မနေ့ကတော့ တနေကုန် အလုပ်တွေများပြီး ထမင်းတောင် အလုအယက် စားရတဲ့ နေ့တစ်နေ့ပါပဲ။ မနက်စောစောကတည်းက တညလုံး သတိလစ်နေတဲ့ overdose တစ်ယောက် လာပို့တာ ဆေးရုံကိုရောက်တော့ အသက်ကမျှင်းမျှင်းကလေးပဲ တချက်တချက် ရှူတော့တယ်။ တောင့်တင်းအေးစက်နေပြီ။ တော်တော်ကြီး နှာနှပ်ယူရတာ။ ဖြေဆေးတွေ မရအရ ဆောင်ထားလို့သာ တော်တော့တယ်။ ရလိုရငြားဆို လိုက်ဆယ်တာ မောင်မင်းကြီးသား အသက်ပြင်းတော့ ပြန်ပြန်ပါလာတယ်။ ဒါတောင်တနေကုန် စောင့်ကြည့်ရတယ်။ Naloxone ၃ ခါ ထိုးယူရတာ။ အသက်ရှူနှေးနှေးပြီး ရပ်သွားပြန်ရင်း နှာစွပ်ကြီးနဲ့တေ့ပြီး ဘောလုံးကိုညှစ်ပေးရပြန်ရင်း။ airway ထည့်လိုက်ရင်လည်း အစာတွေ အန်အန်ထွက်လာရော။ အန်ဖတ်ဆို့မှာကိုလည်း ကြောက်ရသေးတာ။ သွေးပေါင်တိုင်းမရ။ သွေးကြောရှာမရနဲ့။ တဆေးရုံလုံး ဝိုင်းဝိုင်းလည်အောင် ပြုစုလိုက်မှ ခုမနက် သတိလည်လာပြီး ငုတ်တုတ်ထထိုင်တယ်။ သူ့မေးရင်တော့ “အို မဟုတ်တာ။ သားက ဘီယာလေးပဲ သောက်မိတာ။” ပေါ့။ “ပြီးရောလေ။ နောက်တစ်ခါလာရင်တော့ ငါတို့ဆီမှာလည်း ဆေးမကျန်တော့ဘူး။” လို့ သိအောင်ကြိုမှာထားလိုက်တယ်။ ဒီအရပ်မှာ ဒါတွေလာမယ်မှန်းသိလို့ နားခိုရာဆေးခန်းက ဆရာလေးတွေဆီ ဆေးတွေတောင်းပြီးဆောင်ထားရတာ။ အခုတော့ ဆယ်ဇင်းမှာ ရွာပျက်လို့ ဆေးခန်းလည်း မရှိတော့ဘူး။ ဆရာလေးတွေလည်း အလုပ်ထွက် သွားကြပြီ။
လူနာက ရှုပ်ပြီဆိုရင် အသုတ်လိုက် အသုတ်လိုက် ရောက်လာတာပဲ။ လမ်းတွေပြန်ပွင့်ပြီ မဟုတ်လား။ ထိုင်းမှာ ဆေးသွားကုသလို ဟိုဆေးရုံမှာ ဆေးသွားကုမယ် ဆိုပြီး tour package နဲ့ လာကြသတဲ့။ referral နဲ့ လာတာ မဟုတ်ပဲ စိတ်ကူးပေါက်ရာ လာကြတာမို့ တချို့က ကြည့်ရုံကြည့်ပြီး ပြန်လွှတ်ရပါတယ်။ သူတို့လည်း လာရကျိုးမနပ်ဘူး။ မန်းလေးမှာ ခွဲထားတဲ့ colostomy လူနာက ပိတ်ပြီးပြန်ဆက်ချင်လို့ပါ ဆိုတော့ နဂိုက ဘာခွဲထားမှန်းလည်း မသိ၊ အောက်မှာ ဘာဖြစ်နေမှန်းလည်း မသိ၊ လူနာကိုယ်တိုင်က သူ့ရောဂါကို ဘာဖြစ်မှန်း သေသေချာချာ မသိ။ “ကိုင်း အဲ့ဒီတုန်းကဖြစ်တဲ့ရောဂါနဲ့ ပါတ်သက်လို့ ဘာတွေမှတ်မိသေးတုန်း။ မှတ်မိသလောက် ပြန်ပြောစမ်းပါ။” ဆိုရင် သူ သေသေချာချာ မှတ်မိတာက ပိုက်ဆံဘယ်လောက် ကုန်သွားတယ် ဆိုတာပဲ နေမှာပါ။
တချို့ကဆို အဝေးကြီးပဲ။ ဆယ်ဇင်းဟိုဘက် တာမခန်-ဟောင်ပါးကနေ လာပြရတာ။ ဆေးကုတာက one visit နဲ့ “ပြစမ်း။ သိပြီ။ အင့် ဒါသောက်” နဲ့ ပျောက်တာမှ မဟုတ်တာ။ လာပြတာက ထုံလို့ကျဉ်လို့။ ဖြစ်နေတာက ဆီးချိုရောဂါ။ RBS က 530၊ ဆေးရုံတက်ဖို့ အစီအစဉ် မရှိဘူးတဲ့။ “မဆူပါနဲ့ ဆရာရယ်။ ချိုချိုသာသာလေး ပြုံးထားစမ်းပါ။ လူနာဆိုတာ ဆရာဝန်မျက်နှာက အပြုံးကိုမြင်ရင် ရောဂါတဝက် သက်သာတယ် ဆရာရဲ့။” ဆိုတဲ့ မလှထုံအသံလေးတောင် ကြားယောင်မိသေး။ အေးပါကွာ။ ကြီးတော် တယ်လီဖုန်းပါတယ် မဟုတ်လား။ အင့်။ ကျနော့မျက်နှာလေး ဓါတ်ပုံရိုက်ယူသွား။ အိမ်ကျ မနက်တစ်ခါ ညတစ်ခါ ကြည့်။ အဲ့လိုသာ ကုပလိုက်ချင်တော့တယ်။ ကဲပါလေ။ ပေးစရာရှိတဲ့ဆေးတွေ ပေးလိုက်ပါ့မယ်။ ဒါပေမယ့် နက်ဖြန်မနက်စောစော ဘာမှမစားခင် ကျန်းမာရေးဆရာမအိမ်မှာ သွေးချိုသွားဖောက်စစ်၊ အစာစားပြီး ၂ နာရီကြာတော့ နောက်တစ်ခါ ပြန်ဖောက်စစ်။ ရတဲ့အဖြေတွေကို ကျနော့ဆီ ၃ ရက်တိတိ ဖုန်းဆက်ပြော။ ဆေးတွေ အတိုးအလျှော့ လုပ်စရာ ရှိတယ် လို့ မှာလိုက်ရပါတယ်။ ခုထိတော့ ဆက်မလာသေးဘူး။ ငါ့ အပျော်ကြံပြီလား မသိ။
အလုပ်တွေ ဘယ်လောက်ရှုပ်ရှုပ်ပါလေ။ ကိုယ်တို့စခန်းက အလုပ်လည်းလုပ်တယ်။ အသုပ်လည်းသုပ်တယ်။ မနေ့က လက်သုပ်စုံလုပ်စားတာ။ အခုနောက်ပိုင်း ကိုယ်တို့မီးဖိုချောင်မှာ အစီအစဉ်သစ် ထပ်တိုးထားတာကြာပြီ။ နေ့လည် ၂ နာရီ ဆို high tea break ပဲ။ ဘိုစာကြိုက်တဲ့နေ့ဆို Cheese Powder တွေနဲ့နယ်ပြီး French fries လုပ်တဲ့အခါလုပ်၊ ကြက်ဥပြုတ် နုတ်နုတ်စင်းကို မရောနိစ်နဲ့ ငရုပ်ကောင်းနဲ့နယ်ပြီး