ချန်ဂင်တို့စခန်း (၁၂၃)

တိုက်ပွဲတွေတော့ ခဏရပ်သွားပြန်ပြီ။ မိုးညှင်းဘက်မှာတော့ ရဟတ်ယာဉ်တွေ အတက်အဆင်း များတုန်းပဲ။ ဂိတ်တွေမှာလည်း အစစ်အဆေး တင်းကြပ်နေတုန်း။ ထိုးစစ်ဆင်လာမလိုလို အရိပ်အရောင် ပြပြီးမှ ခဏနေဦး လို့ စောင့်ခိုင်းထားသလို ပုံစံမျိုး။ လှုပ်ရှားသွားလာနေကြသူတွေအားလုံး လက်နက်ကိုယ်စီလွယ်ထားကြတယ်။ လေကြောင်းရန်ကာကွယ်ရေးအတွက် လုပ်စရာရှိတာတွေ လုပ်နေကြတယ်။ ရွာသူရွာသားတွေကအစ ဘယ်သူမှ အမှုမဲ့ အမှတ်မဲ့ မနေတော့ဘူး။ ဆေးရုံမှာတော့ ကိုယ်တို့တွေ ပုံမှန်လူနာကြည့်တာက တစ်ဘက်၊ ပြင်စရာရှိတာတွေ ပြင်ဆင်သိုမှီးနေတာက တစ်ဘက်။ ဘာမှ ထူးထူးခြားခြား မရှိပါဘူး။ နားနားနေနေ အလုပ်လုပ်ရင်း စိတ်ဖိစီးမှုလေးတွေ လျော့ကျသွားတာပေါ့။

လောလောဆယ် တိုက်ပွဲတွေကိုယ့်အနားမှာ မရှိပေမယ့် မကြာခင်မှာ ရှိလာတော့မယ်ဆိုတာ သဘောပေါက်ပြီး အားလုံးပြင်ဆင်နေကြတယ်။ ဟိုပင် မိုးညှင်းဘက် ကြည့်ကြည့်၊ အင်းတော်ကြီး ဖားကန့်ဘက်ကို ကြည့်ကြည့် လူတိုင်းလူတိုင်းက ဒီဘက်ကို စစ်ရောက်လာရင် ဘယ်လိုလုပ်မလဲ။ အဆင်သင့်ပြင်ဆင်နေကြတာ တွေ့ရပါလိမ့်မယ်။ ခြုံပြီးပြောရရင် ကချင်ပြည်နယ်မှာ နေရာအနှံ့အပြား စစ်ပြင်နေကြပြီ။ နေ့တိုင်းနေ့တိုင်း လေကြောင်းစစ်ဆင်ရေးတွေ လာ​နေတဲ့ကြားက ခံစစ်ကို လုံအောင်ကာနေကြတယ်။ တချိန်တည်းမှာပဲ စစ်ကောင်စီဘက်က တပ်အလှုပ်အရှား၊ စစ်ဆင်ရေးလမ်းကြောင်းတွေကို ပိတ်ဆို့ဖြတ်တောက်ထားတယ်။ သတင်းထဲ ကြည့်လိုက်ရင်တော့ လေယာဉ်တွေက ဟိုနားလေး လာပစ်သွားပြန်ပြီ။ ဒီနားလေး လာကျဲသွားပြန်ပြီပေါ့။ ဒါပေမယ့် လေယာဉ်လာရတဲ့အကြိမ်တိုင်းဟာ မြေပြင်မှာ သူတို့တပ်တွေ အရေးမလှပဲ လက်နက်လူသူ အဆုံးအရှုံး ရှိလို့ ဆိုတာကို ပြတယ်။ တချို့ကိစ္စတွေက စစ်ရေးလျှို့ဝှက်ချက်တွေဖြစ်လို့ အသေးစိတ်ထည့်မရေးပေမယ့်လည်း အခုလိုမျိုး ဆြာစိုးလေးတို့ကို ရင်တမမ စိတ်ပူနေရပြီ ဆိုတဲ့ အခြေအနေဟာ အောင်ပွဲနဲ့ နီးကပ်လာပြီဆိုတဲ့သဘောပါပဲ။ တချိန်ချိန်မှာ မဖြစ်မနေ ရင်ဆိုင်ဖြတ်ကျော်ရမယ်ဆိုတဲ့ အဆင့်တစ်ခုကို ရောက်လာတာ။ ထိတ်လန့်ရမယ့်အချိန် မဟုတ်ဘူး။ ရဲရင့်ရမယ့်အချိန်။

