အရင်တုန်းကတော့ ဆောင်းမနက်ခင်းတွေဆို အိပ်ယာထဲမှာ စောင်နဲ့လိပ်ပြီး ကွေးနေရတာကို ပိုသဘောကျတယ်။ လက်ရှိအခြေအနေမှာတော့ မနက်စောစောထပြီး နှင်းမြူတွေကြားထဲမှာ လမ်းလျှောက်ရင်း အသက်ရှူထုတ်လိုက်တိုင်း ရေငွေ့ကလေးတွေ ထွက်လာတာကိုကြည့်ရတာ ပိုပြီး နေလို့ကောင်းသလိုပဲ။ အင်္ဂလိပ်ကားတွေထဲမှာ တွေ့ရတဲ့ မှုန်ဝါးဝါး မြူခိုးကလေးတွေ။ တောတွေတောင်တွေကလည်း အဲ့သလို ဇာပုဝါပါးပါးကလေးနဲ့ အုပ်ထားပေးမှ မျက်စိထဲ ပိုလို့လှလာသလို ထင်မိတယ်။ ဆေးရုံရောက်လို့ မနက်စာစားရင်လည်း အငွေ့တထောင်းထောင်းထနေတဲ့ ပန်းကန်လေးတွေကို လက်ကလေးနဲ့ ယမ်းယမ်းပြီး စားရတာ။ အရမ်းကြီး မပူပေမယ့် ရေငွေ့ပျံတတ်တဲ့ သဘာဝ ထင်ပါတယ်။ မိုးညှင်းဘက် ဘီလူးဘက်ဆိုရင်တော့ ခုလိုမနက်စောစောဆို တောင်ပေါ်တက်ပြီး တိမ်ပင်လယ် ကြည့်လို့ရတယ်။ ဒီရာသီမှာ ဒါကြောင့်လည်း ခေါပုတ်ပူပူ ထောင်းစားကြတာကိုး။ ဗမာတွေ ထမနဲထိုးသလိုပဲနေမှာ။ ရခိုင်မှာဆိုရင်တော့ ရထားပွဲဆွဲကြတဲ့ ရာသီပေါ့။
ကိုယ်တို့လည်း ရထားဆွဲသလို လွန်ဆွဲနေရတာက လူနာတွေရဲ့ အသက်ပါ။ အပြိုင်လည်းနွှဲရတယ်။ အနိုင်လည်းဆွဲရတယ်။ ဒီနေ့အတွက် ill case ကတော့ မဏိစန္ဒာ လေ။ ညက အိမ်သာသွားရင်း သတိလစ်ပြီး လဲသွားတယ်။ တက်လည်းတက်တယ်။ ဒီနေ့တနေ့လုံး သူနဲ့တင် လက်မလည်အောင် အလုပ်ရှုပ်တော့တာပါပဲ။ သွေးတွေပြန်ဖောက်ရတယ်။ လူကြုံရှာပြီး ဓါတ်ခွဲခန်းပို့ရတယ်။ သမားတော်ပြန်ပြရတယ်။ သွေးလှူရှင်လည်း ပြန်ရှာရတယ်။ ညရေးညတာ လုံခြုံရာ ရှောင်အိပ်တယ် ဆိုပေမယ့် အသည်းအသန်လူနာရှိလို့ စိတ်မချရင် ဆေးရုံမှာ စောင့်အိပ်တဲ့သူလည်း အိပ်ရတာပဲ။ လွန်ဆွဲပါတယ်ဆိုမှ ကိုယ့်ဘက်ပါလာအောင် ခြေကုန်ရုန်းရမှာပေါ့။