sandwiches လုပ်တဲ့အခါ လုပ်တယ်။ ရှမ်းစာရရင် ပေါင်းတင်းတို့ ခေါပုတ်တို့ ကြော်တယ်။ များသောအားဖြင့်တော့ မမအိုဂျီ လက်စွမ်းပြလို့ ပလာတာ၊ စမူဆာ၊ ကော်ပြန့်၊ ဖက်ထုပ်၊ ပေါက်စီ၊ ဒင်းဆမ်း တစ်မျိုးပြီးတစ်မျိုး လုပ်စားကြတာပဲ။ ဒီနေ့မီနူးက ဝက်သားကောက်ညှင်းထုပ်ဗျ။ ရန်ကုန်မှာ နေ့လည် လက်ဘက်ရည်ဆိုင်ထိုင်တဲ့ အရသာမျိုး ပြန်ရတယ်လေ။ ဒီမှာက ကိုယ်လုပ်မှ ကိုယ်စားရတာ မဟုတ်လား။
အလုပ်လုပ်တယ်။ အစားစားတယ်။ ညဘက်ကျလည်း ချမ်းသာစွာအိပ်စက်ရပါတယ်။ “လေယာဉ်တက်လာပြီဟေ့။” လို့ ဖုန်းလာရင် မီးစက်သပ်ပြီး မှောင်ကြီးထဲနေကြတယ်။ လရောင်နဲ့ဆိုတော့ အဲ့သလောက်လည်း မမှောင်ပါဘူး။ ရာသီဥတုအေးတော့ ပိုးကောင်မွှားကောင်လေးတွေလည်း နည်းသွားပြီ။ သိပ်မကြာခင် မီးလေးဖိုပြီး မီးလှုံကြရတော့မယ်။ ဆရာစိုးတို့ နေတဲ့အရပ်က တော်တော်ကို သာသာယာယာ ရှိတာပဲ လို့ ပြောရင် ကိုယ်တိုင်သာ လာနေကြည့်လိုက်ပါတော့ လို့ပဲ ဆိုရမှာပါလေ။ အပိုတွေ ဖန်တီးပြီး ရေးသားနေတာမှ မဟုတ်တာ။ အရှိ အရှိအတိုင်းပဲ။ ဘာဖြစ်လို့ အဲ့သလို သာသာယာယာ အေးအေးချမ်းချမ်း နေလို့ရသလဲဆိုတာကသာ စိတ်ဝင်စားသင့်တဲ့ အဖြေပါ။ မသိချင်ဘူးလား။ မလိုချင်ဘူးလား ဒီလိုဘဝမျိုး။
လူတိုင်းလူတိုင်းဟာ တဲ့။ စားဝတ်နေရေးလေး မပူမပင်၊ အလုပ်အကိုင်ကလေးလည်း မခက်မခဲ၊ လုံခြုံအေးချမ်းတဲ့အရပ်မှာ ကိုယ်ဝါသနာပါရာကလေး အာရုံဝင်စားလုပ်ကိုင်ရင်း အချိန်တွေကို ကုန်လွန်ချင်ကြတာချည့်ပဲ တဲ့။ ဒါပေမယ့် တချို့လူတွေသာဖြစ်တယ်။ တချို့လူတွေမှာ မဖြစ်ဘူးတဲ့။ motivation speaker ကြီးတွေကတော့ အဲ့ဒါ ယူတို့က positive vibes မှ မရှိတာ။ လူဆိုတာ စိတ်ထားတတ်မှ ဘာညာသာရကာ နေကြာကွာစိ စာအရှည်ကြီး ရေးလိမ့်မယ်။ ဗုဒ္ဓဘာသာဘုန်းကြီးတွေကတော့ နင်တို့အတိတ်ကံ ဝဋ်ကြွေးတွေ တယ်များသကိုး။ နောက်ဘဝ အဲ့လိုငြိမ်းချမ်းရာ ဘဝမျိုးရောက်အောင် အများကြီး