လူတစ်ယောက်ရဲ့ နေ့စဉ်မှတ်တမ်းတွေကို လူပေါင်းလေးငါးခြောက် ထောင်လောက်က တစ်နှစ်ပတ်လုံး မပျင်းမရိ စောင့်ဖတ်ချင်အောင် စာရေးရတဲ့အလုပ် ဆိုတာ လွယ်တာတော့ မဟုတ်ပါဘူး။ ကိုယ်ရောက်နေတဲ့ အရပ်ဒေသကလည်း သူများတကာတွေ နိုင်ငံခြားရောက်နေလို့ စာရေးသလို “ဒီကိုလာရင် ဒါကိုမလီပါနဲ့။” “ဟုတ်ဟာလိုချင်ရင် ဟိုဟာလုပ်ပြီးမှလာပါ။” စသည်ဖြင့် မောင်ငယ်ရင်သွေး နာဘိသေးလော့ တွေ လက်ချာရိုက်လို့မှ မကောင်းတာ။ ကိုယ့်ဆွေကိုယ့်မျိုးတွေထဲက သူတို့လည်း အဲ့ဒီ လိုက်လာချင်ပါတယ်။ လိုက်ပါရစီ ဆိုရင်တောင် ချော့ချော့မော့မော့ နဲ့ ဖျောင်းဖြထားရတာပါ။ “မလာပါနဲ့။ အချစ်ရေ မလာခဲ့နဲ့။” ကိုယ်က နေနိုင်ပေမယ့် သူတို့က နေနိုင်ပါ့မလား မသေချာဘူး။ ကိုယ်တောင်မှ အလုပ်ရှိလို့ နေနိုင်တာလေ။ အလုပ်မရှိပဲ ငုတ်တုတ်ထိုင်နေရင် ပျင်းလို့ သေရချည်ရဲ့။
အလုပ်တွေကတော့ တစ်နေ့တစ်မျိုး မရိုးရဘူးဗျ။ ဆရာဝန်တစ်ယောက်ရဲ့ လုပ်ငန်းခွင်ဆိုတာ လူနာတွေချည့်ပဲ ရှိတာမို့ ကိုယ့်ဆီက လူနာကလေးတွေအကြောင်း ရေးလာခဲ့မိတာ မနှင်းဆီတို့ မဏိစန္ဒာတို့နဲ့တောင် စာဖတ်သူတွေ တော်တော်ရင်းနှီးနေလောက်ပါပြီ။ စိတ်လည်း ပူကြတယ် ထင်ပါရဲ့။ လိုင်းပေါ်မှာ လူချင်းတွေ့ရင်တောင် “မဏိစန္ဒာလေး နေကောင်းရဲ့လား။ အခြေအနေ တိုးတက်ရဲ့လား” မေးမြန်းယူကြတယ်။ ဟုတ်ကဲ့။ စာဖတ်သူများ နေ့စဉ်ပို့သသော မေတ္တာကြောင့် ချန်ဂင်တို့ အဖွဲ့သားအားလုံး ကျန်းမာပကတိ ချမ်းသာစွာရှိသလို မဏိစန္ဒာရဲ့ ကျန်းမာရေး အခြေအနေများလည်း တိုးတက် ကောင်းမွန်လာပါတယ်။ လက်ထောက်ဆရာဝန်ကလေးတွေက နေ့ရောညပါ ကြည့်ရှုစောင့်ရှောက်လျက် ရှိသလို အထူးကုသမားတော်ကလေးနဲ့လည်း အခါမလပ် တိုင်ပင်နှီးနှောလေ့ ရှိပါတယ်။ စာဖတ်ပရိသတ်ထဲက အထူးကုဆရာဝန်ကြီးများရဲ့ အကြံဉာဏ်ကိုလည်း ရယူပါတယ်။ ဓါတ်ခွဲခန်းကို သွေးတွေ မကြာမကြာ ပေးပို့စစ်ဆေးသလို လိုအပ်တဲ့ဆေးဝါးတွေကိုလည်း အခုမှာ အခုပို့ လက်ထဲရောက်အောင် ယူထားပါတယ်။