လူနာတိုင်းကို ကိုယ်တို့ဘက်ပါအောင်တော့ ဘယ်ဆွဲနိုင်ပါ့မလဲ။ မြင်ကတည်းက ပါလောက်၏ မပါလောက်၏ အကဲခတ်တတ်ရတာပေါ့။ Ca lung with secondaries ဆိုရင် ရှင်းပဲပြလိုက်တယ်။ သူဆက်ကုဖို့ မတတ်နိုင်မှန်း သိပြီးသား။ Non Hodgkin Lymphoma ထွက်တဲ့သူကျတော့ ဆေးသွင်းနိုင်ရင် ကောင်းဖို့များတယ် လို့လည်း ရှင်းပြရတယ်။ Oncologist ဆီ ဖုန်းဆက်ပြီး ဈေးအသက်သာဆုံး regimen ရဖို့လည်း တောင်းရတယ်။ ဆေးပါ discount နဲ့ ဝယ်ဖို့ ကုမ္ပဏီကို ဆက်သွယ်ရတယ်။ ကိုယ့်ဆီအရောက်သယ်ပြီး ဆေးရုံမှာသွင်းပေးဖို့လည်း စီစဉ်ရတယ်။ ကိုယ့်ဘက် မပါပါအောင် ဆွဲတယ်ဆိုတာ အဲ့ဒါပြောတာ။
ဘယ်လိုပဲဆွဲဆွဲပါ။ ကင်ဆာဆိုရင် ပါပါသွားတာပဲ များတယ်။ ဆေးရုံဖွင့်ကာစက ခွဲပေးထားတဲ့ Ca breast လူနာတစ်ယောက် ဆုံးသွားပြီ။ ရန်ကုန်က ဆေးမှာပြီး ၆ ကြိမ်ပြည့်အောင် ဆေးသောက်ဖို့ သေချာပေးလိုက်ပေမယ့် follow up တစ်ခါမှ ပြန်လာမပြဘူး။ ဆေးလည်းကုန်ရော အလုံးပြန်ပေါ်လာတယ် လို့ ဖုန်းဆက်သေးတယ်။ ဆယ်ဇင်းမီးလောင်တဲ့အချိန်လောက်မှာ ဆုံးသွားတယ်။ follow up လာမပြပဲ ကင်ဆာဆေးတွေကို အဲ့လိုပေးရတာ မဖြစ်သင့်ပါဘူး။ သူတို့ရဲ့ response ကိုလည်း မမြင်ရ၊ adverse reaction တွေလည်း မသိရ။ နောက်ထပ် Breast cancer လူနာတစ်ယောက်လည်း အဲ့လိုပဲ။ ရန်ကုန်ကို ဆေးမှာပေးပြီး ပြန်လာမပြတော့ဘူး။ မန်းလေးဆင်းကုတယ် ဆေးသွင်းရတယ် လို့ပဲ သိရတယ်။
ကလေးလာမွေးရင်း သားအိမ်ဝအလုံးတွေ့လို့ ၄၅ ရက်ကြာမှ ပြန်ခေါ် သားအိမ်ထုတ်တဲ့ အမျိုးသမီးကလည်း သားအိမ်ခေါင်းကင်ဆာ ထွက်တယ်လေ။ ဓါတ်ကင်ရင် ရလပ်ကောင်းတဲ့အမျိုးအစားမို့လို့ ရန်ကုန်ဆေးရုံကြီးက ဓါတ်ရောက်ခြည်ဆေးကုဌာနမှာ ရက်ချိန်းယူပြီး မရောက်ရောက်အောင်သွားဖို့ တွန်းပို့လိုက်တယ်။ ကားလက်မှတ်ဖြတ်ဖို့၊ တက္ကစီငှါးဖို့ကနေ သရက်တောကျောင်းတိုက်မှာ တည်းဖို့အထိ မမအိုဂျီက အသေးစိတ် ဇာတ်ညွှန်းရေးပြီး လွှတ်လိုက်တာပါ။ သို့သော်လည်း စာရင်းသွင်း၊ ဖုန်းနံပါတ်ယူထားပြီး “နောက် သုံးလနေမှ ဆက်သွယ်လိုက်မယ်။ စိတ်မချရင် မန္တလေးမှာ ကင်ဆာဆေး အရင် သွင်းထားနှင့်။” ဆို မန်းလေး ဆေးရုံကြီးထိ လွှဲစာရေးပေးလိုက်သတဲ့။ ခုမှတော့ မထူးဘူးလေ။ ဖုန်းတစ်လုံးနဲ့ မြတ်မန္တလာထွန်းမှာ လက်မှတ်ဖြတ်ပြီး