ချန်ဂင်တို့စခန်း (၁၃၇)

မနေ့ညကတော့ သန်းခေါင်ကျော် ၂ ချက်တီးကာမှ အဖွဲ့လိုက်ကြီး ဆေးရုံကို ပြန်ရပါတယ်။ “အရေးမကြီးရင် မနက်မှ လာပါလား။” လို့ ပြောရအောင်ကလည်း လူနာက ဗိုက်ကြီးသည်။ ဗိုက်နာနေပြီဆိုတော့ ပြန်ရမှာပေါ့။ “ခေါ်လာခဲ့လေ။ ဆေးရုံကို။” ဆိုတော့ “ခေါ်စရာ မရှိဘူး။ စစ်ရှောင်စခန်းမှာ နေတာ။ ပို့မယ့်သူလည်း မရှိ။ သားအမိ နှစ်ယောက်တည်းရယ်။” တဲ့။ ဖြစ်မှဖြစ်ရလေ။ ဆံထုံးလည်းစိုက် ဆီလည်းစိုက်။ အနှီးတွေ ကလေးအဝတ်အစားတွေပါ စိုက်မွေးပေးရုံနဲ့တောင် မရသေးပါလား။ ဖုတ်သွင်းရထားနဲ့ပါ သွားပင့်ရတဲ့ မဟာဇနက္ကဗိုက်နဲ့ လာတိုးနေတယ်။ သည်းညည်းခံရတာတွေလည်း မိုင်ကုန်နေပါပြီ။ စိတ်တိုပေမယ့်လည်း သွားခေါ်ရတာပါပဲ။ စစ်ရှောင် စခန်းဆိုတော့ ဒုက္ခသည်ပဲ ဥစ္စာ။ အိပ်ရေးပျက်တာတော့ ကိုယ်တွေတင် မကပါဘူး။ ဆေးရုံရှိသမျှ လူနာတွေ အကုန် လန့်နိုးတယ်။ အော်လိုက်တာမှ အသံကို ကုန်ရော။ Due date နီးတဲ့ ဗိုက်တွေက စစ်ရှောင်စခန်းမှာ staycation နေပြီး ဗိုက်နာတော့မှ ဆေးရုံတက်ဖို့ စောင့်ကြပေမယ့် ညကြီးအချိန်မတော် နာတဲ့အခါ ဆေးရုံက ကားနဲ့ပါ လိုက်ခေါ်မွေးပေးဖို့ဆိုရင် ambulance ရော ဒရိုင်ဘာပါ ရှာထားပေးမှ ရမယ်။ နို့မို့ဆို သူတို့ဗိုက်နာတိုင်း ဒီကသွားသွားပင့်ရအောင် ကိုယ်နဲ့ရတဲ့ဗိုက်လည်း တစ်လုံးမှ ပါတာ မဟုတ်။ အရေးပေါ်မို့ လုပ်ပေးလိုက်ပေမယ့် ဒါ ကိုယ်တို့ လုပ်ရမယ့် အလုပ်တော့ မဟုတ်ဘူး။ လုပ်ပေးမှန်းသိရင် အကျင့်က ပါဦးမယ်။

ရာသီဥတုက ညဘက်ဆို အေးရတဲ့ကြားထဲ အရေးပေါ်လူနာလာရင် ချမ်းချမ်းစီးစီး ထကြည့်ရတာကိုက အဆင်မပြေဘူး။ ဒါပေမယ့်လညး ဘယ်လိုလုပ်မလဲ။ ဆေးရုံဖွင့်ထားရင် 24 hour service တော့ ပေးရမှာပဲ။ ခက်တာက နေ့ဘက်မှာကြည့်နေတာလည်း ဒီဆရာဝန်တွေပဲ။ ညဘက်မှာ ဆက်ကြည့်ရတာလည်း ဒီဆရာဝန်တွေပဲ။ တစ်လလုံးနေနေ တစ်နှစ်လုံးနေနေ ပိတ်ရက် တစ်ရက်တောင်မှ ရကြတာလည်း မဟုတ်။ ပိုက်ဆံယူပြီး ကုနေတာလည်း မဟုတ်။ ဆေးတွေကုန်သွားတာ ပြန်ဝယ်လို့ ရနိုင်တယ်။ စိတ်တွေကုန်သွားရင် ပြန်ဆယ်လို့ မရတော့ဘူး။

