ချန်ဂင်တို့စခန်း (၁၃၈)

ခုရက်ပိုင်း စာသိပ်မရေးနိုင်ပါဘူး။ လိုင်းကလည်း သိပ်မကောင်း။ ပြတ်တောင်းပြတ်တောင်းနဲ့ရယ်။ အဲ့ဒီ မကောင်းတဲ့လိုင်းနဲ့ပဲ စိတ်ရှည်လက်ရှည် အလုပ်တွေပြီးအောင် လုပ်ရပါတယ်။ လူနာတွေကလည်း များလိုက်တာမှဆိုတာ တနေကုန်ကို မနားရပါဘူး။ ခွဲလူနာကလည်း နေ့တိုင်း ၃-၄ ယောက်လောက် ဝင်နေရတာ။ waiting list နဲ့ ထားနေရပါပြီ။ လူနာကုတင်မလွတ်တော့လို့ တချို့လူနာတွေက ရွာထဲမှာ၊ စစ်ရှောင်စခန်းမှာ၊ နေပြီး မနက်တစ်ခါ ညတစ်ခါ သွေးတိုင်း၊ သွေးဖောက်၊ ဆေးထိုး လာကြရပါတယ်။ တချို့လည်း day care center ဆန်ဆန်ပဲ မနက်ဆေးရုံလာ ခွဲ။ ညနေ spinal ပြေတော့ ဆေးရုံဆင်းပြီး အိမ်ပြန်အိပ်ခိုင်းရတယ်။ အကုန်လုံးကတော့ ပြုံးပြုံးပျော်ပျော်ပါပဲ။ ကိုယ်တို့မှာတော့ ပင်ပန်းတာပေါ့။ ညဘက်ဆို ခါးတောင် ပြန်ပြန်နာတယ်။ အစားအသောက်ကတော့ လူနာတွေ လာလာပေးကြလို့ ဟင်းစိုဟင်းစိမ်း အလျှံပါယ်ပါပဲ။ ဒါပေမယ့် အလုပ်တဘက်နဲ့မို့ အားတဲ့သူ အားသလိုချက်ပြီး ကမန်းကတမ်း စားကြတယ်။ စားပြီးရင် အလုပ်က ရှိသေးတာကိုး။ လူပင်ပန်းတာထက် စိတ်ပင်ပန်းတာ ပိုပါတယ်။ စက်အသစ်ဆင်ပြီး လည်လည်ပတ်ပတ် အလုပ်လုပ်နိုင်အောင် လူရောစက်ရော ကျင့်နေရတယ်။ အဆောက်အဦ ဆောက်တဲ့ဆီက တစ်ဘက်၊ အလှူရှင်တွေက ရေသန့်စက် ၂ လုံး လှူပေးထားလို့ တပ်ရဆင်ရတာ တစ်ဘက်။ အများကြီး ရောက်လာသော်လည်း ခဏလေးနဲ့ ကုန်ကုန်သွားတဲ့ ဆေးနဲ့ဆေးပစ္စည်းတွေ ပြန်ပြန်ဖြည့်ရတာက တစ်ဘက်။ ဘယ်ဘက်ကမှ မလစ်ဟင်းအောင် စီမံနေရတာပဲ။ ဒီဘက်တကြောမှာတော့ လူတော်တော်များများ သိလာကြပြီပေါ့လေ။ တခါတခါမှာ ဘာမှ လုပ်ပေးလို့မရတဲ့ ပါးစပ်ခံတွင်းမေးရိုးကင်ဆာကြီးတွေ လာလာပြကြတာတော့ စိတ်မချမ်းသာစရာကောင်းပါတယ်။ ကုလို့များ ရနိုင်မလား လာလာပြကြည့်တာ တဲ့။ ရေမန်းလေးပဲ ပေးရ ကောင်းမလား။ ကြာရင် ငါတော့ ထူးခန့်ကျော် ဖြစ်တော့မှာပဲ။

