ချန်ဂင်တို့စခန်း (၁၀၄)

ဒီနေ့ သီတင်းကျွတ်လပြည့်နေ့ ရှိပါပြီ။ မိုးကတော့ ရွာနေတုန်းပါပဲ။ ဆေးရုံမှာတော့ ကိုယ်တို့တွေ self isolate လုပ်နေတာ ရက်မပြည့်သေးပါဘူး။ ရွာထဲကလူတွေလည်း အလိုက်သိစွာ လူနာလာမပြတော့ဘူး။ သူတို့ကိုယ်တိုင် ကိုဗစ်ဖြစ်တယ်ထင်မှ လာပြကြတယ်။ စုစုပေါင်း ရွာထဲက ၅ ယောက် ပိုးတွေ့ထားပါတယ်။ သီတင်းကျွတ်နဲ့ရောပြီး စာသင်ကျောင်းတွေတော့ ပိတ်ထားနှင့်တယ်။ ကိုယ်တို့ထဲမှာ နေမကောင်းတဲ့သူတွေက သက်သာလာပြီး နောက်ထပ်ကူးစက်မှုတော့ မရှိပါဘူး။ ကံကောင်းချင်တော့ အရေးပေါ်ခွဲလူနာကလည်း မလာဘူး။ ရွာထဲမှာတော့ မီးထွန်းပွဲလုပ်ကြပါတယ်။ ကိုယ်တို့လည်း အားကျမခံ ကိုယ့်ဆေးရုံရှေ့ကိုယ် ဖယောင်းတိုင်လေးတွေ ထွန်းကြတယ်။ မူကြိုကလေးတွေနဲ့ ဆီမီးမျှောမလို့ မီးပုံးလေးတွေ ခေါက်ထားပေမယ့် မလုပ်ဖြစ်တော့ပါဘူး။ သူများလာလာပေးတဲ့ မုန့်တွေတော့ စားရပါတယ်။ မုန့်ဖက်ထုပ်တွေပါ။ အုန်းသီးနဲ့ ငါးပေါက်ဆံနဲ့ လုပ်ကြတယ်။ တောင်ပေါ်ဘုရားကို ဆီမီးထွန်းဖို့လည်း မသွားနိုင်တော့ဘူး။ ကိုဗစ်ရှိနေရင် ဘာပွဲမှ မလုပ်တာ အကောင်းဆုံးလေ။ ရွာထဲကလာပြတဲ့လူနာကတော့ “ဆရာတို့ ပွဲငတ်ပြီပေါ့။” တဲ့။ ရွာထဲမှာ ဘောလုံးပွဲလည်း လုပ်တယ်လေ။ အင်းတော်ကြီး ရွှေမဉ္ဇူဘုရားမှာလည်း လပြည့်နေ့ စည်ဦးမှာ။ ဟဲပူးကမ်းခြေတို့ ဟိုဖာကမ်းခြေတို့မှာ ရန်ကုန်က အင်းယားကန်ဘောင်လိုပဲ လူတွေဆိုင်ကယ်တွေ ပြည့်နေမှာ။ မတတ်နိုင်ဘူးလေ။ မသိတဲ့သူတွေ မကြောက်ပေမယ့် ကိုယ်တို့ကတော့ ဆေးကုရမယ့်သူတွေဆိုတော့ မကူးအောင် နေရမယ်။ အခုတောင် လေးငါးရက်တစ်ပါတ် အလုပ်ပျက်သွားပြီ မဟုတ်လား။