ဒါပေသိ မသိတတ်တဲ့ လူနာ တစ်ယောက်တလေ အတွက်တော့ ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေ အထိခိုက် မခံနိုင်ပါဘူး။ အခု တစ်နှစ်စာ စာရင်းချုပ်ပြီးပြီ။ ပြီးခဲ့တဲ့ နှစ်အတွင်း လူနာ ၅၄၆၄ ယောက် ဆေးကုပေးခဲ့တယ်။ ၃၂၃ ယောက် ဆေးရုံတင်ထားခဲ့တယ်။ ၁၅၈ ယောက် ခွဲပေးခဲ့တယ်။ ကလေး ၄၆ ယောက် မွေးပေးခဲ့တယ်။ ဒီလောက် အလုပ်ကြီးအကိုင်ကြီး လုပ်ပြီးမှ လူတချို့ကြောင့် သံပုရာတစ်ခြမ်းနဲ့ အချေမခံနိုင်။ အရှိန်ရနေမှပဲကို။ အဆောင်သစ်တွေတောင် ထပ်ဆောက်ဖို့ လုပ်နေပြီ။ မသိတတ်တဲ့ လူနာအပေါ် စိတ်တိုခြင်း စိတ်ဆိုးခြင်းက ကိုယ့်တစ်ယောက်တည်းရဲ့ personal emotion ။ ဒီနေရာ ဒီအရပ်မှာ ပစ္စည်းကိရိယာ စုံစုံလင်လင်နဲ့ referral hospital ကလေး ဖြစ်ဖို့က အချိန်ကာလ နေရာဒေသရဲ့ လိုအပ်ချက်အရ မဖြစ်ဖြစ်အောင် ကြိုးစားလာရတဲ့ ရည်မှန်းချက်။ vision တွေ mission တွေ ပြန်ကြည့်ရတာပေါ့။ လမ်းပျောက်သွားလို့တော့ ဘယ်ဖြစ်မလဲ။

