ချန်ဂင်တို့စခန်း (၁၀၂)

“နေသာခိုက်မှာ မြင်လို့လေ

တွေ့တဲ့အခါတိုင်းလည်း

မိုးမအုံ့ပါဘူး မပြောသာ

ခန့်မှန်းလို့ မရကောင်းတဲ့

အကြောင်းအရာ

အချစ်ဆိုတာ

လျှို့ဝှက်ချက်တစ်ခုပါ။”

လောကကြီးမှာ လျှို့ဝှက်ချက်တွေကတယ်လည်း များပေတာပဲ။ အခုလေးပဲ ကိုယ်တို့ကို ဆာပရိုက်အကြီးကြီး တိုက်သွားတယ်ဗျ။ မနေ့က ဆရာသွား နေမကောင်းဘူး။ ဆေးတွေဘာတွေထိုးရတယ်။ သူကတော့ တုတ်ကွေးမိသွားပြီ ဆိုပြီး အိပ်ယာထဲ ခွေနေတာ။ ဒီနေ့ကျ ထမင်းလည်း မစားဘူး။ ဝမ်းလည်းသွားတယ်တဲ့။ ဆေးရုံက ကလေးနှစ်ကောင်လည်း လည်ချောင်းနာပြီး ကိုက်ခဲနေသတဲ့။ ဒါလောက်ဆို သိပြီ။ until proved otherwise ပဲ။ swab ယူခိုင်းလိုက်တော့ positive ထွက်လာရော။ သေပြီဆရာ။ တစ်ဆေးရုံလုံး အကုန် swab ယူရပြီ။ ၆ ယောက် positive ထွက်လာတယ်။ ကိုယ်တော့ မပါသေးဘူး။ ဆေးခန်းပြဖို့ စောင့်နေတဲ့ လူနာကို swab ယူတော့ သူလည်း positive။ ရွာထဲက လာပြနေတဲ့သူတွေလည်း အများကြီးတုပ်ကွေးဖြစ်နေကြတာ။ ကိုင်း အခုတော့ သိပြီမှလား။ မင်းမကြည့်လို့ မသိတာပါ။ အချစ်က မင်းအနားမှာပါ။

ကိုဗစ်စစ်လို့ ပိုးတွေ့ပြီ ဆိုရင် တန်းစီပြီး အလုပ်ရှုပ်တော့တာဗျ။ နေရာထိုင်ခင်းတွေ သီးခြား စီစဉ်ရပြီ။ ဆရာဝန် ဆရာမ care takers တွေ အားလုံး PPE ပြန်ဝတ်ရပြီ။ အသွားအလာတွေ ကန့်သတ်ရပြီ။ သွားဆရာဝန်ကိုတော့ ရောဂါလက္ခဏာ ထင်ရှားလွန်းလို့ Remdesevir စ on ပြီ။ ကိုယ်တို့မျက်နှာပေါ် mask တွေ face shield တွေ ပြန်ရောက်လာပြီ။ မနှစ်ကဖြစ်ထားပြီးပေမယ့် ဒီနှစ်လည်း ထပ်ဖြစ်ပြန်တာပဲနော်။ ကိုယ်လည်း ဘယ်နေ့ဖြစ်မယ်မသိ။ ခုထိသာ မဖြစ်သေးတာ။ လွတ်မယ်တော့ မထင်ပါဘူး။ သို့သော် ကိုဗစ်နဲ့ ပါတ်သက်တဲ့ အသေအပျောက်တော့ မရှိသေးဘူး။ ရွာထဲက ဆေးရုံ ၃ ခါပြန်တက်တဲ့ အဖွားညိုတောင် steroid တွေ on လိုက် off လိုက်နဲ့ ခုထက်ထိ ထိမ်းထားနိုင်သေးတယ်။ ဆေးရုံမှာ လူ ၂ သုတ်တော့ ကွဲသွားတာပေါ့။ positive တစ်ဖွဲ့၊ negative တစ်ဖွဲ့။

ကိုဗစ်က ရာသီတုပ်ကွေး ဖြစ်နေပြီပဲ။ အထူးတဆန်း အလန့်တကြား မရှိတော့ပါဘူး။ အောက်ဆီဂျင်တော့ ပြန်ဖြည့်ထားမှ ဖြစ်မယ်။ ဆရာဝန်ရှိတယ်။ ဆေးရှိတယ်။ အောက်ဆီဂျင် ရှိတယ်။ မပူပါဘူး။ ကိုဗစ်နဲ့ပါတ်သက်ရင် လှိုင်းတကာ့လှိုင်း ဘယ်လှိုင်းမှ မလွတ်အောင် လိုက်ပါစီးမျောနေကျ။ မနှစ်ကလည်း positive သာဖြစ်တယ်။ ဘာရောဂါလက္ခဏာမှ ကိုယ့်ဆီမှာ မပြလိုက်ဘူး။ ဒါပေသိ ဗစ်တို့၏မာယာတော့ သတိတရား လက်ကိုင်ထားရမှာပေါ့။ အခုတောင် အငိုက်မိသွားတယ် မဟုတ်လား။ တကယ်တော့ အငိုက်လည်း မမိပါဘူး။ ရွာထဲက ဇော်ဝင်းထွဋ်တုပ်ကွေးတွေ လာလာပြနေကတည်းက သင်္ကာမကင်းဖြစ်နေတာ။ အောက်ဆီဂျင်ကျတဲ့လူနာတွေ swab ယူတာ ပိုးမတွေ့လို့ ဘာမှမလုပ်တာ။ ကုရမယ့်သူတော့ ကိုဗစ်လိုပဲကုတယ်။

