ချန်ဂင်တို့စခန်း (၁၂၅)

အင်းတော်ကြီးဒေသကို နဂါးတွေ နေတဲ့အရပ်လို့ ဒဏ္ဍာရီ ပုံပြင်တွေထဲမှာ ပြောလေ့ရှိကြပါတယ်။ ဒီနေရာမှာ ဒီရေအိုင် အကြီးကြီး လာဖြစ်နေတာကိုက ဘောဂဝတီ နဂါးပြည်က နဂါးညီနောင်နှစ်ဖော် တိုင်းခြားပြည်ထောင် ထူထောင်ဖို့အတွက် ရေတွေလွှမ်းပစ်ခဲ့ရာက စခဲ့တယ် လို့ ပုံပြင်ထဲမှာ လာတာကိုး။ ငါးပါးသီလမြဲတဲ့ မုဆိုးမ အမေအိုကြီးတစ်ဦးသာ ချိုင့်ဝှမ်းကြီးပြည့်အောင်ရွာတဲ့မိုးက လွတ်ခဲ့တယ် လို့ ပြောကြတယ်။ လွယ်မွန်ရွာဘက်မှာ မုဆိုးမဘုရား လို့တောင်ရှိသေး။ အဲ့ဒီမုဆိုးမကြီးရဲ့ ခြေရာရော၊ သူနဲ့အတူ ရေဘေးလွတ်ရာ ဆွဲခေါ်လာတဲ့ ကျွဲခြေရာခွက်တွေရော ကျောက်သားပေါ်မှာ စွဲထင်ကျန်ရစ်တယ် ဆိုပြီး အင်းစပ် ကမ်းခြေမှာ နတ်စင်နတ်ကွန်းနဲ့ ထားကြတာပဲ။ အင်းဘေးမှာ ရှိတဲ့ ရွှေတောင် ငွေတောင်မှာလည်း တောင်စောင့်နတ်တွေ နဂါးတွေရဲ့ ပုံပြင်တွေ ရှိပါတယ်။ ငွေတောင် အောက်ခြေနားမှာ နဂါးအာခံတွင်းကို ချိုးလိမ်ထားပြီး နှိမ်နှင်းခဲ့လို့ နဂါးအာလိမ်ဘုရားဆိုတဲ့ စေတီပျက်တစ်ဆူလည်း ရှိတယ်။

နဂါးကို မမြင်ဖူးပေမယ့်လို့ ကိုယ်တို့ဆေးရုံ အတွင်းအပြင် ပတ်ချာလည်မှာတော့ မြွေအမျိုးပေါင်းများစွာ မြင်ဖူးခဲ့ပါပြီ။ ဆေးရုံက လူနာဆေးထည့်တဲ့အခန်းထဲမှာ ခွေနေတာ၊ ရေစင်ပေါ်ကို တက်သွားတာ၊ ရေစင်ဘေး ညောင်ပင်ကြီးရဲ့ ပါးပျဉ်းကြားမှာ သစ်ခေါင်းထဲမှာ ရှိနေတာ၊ မြင်ပါများလို့ ရိုးတောင်လာပြီ။ ခုထက်ထိတော့ ဆေးရုံဝင်းထဲ နေ့ရောညပါ ဥဒဟိုသွားလာနေတဲ့ ကျွဲ၊ နွား၊ ခွေး၊ ဆိတ်၊ ကြက်၊ ဝက်တွေတောင် မြွေကိုက်မခံရသေးဘူး။ ကိုယ်တို့ကို လုံခြုံအောင် စောင့်ရှောက်ဖို့ လာနေကြတာပဲ လို့ သဘောထားလိုက်ပါတယ်။ ကိုယ်တို့မြန်မာတွေရဲ့ နဂါးဆိုတာ အင်္ဂလိပ်တွေဆီက dragon နဲ့ မတူဘူး။ တရုတ်နှစ်ကူးမှာ တုံချန်တုံချန် နဲ့ ကတဲ့ လုံ နဲ့လည်း မတူဘူး။ ရေအောက်မှာနေတယ်။ မြွေနဲ့ အမျိုးစပ်တယ်။ ဒီအရပ်ဒေသဟာ နဂါးတွေရဲ့ ပိုင်နက်နယ်မြေ ဆိုလည်း ကိုယ်တို့နဲ့ ရှော့ခ်မရှိပါဘူး။ ဗွက်အိုင်ထဲ နှင်းဆီပန်းတွေပစ်ချ နွားနို့ရေတွေလောင်းထည့် လုပ်မယ့် ဂေါက်ကြောင်ကြောင် ယတြာချေမယ့်အစားထဲကတော့ မဟုတ်ဘူး။ တွန့်လိန်တွန့်လိန်ပူးပြပြီး ဘုရားတည်ပေးပါလ်ို့ ဘုန်းကြီးတွေကို အလှူခံခိုင်းဖို့လည်း ဝါသနာမပါဘူး။