တကယ့်တကယ်တော့ အဲ့ဒါ လူအင်အား မလုံလောက်တဲ့ ပြဿနာပါ။ ပစ္စည်းက ပိုက်ဆံရှိရင် ဝယ်ဖြည့်လို့ ရတယ်။ တက်လာတဲ့ လူနာအင်အားနဲ့ အလုပ်လုပ်နိုင်တဲ့ ဆေးရုံကအင်အား မမျှတဲ့အခါ exhausted ဖြစ်လာတဲ့ သဘောပါပဲ။ နောက်လာမယ့်ဆရာဝန်တွေ ရှာပြီး သူတို့ကို လက်ခံနိုင်မယ့် capacity တိုးချဲ့ရဦးမယ်။ ဆေးရုံဆိုတာ လူနာဆောင်တစ်ခုတည်း တိုးချဲ့လို့ရတဲ့အရာမှ မဟုတ်ပဲကိုး။ အခုဟာက အရာအားလုံး ကိုယ်တစ်ယောက်တည်း လိုက်စီမံနေရတဲ့အခါ ဘယ်လောက်ပဲ ကြိုးစားကြိုးစား လစ်ဟင်းတာတော့ ရှိမှာပဲ။ ညဘက်ပြန်မကြည့်နိုင်တုန်း ရောက်လာတဲ့ လူနာတစ်ယောက် ဆုံးသွားဖူးတဲ့အခါ နောက်တစ်ခါတော့ သွားကြည့်မယ်လို့ စိတ်ပိုင်းဖြတ်ထားတဲ့အတိုင်း နေ့စေ့လစေ့ မွေးလူနာ ဗိုက်နာလို့ ဆေးရုံလာတယ်ဆိုရင် သွားကြည့်ရမှာပဲ။ ဒါ အရေးပေါ်လေ။ ဒီအတွက်တော့ စိတ်တိုစရာ အကြောင်း မရှိဘူး။ လူနာက ဒီရွာက မဟုတ်ဘူး။ စစ်ပြေးဒုက္ခသည်မို့ စစ်ရှောင်စခန်းကို ရောက်နေတာ။ သူ့အိမ်သူ့ယာ မဟုတ်။ သူ့ယောက်ကျားလည်း မပါ။ သူ့အမေနဲ့ သားအမိနှစ်ယောက်တည်း ကလေးလာမွေးဖို့ စစ်ရှောင်စခန်းက စောင့်နေတာ။ ညကြီးအချိန်မတော် ဆေးရုံလိုက်ပို့ပေးမယ့်သူ သူတို့မှာ မရှိဘူး။ အဲ့ဒါကြောင့် ကိုယ်တို့ သွားခေါ်ပေးရတာ။ ဘာမှ အပန်းကြီးတာလည်း မဟုတ်ဘူး။ အဲ့ဒါအတွက်လည်း စိတ်ဆိုးစိတ်တိုစရာ အကြောင်း မရှိဘူး။ ဒါဆိုရင်လည်း အလကားနေရင် ဘာတွေစိတ်အလိုမကျ ဖြစ်ရမှာလဲ။ ကိုယ့်အလုပ်ကိုယ် လုပ်ရမှာပဲကို။ ဒီလိုတွေးလိုက်တော့လည်း ကိုယ့်ဘာသာကိုယ် ဘဝင်ကျသွားတာပါပဲ။

မနက်ကျ ကလေးက နည်းနည်းပြာလို့ အောက်ဆီဂျင်တွေဘာတွေ ပေးထားရသေးတယ်။ မွေးကင်းစကလေးမို့လို့ ဂရုစိုက်ရသလို လူအိုလူမင်းကျလည်း ပစ်ထားလို့ရတာမဟုတ်ပါဘူး။ ဒီလိုနဲ့ပဲ လူနာတွေ ဝါဒ်နဲ့ အပြည့်တင်ပြီး တနေကုန် အလုပ်ရှုပ်ကြပြန်ရော။ ဒီအတိုင်းဆိုရင်တော့ ကိုယ်တို့မှာ လူအင်အားကိုလည်း တိုးချဲ့ဖို့ လိုလာဦးမှာပေါ့။ အခုတောင် လူ နဲ့ အဆောင် နဲ့ ထမင်းစားပွဲနဲ့အတိ ဖြစ်နေပြီ။ တခုခုတော့ စီစဉ်ရဦးမှာပဲ။ လာချင်တဲ့သူတွေလည်း ရှိပါတယ်။ ကိုယ်နဲ့ မသိတဲ့သူဆိုရင်တော့ နည်းနည်းပါးပါး မေးမြန်းစုံစမ်းကြည့်ပါတယ်။ လာပြီးမှ ကီးမကိုက်ရင် သူလည်းစိတ်ဆင်းရဲ ကိုယ်လည်းစိတ်ဆင်းရဲ ဖြစ်နေမယ်။ ဒီဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်တုန်းကလည်း ကိုယ်တောင် အထုပ်ပြင်ထားပြီး ဘယ်အချိန် ဘယ်ကိုပြေးရမလဲ အဆင်သင့်ပြင်ထားရတဲ့ အခြေအနေမို့ မခေါ်နိုင်ခဲ့ဘူး။

