ချန်ဂင်တို့စခန်း (၁၀၆)

ကိုဗစ်ကြောင့် တစ်ပါတ်လောက် ခွဲခန်းပိတ်ထားရာကနေ ပြန်စဖြစ်တော့ Urgent Caesar တစ်ယောက်နဲ့ ပြန်ဖွင့်ဖြစ်ပါတယ်။ လူနာကတော့ တခြားသူ မဟုတ်ပါဘူး။ ကိုယ်တို့ဆေးခန်းဖွင့်စကတည်းက လာပြနေကျ လည်ပင်းကြီးရောဂါနဲ့ ကလေးမပါ။ မမအိုဂျီရောက်ကာစမှာ မင်္ဂလာဆောင်တယ်။ အခု သူတို့ကလေးလေး မွေးပေးရပြီလေ။ သူ့အတွက်ဆေးတွေ မပြတ်မှာပေးရတာပဲ တစ်နှစ်ပြည့်ကာနီးပြီပေါ့။ ကလေးမှာပါ ရောဂါပါလာရင် မွေးရဖွားရ ခက်မှာစိုးလို့ ကိုယ်တို့လည်း မျက်စိဒေါက်ထောက် ကြည့်နေကြတာပါ။ ဗိုက်စနာတော့ မမအိုဂျီက ခြင်ထောင်ပါယူသွားပြီး ဆေးရုံမှာ စောင့်မွေးပေးတယ်။ တော်တော်နဲ့ ခေါင်းမဆင်းတော့မှ ခွဲမွေးမယ်လို့ decide လုပ်ရတာ။ သူခွဲမယ်ဆို ကိုယ်တို့လည်း ချက်ချင်းခွဲခန်းပြင်ပြီး လူနာတန်းသွင်းတော့တာပဲ။ လိုချင်တာ ဖြစ်ချင်တာကို အခုလို အခုရအောင် လုပ်နိုင်လို့ စိတ်ချမ်းသာရတယ်။ လူနာလည်း မပင်ပန်းဘူးလေ။ ဖြူဖြူထွားထွား သမီးမိန်းကလေးတစ်ယောက်မွေးတယ်။

သူတို့ဗိုက်တွေ မွေးပြီးမှပဲ ကိုယ်တို့ခေါင်းပေါ်က အထုပ်ကြီးကျတာ ဒီမိန်းကလေးရယ်၊ မနှင်းဆီရယ်ပဲ ရှိတယ်။ မနှင်းဆီကတော့ ဟိုရက်က သူ့သမီးချောလေး လာပြပြီး နံမည်မှည့်ပေးပါ လို့ တောင်းတယ်။ ဒီကလည်း ဆရာမင်းသိင်္ခတပည့်တွေရဲ့ လက်စွဲဆရာဝန်ပါနော်။ မိုးထဲရေထဲ တိုက်ပွဲခေါ်သံတွေလာတုန်းက မွေးထားတဲ့ သမီးပျိုလေးမို့ “အေးချမ်းမိုး” လို့ ပေးလိုက်တယ်။ သူတို့လာမွေးတုန်းက ဆယ်ဇင်းမှာ ဗုံးတွေကျဲလို့ ရက်မပြည့်ခင် အိမ်ပြန်ပေးဆင်းရတယ်လေ။ ဒါပြီးရင် နောက်ထပ်စောင့်မွေးရမယ့် VIP ဗိုက်ဆိုလို့ သဇင်အေး ထမင်းဆိုင်က ရခိုင်သမချေ တစ်ယောက်ပဲ ကျန်တယ်။ ဆေးရုံမှာ ပထမဆုံး ကလေးမွေးပေးတဲ့လူနာကို ထမင်းချိုင့်လာပို့ရင်း သူက တအားသဘောတွေကျနေတယ်။ သူ့တုန်းကဆိုရင် ခက်ခဲလိုက်တာတဲ့။ ကားစင်းလုံးငှါးပြီး တာမခန်မှာတစ်ယောက်၊ မိုးညှင်းမှာတစ်ယောက် သွားမွေးရသတဲ့။ တစ်ယောက်မွေးရင် သိန်း ၂၀ တောင် ကုန်သတဲ့။ အခု ဒီမှာ ဆရာတို့မွေးပေးမယ့်သူရှိတုန်း ကျွန်မ သမီးလေးတစ်ယောက်လောက် လိုချင်သေးတယ် ဆိုပဲ။ ကောင်းသားပဲ။ ယူလိုက် ယူလိုက်။ ငါတို့မွေးပေးမယ် လို့ ကတိပေးထားတာလေ။ ဒီသူငယ်မလည်း လိုတိုင်းတ ရလေတဲ့ အစားထဲပါတယ်။ နောက် တစ်လ နှစ်လလောက်ဆို မွေးပြီပဲ။ အာထရာဆောင်းထဲမှာလည်း မိန်းကလေး လို့ တွေ့တယ်။