ဒါပေမယ့်လည်း ကိုယ်သိတဲ့ကုထုံးတွေက မနှစ်က guidelines နဲ့ ကုထုံးတွေလေ။ up to date မဖြစ်တော့ဘူး။ physician ဆီ ဖုန်းဆက်ပြီး latest version ကို update လုပ်ရဦးမယ်။ old trend ကြီးနဲ့ ကုနေမိမှာစိုးလို့။ virus ကတောင် ဗီဇမျိုးကွဲတွေ ဆင့်ကဲပြောင်းလဲသွားတာ ဆရာဝန်က အဟောင်းနဲ့ နေခဲ့လို့ ဖြစ်မလား။ ကိုယ်သတိထားမိသလောက်ကတော့ ဒီတစ်ခေါက်လာတဲ့ ကိုဗစ်ဟာ အရင်ဟာတွေလို ပြင်းထန်အဆုတ်ယောင်ရောဂါကို ဖြစ်စေတာထက် အသက်ရှူလမ်းကြောင်းအဝ လည်ချောင်းထဲမှာ ပြင်းပြင်းထန်ထန် ယောင်ယမ်းစေပါတယ်။ အသံဝင်တာ လည်ချောင်းနာတာ တော်တော်ဆိုးကြတယ်။ ကိုက်ခဲညောင်းညာကြတယ်။ နဂိုကမှ “ယောင်လည်လည် တောင်စွယ်ကျေး မယ်နဲ့ဝေး မောင်လေ့မပြန်နိုင်တယ်။” ဖြစ်နေရတဲ့အထဲ “နာနေဖျားနေရင် ဘယ်သူက လာပြီးစောင့်ရှောက်ပေးမလဲ ဟင်။” အထိ အားနွဲ့အားငယ် မနေနိုင်ပါဘူး။ ကိုယ်ထူမှ ကိုယ်ထရမယ့်ဘဝ။ ဒီကိုရောက်ကတည်းက တစ်ခါမှ အနာအဖျား မရှိဘူးပဲဟာ။ အခုလည်းပဲ ဖျားမယ် မထင်ပါဘူး။ စောင့်ကြည့်ရသေးတာပ။ ကိုယ်က သူများအပေါ်ထားတဲ့မေတ္တာ၊ သူများက ကိုယ့်အပေါ် ပို့တဲ့မေတ္တာတို့ကြောင့် ကျန်းမာချမ်းသာလန်းဖြာလျက်ပါ။ လောလောဆယ် ကိုယ်က မဖျားတဲ့သူဆိုတော့ သူနာတွေကို ပြန်ပြုစုရတယ်လေ။

ကိုဗစ်နဲ့ပါတ်သက်လာရင် ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါပဲလာလာ ကိုယ်က ပြုစုကုသသူအဖြစ်နဲ့ အမြဲနေခွင့်ရတာ အင်မတန်ကို ဘဝပေးကုသိုလ် ကောင်းလွန်းလို့သာပ။ ဒီရောဂါဟာ ကိုယ့်သူငယ်ချင်းတွေရဲ့ မိအိုဖအိုတွေကို အမှည့်ချွေ ချွေပစ်တဲ့ ရောဂါလည်း ဟုတ်တယ်။ ကိုယ် ဆရာဝန်ဖြစ်တဲ့ သက်တမ်းအတွင်း တကမ္ဘာလုံးကူးစက်တဲ့ ကြောက်မက်ဖွယ်ကပ်ဆိုးကြီးကို ရေကုန်ရေခမ်း တိုက်ထုတ်တဲ့အထဲမှာ ပါခဲ့တာ အမှန်ပဲ။ ဆာဂျင်မို့လို့ မဆိုင်ဘူး မတွေးပါဘူး။ ဆရာဝန်မို့လို့ ဆိုင်တယ်ပဲ တွေးပါတယ်။ အဲ့ဒီအချိန်မှာကတည်းက အင်အားမလုံလောက်တဲ့ မေ့ဆေးတွေကို ကူခဲ့တဲ့အတွက် အခု ကိုယ့်မှာ အိုတီထဲ မေ့ဆေးမရှိတဲ့ ပြဿနာကို ကူမယ့်ကယ်မယ့်သူ မရှားတာ။ pandemic ကို ဘယ်လို ကာကွယ်တိုက်ဖျက်မလဲ ဆိုတဲ့ public health အတွေ့အကြုံလည်းရတယ်။ ဆယ်ဇင်းမှာ ကိုဗစ်စင်တာသာ ဝင်မလုပ်ဖြစ်ရင် အခုခွဲနေတဲ့ ဆေးရုံဆိုတာလည်း ဖြစ်လာစရာ အကြောင်း မရှိဘူး။ ကိုယ့်လို လက်ချည့်ပဲလာတဲ့အကောင်ကို ဘယ်သူကမှလည်း ယုံကြည်မှာ မဟုတ်ဘူး။ ရန်ကုန်မှာတုန်းက ဧရာစင်တာမှာ ဝင်မလုပ်ခဲ့ရင်လည်း ဆယ်ဇင်းမှာ ကိုဗစ်ကုတတ်မှာ မဟုတ်ဘူး။ ကိုယ့်ဘာသာ စေတနာမှန်ရင် ကံတရားက အလိုလို လမ်းကြောင်းမှန်အောင် တည့်ပေးတယ်။ လိုချင်စိတ်သက်သက်နဲ့ဆို တပ်ကပြေးပြီး မဲဆောက် ရောက်သွားတာတောင် ဩဇီမရောက်ပဲ နောက်ပြန်လှည့်ရတာ မဟုတ်လား။ မှတ်ထားပါ ဟျောင့်ရေ။ နွေနေ့ခင်း လမင်းသာနိုင်တဲ့အချင်းအရာ မချစ်ရင် ညာလို့မရဘူး တဲ့။