အစိုးရ ရုံးပိတ်ရက်တွေဟာ ကိုယ်တို့နဲ့ မဆိုင်ပါဘူး။ စနေ တနင်္ဂနွေတွေလည်း မနားရဘူး။ ကိုယ်တို့မှာ လူနာလာရင် ကြည့်၊ လူနာမလာရင် နား၊ နဲ့ ဥတုသုံးလီ ဖြတ်သန်းနေရတာ။ ကလေးတွေထဲက အိမ်ပြန်ချင်တယ် ဆိုတဲ့သူတွေကို အလှည့်နဲ့ ပေးပြန်တယ်။ (အခု ၅ ရက်တော့ မပါဘူးပေါ့။) ကိုယ်တို့ကတော့ အိမ်ပြန်လို့ မရတဲ့သူတွေ မဟုတ်လား။ အိမ်ပြန်ချင်ရင် အလုပ်ကို ခုထက်ပိုကြိုးစားရဦးမယ်။ သင်္ကြန်တုန်းကတောင် အင်းတော်ကြီးဘက် ထွက်ကြလည်ကြသေးတယ်။ သီတင်းကျွတ်ကျတော့ မပို့နိုင်တော့ဘူး။ Q နေရတယ်။ သူတို့စကားအတိုင်း ပွဲငတ်ပြီ။ လူတော့ မငတ်ပါဘူး။ လူနာတွေက ရေစိမ်ခေါက်ဆွဲဖတ်တွေနဲ့ ကြက်တစ်ကောင်လာပေးတော့ ခေါက်ဆွဲချက်စားကြတယ်။ ငါးဘတ်တစ်ကောင် လာပေးတော့ ငါးထမင်းနယ် လုပ်စားကြတယ်။ ဒီနေ့မနက် ဈေးသွားဝယ်တော့ ရွာထဲကလူတွေ ဆွမ်းချိုင့်တွေ၊ ဘုရားပန်းတွေနဲ့ ဖျာလိပ်ကလေးခေါက်ပြီး ဘုန်းကြီးကျောင်း လာနေကြတာ အိမ်ရှိလူကုန်ပါပဲ။ ဘုန်းကြီးကန်တော့၊ သီလယူပြီး နေကုန်အောင် ဥပုသ်ဇရပ် နေကြမယ့်သူတွေလေ။ အဝတ်သစ် အစားသစ်တွေနဲ့ ကလေးလူကြီး စုံလို့။ သာဓုပါဗျာ။ ဆေးရုံကပဲ စောင့်ပါတော့မယ်။ ဒါပြီးရင် ကူးစရာလူလည်း မကျန်လောက်တော့ပါဘူး။

စည်ချင်တယ်ဆိုရင် ကပ်ရောဂါနဲ့တောင် တားမရဆီးမရ စည်တာ။ စည်စေချင်လို့ သေနတ်နဲ့ပတ်စောင့်ပြီး ကိုယ့်လူနဲ့ကိုယ် ကျုံးသွင်းပွဲခံပြတဲ့ ရန်ကုန်သင်္ကြန်တို့ ရန်ကုန်သီတင်းကျွတ်တို့လိုမှ မဟုတ်တာ။ ဒီလူတွေနဲ့ ပြည်သူနဲ့က အိုးစားကွဲခဲ့ပြီ။ မျက်နှာချင်းလည်း မဆိုင်ချင်ဘူး။ အရုပ်တွေအသံတွေလည်း မကြည့်ချင် မကြားချင်တော့ဘူး။ သေရင် တစ်အိမ်တည်း ကြိတ်ငိုကြ။ တတိုင်းပြည်လုံးက ဝမ်းသာနေမှာ။ သူတို့နဲ့ ပလူးရင်ကို ပြည်သူက ဒဏ်ခတ်တာ ဖောင်းစိန်တို့ သဘာဝတရားရိပ်သာတို့ကို ကြည့်ပေါ့။ သူ့မျက်ခွက်ကြီး ဗီနိုင်းထုတ်ပြီး တံတွေးနဲ့ထွေး၊ ခြေထောက်နဲ့နင်းနေကြတာ နီပိန်းတွေပဲ ရှိတယ်လို့ ထင်နေတုန်းပဲ။ ဗမာပြည်မှာ မင်းအောင်လှိုင် အသုဘလောက် ပျော်စရာကောင်းတဲ့မသာ ဘယ်သောအခါမှ ရှိမှာမဟုတ်ဘူး။ တမ်းတမျှော်လင့် စောင့်စားရင်း လည်ပင်းကိုးတောင်ကျော်ပြီ။