အခုအချိန်မှာတော့ စစ်ရေးအရ ကိုယ်တွေဘက်က အသာစီးရနေတဲ့အချိန်မို့လို့ ထိုးစစ််တွေ မဆင်နိုင်တော့ဘူး။ ကျွံဝင်လာမှ ဆွဲစားတယ်။ တော်တော်များများကတော့ သူတို့ချည့်ပဲ အစားခံရတာပါ။ အပစ်ရပ်သလေး ဘာလေး လူရှိန်အောင် လျှောက်အော်နေ။ ဆက်တိုက်စရာ လူမကျန်သလောက် ဖြစ်နေပြီ။ လူလည်တွေက နည်းမျိုးစုံနဲ့ ပိုက်ဆံရှာပြီး လူအ တွေကို ထိုးကျွေးတာ များပြီလေ။ အရံတပ်တွေ၊ စစ်သားမယားတွေ၊ ပျူစောထီးတွေ၊ ကြံ့ဖွံ့တွေ မျိုးစုံကြိုးခုန် ပြီးပြီ။ “သေရဲတဲ့ကောင် ထွက်ခဲ့။” ဆိုတာ ကိုယ်တွေကို ပြောနေတာ မဟုတ်ဘူး။ သူတို့အချင်းချင်း ပြောနေရတဲ့စကား။ မသေရဲပါဘူး။ တပ်ကကောင်တွေက အရပ်သားကိုသာ ရက်ရက်စက်စက် သတ်ရဲတာ။ သူတို့ သေမယ့်အလှည့်ဆိုရင် ဖင်ဗူးတောင်းထောင် ရှိခိုးပြီး လက်နက်ချတယ်။ စစ်တိုက်ဖို့ မပြောနဲ့။ အုပ်ကြီး လုပ်ရဲမယ့်သူတောင် ရှာမရဘူး။ လုံခြုံရေး မပေးနိုင်တော့လို့ ဗိုလ်ချုပ်ရွာကလူတွေတောင် “ချန်ယောင်းမြီ” ဆိုင်းဘုတ်တင်ပြီး ကြပ်ပြေး ကို လစ်ကုန်ပြီ။

ဒိုမီနိုအက်ဖက်က ရပ်တန့်လို့ မရတော့ဘူးလေ။ သူကိုယ်တိုင်တောင် မသာစော်နံနေလို့ ရွှေစလွယ်၊ ပိတ်ဖြူပေါင်း နဲ့ အလောင်းပြင်သလိုပြင်ပြီး တစ််ကျင်းတည်းမြှုတ်မယ့်သူတွေကို လည်ပတ်ကြိုး လိုက်တပ်နေပြီ။ မျက်နှာသေကြီးဆိုတာ ဘယ်လိုမျိုးလဲ မြင်ဖူးချင်ရင် သေချာကြည့်ထားကြ။ “ကျရှုံးခြင်း။ ကနေ့ မဟုတ်တောင်မှ။ နောက်တစ်နေ့ပါပဲ။ ရှင်တာနဲ့ သေတာနဲ့ ကွဲပြားရုံလေး။” ဆိုတဲ့ဘဝ။

“မသေခင် ဘာမှာသွားခဲ့ချင်သေးလဲ။ နောက်ဆုံးဆန္ဒ ရှိရင် ပြောပါ။” လို့ မေးရင်တော့ “မဲစာရင်းတွေကောက်၊ ရွေးကောက်ပွဲလေး စတိလုပ်ပြီး သမ္မတဖြစ်အောင် တင်ပေးပါ။ တစ်နာရီပဲ ဖြစ်ရ ဖြစ်ရ။ ဖြစ်ပါရစီ။” လို့ ခြေသလုံးဖက် တောင်းပန်မလား မသိပါဘူး။ အဲ့လောက်ထိ ရှင်ဘုရင်ရူး ရူးရင်လည်း ပတ္တမြားကေခိုင်တို့ ခေါ်ခေါ် ကခိုင်းတဲ့ ဇာတ်ထဲမှာ ဝင်ထိုင်ကြည့်ပါလား။ ပုဏ္ဏားရုပ်ကြီးပေမယ့် ဘုရားတော့ ထူးပေးကြလိမ့်မယ်။ ဘာပဲပြောပြော ဘဝင်ကျသွားရင် အစွဲမကျန်ဘူးပေါ့။ နို့မို့ အိမ်ဖြူတော်မှာ တစ္ဆေခြောက်နေမစိုးလို့။

