ချန်ဂင်တို့စခန်း (၁၀၃)

ကိုဗစ်ဟာ တုပ်ကွေးယောင်ဆောင်ပြီး ဆရာဝန်ဆီကို ရောက်လာကြပေမယ့် ကိုယ်တို့ မျက်စိထဲမှာတော့ သိုးရေခြုံထားတဲ့ ဝံပုလွေကြီးကို ကြည့်ရသလိုပါပဲ။ တုပ်ကွေး က တုပ်ကွေး။ ကိုဗစ် က ကိုဗစ်။ ကွဲကွဲပြားပြား မြင်ပါတယ်။ လူနာကို အိပ်သွန်ဖာမှောက် လှန်လှောစမ်းသပ်စရာ မလိုပဲ မျက်နှာလေး ရဲနေတာ မြင်ရုံနဲ့ အဖျားတက်နေမှန်း သိတယ်။ ဟိုဘက်ခန်းက ချောင်းဆိုးသံလေး ကြားရုံနဲ့ လည်ချောင်းတွေ တော်တော်နာနေလောက်ပြီ လို့ သိတယ်။ အိမ်သာတံခါး ဖွင့်တဲ့ပိတ်တဲ့အသံ ခဏခဏ ကြားရုံနဲ့ ညက သူ တစ်ညလုံး ဝမ်းတွေသွားနေလိမ့်မယ် လို့ သိတယ်။ ဒါတွေ အကုန်လုံးက မုဆိုးစိုင်သင် သင်သွားတာပဲလေ။ လူနာတွေ ကြည့်ဖန်များလာတဲ့အခါ အလိုလို ကျွမ်းကျင်လာလိမ့်မယ်။ အခုတွေ့ရကြားရသလောက်တော့ သူတို့ခံစားနေရတဲ့ ကိုဗစ်ဟာ သာမာန် ရာသီတုပ်ကွေးထက်တော့ ခံရခက်တာ အမှန်ပဲ။ ဖျားရင်လည်း လွယ်လွယ်နဲ့မကျ၊ ချောင်းဆိုးရင်လည်း တော်တော်နဲ့မရပ်။ အစားအသောက်ပျက် အအိပ်ပျက်။ အသက်ရှုမပျက်လို့သာ တော်တော့တယ်။

ဆေးရုံက p တဲ့ ၆ ယောက်မှာ ၃ ယောက်က အလူးအလဲ။ ၃ ယောက်က တချက်တချက် အီစိမ့်နေကြတာ။ ညဘက် ဆေးထိုးအိပ်တာတောင်မှ မနက်လင်းရင် အခြေအနေကောင်းရဲ့လား လိုက်မေးယူရတယ်။ ဆေးရှိန်ပြယ်ရင် အဖျားပြန်တက်လို့။ p တဲ့သူအချင်းချင်း သက်သာတဲ့သူက ဆိုးတဲ့သူကို ပြုစုရတာပေါ့။ မ p တဲ့သူက ဆေးရုံလာတဲ့လူနာကုဖို့ နေရသေးတယ်လေ။ စားဖို့သောက်ဖို့ ရွာထဲသွား၊ ဈေးဝယ်ချက်ပြုတ်၊ လုပ်ရသေးတာ။ ကိုယ်တို့လည်း p သာ မ p တာ။ close contact တော့ ဖြစ်နေတာပဲ။ ရွာထဲက ဆေးခန်းလာပြရင်တော့ အကုန် PPE နဲ့ ကုပါတယ်။ မလိုအပ်ရင် ပြန်လွှတ်တယ်။ ဖျားတယ်ဆို swab ယူတယ်။ ၅ နှစ်သား ကလေးလေး တစ်ယောက်ပဲ p ထပ်ထွက်ပါတယ်။ မပြင်းထန်လို့ home Q နဲ့ ထားတယ်။ Q တဲ့ကာလကို ၅ ရက်ပဲ ထားကြတော့တယ်ဆိုလို့ တော်တော် စိတ်သက်သာသွားတယ်။ ဒီနေ့ပဲ day 2 ရှိပြီလေ။ ရောဂါကတော့ အတက်ပိုင်းမှာချည့်ပဲ။ ပြန်မဆင်းသေးဘူး။ ကိုယ့်ထဲက နောက်ထပ်ထပ်ဖြစ်ရင်လည်း အရင်လူ သက်သာပြီးမှ ဖြစ်တာ ပိုကောင်းမယ်။ ဒီလိုပဲ ကျော်ဖြတ်ရဦးမှာပဲ။