ခုလောလောဆယ် သူတို့ စစ်မတိုက်နိုင်ပါဘူး။ တပ်ထဲက ထွက်ပြေးတဲ့သူတွေ များလွန်းအားကြီးလို့ ဒုဗိုလ်မှူးကြီးကိုယ်တိုင် ပါပီမဇာတ်ကားပြန်ရိုက်ပြီး မြဝတီ က ပြနေရတယ်။ “မယုံကြနဲ့ သားရီးတို့။ ဩဇီဆိုတာ ပုံပြောတာ သက်သက်ပါ။” တဲ့။ ကောင်းပါတယ်။ ပြည်သူကလည်း ကိုယ့်သတ်တဲ့ကောင်တွေ ဩဇီမှာ ငြိမ့်နေတာ ဘယ်မြင်ချင်ပါ့မလဲ။ ကိုယ်တွေကို စစ်ကြောရေးမှာ ဗျင်းသလို ဗျင်းပါစေဦး။ ထောင်လေးဘာလေးလည်း ချပါစေဦး။ တပ်ထဲကကောင်တွေ ဘယ်လောက်စိတ်ဓါတ်ကျနေသလဲ သိချင် အဲ့ကောင်မျက်ခွက်ကြီးကို ရှိုးလိုက်။ မျက်နှာပေးတွေဟာ တခါတရံမှာ ဘာစကားမှ ပြောစရာ မလိုဘူး။ မယုံရင် ကင်မရာထောင်ပြီး ဦးရွှေမန်း နဲ့ ဦးသန်းဌေး ကို ဆုံပေးကြည့်ပါလား။ တော်ကီမပါပဲ အပြုံးလေးနဲ့တင် အကယ်ဒမီရသွားမယ်။ ချမ်းချမ်းသီချင်းလေးကို ပလေးဘက်ဖွင့်ပေး။ “အားလုံးသော အဖြစ်တွေ နားလည်နေ။ ဆုံးရှုံးသွားခဲ့ရတာ အပြစ်မဆိုသာ။ နှလုံးသားလေးနှစ်ခုသာ ကွဲကြေကာ။ အခုတော့ ဝေးခဲ့ကြပြီပဲ။” ဟိုက် ရှားဘား။ ဒီမှာ ဇာတ်ညွှန်း စိုးနီလွင်ကလေးတောင် ပြုံးနေပြီ။ ဟီးဟီး။

တခါတလေကျတော့ တော်လှန်ရေးရဲ့အောင်ပွဲဆိုတာ ရုပ်ရှင်တွေထဲမှာလို အနှောင်အထုံးတွေကိုဖြည်ပြီး ဇာတ်ပေါင်းခန်းကလေးနဲ့ ဆိုရင်းကရင်း ဇာတ်သိမ်းရတာ မဟုတ်ဘူး။ အကြောင်းရင်းခံတစ်ခုဆီမှာ သူ့အကျိုးဆက်နဲ့သူ ရှိတယ်။ အဲ့ဒီအကြောင်းတရားတွေပေါင်းဆုံလာပြီး ကြီးကြီးမားမား အပြောင်းအလဲတစ်ခု ရလပ်ထွက်ပေါ်လာတာ အရေးတော်ပုံအောင်တာပဲ။ စစ်တပ်ဟာ ရွေးကောက်ခံ NLD ကိုယ်စားလှယ်တွေကို ဖမ်းဆီးချုပ်နှောင်သတ်ဖြတ်ပြီး တစ်ယောက်မှ မကျန်အောင် အပြတ်ရှင်းနေတယ်။ အခုတော့ သူ့ပါတီသူ အစိတ်စိတ်အမွှာမွှာဖြစ်အောင် သူ့လူကိုယ့်လူ ခွဲခြားရှင်းလင်းနေရတဲ့ဘဝရောက်တယ်။ အကျိုးဆက်ကတော့ NLD က ပြိုကွဲမသွားပဲ ကျစ်လစ်ခိုင်မာစွာ စုစည်းမိသွားတယ်။ နေရာလိုချင်လို့ နီချင်ယောင်ဆောင်တဲ့သူတွေ ရေထဲမိုးထဲမှာ စွန့်ခွါသွားတော့ စိတ်ဓါတ်ခိုင်မာတဲ့သူ၊ ယုံကြည်ချက် ကိုယ်ခံအား ကောင်းတဲ့သူတွေ ချည့် ကျန်ရစ်တယ်။ ဆန်ကာနဲ့ တိုက်ချလိုက်သလိုပဲ။ အဲ့ဒီကြားထဲကမှ ပြည်သူက မှတ်ကျောက်တင်ကြည့်ပြီး အားကိုးလောက်တဲ့သူ၊ အရည်အချင်း စစ်မှန်တဲ့သူ၊ လုပ်ရည်ကိုင်ရည် သာတဲ့သူ၊ ဉာဏ်ကစားနိုင်တဲ့သူတွေ စာမေးပွဲ စစ်ချလိုက်သလို ထွက်လာတယ်။ နို့မို့ဆို လူလုံးပဲပြနေပြီး တကယ်အလုပ်မလုပ်ပဲ အပါးတော်မြဲ လုပ်နေတဲ့သူတွေကို ဘယ်လိုဖယ်ထုတ်ရမှန်းမသိ ဖြစ်နေတာ။ စစ်တပ်က အာဏာသိမ်းမှပဲ အကာတွေလစ်ပြီး အနှစ်တွေချည့် ကျန်တာ။ နောက်ဆုံးမှာ ကြံဖွံ့က မဆလနောက်လိုက် သွားတယ်။ တင်ချင်တဲ့သူတင်၊ တက်ချင်တဲ့သူတက်၊ လက်နက်နဲ့မှ အသက်ရှင်နိုင်တော့မယ်။ ဦးနေဝင်း ကန်ထုတ်လိုက်ပြီးကတည်းက တစည ကို ဘယ်မှာသုံးစားတဲ့သူ ရှိလို့လဲ။ ပါတီ ၃၆၀ လောက် မှတ်ပုံတင်ဖူးတဲ့ မြန်မာပြည်မှာ စစ်တပ်လည်း လက်နက်ချရော အတိုက်အခံဆိုတာ ဝင်ပြိုင်စရာတောင် ကျန်တော့မယ် မထင်ဘူး။ NLD ဆိုတာ သူ့ဘာသာမဲဆွယ်တာကမှ အဆဲခံရသေးတာ။ စစ်တပ်က ဝင်ဇာတ်ပို့ပေးလိုက်ရင် သေပြီးသားမသာတောင် သူတို့ထက် မဲသာတယ်။ ရက်ရက်စက်စက် သတ်ဖြတ်နှိပ်စက်လိုက်ရင် ဘယ်သူမှ ငါတို့ကို မတော်လှန်နိုင်ဘူး လို့ တိရိစ္ဆာန်အတွေးပဲ တွေးတတ်တာလေ။ ရက်စက်မှုတွေကြောင့် ပြည်သူ့အမုန်းကျိန်စာတွေစူးရင် သူတို့ပဲ ရှုံးရလိမ့်မယ် လို့ လူတွေး မတွေးတတ်ဘူး။ အဲ့ဒါ တော်လှန်ရေးပြီးမှ အဖြေပေါ်မှာ မဟုတ်ဘူး။ အခုကတည်းက အဖြေပေါ်နှင့်ပြီ။ ဉာဏ်ရည်မမီလို့ မမြင်နိုင်ကြတာ။