အဲ့သလို ဘက်ပေါင်းစုံက သိုင်းကွက်ပေါင်းစုံ အကုန်ထုတ်သုံးလိုက်တာ နောက်ဆုံးတော့ သိုင်းစာအုပ်ထဲကလိုပဲ “မည်သို့လုပ်လိုက်သည် မသိ။ ရန်သူများ အတုံးအရုံး မှောက်သွားလေသတည်း။” ပေါ့။ အတက်ရပ်သွားတာ ၃ -၄ ရက်ရှိပြီ။ သတိလည်း ကောင်းကောင်းရလို့ ထထိုင်ပြီး အစားစားနေပြီ။ အဖောတွေအယောင်တွေ လျော့လာလို့ ရှူရှူးတွေလည်း ဒလဟောသွားနေပြီ။ အောက်ဆီဂျင်လေးတော့ ဖြုတ်လို့မရသေးဘူး။ ပေးထားရတယ်။ တစ်ခုပဲ ရှိတယ်။ နတ်ကတော်ကြီးတွေ ပုံလျက်သားလေး ဦးချပြီးမှ “ဝါး။ ဘာပြောသွားသေးတုန်း။” လို့ မေးသလိုပဲ။ “သူက ဘာ့ကြောင့် အဲလိုဖြစ်ရတာလဲ။” လို့ မေးရင် မဖြေတတ်ဘူး။ “ဘာနဲ့ဘယ်လို ပြန်ကောင်းသွားတာလဲ။” မေးလည်း မပြောတတ်ဘူး။ ခုန ပူးသွားတဲ့လူက တစ်ခုမှ ပြောမသွားဘူးလား။ ဟုတ်လား။ ဒါက ဒီလိုရှိတယ်လေ။ “ဥုံ ပလုံတုံ အကုန်ကုထည့်လိုက်မယ်။ ဘာနဲ့ဖြစ်ဖြစ် ပျောက်စေသတည်း။” ပေါ့။
အဲ့ဒါကြောင့် သူ့အကြောင်း စ ရေးတည်းက ပြောခဲ့ပါတယ်။ “ဒီက ဆရာက ဆေးရုံတစ်ခါဆင်းတော့ ကုနိုင်တယ်။ နောက်ပြန်လာစရာ မလိုတဲ့အထိတော့ မကုတတ်သေးဘူး။” လို့။ အရင်တခါ ပျောက်ပြီး ဘာကြောင့်ပြန်ပေါ်လာမှန်းမသိဘူး။ အခုတခါ ကုပြီးတော့လည်း ဘာဖြစ်လို့ တက်တက်နေရသလဲ မသိဘူး။ ဖြစ်နိုင်တာတွေ အကုန်တွေးပြီး ကုထားတယ်။ ပြန်ကောင်းလာတယ်။ သို့သော်လည်း “မည်သို့လုပ်လိုက်သည် မသိ။” ဖြစ်နေတယ်။ ဒီတစ်ခါတော့ သိအောင်လုပ်မှ ရမယ်ထင်တယ်။ နို့မို့ နောက်တစ်ခါ ပြန်လာတော့ ဘယ်လိုလုပ်မလဲ။
ကိုင်း။ ကြည့်ပါလေ။ ဘာမှ မသိဘူး ဆိုတဲ့ အကြောင်းအရာကို တောင်စဉ်ရေမရ လျှောက်ရေးတာ စာအရှည်ကြီး ၃ ပိုဒ် ရရော။ သိများသိရင် ဘယ်လောက်တောင် ရေးမယ်မသိ။ ဘာဖြစ်လို့ အဲ့သလို ရေးနိုင်သလဲဆိုတော့ ဦးနှောက်ကို အအားမှမထားတာ။ အစဉ်သဖြင့် တစုံတခုကို တွေးတောကြံစည်နေတာ။ လူနာအတွက် စဉ်းစားတယ်။ ဆေးရုံအတွက် စဉ်းစားတယ်။ တော်လှန်ရေးအတွက် စဉ်းစားတယ်။ စာရေးဖို့အကြောင်း စဉ်းစားတယ်။ အဲ့ဒီမနောကံတွေကို ကာယကံ ဝစီကံ မြောက်လာဖို့ ကြိုးစားအားထုတ်တယ်။ အမှားအယွင်း အလွဲအချော် မရှိအောင် သတိထားတယ်။ ပြောထားတဲ့စကားတစ်ခွန်းကို ဖြစ်အောင်လုပ်ရမှာ ကိုယ့်တာဝန်လို့ ခံယူတယ်။
ကာကွယ်ဆေးတွေ ဘယ်ဆီနေမှန်း မသိသေးပေမယ့် ရလာရင်ထားဖို့ ရေခဲသေတ္တာ၊ ဆိုလာ၊ အင်ဗာတာ အစုံလိုက်ဝယ်ရတာ အရင်။ အဲ့ဒါတွေ ကိုယ့်ဆေးရုံ မပျောက်မရှ ရောက်ဖို့က ပိုတောင်ခက်သေး။ မသိချင်ယောင်လေး ဆောင်နေလိုက်ရုံနဲ့ အလုပ်ရှုပ်သက်သာ ပိုက်ဆံကုန်သက်သာမှာကို။ သက်သက်။ မတတ်နိုင်ဘူးလေ။ ကိုယ်က health system reform ကို Peripheral level ကနေ စချင်တာကိုး။ လူစာရင်းလည်း ကောက်ထားတယ်။ cold chain လည်း ရှာထားမယ်။ ဆေးရလာရင် ကိုယ့်ဘက်ကတော့ အဆင်သင့်ပဲ။ တောင်းတာတော့ တောင်းထားပြီးသား။ ရတာနဲ့ ရွာထဲကဆိုင်မှာ သကြားလုံး ၃ ထုပ်သွားဝယ်ပြီး ချန်ဂင်ရဲ့ “ချိုချဉ်ကျွေးမယ်။ ဆေးထိုးမယ်။” အစီအစဉ် စမှာ။
ရွာကကလေးတွေက ဆေးရုံဆေးခန်း မကြောက်တော့ပါဘူး။ ရွာထဲမှာ တွေ့ရင်လည်း “ဟိုမှာ ဆရာဝန်တွေ လာပြီ။ ငိုနဲ့ ငိုနဲ့။ တိတ် တိတ် တိတ်။” ခြောက်လို့ မရတော့ဘူး။ ဆေးယဉ်ပါးမျိုးဆက်သစ်တွေပေါ့။ ဆေးရုံမှာ အလုပ်လုပ်တဲ့ကလေးတွေတောင် မွေးခန်းခွဲခန်းနဲ့ တော်တော် အကျွမ်းတဝင် ဖြစ်ကုန်ကြပြီလေ။ ဆရာဝန်စစ်စစ်ဖြစ်ချင်တဲ့ ဇာတ်လမ်းတွဲလောက်ကို သူတို့က ထိုင်ဟားနေကြတယ်။ တကယ် အလုပ်လုပ်ရတဲ့သူနဲ့ ဟန်လုပ်သရုပ်ဆောင်ရတဲ့သူဆိုတာ တူတော့ မတူနိုင်ဘူးလေ။ တစ်နှစ်လောက် အလုပ်တွဲလုပ်လိုက်ရတဲ့အခါ လက်ထောက်ဆရာဝန်လေးနှစ်ယောက်တောင် Surgery training ၊ OG training ၊ မေ့ဆေး training တွေ ကောင်းကောင်းရနေလို့ လက်တွေ့အလုပ်တွေ ကျွမ်းကျင်လာပြီ။ ကိုယ်တို့ရဲ့အချိန်တွေဟာ တောထဲတောင်ထဲမှာ အလဟသ ကုန်ဆုံးသွားခဲ့တာ မဟုတ်ပါဘူး။ တန်ဖိုးလည်းရှိ အကျိုးလည်းရှိပါတယ်။