အိုဂျီ ရှိတယ်၊ ဆေးရုံ ရှိတယ်၊ ခွဲခန်း ရှိတယ် ဆိုတော့ ကိုယ်ဝန်ဆောင်တွေရော ကိုယ်တို့ရော မပင်မပန်း၊ လွယ်လင့်တကူ အဆင်ပြေစွာ မွေးလို့ဖွားလို့ ရတယ်လေ။ လာရပြန်ရတဲ့ ခရီးစားရိတ်ကလွဲရင် ငွေကုန်ကြေးကျလည်း မရှိဘူး။ ကုသိုလ်ရတာ မရတာ နောက်မှစဉ်းစား။ လောလောဆယ်တော့ စိတ်ချမ်းချမ်းသာသာ အလုပ်လုပ်ရတယ်။ တစ်ခုပဲ လိုတယ်။ မွေးကင်းစကလေးတွေ ကာကွယ်ဆေး ထိုးမပေးနိုင်သေးဘူး။ ဒီကို ဆေးတွေပစ္စည်းတွေ ပို့ရတာ အင်မတန်စိတ်ပင်ပန်းတာ။ တစ်ပါတ်ဆယ်ရက် ကြာချင်ကြာတယ်။ cold chain နဲ့ ကာကွယ်ဆေးတွေဆို အချိန်မီ မရောက်နိုင်ဘူး။ ဆေးရုံတွေဆီ အကူအညီတောင်းကြည့်ပေမယ့် သူတို့လည်း vaccines တွေ အပြည့်မရတာ အာဏာသိမ်းပြီးကတည်းက လို့ ပြောတယ်။ အခု NUG လမ်းကြောင်းကနေ EPI projects တွေ ဝင်လာနိုင်ရင် ကောင်းမှာပဲ။ ၂ နှစ်ကြာလာတဲ့အထိ စစ်ဘေးစစ်ဒဏ် ခံစားရတဲ့ အရပ်ဒေသတွေမှာ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေကို ဒုက္ခသည်တွေလက်ထဲရောက်အောင် ပို့နိုင်စွမ်းမရှိတဲ့ WHO၊ UNICEF၊ UNHCR၊ WFP၊ အဲ့ဒီအဖွဲ့အစည်းတွေအားလုံးကို နည်းနည်းလေးမှ စောင်သုံးမကျဘူး လို့ ပစ်တင်ရှုံ့ချလိုက်ပါတယ်။ အလကား။ လုပ်စားကိုင်စား အာဝါဒါးတွေ။

အခု ကိုယ့်ဆီမှာ B, C, R test kits တွေ လူ ၁၀၀ စာလောက် ရနေပြီဆိုတော့ ဗိုက်ကြီးသည်တွေ AN Care အတွက် infection screening လုပ်ပေးချင်မိတာ အမှန်ပဲ။ နောက်ကလိုက်မယ့် vaccines နဲ့ prophylaxis တွေ မပါလာတာ ခက်နေတယ်။ မနှစ်က ဆေးရုံဖွင့်စမှာ အဲ့ဒီ issue စဉ်းစားမိသေးတယ်။ စစ်ရေးက ပိုခက်တယ် ဆို အဲ့ဒါမပါပဲ လုပ်နေတာ။ ဒီချိန်မှာတော့ စိုးမိုးနယ်မြေ ဖြစ်လာချင်ရင် အဲ့ဒီကိစ္စလည်း ပြန်စဉ်းစားရလိမ့်မယ်။