လှူရတန်းရဦးမှာ လို့ ဟောလိမ့်မယ်။ မှန်တာ မမှန်တာကတော့ ကိုယ့်အယူအဆနဲ့ကိုယ်ပေါ့နော့။ ဒါပေမယ့် လက်တွေ့ကျကျ သက်သေပြရမယ်ဆိုရင် ရှင်းနေတဲ့အဖြေက တစ်ခုတည်း ရှိတယ်။ ကိုယ်တို့အရပ်မှာ မင်းအောင်လှိုင်ရဲ့စစ်ခွေး ရဲခွေးတွေ မရှိလို့၊ ရောက်မလာလို့ သာသာယာယာ အေးအေးချမ်းချမ်း နေလို့ရတာ။ သူတို့ရှိတဲ့အရပ်မှန်သမျှ လူသားတိုင်း ငရဲကျသလို ပင်ပန်းဆင်းရဲ သေကြေပျက်စီးကြရတယ်။ အဲ့ဒါ မဟုတ်ဘူးလား ဟုတ်သလား။ ငြင်းစမ်း။ သူတို့ရှိတဲ့အရပ်မှာ ခများတို့ အိပ်ကောင်းခြင်း အိပ်ရသလား။ စားကောင်းခြင်း စားရသလား။ ကိုယ့်အလုပ်ကိုယ် စိတ်အေးချမ်းသာ လုပ်လို့ရသလား။ ခရီးလမ်းပန်း ဖြောင့်တန်းသလား။ အနိုင်အထက် နှိပ်စက်ကလူ မပြုဘူးလား။ ခိုးဆိုးလုယက် တရားပျက်ခြင်းဆိုတာ သူတို့ရှိတဲ့အရပ်မှာ ပေါတာလား သူတို့မရှိတဲ့အရပ်မှာ ပေါတာလား။ အိမ်ပေါ်လူတက် ရိုက်နှက်သတ်ဖြတ်မှုတွေကရော ဘယ်သူတွေဆီမှာ ရှိသလဲ။ ဒီမှာတော့ မရှိဘူးဗျ။ လာနေကြည့်။ အဲ့ဒီတော့ ဆရာစိုးတို့ ခံစားစံစားနေရတဲ့ ချမ်းသာသုခ ဆိုတာ “စစ်ခွေးကင်းစင် ပြုံးပျော်ရွှင်” လို့ ဆိုရမှာပေါ့။
တကယ်လို့များ “ဆရာ့လိုမျိုး အေးအေးချမ်းချမ်း၊ ဘေးမသန်း၊ ရန်မခ နေချင်သပ။” ဆိုရင် ကိုယ့်ဘက်က နည်းပေးလမ်းပြလုပ်စရာ အဆုံးအမ ကတော့ “မမှီဝဲနဲ့။ ကင်းအောင်နေ။” ဆိုတဲ့ နံပါတ် (၁) မင်္ဂလာတရားတော်ကြီးကို ညွှန်းဆိုရမှာပဲ။ ခုနေ ခုကာလ စစ်သားရှေ့ တစ်လံကွာမျှက ဖြတ်လျှောက်ရင်တောင် “ဟေ့ကောင် လာစမ်း။” ဆို ဖုန်းထဲပါသမျှ ဖွင့်ရှာ “လူအဖမ်းမခံချင် ဖုန်းကို password ဖြည်ပြီးထားခဲ့။” လုပ်မှာ။ ၁၂ နှစ်သားကလေးကို သူ့မိဘရှေ့တင် “အိုက်ကောင် ဘာကြည့်တာလဲ။ ပါးခေါ်ရိုက်လိုက်စမ်း။” ဆို အောက်ကစစ်သားကိုခိုင်းတာလည်း တကယ့်အဖြစ်အပျက်ပါ ပရိတ်သတ်ကြီးရယ်။ မယုံမရှိပါနဲ့။ ရဲကင်းနားဗျောက်အိုးပေါက်လို့ အရပ်ဆယ်မျက်နှာ မေတ္တာကျည်ဆန်များ စေလွှတ်တာလည်း မကြာခဏပါ။ ဒီလူတွေက အာရတီ နဲ့ မရပါဘူး။ ဝိရတီ နဲ့ အထူးဝေးစွာ ရှောင်ကျဉ်အပ်သော ပါပလူမျိုး ၉၉ ထဲ ပါတယ်ဗျ။