သူတို့ဘက်မှာတော့ အိပ်မက်တွေ တပုံကြီးပဲ။ ခင်ရီကလည်း သမ္မတလုပ်မတဲ့။ မအလ ကတော့ နိုင်ငံ့ဥသျှောင်ကြီး ဘဝက နေမတဲ့။ ရုရှားက တိုးရစ်တွေလာရင် သရေခေတ္တရာကို လိုက်ပြဖို့ ရထားလမ်းဖောက်ဦးမှာတဲ့။ အနုမြူစက်ရုံထောင်ပြီး တတိယကမ္ဘာစစ်ဖြစ်ရင် ရုရှားဘက်က ကူတိုက်ပေးမလို့တဲ့။ မအလ တော်တဲ့အကြောင်းကို ကြူကြူလှက စာအုပ်ရေးပြီး ကျောင်းသင်ရိုးထဲထည့်သင်မတဲ့။ ကောင်းပါလေ့ဗျာ။ အဲ့လိုမျိုးလေး မိုးမမြင်လေမမြင် အောက်ခြေလွတ်နေမှ ခွေးကျကျတော့ အကျနာတာပေါ့။

နေ့လည်ပိုင်းမှာတော့ ကိုယ်တွေ ရင်တမမနဲ့ စောင့်မျှော်နေရတဲ့ portable C-arm X’ray လေး ရောက်လာပါတော့တယ်။ မျောက် အုန်းသီး ရပြန်ပြီပေါ့လေ။ လပြည့်နေ့ကြီးမှာ ကျက်သရေမင်္ဂလာ ပြည့်စုံစွာပေါ့။ မိုးရိပ်လေရိပ်ကလေးလည်း ကင်းစင်သွားလို့ညဘက်ကျ စမ်းချောင်းလေးထဲ မီးပုံးကလေးတွေ မျှောကြတယ်။ ကလေးတွေ လာကန်တော့ကြလို့ မုန့်ဖိုးတွေလည်း ပေးဖြစ်တယ်။ အားလုံးလည်း နေပြန်ကောင်းသွားလို့ သာသာယာယာ ပျော်ပျော်ပါးပါးပဲ။ အိမ်မှာလိုပဲ ကြီးစဉ်ငယ်လိုက် ကန်တော့ကြ။ စားကြသောက်ကြ မီးထွန်းကြ။ ရယ်ကြမောကြ လမင်းကြီးကို ထိုင်ကြည့်ကြ။ နောင်ကို အမြဲပြန်သတိရနေရမယ့် သီတင်းကျွတ်ညလေးတစ်ညပါပဲ။ ကိုယ့်အမေတွေ၊ အဒေါ်တွေ၊ ဆရာသမား လူကြီးသူမတွေကိုလည်း ဒီကနေ ရည်မှန်းဦးချလိုက်ပါတယ်။