ဆရာသွား ကတော့ Remdesevir ကြောင့်လား မသိဘူး။ စောစောသက်သာလာတယ်။ ဝမ်းတော့ မရပ်သေးဘူး။ ကျန်တဲ့သူကတော့ အိုက်ဆေး မသွင်းချင်ဘူးတဲ့။ ကိုယ်လည်း hypoxia မရှိရင် မသွင်းချင်ပါဘူး။ lab parameters တွေ ဘာမှမရှိပဲ သွင်းရတာ မဖြစ်သင့်ဘူး။ steroid နဲ့ Enoxa တောင် ပေးစရာ မလိုသေးတဲ့ဥစ္စာ။ သူတို့အားလုံး close monitoring နဲ့ မျက်စိဒေါက်ထောက် ကြည့်ထားလိုက်ပါတယ်။ ဒါကြောင့်မို့ ချောင်းဆိုးသံ၊ အိမ်သာတံခါးဖွင့်သံကအစ သိနေတာ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုဗစ်ဆိုတာ လူနာရော care taker ရော စိတ်ဖိစီးမှုများတာ အမှန်ပါပဲ။

မိုးလင်းတာနဲ့ သူတို့အားလုံးကို မေးမြန်းစမ်းသပ်ပြီး ဒရစ်ချိတ်ဖို့ လိုတဲ့သူချိတ်၊ ဆေးထိုးဖို့လိုတဲ့သူ ဆေးထိုး၊ treatment review ကို update လုပ်ပြီး နေသာတုန်းလေး ရှိတာအကုန်ထုတ်လှမ်း၊ ပြူတင်းတံခါးတွေဖွင့်၊ ဆေးတွေဖြန်း ထပ်လုပ်ပါတယ်။ ရွာထဲက လာပြတဲ့ တစ်ယောက်တော့ ထပ် p ပြန်တယ်။ သူက day 5 ရောက်ပြီး recovery ရနေပြီမို့ အိမ်မှာပဲ q ခိုင်းလိုက်တယ်။ အားမရှိဘူး။ နုံးတယ်ဆိုလို့ ပုလင်းတော့ ချိတ်ပေးလိုက်တာပေါ့။

ဒီနေ့အတွက် ရင်ခုန်စိတ်လှုပ်ရှားစရာကတော့ ဆေးရုံအတွက် အိပ်ဆောင်ဓါတ်မှန်စက်လေး ရောက်လာမယ် ဆိုလို့ပါ။ အစစ်အဆေး အတားအဆီးတွေကို ကျော်ဖြတ်ပြီး ချောချောမောမောမှ ရောက်ပါ့မလား ရင်တထိတ်ထိတ်နဲ့ ဆက်သွယ်စီမံနေရတာကိုး။ ပြည်သူတွေကလည်း တော်လှန်ရေးမှာ သွေးအေးမသွားသေးဘူး။ NUG ကလည်း သူ့အလုပ်သူ တစိုက်မတ်မတ်နဲ့ အကွက်စေ့အောင် ဆက်လုပ်နေတုန်းပဲဆိုတာ ကိုယ့်ဆေးရုံကလေးရဲ့ အခြေအနေကို ကြည့်ရင် သိပါလိမ့်မယ်။ ဘယ်လိုပင် အဖမ်းအဆီးတွေနဲ့ ပိတ်ပင်တားဆီး ထားသော်ငြားလည်း လူတောင် လာရခက်လို့ လက်မှိုင်ချနေရတဲ့ တောတွင်းတစ်နေရာစီကို ဆေးဝါးရော၊ ရိက္ခာရော၊ ပစ္စည်းကိရိယာပါ လုံလောက်ရုံမက ပိုလျှံနေအောင်ကို ဝိုင်းဝန်းပံ့ပိုး ကူညီနေကြတဲ့အတွက် အခုလောက် ခက်ခဲကြပ်တည်းနေတဲ့ ကာလအတွင်းမှာတောင် လူနာတွေကို လိုလေသေးမရှိ အခမဲ့ ကုသနိုင်ပါတယ်။