အခု ခွဲခန်းက ပြန်စပြီဆိုတော့ ခွဲမယ့်လူနာလေးတွေလည်း ပြန်တန်းစီထားပြီလေ။ ဖုတ်ပူမီးတိုက် မလုပ်ပါဘူး။ စိတ်အေးလက်အေးပဲ။ တစ်နေ့တစ်ယောက်လောက် မှန်မှန်ခွဲရင် တော်ရောပေါ့။ မွေးလူနာရှိတဲ့နေ့ဆို ခွဲခန်းလေး stand by ထားပြီး normal labor ရအောင် စောင့်မွေးတယ်။ မရရင် တန်းခွဲတယ်။ အနှီးမပါ ထမီမပါတွေလည်း ဆီးပြီးဆင်နိုင်တယ်။ သုံးစမ်းပါ။ ဘာတွေလိုချင်သလဲ။ ပြည့်စုံအောင် ရှာထားပေးမှာပေါ့။ နောင်ကျရင် ဒီမှာအလုပ်လုပ်ရတာ သိပ်စိတ်ချမ်းသာတာပဲ လို့ အမှတ်ရစရာဖြစ်အောင် ကြိုးစားပေးမယ်။ ဆရာဝန်ဘဝမှာ ပိုက်ဆံရမှ စိတ်ချမ်းသာတာ မဟုတ်ဘူး လို့ လက်တွေ့သိသွားစေရမယ်။ ဆရာဝန်တစ်ယောက်ဟာ တခြားဘာကိုမှ ခေါင်းထဲထည့်စရာမလိုပဲ သူတတ်ထားတဲ့ ဆေးပညာနဲ့ လူနာကို အပြည့်အဝ အာရုံစိုက် ကုသပေးနိုင်ဖို့ဆိုရင် နောက်ကွယ်က ခိုင်ခိုင်မာမာ ပံ့ပိုးဖြည့်ဆည်းပေးမယ့် စပွန်ဆာတစ်ရပ် ဒါမှမဟုတ် စံနစ်တစ်ခု မရှိမဖြစ် လိုအပ်တယ် ဆိုတာလည်း ကိုယ်ကိုယ်တိုင် လက်တွေ့သိခဲ့ရတယ်။ “နတ်စီတဲ့အိပ်မက်လှလှများ လွယ်လွယ်နဲ့မရ။” ဆိုတာ အမှန်ပါပဲ။

ဆေးဝါးပစ္စည်းကိရိယာတွေ ခုလောက်စုံလင်အောင် စီစဉ်ထားတဲ့ကြားက ကာကွယ်ဆေးလေးတွေ ရအောင် မဖန်တီးနိုင်တာ နောင်တမရဘူးလား ဆိုရင် ရတာပေါ့ဗျာ။ အခုစာရေးနေရင်း ဖုတ်လှိုက်ဖုတ်လှိုက် ကလေးလူနာတစ်ယောက် ထကြည့်ရတယ်။ ကိုယ်တို့မွေးပေးထားတဲ့ ရွာထဲက အမွှာကလေးလေး။ ၇ လသားရောက်ပြီ။ နှာပိတ်ပြီး ဝမ်းလျှောနေတာ ၃ ရက် ရှိပြီတဲ့။ ဆေးရုံမှာ ကိုဗစ်ဖြစ်နေလို့ လာမပြရဲတာ။ ရွာထဲကပါပဲ။ ခြေဆုံးခေါင်းဆုံး အပ်နဲ့ဆွတာတောင် ဆေးသွင်းစရာ အကြောရှာမရဘူး။ လုပ်နိုင်သမျှတွေအကုန်လုပ်ပေးပြီး စိတ်မကောင်းစွာ ထိုင်ကြည့်နေရတယ်။ လူပဲဖြစ်ဖြစ် ခွေးပေါက်ကလေးတွေပဲဖြစ်ဖြစ် ဘာကာကွယ်ဆေးမှ ထိုးမထားရင် ငါးနှစ်အောက် အသေအပျောက်နှုန်းမြင့်တာ မသိပဲနေပါ့မလား။ ဒါတော့ မဖြစ်သင့်ဘူး ထင်တာပဲ။ တနိုင်ငံလုံးမှာ ရပ်တန့်နေတဲ့ ပြည်သူ့ကျန်းမာရေး ယန္တရားတွေကို NUG အောက်မှာ ပြန်လည်ပတ်ဖို့ လုပ်ရမယ့်တာဝန်ဟာလည်း တော်လှန်ရေးရဲ့ တစိတ်တဒေသပဲ လို့ ထင်ပါတယ်။