တော်လှန်ရေးရဲ့ စစ်မျက်နှာများစွာမှာ ကချင်ဟာ တစ်ခုအပါအဝင်ပါ။ အာဏာစသိမ်းစဉ်ကတည်းက ဘယ်လိုပဲ သိမ်းသွင်းသိမ်းသွင်း KIA ဟာ စစ်ကောင်စီနဲ့အတူ မရပ်တည်ခဲ့တာ သေချာတယ်။ ကနဦးအစမှာကတည်းက CDM နဲ့ PDF တွေကို အကာအကွယ် အထောက်အပံ့ပေးခဲ့သလို စစ်သင်တန်းတွေလည်းပေး၊ လက်နက်ခဲယမ်းတွေလည်း ကူညီခဲ့တယ်။ အခုချိန်မှာတော့ သူကိုယ်တိုင် မဖြစ်မနေ မီးကုန်ယမ်းကုန် တော်လှန်ရေး တိုက်ပွဲဝင်တော့မယ့် အခြေအနေကို ရောက်လာတာပေါ့။ ဒီအခြေအနေရောက်ဖို့ ကိုယ်တို့တတွေ အများကြီးမျှော်လင်ခဲ့ရတယ် မဟုတ်ဘူးလား။ တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံး စစ်ကောင်စီကို ဘက်ပေါင်းစုံက တပြိုင်တည်း ဝိုင်းဝန်းတိုက်ခိုက်ကြဖို့လေ။ အခု ရောက်ပြီ။ အဲ့ဒီအချိန်။

ကိုယ်တို့ဆီမှာလိုပဲ တနိုင်ငံလုံးက EAO တွေ ရှိတဲ့နေရာမှန်သမျှ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ ဒဏ်ရာအနာတရဖြစ်တဲ့သူတွေ ရှိနေလို့ ဆေးကုပေးတဲ့သူတွေလည်း လက်မလည်ဘူး။ ဒါပေမယ့် ငါတို့ ဒီမှာ ဆေးကုနေပါတယ် လို့လည်း လူသိခံလို့ မရဘူး။ စစ်ခွေးတွေက အနံ့ရသွားရင် လာဖျက်စီးရော။ တနေ့က လေးတင် ရွှေကူနားက မြို့ကုန်းဆေးရုံကို လက်နက်ကြီးနဲ့ ပစ်သွားတယ်။ စာသင်ကျောင်း၊ ဆေးရုံနဲ့ လူနေအိမ်ခြေတွေကိုပဲ ရွေးရွေးပြီးပစ်နေတာလေ။ သူတို့ကို ပြန်ပစ်မယ့်သူမှ မရှိတာကိုး။ ကိုယ့်ဆီကိုလည်း ဆော်ချင်လွန်းလို့ လက်ကိုယားနေမယ် ဆိုတာ သိပါတယ်။ ဒီအဆင့်တွေက ဒီလိုပဲ ဖြတ်သန်းရမယ့်ကိစ္စ။ အန္တရာယ်က လက်တကမ်းမှာပေမယ့် ကျော်ဖြတ်နိုင်မှ အောင်ပွဲရမှာ။ ဒါကြောင့်မို့ ကိုယ်တို့ဟာ ဆေးကုဖို့ တစ်ဘက်တည်း အာရုံထားနေလို့ မရဘူး။ လာဖျက်စီးရင် အပျက်အစီး အဆုံးအရှုံး နည်းနိုင်သမျှ နည်းနည်းနဲ့ ဘေးလွတ်ရာကို တိမ်းရှောင်နိုင်ဖို့၊ အသစ်တဖန် ပြန်လည်တည်ဆောက်နိုင်ဖို့လည်း စဉ်းစားထားရတယ်။ တစ်ပွင့်ကြွေရင် တစ်ပင်လုံးဝေဖို့ ကြိုးစားကြတာပေါ့။

