ခရစ္စမတ်ဟာ နှင်းမပါရင် အတုတောင် လုပ်ယူရသေးတာပဲ။ ကိုယ်တို့ဆီမှာတော့ အတုလုပ်စရာ မလို။ တကယ့်နှင်းအစစ်တွေ ကျနေပါတယ်။ ရုပ်ရှင်ထဲကလို ရေခဲခြစ်အဖတ်ကလေးတွေ မဟုတ်ပေမယ့် မနက်ခင်း မြူနှင်းတွေက နွားလှည်းကလေးတွေ လာရင်တောင် အသံပဲကြားရပြီး အနားရောက်မှ ဘွားကနဲမြင်ရတဲ့အထိ အုံ့ဆိုင်းမှိုင်းဝေနေတာ။ မနက်စောစောခွဲရင် လူနာတွေ ချမ်းကြလို့ နေကောင်းကောင်းပွင့်အောင် စောင့်ခွဲရတာ အချိန်တွေ နောက်ဆုတ်ပစ်ရတယ်။ နေက ထန်းတစ်ဖျားရောက်လို့လည်း မှုန်ဝါးဝါး၊ ဆွမ်းခံပြန်တော့လည်း မှုန်ဝါးဝါးပဲ။ ဆွမ်းစားချိန်လောက်ရောက်မှ လင်းလင်းချင်းချင်း ပူတယ်။
ဒီလိုနဲ့ပဲ မီးပုံလေးတွေ ပြန်ဖိုဖြစ်တော့တယ်။ ထန်းပင်မြစ်ကလေးတွေ ပေါ်ပေမယ့် အညာမှာလို မချိုဘူး မမွှေးဘူး။ နည်းနည်းသက်တယ်။ ခေါပုတ်ကလေးတွေကင်စားတာပဲ ကောင်းတယ်။ အာလူးပူရီလေးတွေလို ဖောင်းဖောင်းကြွပ်ကြွပ်လေး ဖြစ်လာပြီး အတွင်းသားက အိအိမွှေးမွှေးလေး။ ပူတုန်းစားရတာ အရသာ။ လူရည်လည်လာတော့ ကိုယ်တို့လည်း ခေါပုတ်ကောင်းမကောင်း အကဲဖြတ်တတ်လာပြီ။ စားကြည့်လိုက်ရင် ဒါ ဘယ်သူ့အိမ်က ပေးတဲ့ခေါပုတ်လဲ သိတယ်။ ပေးတုန်းမြန်မြန်စားမှ။ ကြာကြာထားရင် မှိုတက်ကုန်ရော။ ပေါင်းတင်းကတော့ ခေါပုတ်လို အိမနေဘူး။ သူလည်း ပူမှ စားကောင်းတာပါ။ အေးသွားရင် မုန့်နှစ်နဲ့စိမ်ပြီး ပြန်ကျော်စားရတယ်။ ဆောင်းတွင်းစာဆိုတာ မီးပုံဘေးမှာ လူပါကင်စားမှ အရသာရှိတာ။ သူတို့နိုင်ငံကလူတွေလို မီးလင်းဖို အိမ်ထဲထည့် ဆောက်နိုင်တဲ့ လူမျိုးမှ မဟုတ်တာ။ သူသူငါငါ ခြံဝိုင်းထဲ မီးဖိုကလေးမွှေးပြီး လှုံကြတာပေါ့။ အခုရာသီမှာ ပန်းအာလူး လို့ခေါ်တဲ့ အာလူးသေးသေးလေးတွေ ပေါ်ပြီ။ အရမ်းစားကောင်းတာပဲ။ ရခိုင်မှာ စားခဲ့ဖူးတဲ့ ပဲပြုတ်စေ့လောက် အာလူးလေးတွေနဲ့ မတူဘူး။ အရသာ တစ်မျိုးစီ။ ဂျင်းတက်လိုမျိုး သေးသေးလေးတွေကိုလည်း ထောင်းစားကြတယ်။ ပန်းဥထောင်း တဲ့။