မမအိုဂျီ တောထဲအထိလာပြီး ကိုယ်ဝန်ဆောင်တွေစောင့်ရှောက်ပေးတာ၊ ကလေးတွေမီးဖွားသန့်စင်ပေးတာလည်း တော်လှန်ရေးပဲလေ။ ဆေးရုံမှာ Non C လုပ်ပြီး သာသာယာယာ ဆေးခန်းပတ်ထိုင်ပြီး ပိုက်ဆံရှာမယ့်အစား သူတတ်ထားတဲ့ပညာကို သူ့ယုံကြည်ချက်အတိုင်း အထူးကုဆရာဝန် လက်လှမ်းမမီတဲ့အရပ်မှာ စွန့်စွန့်စားစား လာအလုပ်လုပ်နေတာ တော်လှန်ရေးလုပ်နေတာ မဟုတ်လို့ ဘာအတွက်ဖြစ်ရမှာလဲ။ နဂိုကတည်းက အဲ့ဒီရပ်ရွာမှာရှိတဲ့ သားဖွားဆရာမတွေ၊ LHV တွေ HA တွေဟာ CDM လုပ်တယ်ဆိုပြီး ကိုယ့်အိမ်ကိုယ်ပြန် ဆေးခန်းထိုင်မယ့်အစား လုပ်နေကျ ပြည်သူ့ကျန်းမာရေးအလုပ်တွေကို NUG အစီအစဉ်နဲ့ ပြန်ပြီးလည်ပတ်အောင် လုပ်နိုင်ကြရင် သိပ်ကောင်းမှာပဲ။ အဲ့ဒါလည်း ကိုယ်တတ်တဲ့ပညာ၊ ကိုယ့်အသက်မွေးဝမ်းကျောင်း အလုပ်နဲ့ တော်လှန်ရေးမှာ ကိုယ်ထိလက်ရောက် ပါဝင်တာပဲလေ။

တော်လှန်ရေးဆိုတာ သေနတ်ကိုင်ပြီး စစ်တိုက်နေတဲ့သူတွေနဲ့ချည်း အောင်မြင်မှာ မဟုတ်ဘူး။ နိုင်ငံရေးအရ ဦးဆောင်မှုပေးမယ့် NUG လို အဖွဲ့အစည်းလည်း မရှိမဖြစ်လိုတယ်။ သံတမန်ရေးရာမှာ နိုင်ငံတကာက ပူးပေါင်းကူညီမှုရဖို့ ဦးကျော်မိုးထွန်းလို စွန့်ဝံ့သူ ရဲဝံ့သူတွေလည်း မပါလို့ မရဘူး။ Fund raisers၊ clickers၊ donors၊ Media၊ reporters၊ social influencers အားလုံး ဘက်စုံထောင့်စုံ ကျရာတာဝန်ထမ်းခဲ့လို့ သည်နေ့သည်ခရီးအထိ ပေါက်လာတာ။ ဘယ်ထောင့်ဘယ်နေရာကမှ ဝင်မကူပဲ ငုတ်တုတ်ထိုင် အပြစ်ပြော စဆရကလုပ်နေတဲ့သူတွေဟာ တော်လှန်ရေးကိုနှောင့်နှေးအောင် တားဆီးမယ့် ဖျက်မြင်းတွေချည့်ပဲ။