နဂါးတွေရဲ့ သဘာဝက ဂဠုန်လာရင်တော့ ကြောက်တယ် လို့ ဆိုတယ်လေ။ ကိုယ်တို့လည်း ကောင်းကင်က ဗုံးလာလာကျဲတဲ့ ဂဠုန်ရန်ကို ရှောင်ဖို့ ပုန်းကျင်းတွေ၊ ခံတုတ်ကျင်းတွေ တူးထားရတယ်။ အရေးဆို ပုန်းစရာရှောင်စရာ လမ်းလည်းထွင်ထားရပါတယ်။ အဲ့သလိုနဲ့ ရှင်းရင်းထွင်ရင်း ခွဲခန်းအနောက်ဘက် ခင်တန်းဆီက ညောင်ပင်ကြီးအောက် ရောက်သွားတယ်။ ဆေးရုံက ကောင်လေးကတော့ အရင်တုန်းက ဒီနေရာမှာ ဘုရားရှိတယ်လို့ သူ့အဖွားက ပြောဖူးတယ်တဲ့။ ပြောရင်းဆိုရင်း ကျိုးပဲ့နေတဲ့ ကျောက်ဆင်းတုလေးတစ်ပိုင်း ကောက်ရလို့ ညောင်ပင်ပေါ် တင်ထားခဲ့တယ်။ ရွာဦးဘုန်းကြီးသိတော့ ကိုယ်တိုင် လာပင့်သွားတာပဲ။ အဲ့ဒါ ရှေးဟောင်းဘုရားတွေတဲ့။ သူ့ကျောင်းဝင်းထဲမှာလည်း တစ်ဆူရှိသတဲ့။

ဒီက တောတွေတောင်တွေထဲမှာ အမှားလုပ်လို့ မရဘူးတဲ့။ သစ်ပင်အခုတ်မှားရင် တစ်ပါတ်ဆယ်ရက်လောက် ရူးသလိုကြောင်သလို ဖြစ်သွားတတ်တယ်တဲ့။ တခါတခါကျရင် တောထဲမှာ လေးငါးရက်လောက် ပျောက်သွားပြီး ပြန်တွေ့တဲ့အခါ စကားမေးမရပဲ ကြောင်နေတာလည်း ရှိသတဲ့။ အခုရက်ပိုင်းကို အဲ့လိုမျိုးတစ်ယောက် ဖြစ်လို့ ကချင်ဓမ္မဆရာတွေ ဆုတောင်းပွဲ လုပ်ပေးကြသေးတယ်။ ကိုယ်တို့ဆေးရုံရောက်နေတဲ့ အရက်သမား သစ်ခွဲဆရာလည်း သူတို့က နတ်ကိုင်တာ လို့ပဲ အတတ်စွဲနေတာ။ ကိုယ်ကသာ psychiatrist ဆီက ညွှန်ကြားတဲ့အတိုင်းကုထားလို့ သတိလေးပြန်ကပ်လာပြီ ဆို စိတ်အေးရတာ။ အခုတော့ မောင်မင်းကြီးသား သွေးလည်းမအန်တော့ဘူး။ ထိပ်တုံးလည်း လွတ်ပြီ။ ဟိုနေ့ကဆို ချေးအလူးလူးနဲ့ ပုဆိုးမကပ်ပဲ ရုန်းကန်နေတာ။ အပ်တွေလည်း ဆွဲဆွဲဖြုတ်ပစ်လို့ ခဏခဏ ပြန်ထိုးနေရတာ။ ခုမှပဲ ငြိမ်ငြိမ်ဆိမ်ဆိမ် အိပ်ပေတော့တယ်။ နောက်ရက်ဆို ပေးပြန်လို့ရပြီ။