ဆရာဝန်တွေအတွက်တင်မကဘူး။ ကိုယ်တို့အဖွဲ့ထဲက အင်ဂျင်နီယာလေးလည်း အလုပ်မလုပ်ပဲ ထိုင်နေရတယ်မှ မရှိတာ။ ဆေးရုံဆောက်လုပ်ရေးအလုပ်တွေမှာလည်း အစအဆုံး ကိုယ်တိုင်ပါခဲ့ရတယ်။ ရေနဲ့ဆိုင်တဲ့ကိစ္စ၊ လျှပ်စစ်နဲ့ဆိုင်တဲ့ကိစ္စ၊ စက်ပစ္စည်းကိရိယာတွေ တပ်ဆင်အသုံးပြုဖို့ ပြုပြင်ထိန်းသိမ်းဖို့၊ အစစအရာရာ သူပါလို့ အလုပ်လုပ်နိုင်တာလေ။ သူတစ်ယောက်တည်းနဲ့တင် civil ရော၊ EP ရော၊ mechanical ရော၊ electronic ပါ မျိုးစုံကြိုးခုန်နေရတာ ကိုယ်တို့လိုပဲ သူလည်း အတွေ့အကြုံသစ်တွေ မနည်းဘူး ရနေမှာပါပဲ။ ဘယ်သူ့အချိန်တွေမှ အလဟသ မဖြစ်ပါဘူး။
စခန်းမှာရှိတဲ့သူတိုင်းဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ အလုပ်လုပ်နေကြတယ်။ ခက်ခက်ခဲခဲ အပင်ပန်းခံကြတယ်။ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှလည်း ကြိုးစားနေကြတယ်။ ဒါကြောင့်မို့ ရလဒ်ကောင်းတယ်၊ ကံကောင်းတယ် ဆိုရင် ငြင်းစရာ မရှိပါဘူး။ ခေတ်ဆိုး စံနစ်ဆိုးကြီးနဲ့ တိုင်းပြည်ပျက်နေချိန်မှာ အခုလိုမျိုး ကောင်းရာကောင်းကြောင်းတွေ တစိုက်မတ်မတ် လုပ်နေနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ဘူး။ CDM လုပ်တယ်ဆိုတာ အစလွယ်သလောက် အဆုံးထိ ကြံ့ကြံ့ခံရပ်တည်ဖို့ အင်မတန်ခက်ပါတယ်။ ကိုယ်တို့အားလုံးမှာလည်း ငဲ့ညှာစရာ မိသားစုတွေ၊ ရှေ့ဆက်ရမယ့် အနာဂတ်ရည်မှန်းချက်တွေ ရှိကြတာပဲ။ အိမ်မှာကျန်ခဲ့တဲ့ မိသားစုတွေကလည်း စိတ်မပူပဲ ဘယ်နေမလဲ။ ဒီလူတွေအားလုံး ကိုယ့်ဆီက မစွန့်ခွါနိုင်ပဲ ကိုယ်နဲ့အတူ ကြိုးစားရုန်းကန်နေအောင် ဘာဆေးတွေများ ခပ်ထားသလဲ လို့ မသိချင်ဘူးလား။ ရှင်းရှင်းလေးပါပဲ။ သေတော့မယ် လို့ မျက်စိအောက်မှာ မြင်နေရတဲ့ အသည်းအသန် လူနာတွေကို ကုရင်းကုရင်း ပျောက်ကင်းသက်သာပြီး ပျော်ပျော်ရွှင်ရွှင် အိမ်ပြန်သွားတဲ့အခါ ပီတိသုခက