စစ်ကောင်စီဘက်ကလူတွေဟာ အဲ့ဒီဖျက်မြင်းတွေကို တော်လှန်ရေးအင်အားစုထဲမောင်းသွင်းပြီး လမ်းပျောက်အောင်၊ ပြိုကွဲအောင်၊ အဟန့်အတားဖြစ်အောင် လုပ်နေတယ်ဆိုတာ မသိဘူးလား။ သူ့ကိုယ်သူ မေမေ့သမီးလေးပါ၊ မြန်မာ့နိုင်ငံရေးကျွမ်းကျင်သူ ပညာရှင်ပါဆိုပြီး အတင်းဝင်ရောတဲ့ နဒီခင်ဆိုတာကြီးလည်း အပြီးသတ်ကျတော့ အထီးကြီးတစ်ကောင်ဖွင့်ထားတဲ့ အကောင့်တုပါ လို့ ပေါ်လာခဲ့ပြီ မဟုတ်လား။ နိုင်ငံခြားမှာလည်း စစ်ကောင်စီလက်သပ်မွေးထားတဲ့ ခွေးလှေးကြမ်းပိုးတွေ နည်းမှမနည်းတာလေ။ ဒါကြောင့်မို့ အင်္ဂလန်ကပြောတယ် အမေရိကားက ပြောတယ်ဆိုတိုင်းလည်း မျက်စိမှိတ် ယုံမနေနဲ့။ ကိုယ့်ဦးနှောက်နဲ့ကိုယ် ချင့်ယုံ။

အဲ့ဒါနဲ့ပတ်သက်ပြီး ပြောချင်တာက ပြီးခဲ့တဲ့အပိုင်းမှာ ကိုယ်ပြောထားတဲ့ စကားတွေကို လက်မခံနိုင်လို့ “ကချင်တိုင်းရင်းသားတွေရဲ့ အသံကိုလည်း နားထောင်ပါဦး။” ဆို YouTube က ဗီဒီယိုဖိုင်တစ်ဖိုင်ကို မန့်ထဲမှာ မမြင်မြင်အောင် ၃ ခါလောက် လာတင်သွားတယ်။ ဒါနဲ့ ကိုယ်လည်း ဝင်ကြည့်လိုက်တဲ့အခါ “ဒါ ဘာကောင်လဲ။ ဘာရည်ရွယ်ချက်လဲ တန်း သဘောပေါက် သွားပါတယ်။ ဆယ်ဇင်းကို ရောက်ခါစက ကချင်အလံနောက်ခံထား ကချင်သီချင်းလေးဖွင့်ပြီး ကချင်သံဝဲဝဲလေးနဲ့ မမှန်မကန် ကချင်သတင်းတွေလွှင့်နေတဲ့ အဲ့ဒီလူကို ကိုယ် အစအဆုံး နားထောင်ဖူးပါတယ်။ ကိုယ့်မှာ ကချင်အသိမိတ်ဆွေတွေ အများကြီးရှိတာပဲဟာ။ သူတို့ကို အဲ့ဒီဗီဒီယိုပြပြီး “ဘာကြီး ဒါကြီးလဲ။” လို့ မေးတဲ့အခါ “ကချင်အဝတ်အစားဝတ် ကချင်စကားပြောပြီး ကချင်အစစ်ပါဆိုတိုင်းလည်း ကချင် မဟုတ်ဘူး။” လို့ သူတို့က ဖြေပါတယ်။ ကချင်ထဲမှာလည်း ခက်ထိန်နန် တို့၊ ဆခုံတိန့်ယိန်းတို့၊ လဘန်ဂယောင်တို့လို ကချင်တွေလည်း ရှိသေးတာပဲ။ သူတို့က ဘာကချင်တွေမို့လဲ လို့ မေးရင် စစ်အာဏာရှင်ရဲ့ လက်ပါးစေလုပ်တဲ့ ကချင်တွေ လို့ ပြောရပါမယ်။