မကင်းရာ မကင်းကြောင်းမို့လို့ မလွန်ဆန်နိုင်လို့ သူတို့ခိုင်းရာ ပါရရင်တောင် ဘေးကင်းရန်ကွာ ရှိလိမ့်မယ် မထင်နဲ့။ ခိုင်းသမျှလုပ်ပေးတဲ့ Non C တွေလည်း စိတ်ထဲမရှင်းရင် ရာထူးဖြုတ်၊ ထောင်ချ၊ ပိုင်ဆိုင်သမျှ အကုန်သိမ်းတယ်။ အပြစ်ရှိမှ တရားစီရင်လို့ ရတာ မဟုတ်ဘူး။ အရေးယူဖို့ စီရင်ချက် ရပြီးမှ အမှုကိုတည်ဆောက်ပြီး ကြုံရာလူနဲ့ တွဲထည့်လိုက်တာ။ သူများအဖြစ်အပျက်တွေ ကြားရုံမြင်ရုံနဲ့ မယုံတတ်ဘူးဆိုရင်လည်း ကိုယ်တိုင် နဖူးတွေ့ဒူးတွေ့ တွေ့တဲ့အခါကျမှ “ဟ ဟုတ်သားပဲ။” ဆို ယုံလိုက်။ ဟုတ်ပလား။
စစ်ဗိုလ်စစ်သားတို့၏ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်သောဒဏ်ကို ခံရခြင်းဆိုတာ သင်ကိုယ်တိုင်၏ အပြုအမူ အယူအဆနှင့် မည်သို့မျှ မသက်ဆိုင်ပါဘူးဗျာ။ ဆရာစိုးကမှ ရာဇဝတ်သင့်သော စာများရေးသားလှုံ့ဆော်နေသဖြင့် တွေ့ရာသင်္ချိုင်း ဓါးမဆိုင်း၊ ဖမ်းဆီးသုတ်သင်အပ်သော်လည်းပဲ ကင်းအောင်ကွာအောင် နေနိုင်လွန်းလို့ ဒီကနေ့ထိ ဘေးမသီရန်မခ သာသာယာယာ ရှိနေတာ မဟုတ်လား။ ဘာစာမှလည်း မရေး၊ CDM လည်း မလုပ်၊ ဆေးရုံမှာ ကိုယ့်ဘာသာဆေးကုနေရင်းကနေ လွတ်အောင်မနေလို့ အဖမ်းခံရပြီး ခုထက်ထိ မလွတ်သေးတဲ့ ဆရာဝန်တွေမှ အများကြီး။ သူတို့မှာ အပြစ်ရှိခြင်းရှိရင် စစ်သားတွေနဲ့ လွတ်ကင်းအောင် ရှောင်မနေမိတဲ့ အမှားပဲ ရှိမယ်။ အန္တရာယ်ရှိတဲ့သူတွေနဲ့ အတူနေထိုင်နေသ၍ အန္တရာယ်မကင်းဘူး ဆိုတာ သဘောပေါက်ပြီလား။
“ဒီလိုဆိုရင်လည်း သူများတို့က ဆရာစိုးနေတဲ့အရပ်ကိုပဲ ပြေးလာရမှာလား ဆရာစိုးရယ်။ စဉ်းစဉ်းစားစား ပြောပါဦး။” လို့ လှထုံကတော့ မေးဦးမလား မသိ။ ယူတို့က ဗုဒ္ဓဘာသာ မဟုတ်ဘူးလားကွယ်။ ဆင်းရဲခြင်းဒုက္ခကိုလည်း သိပြီ။ ဒုက္ခဖြစ်ခြင်း