ဒီဘက်မှာက ကချင်ခေါင်ရည်ထက် ရှမ်းတွေချက်တဲ့ ကောက်ညှင်းအရက်ကို သောက်ကြတာများပါတယ်။ တာမခန်ဘက်က ထွက်တဲ့ နမ့်စပိန်းအရက်ဆိုတာ အင်မတန် နံမည်ကြီးတယ်။ သူတို့ရွာမှာ နတ်ရေတွင်းက ထွက်တဲ့ စိမ့်စမ်းရေ နဲ့ ချက်တာမို့ တခြား ဘယ်က အရက်နဲ့မှ မတူဘူးတဲ့။ တစ်ရွာလုံး အရက်ချက်ကြတယ်။ တကူးတကကို မှာသောက်ကြရတယ်။ ကိုယ်တို့သွားရင် အမြဲလက်ဆောင်ရတယ်။ ဆရာ့အတွက်ဆို ဆေးမြစ်စုံနဲ့ စိမ်ထားတဲ့ အရက်တစ်ပုံး သပ်သပ်ထည့်ပေးသေးတယ်။ အမူးမြန်တယ်။ နောက်နေ့ ခေါင်းမကိုက်ဘူး ဆိုတာတော့ ဟုတ်တယ်။ သူတို့ကတော့ ဟိုဟာကောင်းတယ်။ သည်ဟာကောင်းတယ်။ ပြောကြတာပဲ။ ငါးရှဉ့်သွေးကို ဖောက်ထည့်ရင် ပိုကောင်းသတဲ့။ အဲ့ဒါကြောင့် ဟိုတလောက ငါးရှဉ့်မိတော့ သွေးမဖောက်၊ ချေးမထုတ်၊ ရေမဆေးပဲ ချက်ပြီး ဆေးမြစ်စုံအရက်ကလေးနဲ့ ခေါ်တိုက်တာ။ ဘာမှ မပြောရင် တော်တော်ကြိုက်မိမှာ။ အရသာတော့ လေးလေးပင်ပင် ချိုသဗျ။ အရင်တခါလာတုန်းကလည်း ရှီးပဒီးမြစ်တွေ စိမ်ထားတဲ့အရက်ပုလင်း လက်ဆောင် ရဖူးတယ်။ မသောက်ဖြစ်ပါဘူး။ “အိုင်က ဆေးကူရမယ့် အရွယ်မှ မဟုတ်တာ။” ဆိုပြီး သပ်ချပလိုက်တယ်။ ခမ်းတောက်မြစ်တို့၊ ကမ်းဇော်ဆီတို့၊ မရှော့ဆီတို့လည်း မလိမ်းပေါင်ဗျာ။ ပရုပ်ဆီ နဲ့ နှာရှူဗူး နံ့ ထွက်ရင်တောင် လူအိုလူမင်းအနံ့ နဲ့တူလို့ မသုံးဘူး။ ဒီမှာ ခုမှ ပါဖျွန်းလေးတွေ စုံအောင်စမ်းနေတုန်း ရှိသေးတာ။ ထမင်းစားပြီးရင်တောင် ပါးစပ်က ဟင်းနံ့ထွက်မှာစိုးလို့ ကော်ဖီသကြားလုံး ငုံတယ်။ အခါခါ ဆယ်ကျော်သက်ကလေးမို့ နို့နံ့မစင်ရင်လည်း ရှိပါစေတော့။
ခုရက်ပိုင်း လူနာနည်းနည်းပါးသွားတော့ မီးဖိုထဲဝင်ပြီး ကိုယ်တိုင်ပဲ ချက်ပြုတ်စားပါတယ်။ ဟင်းချက်နည်းပေါင်းစုံဆိုတာ YouTube ထဲမှာ ကြည့်ရင်းချက်လို့လည်း တော်တော် အဆင်ပြေသားပဲကို။ တကယ်တမ်းကျတော့ YouTube က Facebook ထက် အများကြီး တာသွားတယ်ဗျ။ ကြည့်သူများရင် ပိုက်ဆံကလည်း ရသတဲ့။ Facebook ပေါ် စာရေးလာတာ ၁၂ နှစ်ရှိပေါ့။ တစ်ခါမှ ပိုက်ဆံမရဘူးပေါင်။ စုဆောင်းထားတဲ့ notes