ဒီလိုဆိုရင် ကချင်တွေထဲမှာ စစ်ကောင်စီကို တော်လှန်မှ ကချင်၊ စစ်ကောင်စီနဲ့ ပလူးရင် ကချင် မဟုတ်ဘူး လို့ ပြောချင်တာလား။ အဲ့ဒီလိုတော့ မဟုတ်ပါဘူး။ ဒါကတော့ လူပီသတဲ့သူဆိုရင် ပြောစရာကို မလိုတဲ့ကိစ္စပါ။ ဟောဒီကမ္ဘာပေါ်က လူသားမျိုးနွယ်တွေထဲမှာ မင်းအောင်လှိုင်ရဲ့ လုပ်ရပ်ကို ထောက်ခံပြီး သူနဲ့တစ်ဘက်တည်းရပ်တည်တဲ့သူဆိုလို့ ပူတင်ကလွဲလို့ ဘယ်သူ့ကို မြင်ဖူးသလဲ။ အကျိုးစီးပွါးဘက်တူလို့ အကာအကွယ်ပေးခဲ့ဖူးတဲ့ ရှီကျင့်ဖျင်လိုလူတောင် အခုနောက်ပိုင်း သူ့လုပ်ရပ်တွေကို မြင်တော့ စိုးမြတ်သူဇာကြီး ကယ်ပါတွေကို ကားပေါ်ကမောင်းထုတ်သလို “ဖယ်။ မကပ်နဲ့။ ရွံတယ်။” ဖြစ်ကုန်ပြီ။ တိုင်းရင်းသားထဲမှာ ဒီကောင်နဲ့ ပေါင်းတဲ့ကောင်တွေအားလုံး ဘယ်လိုအကောင်အမျိုးအစားတွေလဲ ဆိုတာ တိုင်းရင်းသားတိုင်းက သဘောပေါက်ပါတယ်။ ရှင်းရှင်းလေးပဲ။ မဘသ ဘုန်းကြီးတွေ လုပ်သမျှ ပြောသမျှဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ သဘောထား လို့ ဘယ်သူက လက်ခံလို့လဲ။ သူတို့ဘာသူတို့ ဘာသာရေးကိုခုတုံးလုပ် အသုံးချနေတာ။ အတူတူပါပဲ။ မအလစစ်တပ်ဟာ ရခိုင်ထဲက၊မွန်ထဲက၊ ရှမ်းထဲက၊ ကချင်ထဲက၊ ဘယ်ထဲကဖြစ်ဖြစ် လောက်ကောင်တွေရှာပြီး သူ့သဘောထားကို တိုင်းရင်းသားတွေရဲ့ သဘောထားအဖြစ် အသံထွက်ခိုင်းနေတာ ကြာလှပေါ့။ ကချင်ကပြောလို့ ကချင် တိုင်းရင်းသားတွေရဲ့ အသံကို နားထောင်ပါဦး ဆိုရင် ဟ ဟ ပဲ ရမယ်။ ဘယ်ကချင်က ပြောတာလဲ ကိုယ့်ဘာကိုယ် သိအောင်အရင် လုပ်ခဲ့ပါဦး။

အဲ့ဒါ အဓိက က Mandate power ဆိုတဲ့သဘောကို နားမလည်လို့ပါ။ ကချင်တိုင်းရင်းသားတွေကို ကိုယ်စားပြုပြီး ကချင်တိုင်းရင်းသားတွေအတွက် အသံထွက်ချင်လို့ ရှိရင် အဲ့ဒီလူမှာ ကချင်တိုင်းရင်းသားတွေက ယုံကြည်ထောက်ခံမှု ရှိရမှာဖြစ်ပြီး အနည်းဆုံးတော့ ကချင်ပြည်သူအများစုက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်က ကချင်တိုင်းရင်းသားတွေရဲ့ သဘောထားတောင်းခံပြီး ပြောတဲ့စကားမျိုးသာ အတည်ယူရပါမယ်။ ကချင်မှာဆို KIA နဲ့ KIO ဟာ အတူတူပဲလို့ ဆိုရင်တောင် ကချင်တိုင်းရင်းသားတွေရဲ့အသံဟာ KIA က ထွက်ရမှာ မဟုတ်ဘူး။ KIO