အခုချက်ချင်း ကိုဗစ်တွေ့ အခုချက်ချင်း ဆေးရုံကို ကိုဗစ်ကုသရေးစင်တာပုံစံ ပြောင်းလဲကုသလို့ရတဲ့အထိကို PPE၊ အောက်ဆီဂျင်၊ ဆေးဝါးပစ္စည်းကိရိယာ စုံလင်အောင် လှူတန်းပေးထားတာ အားလုံး လက်တွေ့မြင်နိုင်ပါတယ်။ ကိုဗစ်တွေ စဖြစ်တော့ ရန်ကုန်ဆေးရုံကြီးမှာ PPE ဝတ်စုံတွေ လက်ထဲရောက်ဖို့ ဘယ်နှစ်လကြာခဲ့သလဲဆိုတာ အပြင်မှာရှာဝယ်ပြီး အဆောင်တကာ လျှောက်လှူခဲ့ရတဲ့ ကိုယ်ကိုယ်တိုင် အသိဆုံး။ အခုတော့ တောထဲကဆေးရုံမှာ လာသမျှလူနာ N95 ဆီးတပ်ပေးပြီး အိမ်ပြန်ယူသွားဖို့ ၅ ခုလောက် လက်ဆောင်ပေးနိုင်တာ ပြောရင်လည်း ဂုဏ်ဆာတယ် ဖြစ်ဦးမယ်။ တကယ်ကို ရသမျှ စုဆောင်းသိမ်းဆည်းထားလို့ အခုလိုရင် အခုထုတ်သုံးနိုင်တာပေါ့ဗျာ။

မနှစ်ကတုန်းက ကိုဗစ်စင်တာဖွင့်တဲ့အခါ ရောက်ရောက်ချင်း ကြုံတွေ့ရတဲ့ ဒုက္ခက လိုအပ်တဲ့ဆေးဝါးတွေကို ဆရာဝန်ကမှာတာ မဟုတ်ပဲ ဆေးဆိုင်ကပေးတဲ့အတိုင်း ဘောက်ချာဖြတ်ပြီး ယူခဲ့တာမို့ ကထိန်ပဒေသာပင်ကြီးလိုပဲ အပင်ကြီးသာ ဟည်းနေတာ။ သုံးစားလို့ရတာ တစ်ခုနှစ်ခုလောက်သာ ပါတယ် လို့ ရေးခဲ့ဖူးပါတယ်။ ရွာမှာဆေးကုပြီးလို့ စင်တာပိတ်တာတောင် တချို့ဆေးတွေ၊ PPE တွေက ဂိုဒေါင်ထဲမှာ တောင်လိုပုံပြီး ကျန်နေပါသေးတယ်။ အခု အဲ့ဒီဆေးတွေ ပစ္စည်းတွေ သုံးကောင်းကောင်းနဲ့ သုံးလိုက်တာ ကုန်တောင်ကုန်ခါနီးနေပေါ့။ Fund raising ချည့်ပဲ အားစိုက်နေလို့ မရဘူး။ နောက်ဘက်မှာ logistic နဲ့ supply တွေ distribution တွေ၊ store keeping၊ stock checking ၊ နောက်ပိတ်ဆုံး end user ဆီမှာ effective consumption ရတဲ့အထိ စေ့စေ့စပ်စပ် စီမံခန့်ခွဲနိုင်မှ တန်တာပါ။ နို့မို့ ဆင်သတ် အရပ်ဝေတယ် လို့ အပြောခံရမှာ။ ပေးလိုက်ရတာလည်း တပုံကြီး။ လူနာလက်ထဲရောက်တာက ဆိတ်ချေးလောက်။