ညတွင်းချင်း မန္တလေးအရောက် ပြန်ပို့ပြီး “ဆေးသွင်းရင်းနဲ့မှ နားနားနေနေ မဟာမုနိ ဖူးတာပေါ့နော်။ ရွှေတိဂုံ ဖူးခဲ့တယ် မှလား။ ကားပေါ်က။” ချော့ချော့မော့မော့ တွန်းရပြန်ရော။ မောလိုက်တာ။ မန်းလေးကလည်း “ဆေးသွင်းလို့ မရသေးဘူး။ ကလေးနို့တိုက်နေတုန်းဟာကို။ နို့ဖြတ်ပြီး နောက် ၃ လ နေမှ ပြန်လာခဲ့ပေါ့။” လို့ ချိန်းပြန်တယ်။ ကိုင်း ဆယ်ဇင်းက လူနာ မြန်မာပြည်တပါတ်ပတ်ပြီး ပြန်လာပြီ။ ပိုက်ပိုက်တွေ ကုန်ရုံပဲ ရှိတယ်။ ဆေးလည်း မသွင်းခဲ့ရ။ ဓါတ်လည်း မကင်ခဲ့ရ။ မသေချင်လို့ ဆေးကုမယ်ဆိုတဲ့လူနာ အခုတော့ သေချင်သွားပြီ မဟုတ်လား။
ဒီလိုပြောလို့ ကိုယ်တွေကမှ အလုပ်လုပ်နေတာ။ ဆေးရုံမှာ နန်းတွေ အလုပ်မလုပ်ပဲ ဘော်လီဘောထိုင်ပုတ်နေတယ် လို့ မဆိုလိုပါဘူးနော်။ စဉ်းစားကြည့်။ မြန်မာပြည်မှာ လူဦးရေ သန်း ၅၀ ရှိတာ။ တနိုင်ငံလုံးမှာ အကြီးဆုံး ဆေးရုံက ရန်ကုန်ဆေးရုံကြီး။ အထူးကုဌာနအစုံအလင်နဲ့ ကုတင် ၂၅၀၀ ဆန့်တယ်။ ရှိသမျှ ကင်ဆာလူနာတွေ အဲ့ဒီကိုချည့်လာလို့ ဖြစ်မလား။ မြန်မာတပြည်လုံးမှာ ဓါတ်ရောင်ခြည်ဌာနက ရန်ကုန်၊ မန္တလေး၊ တောင်ကြီး ၃ နေရာပဲ ရှိတယ်။ ဆင်ဖြူတော်ကို စလယ်ဝင်အိုးနဲ့ ပြုတ်လျှော်နေရတာ။ ဘယ်လိုလုပ် ဝန်နဲ့အားနဲ့ မျှမလဲ။ ကိုဗစ်ဖြစ်စတုန်းကတောင် ဓါတ်ကင်လူနာအတွက် စာရင်းသွင်း စောင့်ဆိုင်းကာလ တစ်နှစ်ကျော် ရှိတယ်။ အာဏာသိမ်းလိုက်တာ၊ CDM တွေ လုပ်ကုန်တာ၊ ကိုဗစ်လှိုင်းတွေ အကြိမ်ကြိမ် ထပ်လာတာ၊ နေပြည်တော်က လောက်တွေက အလုပ်ထုတ်တာ ပေါင်းလိုက်တော့ နှစ်နဲ့ချီ ပုံခဲနေတဲ့ လူနာအကြွေးတွေ ဘယ်လို ကုန်အောင်ကြည့်ကြမလဲ။ ဒီကြားထဲမှာ အရင်ဆရာကြီးရဲ့တပည့်တွေနဲ့ အခုဆရာကြီးရဲ့တပည့်တွေ တိုက်ပွဲက ပြင်းထန်နေသေးတယ်။ ဒါ အကုန် မဟုတ်သေးဘူး။ အသံတိတ်ကလေး လက်သီးပုန်းဝင်ထိုးမယ့် နောက်တက်မယ့်ဆရာကြီးရဲ့ တပည့်တွေက ပိုကြောက်ဖို့ကောင်းသေး။ အဲ့ဒီကိစ္စက C တာ Non တာ နဲ့ မဆိုင်ဘူး။ infrastructure နဲ့ specialist အင်အား မလုံလောက်တဲ့ ပြဿနာ။ ဒါနဲ့တောင် ဆရာဝန်တွေကို ဖြုတ်ထုတ်သတ်လုပ်တဲ့သူက လုပ်။ လိုင်စင်လိုက်သိမ်းတဲ့သူကသိမ်း။ ပုဆိန်ရိုးလုပ်နေတဲ့ ဆေးလောကသားတွေက ရှိသေး။