က အသံထုတ်ရမှာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာတည်မြဲဖို့ ကာကွယ်ရေးစစ်တပ်က ကျားကန်ရမှာဖြစ်ပြီး သေနတ်ကိုင်တဲ့သူက အုပ်ချုပ်တဲ့အာဏာအပေါ်မှာ မလွှမ်းမိုးရပါဘူး။ ဗမာစစ်သားတွေက အဲ့ဒီစည်းကမ်းကိုကို ဉာဏ်မမီလို့ တိုင်းပြည်ပျက်ရတာ။ ပြည်သူလူထုထောက်ခံမှုနဲ့ ရပ်တည်နိုင်တဲ့ စွမ်းရည်သတ္တိ တစ်ပြားသားမှ မရှိလို့ လက်နက်အားကိုးနဲ့ သတ်ဖြတ် ထိန်းချုပ်ဖို့ ကြိုးစားနေတာ။

ဒီသဘောကို နားလည်ပြီဆိုရင် Mandate power ဆိုတာ လက်နက်ကိုင်ခြိမ်းခြောက်ပြီး ယူလို့မရဘူးဆိုတာ သဘောပေါက်ပါလိမ့်မယ်။ အဲ့ဒီတော့မှပဲ SNA ဟာ ရှမ်းနီတွေကို ကိုယ်စားပြုလား မပြုလား ဆိုတဲ့ကိစ္စလည်း ရှင်းသွားလိမ့်မယ်။ တော်လှန်ရေးလုပ်တဲ့အခါ မြန်မာပြည်အခြေအနေအရ လက်နက်ကိုင်စစ်တပ်မရှိရင်် ဥပဒေမဲ့ အနိုင်ကျင့်တာတွေ သိပ်များလွန်းလို့ လက်နက်ကိုင်လမ်းစဉ်ကို ဘယ်လိုမှ မလွှဲရှောင်သာပါဘူး ဆိုသော်ငြားလည်း လက်နက်ကိုင်စစ်တပ်အပေါ်မှာ ထိန်းကြောင်းလမ်းညွှန်ပေးမယ့် နိုင်ငံရေးဦးဆောင်မှုဆိုတာလည်း မရှိမဖြစ်ဘူးလို့ နားလည်စေချင်ပါတယ်။ ငါတို့ကတော့ အသက်ပေးတိုက်ရတယ်။ ဒီကောင်တွေက အောင်ပွဲရရင် နေရာတက်ယူမယ့်ကောင်တွေ လို့ မြင်ရမှာ မဟုတ်ပါဘူး။ သူ့အလုပ်သူလုပ် ကိုယ့်အလုပ်ကိုယ်လုပ်ရင်း အတူခရီးဆက်ရမှာပါ။ ရှင်းရှင်းပြောရရင် ကိုယ်လည်း နေရာလိုချင်လို့ တော်လှန်ရေး လုပ်နေတာ မဟုတ်ဘူး မှလား။ ဘာအငြင်းပွါးစရာ ရှိမှာလဲ။ အရေးကြီးတာ လူစုံတက်စုံ ရုန်းကန်ပြီး တော်လှန်ရေးကြီး အမြန်အောင်မြင်ဖို့ပါ။ ရှေ့လာမယ့်နေ့ရက်တွေမှာ အချိန်တွေကြာလာလေလေ ကိုယ့်ဘက်က အပျက်အစီး အဆုံးအရှုံး အသေအပျောက် များလေလေ ဆိုတာ သိစေချင်ပါတယ်။ လူတိုင်းလူတိုင်း နိုင်ရာတာဝန်ထမ်းပြီး တော်လှန်ရေးအတွက် အထောက်အကူဖြစ်အောင် ပါဝင်ပေးကြပါဦး လို့။