အကြောင်းတရားကိုလည်း သိပြီ။ ဒုက္ခလွတ်ရာလွတ်ကြောင်းနဲ့ လွတ်မြောက်ရာနည်းလမ်းကို ဘာဖြစ်လို့ ဆက်မရှာချင်ကြတာတုန်း။ စစ်သားတွေကြောင့် ဒုက္ခဖြစ်ရင် စစ်သားတွေ မရှိတဲ့နေရာမှာနေ၊ ဒါမှမဟုတ် ကိုယ်နေတဲ့နေရာမှာ စစ်သားတွေ မရှိအောင် လုပ်ရမှာပေါ့။ ဘယ်ပုံဘယ်နည်းနဲ့ လုပ်ကြမလဲ။ မသိသေးဘူးလား။
တကယ်လို့များ မြန်မာပြည်ကြီး ၂ ခြမ်းကွဲသွားရင် စစ်သားတွေရှိတဲ့အခြမ်းမှာနေမယ်လို့များ စဉ်းစားထားလား။ ကိုယ်တွေသေသွားလို့ ကိုယ့်သားသမီးတွေ အရွယ်ရောက်လာရင်ကော စစ်ဖိနပ်အောက်မှာ ထားရစ်ခဲ့မှာလား။ စစ်ခွေးကပေါက်တဲ့ စစ်သဘောက်ကလေးတွေကို လိုက်ဘောမပြီး “သမီးရယ်။ ကြိုက်လိုက်ပါ သမီးရယ်။” လုပ်နိုင်လို့လား။ ဒါကတော့ ကိုယ့်ဦးနှောက်နဲ့ကိုယ် ရွေးချယ်ရမှာပါလေ။ စည်းစိမ်ချမ်းသာတွေ မစွန့်ခွါနိုင်လို့ မချစ်သော်လည်း အောင့်ကာနမ်းရပါတယ် ဆိုတဲ့သူတွေတောင် ပစ္စည်းလည်းဆုံး လူပါထောင်ထဲရောက်နေပြီ။ ဦးချစ်ခိုင်တို့၊ ဦးခင်ရွှေတို့ ကိုကြည့်ပါလား။
ပြောလို့ပြောတာ မဟုတ်ဘူး။ ကိုယ်ကတော့ အဲ့ဒီအကောင်တွေနဲ့ တစ်ရက် ကင်းကင်းရှင်းရှင်း နေရရင် တစ်ရက် အေးချမ်းသာယာတယ်။ တစ်နှစ် ကင်းကင်းရှင်းရှင်းနေရရင် တစ်နှစ် စိတ်ချမ်းသာတယ်။ အခု တသက်လုံး စိတ်ချမ်းသာချင်လို့ တသက်လုံးကင်းအောင်နေဖို့ လုပ်နေတာ။ မြန်မာပြည်ကြီးကို ကယ်တင်ဖို့လည်း မဟုတ်ဘူး။ မျိုးဆက်သစ်တွေအတွက် အနစ်နာခံ စတေးပေးတယ်လို့လည်း မယူဆဘူး။ ကိုယ့်အတွက် အသက်ရှည်ရာ၊ အနာမဲ့ရေး၊ ရန်ဘေးကင်းကြောင်း၊ ကောင်းမှုမင်္ဂလာ ဖြစ်ပါစေခြင်းအကျိုးငှါ ရှင်တော်ဘုရား ဟောကြားဆုံးမခဲ့တဲ့ မင်္ဂလာတရားတော်နဲ့အညီ လိုက်နာကျင့်ကြံနေထိုင်တာသာ ဖြစ်ပါတယ်။ ကိုယ်တိုင် နေကြည့်ဖူးရင် ဘယ်လောက် စိတ်ချမ်းသာစရာကောင်းသလဲ လက်တွေ့သိရပါလိမ့်မယ်။ ကိုင်း ။ သင်ကိုယ်တိုင် နိုးထရမယ့် အချိန် ရောက်လာပြီဖြစ်တယ်။ အကျယ်ကြီး ၃ ခါ အော်ဆိုလိုက်။