တောင်ပိုင်းက ဆေးရုံကလေးတွေနဲ့ ဆေးတပ်ဖွဲ့တွေကတော့ ကိုယ့်ထက်အများကြီး ပိုပြီး အလုပ်များကြပါလိမ့်မယ်။ သူတို့ဘက်မှာတော့ ရေကုန်ရေခန်း သည်းသည်းမည်းမည်း တိုက်ခိုက်နေကြတာကိုး။ ခံစစ်ကနေ ထိုးစစ်အဖြစ်ကို သိသိသာသာ ပြောင်းခဲ့ပြီ။ မွန်၊ ကရင်၊ တနင်္သာရီ တကြောလုံးကို ပိတ်ဆို့ဖြတ်တောက်ပြီး ဆုတ်ခွါဖို့အတွက် ညောင်ခါးရှည်မှာ ပိုက်စိတ်တိုက်စစ်ဆေးနေသလား မသိ။ ကရင်နီ ဘက်ကဆင်းလာရင်လည်း နေပြည်တော် ကို ရောက်ဖို့ ဘာမှမဝေးဘူး။ အနီးလေးရယ်။ အညာသားတွေကလည်း မကွေးအထိ ရောက်လာပြီ။ အခုမှ နှစ်ဆန်းတာ ၇ ရက် တစ်ပါတ် ရှိသေး။ တပ်ထဲမှာ “မွင်းငါးမကျွေးရ၊ ဆွမ်းမသွပ်ရ။” အမိန့်ထုတ်နေရပြီ။ ရွေးကောက်ပွဲ လုပ်ဖို့ နေနေသာသာ ကိုယ့်နားထင်ကိုယ် သေနတ်နဲ့တေ့ပြီး နိုင်ငံတော်ဈာပနလုပ်ရင်တောင် လိုက်ပို့မယ့်သူ ကျန်မှာ မဟုတ်တော့ဘူး။ တကယ့်ကို “ကြင်စိုးနိဂုံး ၂၃” ကာလကို ရောက်ပြီ။

သူတို့ဘက်မှာ သူတို့ရင်ဆိုင်နေရတဲ့ စစ်ပွဲတွေ ရှိသလို ကိုယ့်ဘက်မှာလည်း ကိုယ့်ဘာသာ ရင်ဆိုင်ဖြေရှင်းနေရတဲ့ စိန်ခေါ်မှု အခက်အခဲတွေရှိပါတယ်။ လူနာတွေကို ခွဲရစိတ်ရတာကလည်း ကိုယ့်အတွက်တော့ စစ်ပွဲတစ်ပွဲပဲ မဟုတ်လား။ အခါခပ်သိမ်း လွယ်ကူအဆင်ပြေတဲ့ operation ဆိုတာတော့ ဘယ်ရှိမလဲ။ ခဲရာခဲဆစ် သက်စွန့်ဆံဖျားတွေကို risk ယူရတာလည်း ရှိတာပဲပေါ့။ တကယ်ဆိုရင် အဲ့လောက်ထိ ခေါင်းစားစရာမှ မလိုတာပဲကို။ “မေ့ဆေးဆရာဝန် မရှိဘူးလေ။ လုပ်လို့ရသလောက်ကလေး လုပ်ပေးမယ်။ မရတာတော့ မတတ်နိုင်ဘူး။” လို့ ရှင်းပြလိုက်ရင် ဘာပြဿနာမှ မရှိပါဘူး။ ကိုယ်ဝင်လုပ်လို့ အမှားအယွင်း ရှိရင်သာ ပြဿနာတက်မှာ မဟုတ်လား။

ကြောက်တတ်ရင် ဝန်ကင်းမှန်း သိပါတယ်။ သို့သော်လည်း ဘယ်သူမှ ထမ်းမယ့်သူမရှိလို့ ဝင်ထမ်းရတာလေ။ မကြောက်လို့တော့ ဘယ်ဟုတ်မလဲ။ ဒီလိုသာ နေသာသလို နေတတ်ထိုင်တတ်ရင် CDM တောင် လုပ်စရာမလိုဘူး။ ဘေးမကင်းမှန်း သိပေမယ့် အမှားအယွင်း မရှိစေဖို့ ကိုယ့်တာဝန်ကိုယ်ယူပြီး စွန့်စားလာခဲ့တဲ့ကိစ္စက အခုမှ လုပ်ဖူးတာ မဟုတ်ဘူးလေ။ သူများအသက်မို့ လက်လွတ်စပယ် မလုပ်ဘူး။ ကိုယ့်အသက်ကိုယ်လည်း အခုလိုပဲ အရင်းအနှီးထားပြီး စွန့်စားတယ်။ အဲ့ဒါကြောင့် game ကစားသလို level တွေ တစ်ဆင့်ပြီးတစ်ဆင့် တက်လာခဲ့လို့ ပို၍ခက်ခဲသော အတားအဆီးများကို ကြုံလာလည်း “This too shall pass.” ဆိုတဲ့စိတ်နဲ့ တစ်ခုပြီးတစ်ခု ဖြတ်သန်းနေတယ်။ ဂုဏ်ဖော်တာလည်း မဟုတ်၊ ငြီးငြူတာလည်း မဟုတ်ပါဘူး။ လက်ဝှေ့သမားများ လက်ပန်းပေါက်ခတ်သလို ကိုယ့်ကိုယ်ကိုယ် အားပေးတာ အားတင်းတာ သက်သက်ပဲ။ ပင်ပန်းတာတွေ မေ့သွားပြီး ယောက်ကျားဘသား တက်ကြွလာတာပေါ့။ နိန္နံ၊ ပသန္တံ၊ သုခံ၊ ဒုက္ခံတွေအတွက် အဲ့လောက်ကြီးတော့ အပင်ပန်း မခံပါဘူး။

ဘုရားဟော ကိုက “သဗ္ဗေ သင်္ခါရာ အနိစ္စ။” လို့ပဲပါတယ်။ အရာရာကို ကိုယ်လိုချင်သလို ပြောင်းလဲပြုပြင်လို့ အစဉ်အမြဲ မရဘူး။ ကိုယ့်ကိုယ်ကိုယ်တောင် ကိုယ့်စိတ်တိုင်းကျ ပြုပြင်ခြယ်လှယ်လို့ မရနိုင်မှန်း သိရင် သူများတွေကို အလိုမကျ၊ အပြစ်တင် ငြူစူနေလို့လည်း အဓိပ္ပါယ် မရှိဘူး။ ကိုယ် လုပ်နိုင်တာ ကိုယ့်ကိစ္စ။ သူများတွေ လုပ်ချင်လုပ်၊ မလုပ်ချင်နေ။ အဲ့ဒါ သူတို့ကိစ္စ။ ကြောက်တတ်သူက ကြောက်တတ်သလောက်ပဲ ခြိမ်းခြောက်ဖိနှိပ်သူအောက်မှာ ဆက်နေလိမ့်မယ်။ ဘယ်သူ လုပ်လုပ် မလုပ်လုပ် ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေမယ်။

အခုချိန်မှာ “CDM လုပ်တဲ့သူနဲ့ မလုပ်တဲ့သူ ဘယ်သူက ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေတာလဲ။” ဆိုတာ တော်တော်လေးကို အငြင်းပွါးဖွယ်ရာဖြစ်တဲ့ အကြောင်းအရာတစ်ခုပဲ။ ကိုယ့်အတွက် အဖြေကတော့ CDM လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ၊ ကိုယ့်အလုပ်ကိုယ်ဆက်လုပ်တယ်ဆိုတာ ပါးစပ်ကပြောတဲ့စကားမှ မဟုတ်တာ။ လက်ကလုပ်တဲ့အလုပ်က သက်သေပြပြီးသားပဲ။ ကိုယ့်အလုပ်က ဘာလဲဆ်ုတာ ကိုယ့်ဘာသာ ရှင်းရှင်းလင်းလင်း သဘောပေါက်ဖို့ပဲလိုတာ။ ဆေးခန်းထိုင်တဲ့ ဆရာဝန်တွေကို လိုက်ဖမ်းတာ သူ့အလုပ်သူလုပ်တာပါ လို့ ဗိုလ်ကတော် ဆရာဝန်မကြီးကတော့ ထင်မှာပေါ့။ ဒါဆိုလည်း သူလုပ်နေတာ ဆရာဝန်အလုပ်တော့ ဘယ်ဟုတ်မလဲ။ ပုဆိန်ရိုးအလုပ်လို့ပဲ ရလပ်အရ စကားပြောရမှာပေါ့။အကြောင်းကြောင်းကြောင့် CDM မလုပ်ပေမယ့် ကိုယ့်ဆေးရုံက ကုသရေးအလုပ်တွေမှာ နောက်ကွယ်က တတ်အားသမျှ ပံ့ပိုးကူညီကြတဲ့ အထူးကုဆရာဝန်တွေ အများကြီး ရှိပါတယ်။ ဒီဆေးရုံမှာ သူတို့ ကိုယ်စွမ်းဉာဏ်စွမ်းတွေလည်း အများကြီးပါတယ်။ နိုင်ငံခြားကိုရောက်နေတဲ့ ဆရာဝန်ပေါင်းများစွာရဲ့ အင်အားစိုက်ထုတ်မှုတွေလည်း အများကြီးပေါ့။ ကံ၊ ကံ၏အကျိုး ဆိုတာ အလုပ် နဲ့ အလုပ်ရဲ့ ရလပ်ပဲ။ အပြော မှ မပါတဲ့ဟာ။ အဲ့ဒါကြောင့် ကိုယ့်အလုပ်ကိုယ်လုပ်တယ်ဆိုတာ CDM တွေ non CDM တွေ ခွဲပြီး မမြင်ပါဘူး။ သူ ဘာလုပ်နေသလဲ ဆိုတဲ့အပေါ်ပဲ မူတည်တယ်။ တစ်ခုတော့ ရှိတာပေါ့။ လမ်းချင်းတူမှ လူချင်းတွေ့တယ်လေ။ ခုချိန်ထိ ကိုယ်နဲ့ ပြောဆိုဆက်ဆံ ကူညီထောက်ပံ့ပေးနေတဲ့ သူငယ်ချင်းတွေ ရှိသလို ဘယ်သူမှ မသိအောင် သူတို့အချင်းချင်းပဲ တိတ်တိတ်ကလေး ခြံထဲမှာ တွေ့ကြတဲ့ အသိုင်းအဝိုင်းလည်း ရှိတာပေါ့။ သူတို့ စကားဝိုင်းထဲမှာတော့ ကိုယ်က နှစ်ပြားမတန်တဲ့ကောင်၊ နီပိန်းလော်ဘီပဲ ဖြစ်စရာ ရှိတယ်။ သူတို့လည်း ကိုယ့်ကို သနားတယ်။ ကိုယ်လည်း သူတို့ကို သနားတယ်။ ဒါလောက်ပဲ။

ပြန်စဉ်းစားကြည့်ရင် ကိုယ့်ရဲ့ ဝါသနာ၊ ဗီဇ ကိုက အမြတ်အစွန်း ရှိရှိ မရှိရှိ၊ ကိုယ်လုပ်ချင်တာ မဖြစ်ဖြစ်အောင် လုပ်ရရင် စိတ်ချမ်းသာတတ်တဲ့အမျိုး လို့ ထင်တာပဲ။ လွယ်ကူသက်သာ အဆင်ပြေတဲ့ သမားရိုးကျ အလုပ်တွေကို တင်းတိမ်ရောင့်ရဲလေ့ မရှိဘူး။ Surgeon’s Conference တစ်ခုမှာ ဖျော်ဖြေရေး အစီအစဉ်တစ်ခုခု လုပ်ပါ ဆိုတော့ တီးပေးမယ့်သူခေါ်ပြီး လွယ်လွယ်ကူကူ သီချင်း တက်ဆိုလိုက်ရင် ရလျက်သားနဲ့ ထွေးဦး (မြန်မာ) မှာ ရုပ်သေးကြိုးဆွဲ သွားသင်၊ ၂ လလောက် လေ့ကျင့်ပြီးမှ သူငယ်တော် အရုပ်နဲ့ တက်က ပစ်တယ်။ တစ်ပြားမှ မရတဲ့ အလုပ်တစ်ခုအတွက် အချိန်တွေပေး၊ ပိုက်ဆံအကုန်အကျခံပြီး (ရုပ်သေးအရုပ်ကလေးတစ်ရုပ်တော့ ဝယ်ရတယ်လေ) ကြိုးစားပန်းစား လုပ်နေလို့ သမီးကတောင် လူမိုက် လို့ အားပေးစကား ပြောဖူးသေး။ ဟုတ်တယ်လေ။ အဲ့ဒီအလုပ်က အကျိုးအမြတ် ဘာရသလဲ မေးရင် ဘာတစ်ခုမှ ပြစရာ မရှိပေမယ့်လို့ ကိုယ် လုပ်မယ် လို့ စိတ်ကူးထားတဲ့ အလုပ်တစ်ခု မဖြစ်ဖြစ်အောင် လုပ်ပြနိုင်တဲ့ စိတ်ကျေနပ်မှုက ကိုယ့်အတွက်တော့ ဘာနဲ့မှ မလဲနိုင်ဘူး မဟုတ်လား။ သူပြောသလို လူမိုက် ဆိုလည်း လူမိုက်ပေါ့။ ချစ်လူမိုက် ချစ်လို့မိုက်ပါတယ်။ ဘာဖြစ်သေးသလဲ။ ကိုယ့်အတ္တကိုယ် အရောင်တင်နေတယ် လို့ ပြောချင် ပြောနိုင်ပေမယ့် အဲ့ဒီကိုယ့်အတ္တဆိုတာကိုက ကိုယ့်အကျိုးစီးပွါးအတွက် မဟုတ်ပဲ ကိုယ်မှတပါး အခြားသောသူတွေ ရရှိခံစားနိုင်စေဖို့ အရောင်တင်ပေးတာမို့ တစ်ကိုယ်ကောင်းဆန်တယ် လို့တော့ မပြောနိုင်ပါဘူး။ သို့သော်လည်း မိသားစုတာဝန်မကျေပဲ ကိုယ်လုပ်ချင်တာတွေ လျှောက်လုပ်နေတာတော့ မငြင်းသာဘူးပေါ့။ ဖယောင်းတိုင်ဆိုတာလည်း သူ့အရိပ်နဲ့သူ မှောင်တဲ့နေရာ ရှိပါလိမ့်မယ်။

အခုလည်းပဲ ကိုယ်လုပ်နေတဲ့အလုပ်တွေဟာ ကိုယ့်အတွက် အကျိုးအမြတ်၊ ကိုယ့်မိသားစုအတွက် အကျိုးအမြတ် ရှိလို့လား။ ထားပါတော့လေ၊ စိတ်ရင်းအတိုင်း အမှန်ကို ပြောရရင် လူနာတွေရဲ့ အကျိုးအမြတ်၊ တိုင်းပြည်အတွက် အကျိုးအမြတ် လို့တောင် လူကြားကောင်းအောင် အသံကောင်း မဟစ်လိုပါဘူး။ အဲ့ဒါတွေက ကျွဲကူးရေပါတွေပါ။ တကယ်တမ်းကျတော့ ကိုယ်လုပ်ချင်တဲ့အလုပ်မို့လို့ မဖြစ်ဖြစ်အောင် လုပ်တဲ့ ဝါသနာအတိုင်း တစိုက်မတ်မတ် လုပ်နေတာပဲ မဟုတ်လား။ ကိုယ်ဟာ စည်းစိမ်ချမ်းသာတွေ မျှော်ကိုးပြီးတော့ မချစ်မနှစ်သက်သူတွေနဲ့ နေလေ့ မရှိဘူး။ ဒါကြောင့်မို့ အာဏာသိမ်းစစ်တပ်ရဲ့အောက်မှာ ကျိုးနွံစွာနေဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ သူတို့ကို အရှုံးလည်း မပေးဘူး။ အညံ့လည်းမခံဘူး။ ကိုယ်လုပ်ချင်တဲ့အလုပ်တွေကို သူတို့ ဘယ်လိုပင် တားဆီးပိတ်ပင်သည်ဖြစ်စေ၊ ကိုယ့်ဘက်ကတော့ မရ ရအောင် လုပ်မှာပဲ။ ဒါသည်ပင် ကိုယ့်ရဲ့တော်လှန်ရေး။ သည်ကနေ့ သည်အချိန်အထိ ရှင်သန်နေတယ်၊ လွတ်မြောက်နေတယ်၊ ကိုယ်လုပ်ချင်တာ မှန်သမျှ ရအောင် လုပ်နိုင်တယ်ဆိုတာ ကိုယ့်ရဲ့အောင်ပွဲပဲ။ ကျားသနားလို့ နွားချမ်းသာတာ မဟုတ်ဘူး။ သူတို့ဘက်ကသာ မတတ်နိုင်လို့ လက်မှိုင်ချရတာ။ တနိုင်ငံလုံးကို အာဏာသိမ်းလို့ ရချင်ရမယ်။ ကိုယ် စာရေးနေတဲ့ စာမျက်နှာတစ်ခုကို ရပ်တန့်သွားအောင် သူတို့ မလုပ်နိုင်ပါဘူး။ အဲ့ဒါက မတ်မတ်ကြူအပြားကြီး ရွှေကွပ်ပြီး လည်ပင်းဆွဲပေးတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေထက် အများကြီးသာတာပေါ့။ ကျေနပ်တယ်လေ။ ကိုယ်ကျေနပ်လို့ ကိုယ်လုပ်တာ။ ဘယ်သူ့အတွက်မှ မဟုတ်ဘူး။

ရှေ့လျှောက်ပြီးလည်း ဆက်လုပ်နေဦးမှာပါ။ Nothing’s gonna stop us now. ဘယ်သူတွေ ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ။ အများသူငါ ချီးမွှန်းသည်ဖြစ်စေ၊ ကဲ့ရဲ့သည်ဖြစ်စေ။ ချစ်ခြင်းမုန်းခြင်းတို့ကို ပမာမထားပဲ စိတ်ထဲရှိတဲ့အတိုင်း စိန်ခေါ်မှုအခက်အခဲတွေ တစ်ခုပြီးတစ်ခု ကျော်ဖြတ်ရမှာပေါ့။ ငယ်ငယ်တုန်းက စနေမောင်မောင် ဝတ္ထုတွေ တမ်းတမ်းစွဲ ဖတ်ရတဲ့အခါ ဘာမဟုတ်တဲ့ ငှက်တော်တစ်ကောင်နောက်ကို ရေဆုံးရေဖျား လိုက်ရတဲ့အလုပ်ကို နားမလည်နိုင်ခဲ့ဘူး။ “အဲ့ဒါက ဘာစောင်ရေးကြီးသလဲ။ ပြော။” ဆို အကိုလေး မင်းမော်ကွန်း ဆူသလို ဆူပလိုက်ချင်တာ။ သို့သော်လည်း ဒီအသက်ဒီအရွယ်ကြီးရောက်တော့မှ ကိုယ်ဟာ အဲ့သလိုမျိုး စိတ်ထဲရှိရာ အလုပ်တွေကို အိုးပစ်အိမ်ပစ်၊ သားပစ်မယားပစ်၊ ပစ်ပြီး တစိုက်မတ်မတ် လိုက်လုပ်နေတဲ့ စနေမောင်မောင် နေရာကို ရောက်မှန်းမသိ ရောက်နေမှန်း တွေ့ရတယ်။ ဂန္ဓာရီခရီးစဉ်ကြီး လှည့်လည်နေရသလိုပေါ့နော်။ ဘာပဲပြောပြော အဆုံးသတ်မှာတော့ ပြည်တော်ဝင် စနေမောင်မောင် နဲ့ ဇာတ်သိမ်းရတာပါလေ။ ဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေဟာ ဘဝကို လွှမ်းမိုးတတ်မှန်း အစက မသိခဲ့ဘူးကွယ်။ ဒီလိုမှန်းသိ ရတနာဝင်းထိန် တွေချည့် ဖတ်ခဲ့တာပေါ့။ အဟင်း။