ငါတို့အဖြစ်များ ဆိုးလိုက်သည်မှာလည်း တောထဲပြေးတာတောင် ကိုဗစ်နဲ့ လွတ်သည်မရှိ။ တစ်နှစ် ၂ ခါလောက် outbreak ဖြစ်ဖြစ်နေတယ်။ ခံရသူလည်း မသက်သာ။ ကုရသူလည်း မသက်သာ။ ကိုဗစ်ဆိုင်ရာ ဒီပလိုမာတင်မကဘူး။ မာစတာတောင် ပေးလို့ရနေပြီ။ ကုသက်တောင် ၃ နှစ်ရှိသွားပေါ့။ နောက်ဆုံးတော့လည်း တုတ်ကွေးကို တုတ်ကွေးလောက်ပဲ ကြောက်တာ ကောင်းပါတယ် ဆို ယဉ်ပါးသွားကြတာပဲ။ မူအရဆိုရင် ဆေးရုံကို lock down ချရမှာ ဖြစ်ပေမယ့် ဆေးရုံကလူတွေက ရွာထဲက ပြန့်ပြီးလို့ ကူးတာလေ။ အရင်လိုပဲ COVID နဲ့ non COVID ခွဲကုကြတာပေါ့။ သတင်းတော့ ထုတ်ပြန်လိုက်တယ်။ ဆေးရုံမှာ ကိုဗစ်တွေ ဖြစ်နေပြီ။ အသည်းအသန်မဟုတ်ရင် ဆေးရုံ လာမပြနဲ့။ အနည်းဆုံးတော့ ၅ ရက် တစ်ပါတ်လောက် ခွဲခန်းပိတ်ထားမယ်။ အကုန်လုံးကို လုပ်ထုံးလုပ်နည်းအတိုင်း ရိုးရာနဲ့အညီ စီစဉ်ဆောင်ရွက်သွားမယ်။ ပြေးလို့မှ အရှိန်ရမယ် မကြံသေးဘူး။ တုံ့ဆွဲလိုက်သလို ဘရိတ်ပြန်အုပ်ရပြီ။ သင်ခန်းစာအသစ်ရတာကတော့ သူများပါးစပ်ပေါက်ကြီးထဲ ခေါင်းစိုက်မတတ် ဖြဲကြည့်ရတဲ့ သွားဆရာဝန်တွေက ပိုကူးစက်လွယ်တယ် ဆိုတာပါပဲ။

ဒီမနက်တော့ ညက တညလုံး အဖျားတက်၊ ကိုက်ခဲ၊ အိပ်မရသူတွေကို ဆေးထိုး၊ ပုလင်းချိတ်၊ vital sign ယူ၊ အစာကျွေး၊ ဆေးဖျန်း၊ ဈေးသွားဝယ်ပြီးတဲ့နောက် PPE လေးဝတ်ပြီး လူနာအလာကို စောင့်ဆိုင်းလျက် ရှိပါတယ်။ စစ်ပွဲဖြစ်လို့တောင် ရပ်မသွားတဲ့ ဆေးရုံကလေးဟာ ကိုဗစ်ဖြစ်လို့လည်း ပိတ်သွားမှာ မဟုတ်ပါဘူး။ Nothing’s gonna stop us now. ပါ။ ဒီလိုနဲ့ပဲ ခရီးများအဆုံးထိလျှောက်ကြတာပေါ့နော့။

“ခမ်းနားခြင်းကင်းမဲ့

အရိုးသားဆုံးခရီးတစ်ခု

ငါတို့နှစ်ယောက်ကိုယ်တိုင်

ရွေးထားခဲ့ပြီး

သဘောထားများအပြည့်နဲ့

ဆူးလမ်းများနင်းဖြတ်

ဘာဖြစ်ဖြစ်ပါကွယ်

ခရီးများအဆုံးထိလျှောက်”