ရော် မနေနိုင်တော့လည်း ပြောမိပြန်ပြီ။ အာရုံနောက်တယ်။ မနောပျက်တယ်။ ကိုယ့်အလုပ်ကလေးကိုယ် focus လုပ်ပြီး အကြည်ဓါတ် ပြန်ယူဦးမှ။ အခု ဆေးရုံမှာ လူနာတွေ ပြည့်နေပြီ။ မနက်ဖြန် အဆောင်သစ် စဆောက်မယ်။ ကုတင်တွေ မှာထားရဦးမယ်။ သိပ်ကြာလို့ မဖြစ်ဘူး။ လူနာတွေက လာဦးမှာ။ မြို့ပေါ်မှာ ရှောင်နေပုန်းနေရတဲ့ CDM specialist တွေ ရှိရင် လူကိုယ်တိုင် လာအားဖြည့်ဖို့ ဖိတ်ခေါ်ပါတယ်။ မကြာတော့တဲ့ခရီး ပိုမြန်သွားအောင်ပေါ့။ အင်းစိန်မှာ နေရတာထက်တော့ အများကြီး သာပါတယ်။ အဖမ်းတော့ မခံနဲ့နော်။ ဒီကိုသာ ပြေးခဲ့။

ပရိုက်ဗိတ်ဆေးခန်းတွေ ပိတ်ထားလို့ အိမ်မှာ အားအားယားယား ဖြစ်နေတယ် ဆိုလည်း တစ်လကိုးသီတင်း လေညှင်းခံရင်း သဘာဝရဲ့ အလှအပလေးတွေ ခံစားလို့ရအောင် volunteer tour လေးနဲ့ လုပ်အားလာပေးလို့ ရပါတယ်။ ညီမလေး ဖြူဖြူကျော်သိန်းတို့ သမီးလေး ပိုးမမီသာတို့လည်း ဆေးကျောင်းက သင်ပေးလိုက်တာတွေ မေ့သွားမှာစိုးရင် ချန်ဂင်တို့စခန်းမှာ warming up လာလုပ်လို့ ရပါတယ် လို့။ “ပျော်မယ်ဆိုရင် လာကွယ် နှမရယ်။ ခွဲခန်းဝင်မယ်။” တတ်ချင်တာတွေ သေချာသင်ပေးမှာပေါ့။ ဒီမှာ ထိခိုက်ဒဏ်ရာရတဲ့သူတွေ အများကြီးပေမယ့် ကိုယ့်နှမလေးတွေ မှည့်တစ်ပေါက်မစွန်းအောင်လည်း ကာကွယ်ပေးမှာပါ။ “ဒဏ်ရာတွေ အများကြီး ရချိန်မှာတောင် မင်းဓါးရှမှာကို တွေးပြီးဆွေး။”

အိမ်း။ ဟိုမသာရုပ်ကြီးက ရှင်ဘုရင်ရူး ဆိုရင် ကိုယ့်ကိုတော့ မယားတရူးလို့ ပြောကြတော့မှာပဲ။ စတာနော်။ တကယ်မလာနဲ့။ “အချစ်စစ်ဟာ ကြိုခင်းထားတဲ့ပန်းတစ်ခင်း မဟုတ်ဘူး။ တို့မျက်ရည်တွေကိုမြင်ရင် မင်းသိသင့်ပါတယ်။” လုပ်ပြန်ပြီ။ ငါလေးဟာ ဆယ်ဇင်းအိမ်ရှေ့ကနေ မီးထဲပါသွားတဲ့ ပြည်စံဟိန်း ကာရာအိုကေဆိုင်ကို လွမ်းနေတာများလားကွယ်။