျားကုတ်ကျားခဲ လှမ်းပြီးတဲ့အခါ ဒါပြီးရင် နောက်တစ်လှမ်း ထပ်လှမ်းဦးမယ် ဆိုတာလည်း အားလုံး သဘောပေါက်ထားပြီးသားပါ။ ပန်းတိုင် မရောက်မချင်းပေါ့။ ဒီလိုပဲ အားတင်းထားတယ်လေ။ “ချစ်သေးရင် ဖိုက်တင်းလို့ မန့်သွားပေး။” လို့တော့ မတောင်းဆိုပါဘူး။ ဘယ်သူမှ အားမပေးလည်း ကိုယ့်ဘာသာ ဆက်လုပ်ဦးမှာပဲဟာ။