ကိုယ်တစ်ယောက်တည်း ရတာ မဟုတ်ဘူးလေ။ အတူပါဝင်တဲ့သူ အားလုံး စိတ်ဝမ်းချမ်းမြေ့ရတယ်။ ဒီအရသာကလေးက သူတို့အားလုံး ပင်ပန်းသမျှကို ပြေပျောက်စေတာပေါ့။ အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ ခွန်အားရတာပေါ့။ စိတ်ဒဏ်ရာတွေကို ကုစားပေးနိုင်တာပေါ့။ အဲ့ဒါကလွဲလို့ သူတို့ကို ဘာမျှော်လင့်ချက်မှ မပေးနိုင်ဘူး။ ဘာခံစားခွင့်မှလည်း မပေးနိုင်ဘူး။ ပီတိသုခပဲ ပေးနိုင်တာ။ ဆေးကုလို့ ပျောက်ကင်းသွားတဲ့လူနာ၊ မသေအောင်ကယ်တင်လိုက်နိုင်တဲ့ လူနာကို အခုမြင် အခု လက်ငင်း စိတ်ချမ်းသာတယ်။ ကိုယ်တွေရဲ့ ပါဝင်အားထုတ်မှုနဲ့ တော်လှန်ရေးကြီး အောင်မြင်ဖို့ တစ်နေ့ထက်တစ်နေ့ နီးကပ်လာတာ တွေးမိရင်လည်း အခုတွေး အခုစိတ်ချမ်းသာတယ် မဟုတ်ဘူးလား။
ချန်ဂင်တို့စခန်း အခန်းဆက်ကလေးတွေကို စာအုပ်ထုတ်ချင်တဲ့သူတွေ ကိုယ့်ဆီကို လာဆက်သွယ်လေ့ ရှိကြပါတယ်။ audiobook အနေနဲ့ ဖတ်ပြတဲ့သူတွေလည်း ရှိနေတာပဲ။ ဒါပေမယ့် လောလောဆယ် ပုံနှိပ်ထုတ်ဝေဖို့ အစီအစဉ် မရှိသေးပါဘူး။ ဘာဖြစ်လို့ဆိုတော့ ဒီဇာတ်က ကိုယ်တစ်ယောက်တည်း ကနေတဲ့ ဇာတ်မှ မဟုတ်တာ။ ကိုယ်နဲ့အတူ ကျရာနေရာက အကောင်းဆုံး လုပ်အားပေးနေတဲ့ လူတစ်ဒါဇင်လုံးကို မိတ်ဆက် ဖော်ထုတ် ကျေးဇူးတင်ရပါဦးမယ်။ လောလောဆယ်မှာတော့ သူတို့ကို လုံခြုံရေးအရ အမည်မဖော်လိုသူ လှထုံ ပဲ လုပ်ထားရသေးတာလေ။ ဒီလူတွေဟာလည်း ဘွန်းလက်မှတ်ကလေးတွေလို နောင်တချိန်မှာ မှတ်တမ်းတင် ဂုဏ်ပြုအပ်သော နွေဦးသူရဲကောင်းလေးတွေ မဟုတ်လား။ သူတို့အကြောင်း မပါပဲနဲ့ ချန်ဂင်တို့စခန်း ဇာတ်လမ်းရှည်ကလေးက ဘယ်လိုလုပ် ပြီးပြည့်စုံနိုင်ပါ့မလဲ။
