မိုးကုန်ပြီအထင်နဲ့ ဘက်ဖိုးတွေ ဒမ့်ထရပ်တွေ လုပ်အားပေးခေါ်ပြီး ပျက်နေတဲ့လမ်းတွေ ပြန်ခင်းနေဆဲမှာ မိုးက သည်းသည်းမည်းမည်း ၂ ရက်လောက် ဆက်ရွာလိုက်တာ လုပ်ထားသမျှတွေ အကုန်ရေထဲမျောပါပြီး ဆိုးဆိုးဝါးဝါးကို ဗွက်ပေါက်သွားပါတယ်။ ဒီမှာက ဒီလိုပဲ။ တစ်နှစ်တစ်ခါ မိုးကုန်မှ လမိးပြင်လမ်းခင်းကြ၊ ကောင်းသွားတဲ့အခါ ဖုန်တသောသောနဲ့ နောက်တစ်မိုး မကျမချင်း ဝင်ထွက်သွားလာကြ၊ မိုးတွင်းကျ လမ်းတွေပြန်ပိတ်သွားကြ။ အဲ့တိုင်းပဲ နေလာကြတာလေ။ ကတ္တရာလမ်း၊ ကွန်ကရိလမ်း မရှိဘူး။ မြေသားလမ်းတွေပါ။ ရေကျော်လေးတွေ စမ်းချောင်းလေးတွေမှာ တိမ်ရင် ဒီအတိုင်းဖြတ်၊ နက်ရင် တံတားထိုးပြီး ကူးတယ်လေ။ ခရီးသည်တင်ယာဉ် မသွားဘူး။ အများဆုံးသွားတာ သစ်တင်တဲ့ကား၊ ဆီဘောက်ဆာ နဲ့ ကုန်တင် ဆယ်ဘီးကားတွေ ဥဒဟို သွားနေကြတာပါ။ အခုလည်း အဲ့ဒီကားတွေ သွားလာနိုင်ဖို့ လမ်းပြန်ပြင်တာလေ။
လမ်းပွင့်ရင် ကျွဲကူးရေပါ၊ လူနာတွေလည်း ရောက်လာကြမှာပေါ့။ ဆေးရုံလေးလည်း လူစည်တာပေါ့။ ခုရက်တော့ မိုးတွေရွာလို့ လူနာတွေ မလာနိုင်သေးဘူး။ အလုပ်မပြတ်ရုံတမယ် ခပ်ပါးပါးလေးပဲ လာတယ်။ အူအတက်ရောင်တာလေး၊ ရင်သားအကျိတ်တည်တာလေး၊ တို့ထိတို့ထိလောက်ပဲ ခွဲရတယ်။ ခွဲထားပြီးသား လူနာတွေက ကောင်းလို့ ချုပ်ရိုးဖြည်ပြီး ပြန်ကြပြီ။ ဆေးနားနားနေတဲ့ PDF ကလေးတွေပဲ ကျန်တော့တယ်။ နားပါစေဦး။ သူတို့လည်း ပန်းရှာရောပေါ့။ တချို့လည်း ခွဲထားတာ ကြာမှ မကြာသေးတာ။ ငယ်ငယ်ရွယ်ရွယ်နဲ့ တောထဲတောင်ထဲ စစ်ပွဲတစ်ရာ နွှဲနေကြရရှာတယ်။ တကယ်ဆို ကိုယ့်သားသမီးအရွယ်လေးတွေ မဟုတ်လား။
ကိုယ်တို့ဆီမှာ အခုလို အေးအေးဆေးဆေးနေရတာ သူတို့လည်း ကံကောင်းတယ်။ ကိုယ်လည်း ကံကောင်းတယ်။ ကရင်နီနယ်မှာ၊ မြဝတီ၊ ကော့ကရိတ်ဘက်မှာ တိုက်ပွဲတွေ တရစပ်နဲ့မို့ ကလေးတွေလည်း မနားနိုင်ဘူး။ ဆေးကုတဲ့အဖွဲ့တွေလည်း မနားရဘူး။ တိမ်းရရှောင်ရ၊ ပြေးရပုန်းရ အလုပ်က ရှုပ်သေးတာ။ ကိုယ်တို့ဆီမှာတောင် အရင်လကဆို အထုပ်လွယ်၊ ဖိနပ်စီးပြီး ဆေးကုနေရသလိုပါပဲ။ ဘယ်အချိန် ဘယ်လိုလာမလဲ။ အမြဲ အသင့်အနေအထားနဲ့ ဆေးရုံဆက်ဖွင့်ထားရတာ။ ဒီလိုမျိုး စိမ်ပြေနပြေ ကုနိုင်တာ မကြာသေးဘူး။ ဆယ်ဇင်း နဲ့ ဒီနဲ့က ဘာမှ မဝေးဘူးလေ။ ဒီကောင်တွေ ရောက်လာရင် ဆေးရုံကိုဖျက်ဆီးမှာ။ လောလောဆယ် မလိုအပ်တဲ့အရာအားလုံးကို စိတ်ချရတဲ့နေရာမှာ သိမ်းဆည်းပြီး လူရှောင်ရင် တပါတည်းသယ်မယ့် ပစ္စည်းတွေကို ကျစ်လစ်အောင် စုစည်းထားရတယ်။ ဒါကတော့ အရေးအကြောင်းရှိရင် ကိုယ်တို့ ဆုတ်ခွါမယ့် plan ပေါ့။
ခုချိန်မှာတော့ မအလ က သူ ဆုတ်ခွါမယ့် plan ကို ပြင်ဆင်နေပုံရတယ်ဗျ။ စစ်တိုက်ဖို့ဆိုရင် စစ်သားအင်အား စုဆောင်းဖြည့်တင်းရမယ့်အချိန်မှာ တပ်ထဲက မလိုတဲ့ ဝိတ်တွေကို လျှော့ပစ်ပြီး ကျစ်လစ်အောင် ဖန်တီးနေတယ်။ PDF တွေ ဝင်တိုက်လို့ ဗိုလ်ချုပ်ကြီး၊ ဒုဗိုလ်ချုပ်ကြီးတွေ ပြုတ်ထွက်သွားတယ် ဆိုတာ မရှိပေမယ့် မင်းအောင်လှိုင် တပ်ထဲက အနားပေးလိုက်တဲ့အထဲမှာ အဲ့ဒီ level တွေ အများကြီးပါတယ်။ တချို့ကို ကြံ့ဖွံ့ထဲထည့်တယ်။ တချို့ကို အရံအင်အားထဲပို့တယ်။ တချို့ကိုတော့ ရာထူးချပြီး အကျယ်ချုပ်နဲ့ ထားသလို ပြောကြတာပဲ။ ဖွတ်ပါတီကို reform လုပ်ပြီး ရွေးကောက်ပွဲဝင်မယ်ဆိုရင် နေပြည်တော်မဲဆန္ဒနယ် တစ်ခုတည်းပဲ မဲရုံထားလို့ရမှာ။ အမှန်တော့ အာဏာအနံ့လေးပေးပြီး ဖြုတ်ထုတ်သတ်လုပ်တဲ့သဘောပဲ။ ဦးသန်းဌေးကြီး မရှက်မကြောက် ကိုက်လိုက်ဟောင်လိုက်ရတာ။ နောက်ဆုံးတော့ ဘာဆိုဘာမှ မဖြစ်လိုက်ရဘူး မှလား။သူဖောက်တဲ့ မီးရထားလမ်းတွေလိုပဲ။ ဘာရထားမှ မမီလိုက်ဘူး။ သနားစရာ။
အကြီးတွေမှ မဟုတ်ပါဘူး။ အငယ်တွေရော အလတ်တွေရော တပ်ထဲကနေ အရပ်ဘက်ကို ပို့နေတာ တစ်သုတ်ပြီးတစ်သုတ်။ ဗဟိုဘဏ်ထဲမှာ ကြည့်မလား။ ဦးပိုင်ထဲကို ကြည့်မလား။ ဌာနဆိုင်ရာ နေရာကောင်းရှိသမျှ၊ EPC တောင် မချန်ဘူး။ ရှယ်ပလန်နဲ့ ဘောင်းဘီချွတ်နေတာနော်။ နောက်ဆုံးမှာ ဘီလာရုစ်ပြေးစရာ လေယာဉ်တစ်စီးစာပဲ ချန်မှာလား မသိ။ အောက်ကဟာတွေကတော့ သေသေရှင်ရှင် စိတ်ကိုမဝင်စားတာ မဟုတ်လား။ သောက်ပိန်းတွေ အသေခံတိုက်အောင် brainwash လုပ်ထားပြီးပြီ။ အလောင်းလည်း မကောက်ဘူး။ မသေမရှင်လည်း မကယ်ဘူး။ ဗမာပိုက်ဆံတွေ သယ်ရမှာစိုးလို့ အထုပ်ကျစ်အောင် ဒေါ်လာတွေ အတင်းလုထားတယ်လေ။ လေယာဉ်တစ်စီးတိုက်တော့ သယ်ပြေးမယ့် သဘောရှိတယ်။ သေချာပါတယ်။ ဒီကောင် တိုက်စစ်လည်းမပြင်၊ ခံစစ်လည်းမပြင်၊ ပြေးစစ်ပြင်နေတာ။
သူပြေးရင် နောက်က လိုက်မဖမ်းနိုင်အောင် ဆိုက်ဝါးသုံးပြီး အာရုံလွှဲမယ့်အကြံကလည်း ရှိကိုရှိဦးမှာဗျ။ ခင်ရီ ကို ဥက္ကဌပေးတာ အဲ့ဒီအကွက်ပဲ ဖြစ်ရမယ်။ ပါတီမှာ အနိုင်ရမယ် အားကိုးလို့တော့ မဟုတ်လောက်ဘူး။ တကယ်တော့ ခင်ရီက မဘသ ဂိုဏ်းချုပ်တင်မကဘူး။ မာဖီးယားခေါင်းဆောင်လောက် ရှိတယ်။ ရဲချုပ်ကလည်း လုပ်သွားသေးတာ။ ဦးသန်းရွှေလက်ထက်ကတည်းက လက်သည်မပေါ်သော အစုလိုက်အပြုံလိုက် လူသတ်မှုကြီးတွေတိုင်း သူ့ခြေရာလက်ရာ မကင်းဘူး။ wisdom hill မူကြိုက သူပိုင်တာ။ ကိုကို ညီညီရဲ့အဖေက သူ့တပည့် အတွင်းလူ။ ဦးခင်ညွန့်ကို တံခါးခေါက်ခေါ်တာ သူခေါ်တာ။ ဒီလူ ဥက္ကဌဖြစ်သွားရင် ပါတီကရော၊ တပ်ကရော၊ ပြည်သူကရော၊ မေတ္တာထားတဲ့သူတွေ အများကြီး။ သတ်တာဖြတ်တာတွေကလည်း အရမ်းကိုများလာမှာ။ ဒီအခါမှာ သူ့လည်ပင်းမှာ စွပ်ထားတဲ့ ဘုံရန်သူ ခွေးသေကောင်ပုပ်ကြီးကို ခင်ရီ့လည်မှာ ပြောင်းစွပ်ပေးပြီး အသာလေး လစ်ထွက်သွားလို့ရပြီ။ ဟုတ်တယ် မဟုတ်တယ် စောင့်ကြည့်လေ။ သူတို့ဦးနှောက်တွေက ဒီလိုပဲ တွေးမယ့်ဥစ္စာ။ (အောင်မယ်။ တစ်ယောက်တည်း နဒီခင်တွေ ဆန်နေလိုက်တာ။ အိုင်က နိုင်ငံရေးကျွမ်းကျင်သူလည်း မဟုတ်၊ မြန်မာ့အရေးကျွမ်းကျင်သူလည်း မဟုတ်ရပေါင်ဗျာ။ သောက်ကျင့်ယုတ်သူများနဲ့ အတူနေတာကြာတော့ ယုတ်ပုံယုတ်နည်းတွေ အသားကျ ယဉ်ပါးလာတာ။)