ကိုယ့်ရဲ့ ကပ်စေးနည်းခြင်း အနုပညာကတော့ အလကားရတဲ့ပစ္စည်းကိုလည်း ကိုယ့်အိပ်ထဲက ပိုက်ဆံပေးဝယ်ရသလို နှမျောတတ်တဲ့စိတ် ထားရှိခြင်းပါပဲ။ အလှူရှင်က ဆေးရုံဆောက်မယ်။ ကုန်ချင်သလောက် ကုန် ဆိုပေမယ့် ကိုယ့်အဖို့က အဖြစ်ချည့်ပဲ တွက်လို့မရဘူး။ အပျက်ကိုပါ ထည့်တွက်ရတယ်။ မတော်လို့များ ကိုယ့်ဆေးရုံပေါ် ဗုံးလာချရင် နှစ်လုံးတောင်မလိုဘူး။ တစ်လုံးတည်းနဲ့ စိစိညက်ညက် ကြေမှာ။ ဒါကြောင့်မို့ ကံရာဇာငယ် ဘုရားတည်သလို အတွင်းက ခွဲခန်းကိုပဲ အုတ်ပတ်လည် လုံအောင်ကာတယ်။ အပြင်က အခန်းဖွဲ့တွေကို တောသစ် နဲ့ composite ပြားတွေကို သုံးထားတယ်။ လူနာဆောင်ကို ရှိပြီးသားခန်းမ ခေါင်မိုးဖာပြီး ကွန်ကရိခင်း သုံးတယ်။ လူနေဆောင်ကို ထရံကာ သွပ်မိုးနဲ့ နေတယ်။ တောထဲက ထမင်းပွဲမှာ အလှူရှင်ရှိတိုင်း Dinner sets နဲ့ စားစရာ မလိုပါဘူး။ တစ်ခါသုံးပန်းကန်လေးတွေနဲ့ လွယ်လွယ်ကူကူ စားပြီး လွှင့်ပစ်လို့ ရတာပဲ။ သန့်ရှင်းဖို့သာ အဓိက။

အထဲက ခွဲခန်းနဲ့ပစ္စည်းကိရိယာတွေကိုကျ ဝိတ်လျှော့လို့ ခိုလို့ မရဘူးလေ။ အဲ့ဒီထဲမှာ သုံးတဲ့ဟာ အားလုံး ရန်ကုန်က ပေါ်လီကလင်းနစ် ခွဲခန်းတွေမှာ သုံးတာနဲ့ အတူတူပဲ။ အဲ့ဒီနေရာမှာတော့ အပြည့်သုံးတယ်။ ကိုယ့်အတွက် တကယ် လိုအပ်လာရင် NUG ကိုလည်း ဆက်သွယ်ပြီး အပူကပ်တာပါပဲ။ ခွဲခုံ၊ မွေးခုံ၊ မီးစလောင်း၊ အာထရာဆောင်းကနေ အခု ဓါတ်မှန်အထိ သူတို့ထောက်ပံ့တာ။ ဆေး indent လည်း သူတို့ဆီတင်တောင်းပြီး ပစ္စည်းမပို့နိုင်ရင် ဘတ်ဂျက်ထဲက ပိုက်ဆံ ပို့ပေးတယ်။ စစ်ပြေးဒုက္ခသည်ကယ်ဆယ်ရေး ဆိုလည်း တလုံးတခဲတည်း ပို့ပေးရှာတယ်။ ရေမစိုက်ပဲ လေတိုက်တဲ့သူတွေများလို့ ငွေရေးကြေးရေးကိစ္စတွေ ကင်းအောင်နေတယ် ဆိုပေမယ့်လည်း ကိုယ့်ဆေးရုံစီမံခန့်ခွဲမှုနဲ့ ကိုယ့်အရပ်က စစ်ရှောင်တွေအတွက်တော့ ဆိုရေးရှိက ဆိုအပ်လှစွာပဲ။ ကမ္ဘာနဲ့ချီပြီး အလုပ်လုပ်တဲ့ UN က အထောက်အပံ့နဲ့ ကိုယ်တစ်ယောက်တည်း တောထဲကနေ အလှူရှင်ရှာပြီး ပို့တဲ့အထောက်အပံ့ ဘယ်ဒင်းက ဒုက္ခသည်အစစ်အမှန်တွေ လက်ထဲရောက်တာများမလဲ။ လောင်းတောင်လောင်းလိုက်ချင်သေး။