နောက်အကြောင်းတစ်ခုကတော့ ကိုယ့်ရဲ့ နေ့စဉ်မှတ်တမ်းရှည်ကြီး ဘယ်မှာ အဆုံးသတ်မလဲ ဆိုတာပါပဲ။ ဒါကတော့ ရှင်းပါတယ်။ အရေးတော်ပုံကြီးအောင်လို့ စနေမောင်မောင် ပြည်တော်ဝင်တဲ့ အခါမှာပေါ့။ ဇာတ်သိမ်းက ကွဲမလား ညားမလား စဉ်းစားမနေနဲ့။ ရေးထားခဲ့ပြီးသား။ ဆယ်ဇင်းရဲစခန်းသိမ်းပြီး အဲ့ဒီတဝင်းလုံး ဆေးရုံ၊ ခွဲခန်း၊ ဝန်ထမ်းအိမ်ယာ နဲ့ စုဆောင်းထားသမျှ ပစ္စည်းအစုံအလင် ထားရစ်ခဲ့ချင်တာ။ အဲ့ဒီလိုဇာတ်သိမ်းပလိုက်ချင်တာ။ သို့သော် မမျှော်လင့်ပဲ ကနေ့နက်ဖြန် ဆက်ရေးမယ့်သူမရှိ။ တိကနဲ ဇာတ်လမ်းဆုံးသွားတဲ့ အဖြစ်မျိုးလည်း ရှိနိုင်သေးတယ် မဟုတ်ဘူးလား။
ကိုယ့်သဘောကတော့ ဒီဇာတ်လမ်းကို ကိုယ်တိုင်သိမ်းနိုင်တဲ့တစ်နေ့ ပါဝင်သူ ဇာတ်ကောင်များကို ဓါတ်ပုံမှတ်တမ်း နဲ့ လှလှပပ မိတ်ဆက်ပေးပြီး ပျော်ပျော်ရွှင်ရွှင် စာအုပ်ထုတ်မယ်။ ကိုယ်တိုင် မသိမ်းနိုင်တော့လည်း ဘာအရေးလဲ။ ရေးပြီးသမျှ စာတွေ ရှာဖွေစုဆောင်းပြီး ဖတ်ချင်သူတွေအတွက် အမှတ်တရ စာအုပ်ထုတ်ကြပလေ့စေပေါ့။ အဲ့ဒါကမှ ပိုရောင်းကောင်းချင်ကောင်းဦးမယ်။ ဇာတ်နာတာကိုး။ စာကတော့ ဒီစာတွေပါပဲ။ တကယ့်ဇာတ်သိမ်းကိုလိုက်ပြီး ဖတ်ရတဲ့အရသာ တူမှာ မဟုတ်ဘူး။ ကိုယ့်ရဲ့မှတ်တမ်း ဘယ်လိုဇာတ်သိမ်း ဇာတ်သိမ်း ငါတို့ စောင်လုပ် မဟုတ်ပါဘူး လို့ ထင်နေတဲ့ သူတွေလည်း နည်းမယ် မထင်ပါဘူး။ ဒါပေမယ့် ကိုယ့်ဇာတ်လမ်းရဲ့ အဆုံးသတ်ဟာ မြန်မာပြည်ကြီးရဲ့ နိဂုံး မဟုတ်တဲ့အတွက် ဘယ်လိုဇာတ်သိမ်းမျိုးက ဘယ်လိုလူတွေနဲ့ ဆက်ရှင်သန်ရမှာလဲ ဆိုတဲ့ အနာဂတ် မြန်မာပြည်ကြီး နဲ့ ခများတို့ကျုပ်တို့ရဲ့ စောင်ကြောင်း အကြီးကြီးတော့ ဟုတ်တယ် မဟုတ်ဘူးလား။
တကယ်တော့ ဒီဇာတ်လမ်းမှာ အားလုံးရဲ့ ကံကြမ္မာတွေ ပါနေပါတယ်။ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်မှ ကိုယ်လိုချင်တဲ့ ဇာတ်သိမ်းမျိုး ရပါလိမ့်မယ်။ ဘာလို့ဆိုတော့ စိတ်ကူးယဉ်ဇာတ်လမ်း မဟုတ်ပဲ ကိုယ်တွေ့မှတ်တမ်းကို တိုက်ရိုက် ရေးသား ထုတ်လွှင့်မိတာကိုး။ မလိမ်မညာ မကွယ်မဝှက်ပဲ အမှန်ကို အမှန်အတိုင်း ရေးလာတာမို့ ဧတေန သစ္စဝစ္စေန ဆိုတဲ့ အကြောင်းတရားအမှန်ရဲ့ အကျိုးဆက်ကိုတော့ ရနိုင်မယ် ထင်ပါတယ်။