ကလေးတွေတောင် notes item ကို ဖြုတ်ပစ်လိုက်လို့ အကုန်ပါသွားတယ်။ မှတ်တမ်းမှတ်စုတောင် မကျန်ရစ်ဘူး။ ဒီရောက်မှရေးတဲ့ ချန်ဂင်တို့ လှထုံတို့ကို YouTube ပေါ်မှာ audiobooks အနေနဲ့ ဖတ်ပြတာကျ စာအုပ်ထုတ်တာထက်တောင် ပိုက်ဆံရသေးဗျ။ ဒါတောင် လိုင်းမကောင်းတဲ့အရပ်မို့ ကိုယ်တိုင် ဖတ်မပြနိုင်ဘူး။ သီချင်းစာသားတွေ ဖတ်တဲ့အခါ အသံထောင့်နေမှာပဲ။ ထားပါလေ။ ပိုက်ဆံရှာတဲ့ကိစ္စ ကိုယ် စိတ်မဝင်စားပါဘူး။
ကိုယ်စိတ်ဝင်စားတာ ပညာရှာတဲ့ကိစ္စပါ။ ကိုယ်မလုပ်တတ်တဲ့ကိစ္စတွေ YouTube ထဲမှာ ရှာလို့ဖွေလို့ရတာ အားကြီးသဘောကျတယ်။ သီချင်းစာသားလေးတွေ မသေချာဘူးလား။ သူ့ထဲမှာ အကုန်ရှိတယ်။ နားထောင်ချင်တာဆို ဘယ်သူဆိုထားတဲ့ အသံနဲ့ နားထောင်ချင်သလဲ။ ရှာလို့ရတယ်။ ရုပ်ရှင်တွေကြည့်ချင်သေးလည်း ရှာလို့ရတယ်။ ဒါတွေက ဝါသနာအလျောက် entertainment ပိုင်းပဲ ရှိသေးတာ။ အခု ဒီရောက်တော့မှ YouTube ထဲကနေ ပညာရပ်ပိုင်းဆိုင်ရာတွေ အများကြီး လေ့လာဖြစ်တယ်။ Superficial Parotidectomy လုပ်တုန်းက video files တွေ တစ်ခုပြီးတစ်ခု ဝင်ကြည့်ပြီး လုပ်တာ။ လက်တစ်ဘက်လုံး ခွဲစိတ်နိုင်အောင် Ultrasound လေးနဲ့ Brachial block ထိုးတာလည်း YouTube ထဲက ပြတဲ့အတိုင်း လိုက်ထိုးတာ။ ကိုယ်မလုပ်တတ်တဲ့ ကိုယ်မလုပ်ဖူးတဲ့ operative procedure တွေကို YouTube ထဲက သင်ယူပြီး လက်တွေ့ လုပ်ခဲ့ရတာ။ ခြေကျိုးလက်ကျိုးလူနာတွေကို POP ကိုင်ဖို့၊ ပုခုံးခဲ ဒူးနာ လူနာတွေကို Physiotherapy ပေးဖို့၊ ဓါတ်မှန်စက်ကလေးတွေ၊ Ultrasound စက်ကလေးတွေ သုံးတတ်ဖို့၊ အရာရာ YouTube ကို ဆရာတင်ရတယ်။ ခုခေတ်ကလေးတွေရဲ့ ကမ္ဘာလောကဟာ အင်တာနက်ကနေ ချိတ်ဆက်လိုက်ရင် ဒိဗ္ဗစက္ခု အဘိဉာဏ်ရသလို အကုန်လုံးက်ု ထိုးထွင်းသိမြင်အောင် ကြည့်ရှုသင်ကြားလို့ ရတယ်။ ဒီကမ္ဘာလောကကြီးကို လျှပ်စစ်မီးတောင် မှန်မှန်မလာပဲ ဘာမဆို လူကြီးကပ်ဖား တန်းစီတိုးစားရတဲ့ခေတ်ကြီးကို အတင်းပြန်သွားခိုင်းချင်တာ အံ့ဩပါရဲ့။ “ငါတို့တုန်းကလည်း ဒီလိုပဲ နေလာတာ မင်းတို့လည်း ဒီအတိုင်းပဲနေ။” ဆိုတဲ့ စိတ်ဓါတ်မျိုး။ Gen Z တွေ ဘာဖြစ်လို့ စစ်ခွေးတွေကို အသေခံပြီး သုတ်သင်နေရသလဲဆိုတာ အဲ့ဒါ အဖြေပဲ။ ဘယ်သူကမှ စစ်ခွေးခေတ်ပြန်မသွားချင်ဘူး။ စစ်ခွေးသုက်ပိုး ဦးနှောက်ထဲရောက်နေတဲ့သူတွေကသာ ဟိုအဖွားကြီးက လူငယ်တွေကို အသေခံခိုင်းထားတယ် လို့ အောင့်မေ့နေတာ။ တကယ်တော့ သူတို့ပထွေးကသာ သူတို့အသက်ကို စတေးပြီး အာဏာရူးနေတာ။ နောက်ကိုမှတ်ထား။ အင်တာနက်ဆိုတာ အရာရာ လေ့လာသင်ယူလို့ ရတယ်။ လိုင်းကောင်းရင် ဘေလ်အလကားရတဲ့ မိုင်တဲကဒ်တွေနဲ့ ပွန်းဆိုက်တကာဝင် ဒေါင်းလုပ်ဆွဲဖို့ချည့်ချောင်းနေတဲ့ ရုရှားထွိန်းတွေလို မဖြစ်စေနဲ့။
တောကြိုအုံကြားထဲနေပြီး Specialist Center ကြီးလို ကုချင်တဲ့ ကိုယ့်အတွက်ကတော့ အင်တာနက်ဟာ မရှိမဖြစ်ပါ။ မနက်လင်းတိုင်း လူနာတွေရဲ့ progress ကို အထူးကုဆရာဝန်တွေဆီ inform လုပ်ဖို့ ကိစ္စကလည်း အင်တာနက်ရှိမှ ဖြစ်မှာ။ မဏိစန္ဒာလို ခဲရာခဲဆစ် ကုထားရတဲ့ case တွေကို တိုင်ပင်ဖို့လည်း အင်တာနက် လိုင်းကောင်းမှ ဖြစ်မှာ။ စဉ်ဆက်မပြတ် မှာနေ၊ သယ်နေရတဲ့ ဆေး နဲ့ ဆေးပစ္စည်းတွေ ကိုယ်တို့ဆီ ရောက်လာဖို့ကလည်း အင်တာနက်ကို အားကိုးရပါတယ်။ နေ့စဉ်ဖြစ်ပျက်နေတဲ့ စစ်ပွဲသတင်းနဲ့ နိုင်ငံရေးအခြေအနေကို up to date သိရဖို့လည်း အင်တာနက်က အဓိက။ အဲ့ဒါကြောင့် ဒီအရေးတော်ပုံကြီးက ၈၈ မှာ မအောင်မြင်ခဲ့ပဲ ၂၂ ကျမှ အောင်မြင်ရခြင်းအကြောင်းဟာ ၈၈ တုန်းက အင်တာနက် မရှိသေးပဲ ၂၂ မှာ အင်တာနက် ရနေပြီမို့လို့ပဲ ပြောရမှာပေါ့။ internet access ကြီး ပွင့်နေလျက်နဲ့ စစ်ရာဇဝတ်မှုတွေ မတရားသဖြင့် ကျူးလွန်တဲ့ အကောင်တွေဟာ cctv တပ်ထားတဲ့ စတိုးဆိုင်ထဲ အလစ်သုတ်မိတဲ့ သူခိုးလို လက်ဆုပ်လက်ကိုင် လက်ပူးလက်ကြပ်ကို မိတော့တာ။ ဘယ်လိုပဲ ဗြောင်လိမ်ဗြောင်စား လုပ်စေကာမူ သူခိုးမှန်း ကြမ်းပိုးမှန်း တကမ္ဘာလုံး သိကုန်ရော။ ဒုတိယကမ္ဘာစစ်ကြီးပြီးကတည်းက