ဆေးရုံကို functional upgrade လုပ်တဲ့အခါ ကုတင်တွေချည့်ပဲ တိုးပေးလို့ မရဘူး။ လိုအပ်တဲ့ working facilities လေးတွေ ပြည့်စုံအောင် ဖြည့်တင်းပေးမှ ရလိမ့်မယ်။ ဒါကြောင့်မို့ အတတ်နိုင်ဆုံး ကြိုးစားနေတယ်။ ကိုယ်နဲ့အတူ ပါဝင်ပူးပေါင်းကြတဲ့ နောက်ကွယ်က အင်အားတွေလည်း မနည်းပါဘူး။ ရန်ရှာမှာစိုးလို့သာ ဘယ်သူရယ် ဘယ်ဝါရယ် ဖွင့်မပြောတာ။ ခုထက်ထိတော့ လျော့သွားတယ် တခါမှ မရှိပါဘူး။ တိုးလို့သာ လာပါတယ်။ “ပြည်သူတွေက စိတ်ပျက်အားလျှော့ပြီး မလှူနိုင်တော့ဘူး။ မကူနိုင်တော့ဘူး။” ဆိုတာ အလကား။ ဒလန်တွေ နှပ်ကြောင်းပေးတဲ့ ဆိုက်ဝါးတွေ။ လက်တွေ့လည်ပတ်နေတဲ့ ကိုယ်တို့ဆေးရုံကလေးနဲ့ သက်သေပြလို့ ရတယ်။ လာကြည့်လှည့်။ ဖိုးလပြည့်သာ ခွက်ဆွဲနေရတာ။ ချန်ဂင်တို့များ ပေး၍မကုန် လှူ၍မခန်း ဇောတိကသင်္ကန်း။ အခု ဓါတ်မှန်စက်တောင် ရောက်တော့မှာလေဗျာ။ ခဏနေရင်မေ့ဆေးစက်ပါ တပ်ဦးမှာ။

တော်လှန်ရေးဟာ ဘာအကြောင်းနဲ့မှ ရပ်တန့်နေမှာ မဟုတ်ဘူး။ အောင်ကိုအောင်ရမှာ။ အစမှအဆုံးတိုင် ကိုယ်တိုင် ပါဝင်ဖြတ်သန်းနေသူတွေ ပြောတာ ယုံစမ်းပါ။ မိုးဟိန်းဂျာနယ်ထဲထည့်ဖို့ သဇင်ဦးကမေးပြီး ဇော်မဲလုံးက ဖြေတဲ့စကားတွေ မယုံပါနဲ့။ သဘာလိုလို ဆရာလိုလိုနဲ့ ဘယ်ကမှန်းမသိတဲ့လူတွေ ထထဖြဲနေတဲ့ ပေါက်ပန်းဈေးတွေကိုလည်း နားမယောင်ပါနဲ့။ ကိုယ်တို့က အားလည်းမလျှော့ဘူး။ အားလည်းမလျော့ဘူး။ တွေဝေငေးမော ရပ်တန့်ခြင်းလည်း မရှိပါဘူး။ အရှိန်အဟုန်နဲ့ ရွေ့လျားလာတဲ့ ခေတ်ရေစီးကြောင်းထဲမှာ အမှိုက်သရိုက် ဒိုက်သရောတွေနဲ့ ငြိတွယ်တုံ့ဆိုင်း မနေပဲ ပြည်သူနဲ့အတူ စီးမျောပါဝင်လိုက်ကြရအောင်လေ။ လာ။ လိုက်ခဲ့။ ရောက်တော့မှာ။