အင်းပေါ့လေ။ နေမဖြစ်လို့ ဆင်းကိုဆင်းပြေးရမယ့်အချိန်ရောက်လာရင် ကိုယ့်နေရာမှာ ထားခဲ့မယ့်သူဟာ ကိုယ့်ထက် ပိုဆိုး၊ ပိုကြမ်း၊ ပိုယုတ်မာ၊ ပိုအောက်တန်းကျတဲ့သူကို ထားခဲ့ရမှာပေါ့။ ဒီတော့မှ “အရင်လူကမှ တော်သေးတယ်” ဆိုပြီး best loser ဆုကို အလိုလို ရသွားမှာလေ။ ဒါ သိပ်ပြီး ဉာဏ်ပြေးနေလို့တော့ မဟုတ်ဘူး။ သူ့ဆရာ ဦးသန်းရွှေလည်း ဒီလိုပဲ လုပ်သွားတာ။ အခုဆို အဲ့ဒီအဖိုးကြီး ဆဲဖို့တောင် မေ့မေ့နေပြီ မဟုတ်လား။ နောက်လူတွေ ဆဲရတာ အတောမသတ်လို့ သူ့ဘက် အလှည့်မပေးနိုင်တော့ဘူး။
အဲ့ဒီပလန်အတိုင်းသာ ဖြစ်လာခဲ့မယ်ဆိုရင် ကိုယ်တို့ပြည်သူတွေဘက်မှာ အခုထက်ပိုပြီး သေကြပျောက်ကြ ပျက်စီးဆုံးရှုံးရမှာတွေ မြင်နေပါသေးတယ်။ အထွက်ခတ် ခတ်သွားမှာကိုး။ နဂိုကတည်းက တိုင်းပြည်နဲ့လူမျိုး အကျိုးစီးပွါးကို တစိုးတစိမှ ထည့်တွက်တဲ့ကောင်တွေ မဟုတ်ဘူး။ ဒီကောင်ကြီး အသက်တစ်ရက် ပိုရှည်လေ၊ ပြည်သူတွေ အသက်တိုလေလေ ဖြစ်မှာ။ “ကိုယ့်ဘက်က နိုင်မှာ သေချာနေပြီ။ အဆုံးသတ်တိုက်ပွဲ စပြီ။” ဆိုပေမယ့် ပွဲသိမ်းတာ အချိန်ကြာရင် အပျက်အစီး အဆုံးအရှုံးများလိမ့်မယ်။ လူတိုင်းလူတိုင်း ပါကိုပါရမယ့်အချိန် ရောက်ပြီ လို့ ထင်တာပဲ။ နေသာသလိုနေလည်း ကိုယ့်အသက်ဘေးက လွတ်မှာမှ မဟုတ်တာ။
တနိုင်ငံလုံး အလူးအလဲ ခံစားရတဲ့ ဒီ လူ့ငရဲကပ်ဆိုးကြီးဟာ အာဏာရူးတဲ့ စစ်ခေါင်းဆောင်တွေကြောင့်ချည်းပဲတော့ မဟုတ်ဘူး။ သူ့အောက်မှာ အထက်က ဘာခိုင်းခိုင်း ကိုယ်မေကိုယ် နောက်ကျွမ်းပစ်ရပစ်ရ ပျော်ပျော်ကြီး လိုက်ယုတ်မာမယ့် စစ်သားတွေအားလုံးပါတယ်။ ဘောင်းဘီချွတ်ပြီး အရပ်ဖက်ပို့ထားတဲ့ Trojan တွေလည်း ပါတယ်။ အရိုးကိုက်ပြီး ဝန်းရံပေးတဲ့ ပျူတွေ ဒလန်တွေလည်း ပါတယ်။ လက်စားချေရမယ် လို့ ပြောတာမဟုတ်ဘူး။ ချန်ထားရင် ရန်များမယ် လို့ ပြောတာ။ ခွင့်လွှတ်ပြီး ကျောခိုင်းလိုက်တာနဲ့ နောက်ကျောကို ဓါးနဲ့ထိုးမယ့်လူတွေ။ လူသတ်ဖို့ မြှောက်ပေးနေတာ မဟုတ်ဘူးနော်။ အဲ့ဒီလူတွေ တစ်ယောက်မှ အကပ်မခံနဲ့။ အသတ်ခံရမှာ ကိုယ်ကိုယ်တိုင်ပဲ လို့ သိအောင် ပြောထားတာ။ သူတို့စကားအတိုင်းဆို စစ်တပ်နဲ့ ဆက်နွယ်ပတ်သက်သမျှဟာ “မူအရ” ကို ပူးပေါင်းဆောင်ရွက်ဖို့ မဖြစ်နိုင်ဘူး။ CDM