အခုမှ တစ်ခါပြန်တွေ့ရလေတယ် လို့ UNSC က resolution ထုတ်ယူရသလို “a kind of stupidity I haven’t seen for long.” လို့ CNN က မစွာတေးက ကြုံဖူးပေါင် ဂုဏ်ထူးဆောင် ဘွဲ့ပေးသွားတာ။ ဒါတွေလည်း အင်တာနက်ထဲဖတ်မိလို့ ထပ်ဆင့် ဂုဏ်ပြုပေးလိုက်ရတာပါလေ။
အမယ် ဒီတစ်ခါ အနူလက်သီးက
ချက်ကောင်းကို ထိသွားသလား မသိဘူး။ “ကိန်” လို့တောင် မအော်နိုင်ဘူး။ ငြိမ်ကျသွားတာ။ ထိုးစစ်တွေတောင် ခဏရပ်သွားတယ်။ ခြေမချိုး ငယ်ထိပ်မှုတ်နဲ့ တော်တော် နှာနှပ်ယူလိုက်ရသတဲ့။ အရင်ဆုံး အထုပ်ပြင်တဲ့သူတွေကတော့ NCA ထိုးထားတဲ့ ၇ ဖွဲ့ပါ။ “ခြေ/ဥ ပြင်ဖို့ ဆွေးနွေးရအောင်။ လာပါ ကိုရေ။ ပြောကြည့်လေ။ ဘာဖြစ်ချင်လဲ။” ဆိုတာကို “မအားဘူး။” ငြင်းလွှတ်တယ်နော်။ ယူတို့ကလည်း စိတ်ဓါတ်ပဲ။ ခွေးသေရင် ခွေးသန်းတွေက အရင်စွန့်ခွါသတဲ့။ ကြင်စိုးကြီး ဂိတော့မယ့် အရိပ်အရောင်မြင်တော့ ဒလန်တွေ လောက်တွေ အသံမပေးပဲ လစ်ပြေးကုန်ကြပြီ။
စစ်တပ်ဟာ သူတို့ကိုယ်တိုင် ထွက်ပြေးရမယ့် အချိန်ရောက်လာရင် အကြပ်ကိုင်ပြီး အပေးအယူလုပ်ဖို့ နိုင်ငံ့ခေါင်းဆောင်တွေကို အမှုဆင်ပြီး ဖမ်းဆီးထိန်းသိမ်းထားတယ်။ သို့သော်လည်း ခွင့်လွှတ်ကျေအေးနိုင်တဲ့အတိုင်းအတာထက် အများကြီး ကျော်လွန်သွားတဲ့အခါ ဓါးစာခံထားပြီး အပေးအယူ ညှိနှိုင်းရမယ့်သူက နိုင်ငံရေးအကျဉ်းသားတွေ မဟုတ်တော့ပဲ သူကိုယ်တိုင် ချိန်ခွင်ပေါ်တက်ထိုင်ရမယ့် အနေအထား ရောက်လာတယ်။ “ကြင်စိုးကိုဖြုတ်ပြီး လက်ထဲအပ်မယ်။ ဒီနေရာမှာတင် ရပ်ကြမလား။” ဆိုတဲ့ ကြမ်းခင်းဈေးနဲ့မှ ဘွာတေးခတ်လို့ ရတော့မှာ။ ကိုင်း ဝိဓူရ အသည်းနှလုံး ရမှ ဣရန္တတီ က နဂါးပြည်ခေါ်မှာတဲ့နော်။ တပ်ထဲမှာတော့ ပုဏ္ဏကတိုက်ကုန်တော့မှာပဲ။ ထက်အောက်ပြောင်းပြန် ကျွမ်းသဒ္ဒါလန်ဖို့သာ ပြင်ထားကြပေတော့။ ဟင်းဟင်း။ ဘယ့်နှယ်လဲ။ အဲ့ဒီ ဇာတ်တော် ကိုမှ မက ချင်ရင်တော့ ယူတို့ ဟင်္သာကိုးသောင်းဇာတ်နဲ့ တစ်ယောက်မကျန် အပြတ်ရှင်းကြရမှာနော။ စဉ်းစား စဉ်းစား။