လက်ရှိအခြေအနေအရတော့ တောင်ပိုင်းမှာ တိုက်ပွဲတွေပိုပြင်းထန်၊ အသေအပျောက် အထိအခိုက်ပိုများပြီး အောင်ပွဲတွေ ဆက်တိုက်ရနေတယ် လို့ သတင်းတွေထဲမှာ တွေ့ရပါတယ်။ ကိုယ်နဲ့အဆက်အသွယ်ရတဲ့ တောင်ပိုင်းက ဆရာဝန်တွေလည်း တိုက်ပွဲနဲ့အတူ ရွှေ့ပြောင်း တက်ဆုတ်နေကြရတယ်။ သူတို့လည်းပဲ ဟိုဘက်ကမ်းကူးပြီး ခိုလှုံရာ မရှာကြတဲ့အတွက် ကျေးဇူးတင်မိပါတယ်။ တချိန်ကျလို့ တော်လှန်ရေးကြီးအောင်မြင်သွားတဲ့အခါကျရင် အောင်မြင်ထင်ရှား ခေါင်းဆောင်များ၏ ပဲ့ကိုင်လမ်းညွှန်ချက်ကြောင့် အရေးအောင်တာ မဟုတ်ပဲ လူမသိသူမသိ စွန့်လွှတ်အနစ်နာခံသွားခဲ့တဲ့ အညတြသူရဲကောင်းများရဲ့ မဆုတ်မနစ်သော ဇွဲလုံ့လကြောင့် အောင်မြင်တာ လို့ နားလည်ရပါမယ်။

တောင်ပိုင်းရော မြောက်ပိုင်းရော စစ်ရေးအရ ဘေးကြပ်နံကြပ်ဖြစ်နေတဲ့အတွက် နိုင်ငံရေးအရ ထွက်ပေါက်ရှာနိုင်ဖို့ နိုင်ငံခြားသားတချို့နဲ့ နိုင်ငံရေးအကျဉ်းသား အနည်းငယ်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာဟာ မတရားသဖြင့် ကြိုးဒဏ်စီရင်ခဲ့တဲ့ ဆင်သေကို ဆိတ်ရေနဲ့ ဖုံးဖို့ ကြိုးစားတာသက်သက်ပါပဲ။ မအောင်မြင်ပါဘူး။ ရွေးကောက်ပွဲ ပြန်လုပ်ပေးမယ်ဆိုတာက ပိုတောင် မဖြစ်နိုင်သေးတယ်။ ရွေးတောင်မရွေးရသေးဘူး။ ကြံ့ဖွံ့ကို စစ်တပ်က အာဏာသိမ်းထားနှင့်ပြီ။ သူတို့အတွက် နောက်ထပ်ရွှေ့စရာ အကွက် ၂ ကွက်ပဲ ကျန်ပါတော့တယ်။ ဖမ်းဆီးထားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ဓါးစာခံအဖြစ် ကိုင်ကစားဖို့။ အဲ့ဒါမှ မရရင် မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့ကို ထိုးကျွေးဖို့။ ဒီလိုမှ မလုပ်ရင်တော့ စစ်တပ်ကြီးတစ်ခုလုံး တစ်ယောက်မကျန် ချေမှုန်းခံရဖို့ပဲ ရှိတာပေါ့လေ။ အဲ့ဒီတစ်နည်းကသာ ပြည်သူ့သဘောထားစစ်စစ်၊ ပြည်သူ့ဆန္ဒစစ်စစ် ဖြစ်ပါလိမ့်မယ်။ ဒါ့ထက်လည်း ပိုစရာ မရှိ၊ ဒါ့ထက်လည်း လျော့စရာ မရှိ။ “Nothing more or nothing less.” ပါ။ ကြိုက်သလို play ။ နောက်ဆုံး ဒီဘူတာပဲ ဆိုက်ပါလိမ့်မယ်။ ပရိသတ်ကြီးလည်း အံတကြိတ်ကြိတ် ရင်တထိတ်ထိတ်နဲ့ အားမလိုအားအရ ဖြစ်ပေါင်း များလှပါပြီ။ အခုကစ ရွှေဘ ပြန်ချနေပြီမို့ ကောင်းခန်းကလေးများကို အရသာရှိရှိ ခံစားကြရအောင်ပါ။ လူကြမ်းတွေလဲရင် ကြိုက်တယ် မဟုတ်လား။ လက်ခုပ်လေးများ တီးကြမယ်။ လက်ခေါက်လေးတွေ မှုတ်ကြမယ်။ စံရှားတင်လေးကို ကခိုင်းမယ်။ သိလား။

“ဒါပဲနော် အကို အကို။

ဒါပဲနော် အကို အကို။

ပွဲပြီးလို့ အချိန်တန်ရင်

အိမ်အပြန် လိုက်ပို့ရမယ် ဆို….။”