ပါ ဆို ထိုင်းဘက်ရောက်ပြီးမှတောင် တပ်ထဲပြန်ရောက်သွားတဲ့ ဆီပြန်တွေ ရှိသလို ပြုတ်မှာစိုးလို့ “မေမေ့သားသမီးပါ။ တပ်ထဲနေရင်း တိတ်တိတ်ကလေး ကြိတ်ကြည်ညိုနေသူပါ။” လို့ အကျော်ဇယားခင်းမယ့် ပြုတ်ကျော်တွေလည်း ရှိတယ်။ ယုံကြည်စွာ ပုံအပ်ဖို့ထက် သတိကြီးစွာထား၍ စောင့်ကြည့်အပ်သောသူများသာ ဖြစ်ပါတယ်။ ဦးရွှေမန်းတို့ ဦးဇော်ဌေးတို့ မြင်ဖူးတယ် မဟုတ်လား။ ရာထူးပေးရင်သာ အသာလေးယူပြီး ယုံလောက်အောင် အလုပ်လုပ်ပြမယ်။ အာဏာသိမ်းရင်တော့ ကိုယ့်ဘက်မှာ မရှိတဲ့သူတွေ။ မျောက်အိုမီးမြှိုက်တဲ့ မျက်နှာကြီးနဲ့ အသံမပေးပဲ အရုပ်လို ငုတ်တုတ် ဝင်ထိုင်နေရင်တောင် အရေးအကြောင်းကျတော့ အဲ့ဒီမျောက်ကိုက်လို့ မျိုးကန်းသွားတာ မမှတ်မိဘူးလား။ ဦးမြင့်ဆွေ လက်မှတ်ထိုးပြီး အာဏာသိမ်းပါတယ် လုပ်သွားတာလေ။ အဲ့ဒီအထဲကဆိုရင် တစ်ယောက်မှ ပြန်သုံးလို့ မဖြစ်ပါဘူးလို့ သင်ခန်းစာ အကြီးကြီး ယူရမှာပါ။ မေတ္တာနိုင်ငံရေးဆိုတာ မေတ္တာရှင်ကို စစ်ရှုံးတိုင်း ပြစ်ဒဏ်တိုးပြီး အနှစ်တစ်ထောင်လောက် ထောင်ချပစ်နိုင်တယ် ဆိုတာ လက်တွေ့ပဲ မဟုတ်လား။
အမြဲတမ်း စိတ်အားတက်ကြွစရာ မိုတီတွေပေးပြီး အရေးတော်ပုံအောင်မယ့်အကြောင်းချည့် ရေးနေတယ် ဆိုပေမယ့် ဒီတစ်ခေါက်မှာတော့ ရောက်လာမယ့်အန္တရာယ်တွေ ကြိုမြင်ထားလို့ ဝမ်နင်တွေလည်း ပေးပါတယ်။ နှောက်လာမယ့် အဖျက်တွေကို ကြိုတင်တားဖို့ နို့တစ်စ် တွေလည်း ပေးပါတယ်။ လူတိုင်းရင်ဆိုင်ရမယ့် အဆုံးသတ်တိုက်ပွဲမှာ အသိရော သတိရော မြဲမှ အသက်နဲ့ ခန္ဓာလည်း မြဲပါလိမ့်မယ်။ ရှင်သန်ကျန်ရစ်နိုင်သူဖြစ်အောင် အစွမ်းကုန် ကြိုးစားကြပါ။ အဲ့ဒီအထဲမှာ ကိုယ်မပါနိုင်ရင်တောင် နောင်အနာဂတ်မျိုးဆက်တွေ ကိုယ်လို ဘဝမဆုံးရအောင် မြင့်မြတ်သော သေခြင်းတရား နဲ့ စွန့်လွှတ်ထွက်ခွါကြပါ လို့ တိုက်တွန်းချင်တာပါပဲ။ ပညာသင်ရမယ့် ကလေးတွေ တောထဲမှာ တစ်သက်လုံး အိမ်ပြန်မလာနိုင်အောင်တော့ ပစ်မထားကြဘူး မဟုတ်လား။ ယုံကြည်စွာ အားကိုးပါရစေနော်။