နောက်ဆုံးတော့ ကင်ဆာလူနာ ဆေးသွင်းဓါတ်ကင်ခိုင်းရတဲ့ အလုပ်ဆိုတာ ကိဿာဂေါတမီကို မုန်ညင်းဆီ ရှာခိုင်းရတာနဲ့ သိပ်တော့ မထူးဘူး လို့ ကိုယ့်ဘာသာ သဘောပေါက်ရပါတယ်။ သူ့ဘက်က လက်လျှော့ပြီဆိုမှ “ချစ်သမီး ဤလောက၌ မသေသောသူဟူ၍ မရှိ။” ဆို တရားလေးနဲ့ ဖြေခိုင်းရမှာပဲလေ။ အဲ့ဒါကြောင့် တချို့လူနာတွေဆို ပေမရှည်အောင် စောစောစီးစီး ဖြတ်တယ်။ အသားစ စစ်ဖို့တောင် ကိုယ်ကစိုက်ပေးနေရတဲ့ လူနာကို EMA, LCA special stain တွေ ထပ်စစ်ဖို့၊ GMCSF တွေ ထိုးဖို့ ဘယ်လိုလုပ်ပြောမလဲ။ ရွာ့ကျက်သရေထဲက ဆရာစောမိန်းမကြီးလိုပဲ။ ကြက်သားတွေ ဝက်သားတွေ ချက်ရကောင်းမှန်း သိပါတယ်။ ချက်လည်း ချက်တတ်ပါတယ်။ ဒါပေသိ ရွာကကလေးတွေ ချက်နိုင်တာ ချဉ်ပေါင်ကန်စွန်းပဲ ရှိတာမို့ သူ့တပည့်ကျော်တွေကို ချဉ်ပေါင်ဟင်း၊ ကန်စွန်းရွက်ကြော်ပဲ သင်ပေးရတာပါတဲ့။ ကင်ဆာကို သူများနိုင်ငံမှာ ဘယ်လိုကုကု ကိုယ့်ဆီမှာတော့ ချဉ်ပေါင်ကု ကန်စွန်းကုပဲ ကုပါတယ်။ ဒါတောင် “မောင်လေးရေ တမာရွက် စားပေးရတယ် မောင်လေး။” ဆို နောက်ဆုတ်ပေးလိုက်ရသေးတာ။
အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ကိုယ်တို့တတွေဟာ ကင်ဆာကိုမှ လူလိုသူလို မကုနိုင်တော့တာ မဟုတ်ပါဘူး။ ကာကွယ်ဆေးထိုးရတဲ့ရောဂါတွေကိုလည်း မကုနိုင်တော့ဘူး။ ကိုဗစ်လိုကပ်ရောဂါဆိုရင် အသာလေးထိုင်ကြည့်နေရတာ။ နိုင်ငံတကာနဲ့ တံခါးပိတ် အဆက်အသွယ်ဖြတ်ပြီး ရုရှား နဲ့ ဘီလာရုစ်လောက်ကို လေ့လာရေးခရီးသွားနေရတယ်။ gun shot တွေ ကုရဲကုကြည့်။ ဆေးရုံထိ ဗုံးနဲ့လာကျဲမယ် ဆိုတာမျိုး ဖြစ်လာတယ်။ အရာအားလုံးဟာ အောက်ဆုံးအထိ ကျဆင်းသွားတယ် လို့သာ မှတ်လိုက်ပါ။ လောလောဆယ် ကိုယ့်မဖြစ်သေးတဲ့သူတွေသာ မသိကြတာ။ အခုဖြစ်ရင် အခုချက်ချင်း တန်းသိလာမှာချည့်ပဲ။ “နေနိုင်ရန်ကော။ နေစိမ့်ရန်ကော။” လို့ ဘယ်သူ့ကိုမှ အပြစ်တင်စရာ မလိုဘူး။ မကြာခင် သူတို့လည်း ခံရတော့ မသိချင်လို့ကို မရဘူး။ စစ်ခွေးတွေလည်း သွေးနဲ့ကိုယ် သားနဲ့ကိုယ်။ ကင်ဆာလည်းဖြစ်မှာ၊ ကိုဗစ်လည်းဖြစ်မှာ။ စစ်ဆေးရုံတွေက ပိုတောင် ခွဲခြားဆက်ဆံဦးမယ်။ မြန်မာဆိုတော့ မြန်မာပြည်ကြီး ကောင်းမွေဆိုးမွေတွေ အတူခံရမှာပဲဟာ။ ဘယ်သူမှ မလွတ်ပါဘူး။ စစ်တပ်မကောင်းကြောင်း စကားထဲထည့်ပြောစရာကို မလိုတော့တဲ့အချိန်။ လူတိုင်းသိတယ်။ သူတို့ကိုယ်တိုင်ပါ သိတယ်။ ပြင်ချင်ပြင် မပြင်ရင် ဒီအတိုင်းဆက်ခံနေကြရုံပဲ။ တနိုင်ငံလုံး ဒီလောက်ထိ စုတ်ပြတ်သတ်သွားမှတော့ ကျန်းမာရေးတစ်ခုလေးကွက်ပြီး အကောင်းကျန်ဖို့ မဖြစ်နိုင်ပါဘူး။ တိုင်းပြည်ကျန်းမာရေး မကောင်းချိန်ကျမှ ကိုယ့်ကျန်းမာရေးက မကောင်းတော့ဘူးဆိုရင် ပြေးကြလေ။ နိုင်ငံခြားကို။ အသက်မီရင် ဟိုမှာ သေရမှာပေါ့။လေဖြတ်တဲ့ ဦးအောင်သောင်းလည်း Mount E မှာ။ သွေးကင်ဆာဖြစ်တဲ့ စိုးဝင်းကြီးလည်း စလုံးမှာ။ မဟုတ်ဘူးလား။ စအိုမာဘင်လာဒင်ဖြစ်တဲ့ ဇော်မဲလုံးတောင် ဘန်ကောက်မှာ သွားကုနေပတဲ့။ မကြာမီ လာမည် မျှော်။ ဒီလူကြီးတွေ အသက်အတွက်တော့ ကျုပ်က လွန်မဆွဲဘူးဗျာ။ အဆင်း ဘီးတပ်ပြီး တွန်းလွှတ်လိုက်မှာ။
ဒီမှာတော့ လွှတ်လို့မရသေးဘူး။ အတင်းပြန်ဆွဲနေရသေးတယ်။ မဏိစန္ဒာကို။ ဆေးရုံရောက်တာနဲ့ သူ့ကုတင်လေး လှမ်းကြည့်ရတာ။ ညက စောင့်နေရစ်ခဲ့တဲ့ ဆရာလေးကို အခြေအနေမေးပြီး “ပါပလားဟေ့ ဖိုးထောင်ရေ့” “မပါသေးဘူး ဝါနုရေ့” လုပ်နေရတယ်။ vital signs ကတော့ stable ပဲ။ Fits တွေ ရရနေတာ မရပ်သေးဘူး။ ညက ၃ ခါ တက်တယ်။ မနေ့က သွေးဖောက်တဲ့အဖြေက ကားမမီလိုက်လို့ ဒီနေ့မှ ရမယ်။ အဖြေစောင့်ရင်း သမားတော်ဆီ စာပို့၊ သွေးလှူရှင် ရှာထား၊ လုပ်လို့ရတဲ့အလုပ်မှန်သမျှ အကုန် လုပ်ထားလိုက်ပြီ။ ကျန်တာကတော့ သူငယ်မကုသိုလ် ငါ့ကုသိုလ်ပေါ့။ နေ့ရက်တိုင်းမှာ စိန်ခေါ်မှုမှန်သမျှ ရင်ဆိုင်ယှဉ်ပြိုင်နေတာ ချန်ဂင် ဟုခေါ်သည်လေ။