ဒီလူနာတစ်ယောက် ကောင်းသွားရင် နောက်ထပ် ဂရုစိုက်စရာ အသည်းအသန် လူနာတစ်ယောက်က ရောက်လာပြန်တာပါပဲ။ ဗိုက်အောင့်ပြီး ဖျားတဲ့ ဝါဝါဝင်းရွှေတစ်ယောက် ရောက်နေပြန်တယ်။ Ultrasound ရိုက် radiologist နဲ့တိုင်ပင်၊ ဓါတ်ခွဲခန်းကို သွေးတွေပို့။ ခွဲလို့ ခံနိုင်ရည် မရှိလောက်သေးဘူး။ မနည်းကုနေရတုန်း။ ဒီနေ့အဖို့ major operation ကြီးတွေ မရှိပေမယ့် ခွဲလူနာ ၃ ယောက်တော့ ရှိတာပဲ။ လူကလည်း အဲ့လိုလေးမှ နေသာထိုင်သာ ရှိသွားတာ။

တကယ်တော့ ဒီနေ့ဟာ ဟောဒီ စခန်းထဲကို ပထမဆုံးရောက်ဖူးခဲ့တာ တစ်နှစ်တိတိ ပြည့်တဲ့နေ့ပဲ။ လေယာဉ်နဲ့ ဗုံးလာကျဲခံရတဲ့ လူနာနှစ်ယောက်ကို လာကြည့်ပေးရတာ။ ဘာပစ္စည်းမှ မရှိဘူး။ ကြမ်းပြင်ပေါ်အိပ်ခိုင်း Inj tramadol လေးထိုးပေးပြီး ခေါင်းအစ ခြေအဆုံး ထိုင်ချုပ်တာ။ နေရာအနေအထားလေးကြည့်ရင်း ဒီမှာ ဆေးရုံဆောက်ရင် ကောင်းမယ်လို့ စဉ်းစားမိသွားတယ်။ အဲ့ဒီစိတ်ကူးပေါ်ကာစကနေ အခုတစ်နှစ်ပြည့်တဲ့အထိ စုစုပေါင်း လူနာ ၄၉၀၆ ယောက် ဆေးကုပေးခဲ့ပြီ။ ၂၉၀ ဆေးရုံတင်ပြီးပြီ။ ၁၂၈ ယောက် ခွဲပေးပြီးပြီ။ တန်တယ် မဟုတ်ဘူးလား။ လှူရတဲ့လူလည်းတန်တယ်။ နေရတဲ့လူလည်း တန်တယ်။ နေမကောင်းတဲ့ လူနာတွေအတွက်လည်း တန်တယ်။ လုပ်ကာစတုန်းကဆို ငါ့မှာ ရှိတဲ့ ပိုက်ဆံလေးနဲ့ သုံးလေးလတောင် တောင့်ခံနိုင်ပါ့မလား လို့ စိတ်ပူခဲ့ရတာ။ အခု တစ်နှစ်ခရီးတောင် ပေါက်ခဲ့ပြီ။ အသက်လည်း ရှည်တယ် အခက်လည်း ဝေတယ်။ အေးဆေးပဲ။

ကောင်းသောအကြံအစည်ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကောင်းဆုံး အားထုတ်လုပ်ကိုင်မှုကြောင့် ကောင်းသောအကျိုးဆက်တွေ ရခဲ့တာ။ စစ်သားတွေအတွက်တော့ မျက်စိစပါးမွှေးစူးသလို အခံရခက်စေသလား မသိပါဘူး။ ဒုတိယအကြိမ် ဗုံးလာချလို့ မနှစ်ကပုံနဲ့ ယှဉ်ပြီး တင်ထားလိုက်တယ်။ အခုရက်ပိုင်း သူတို့က ဆေးရုံတွေချည့် ဗုံးလိုက်ကျဲနေတာလေ။ မြို့ကုန်းဆေးရုံကို ချေမှုန်းအပြီးမှာ ကန့်ဘလူ က ဆေးရုံကို ထပ်ဆော်လိုက်ပြန်ပြီ။ တပ်စွဲထားတဲ့ အခြေစိုက်စခန်းကို မဟုတ်ပဲ ဆရာဝန် ဆရာမနဲ့ လူနာတွေချည့်ပဲ ရှိတဲ့ တိုက်နယ်ဆေးရုံတွေကို လေယာဉ်နဲ့ လာပစ်တာပါ။ ကိုယ်တို့ဆီ လာပစ်တာလည်း တည်နေရာက အတိအကျပေမယ့် အချိန်ကာလ ကွာခြားသွားလို့သာ ကိုယ်တို့အားလုံး ဘေးရန်ကင်းတာလေ။ ခုချိန်မှာ လာဖျက်စီးရင်လည်း ကိုယ်တို့ ကုခဲ့ခွဲခဲ့တဲ့ လူနာတွေနဲ့တင် ကုန်ကျစားရိတ် အရင်းကျေလို့ တော်တော်တန်နေပြီ မဟုတ်ဘူးလား။

“ဆရာဝန်မို့လို့ ဆေးကုတာ ဘာမှ မဏ္ဍပ်တိုင်တက်ကြွားနေစရာ မလိုဘူး။” ဆိုတဲ့ စစ်ခွေးလော်ဘီတွေကို ဆပ်ပြာနဲ့ ပွတ်ပစ်ခဲ့ချင်တာကတော့ ဆရာဝန်ဆိုတိုင်းလည်း ဒီချိန်မှာ ဆေးကုနေတာ မဟုတ်ဘူး။ ကိုဗစ်တွေ ဘယ်လိုဖြတ်သန်းခဲ့သလဲ။ အမှတ်သည်းခြေ မရှိဘူးလား။ ဆေးကုရင် လိုက်ဖမ်း လိုက်သတ် လိုက်ပိတ်ပင်နေတဲ့ မအလနဲ့ အပေါင်းအပါတွေကို မကြောက်တတ်လို့ အခုချိန်ထိ ဆေးကုနေနိုင်တာ။ ပိတ်ပင်တားဆီးမှုတိုင်းကို ကျော်ဖြတ်နိုင်ခဲ့လို့ ဒီကနေ့အထိ လွတ်လပ်စွာ ရှင်သန်နေနိုင်တာ။ လူသန်း ၅၀ ကို လက်နက်အားကိုးနဲ့ ကျွန်ပြုလို့ ရမယ် ထင်သလား။ အဲ့ဒီအထဲမှာ ကိုယ်တို့တော့ ပါမှာ မဟုတ်ဘူးလို့ နားရွက်ကို တံတွေးဆွတ် စိန်ခေါ်ချင်တာပါ။

ကုန်လွန်သွားပြီးတဲ့ တစ်နှစ်ကာလမှာ ကြုံတွေ့လာခဲ့သမျှ အခက်အခဲတိုင်းကို လက်တွေ့ကျကျ ရင်ဆိုင်ဖြေရှင်းခဲ့တယ်။ ယုံကြည်ချက်တွေလည်း ယိမ်းယိုင်မသွားဘူး။ ဆုံးဖြတ်ချက်တွေလည်း မှားယွင်း မသွားခဲ့ဘူး။ ကိုယ်သွားရမယ့်လမ်းကိုပဲ တစိုက်မတ်မတ် လျှောက်ခဲ့တယ်။ သူတို့ဘက်က ဘယ်လိုပဲ နှောက်ယှက်ဖျက်စီးသည်ဖြစ်စေ ကိုယ့်အလုပ်ကိုယ် အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်။ ရှေ့ဆက်ရင် အခုထက် ကြီးကြီးမားမား အသီးအပွင့်တွေကို လက်ဆုပ်လက်ကိုင်နဲ့ သက်သေပြမယ်။ စောင့်ကြည့်။ အဲ့ဒါ ကိုယ်တိုက်နေတဲ့ စစ်ပွဲပဲ။

စစ်ပွဲဆိုတာ ဒဏ်ရာအနာတရနဲ့ မကင်းဘူးပေါ့လေ။ ကိုယ့်မှာလည်း ခံစားရခက်တဲ့ ဒဏ်ရာတွေ ရှိပါတယ်။ ဒါပေမယ့် အသက်မှ မသေသေးတာ။ စစ်ပွဲ မပြီးမချင်း ခံစားချက်တွေကို အချိန်မပေးနိုင်ဘူး။ ခြေလည်းမကုန် လက်လည်းမပန်းသေးဘူး။ ဆက်တိုက်နေဦးမှာ။ အသေအပျောက် အဆုံးအရှုံးတွေ ရှိပေမယ့်လည်း ကိုယ်တို့အတွက် အောင်ပွဲက လက်တကမ်းပဲ လိုတော့တယ်။ လက်နက်ချ စစ်ပြေငြိမ်းဖို့ ပွဲစားတွေလွှတ်ပြီး ဈေးဆစ်နေတာ သူတို့အသာစီးရနေတဲ့အချိန် လုပ်ရိုးထုံးစံ ရှိလို့လား။ တတိုင်းပြည်လုံး မီးပတ်ရှို့နေတဲ့ကောင်တွေက တိုင်းပြည်မနစ်နာအောင် ညှိနှိုင်းကြပါစို့ လို့ လေသံပစ်လာတာ သူတို့အသက်ကျ သေမှာကြောက်လို့ပေါ့။

“တိုင်းပြည်တစ်ပြည်မှာ စစ်တပ်မရှိရင် ဘာဖြစ်သွားမလဲ စဉ်းစားကြည့်စမ်း။” ဆိုတဲ့ ချီးဘရိန်းများကို လက်တွေ့ပြချင်တယ်။ “တိုင်းပြည်ကို သစ္စာဖောက်တဲ့ စစ်တပ်ဆိုးကြီးကို ချေမှုန်းသုတ်သင်ပစ်ပြီး ပြည်သူဘက်က ရပ်တည်မယ့်၊ ပြည်သူ့ရင်ခွင်က ပေါက်ဖွားလာတဲ့၊ ပြည်သူတွေကို ကယ်တင်မယ့် ပြည်သူ့တပ်မတော်အသစ်ကြီး ပေါ်လာတာ မင်းတို့ မမြင်ဘူးလား။” လို့ လက်ညှိုးထိုးပြရတော့မှာပဲ။ တော်လှန်ရေး သမိုင်းမော်ကွန်းအသစ် မှတ်တမ်းတင်နေတဲ့အချိန်မှာ မင်းတို့လို အာဏာရှင် လက်ကိုင်တုတ်တွေအတွက် နေရာမရှိတော့ဘူး။ ကိုယ့်လဇိကိုယ် ညှစ်ပြီး သေကြကွာ။ မြန်လေ ကောင်းလေပဲ။ ကြားလား။