လူနာ ၁၀၀ ကျော် ခွဲပြီးတဲ့အချိန်မှာ စာရေးတဲ့မှတ်စုလေးလည်း အပိုင်း ၁၀၀ ရောက်လာခဲ့ပါပြီ။ အဆက်မပြတ် နဲ့ မရပ်မနား အလုပ်လုပ်လာခဲ့တယ် ဆိုတဲ့ သဘောပါပဲ။ မနှစ်ကတုန်းက ဒီလိုအချိန်မှာဆိုရင် ဘာလုပ်ရရင် ကောင်းမလဲ ဆိုတဲ့ အဆင့်ပဲ ရှိသေးတာပါ။ “မပြန်ပါနဲ့ ဆရာရယ်။ ရွာမှာပဲ ဆက်နေပါလား။” လို့ တိုက်တွန်းလာတာကို စဉ်းစားနေတဲ့အချိန်။ နဂိုမူလက ဒီအရပ်ကို ထွက်လာစဉ်မှာ ရည်ရွယ်တာက လိုင်ဆာ ကို သွားမလို့ပါ။ လောက်ကိုင်မှာ ၂ နှစ်ခွဲကြာအောင် နေဖူးတယ်။ တရုတ်စကားကို ထမင်းစားရေသောက် ပြောတတ်တယ်။ တရုတ်လူနာတွေနဲ့ စကားပြန်မလိုပဲ ဆေးကုတတ်တယ် ဆိုတော့ ကိုယ့်အတွက် အလုပ်အကိုင် ခဲယဉ်းစရာ မရှိဘူး လို့ ထင်တာကိုး။ သို့သော်လည်း ဌာနချုပ်မရောက်ခင် ဌာနခွဲတစ်ခုမှာ အဆက်အသွယ် စောင့်နေရင်းတန်းလန်း ကိုဗစ်တွေ ဖြစ်လာလို့ ဆယ်ဇင်းရောက်လာလေရဲ့။ ဆယ်ဇင်းမှာ ၃ လလောက် ကြပ်ကြပ်မတ်မတ် ကုလိုက်တဲ့အခါ ကိုဗစ်လူနာကုန်သွားပြီး ကုသရေးစင်တာ ပိတ်လို့ရပါပြီ။ လိုင်ဆာကို ပြန်သွားမလား။ ဒါမှမဟုတ် နီးနီးနားနား ဖားကန့်ကိုပဲ သွားရင်ကောင်းမလား။ စဉ်းစားနေရပြီ။ လက်ကျန်လူနာလေးတွေ မပြတ်သေးတော့ ၁၀ လ ပိုင်း တစ်လလုံး ပြင်ပလူနာတွေ ကြည့်ပေးပြီး မှေးကုနေခဲ့တယ်။ ဗော်လံတီယာကလေးတွေနဲ့ ပျော်ပျော်ပါးပါး အမှတ်တရလေးဖြစ်အောင် ဥရုချောင်းထဲမှာ ဆီမီး ၁၀၀၀ မျှောပွဲ လုပ်မလို့ မီးပုံးလေးတွေ ချိုးနေခဲ့တယ်။ စခန်းသိမ်းတာကတော့ ၁၁ လ ပိုင်းထဲရောက်မှ သိမ်းတာပါ။ ဘာဆက်လုပ်မလဲဆိုတဲ့ ပလန်ကတော့ ကြိုစဉ်းစားထားရတာပေါ့။
အဆက်အသွယ်ကတော့ ရပြီ။ လိုင်ဆာထိအောင် လိုက်ပို့ပေးမယ် ဆိုတဲ့ စိတ်ချရတဲ့သူနဲ့ ချိတ်ဆက်ထားပြီးပြီ။ ဒါပေမယ့် ဒီအထိတောင် လာခဲ့ပြီးမှ ဖားကန့်မြို့ကို ဖြတ်ရုံကလေး ဖြတ်လာခဲ့ရတာ မကျေနပ်သေးဘူး။ လည်ချင်တာပေါ့။ ဒီလောက် ရောက်ခဲတဲ့နေရာ။ “ဘာမှ လည်စရာ မရှိပါဘူး ဆရာ။” လို့ အတန်တန်တားတဲ့ကြားကပဲ ကိုဗစ်စင်တာ ပိတ်ပြီးတဲ့အခါ ဖားကန့်ကို အလည်ထွက်ကြပါတယ်။ ရောက်ဖူးသင့်တာပေါ့။ မြန်မာပြည်မှာ ဖားကန့် ဆိုတာ ဒဏ္ဍာရီပဲ။ အဆိုတော်တွေ ရုပ်ရှင်မင်းသားတွေ ဖားကန့်တက် သီချင်းဆိုရင် မယုံနိုင်လောက်အောင် ပိုက်ဆံရတဲ့နေရာ။ ဆရာဝန်တွေ ဖားကန့်တက်ပြီး ဆေးကုစားရင် ၁၀ နှစ်လောက်လုပ်ပြီး တစ်သက်လုံးထိုင်စားလို့ရတဲ့နေရာ။ တကယ်တော့ ကျောက်တူးသမားများမှ လော်ပန်လောင်း ဖြစ်တာ မဟုတ်ပါဘူး။ ဆရာဝန်လည်း ဖားကန့်ရောက်ရင် လော်ပန်လောင်းပါပဲ။
ဆယ်ဇင်းကို အလာတုန်းက ဖားကန့်မြို့ကိုဖြတ်ပြီး ဥရုချောင်းကလေးကျော်တဲ့အခါဆိုင်းတောင်ရွာကို ရောက်ပါတယ်။ တဆက်တည်းလောက် ဖြစ်နေပါပြီ။ဆိုင်းတောင်က ပိုတောင်စည်သေးတယ် လို့ ပြောကြတယ်။ ဖားကန့်မှာရော ဆိုင်းတောင်မှာရော 5 star, 4 star hotel ကြီးတွေ၊ KTV ခန်းမကြီးတွေ၊ club တွေ၊ လောင်းကစားဝိုင်းတွေ ရှိတယ် လို့ လက်ညှိုးထိုးပြတာ မြင်ခဲ့ပါတယ်။ ကိုယ်စိတ်ဝင်စားတာကတော့ ကားလမ်းမ တဖက်တချက် fashion boutiques တွေနဲ့အပြိုင် လေးငါးဆယ်ခုလောက် ဘေးချင်းယှဉ်ဖွင့်ထားတဲ့ ဆေးခန်းတွေပါ။ မဂိုလမ်းကို ရောက်သွားတဲ့အတိုင်းပါပဲ။ ဖားကန့်က ဆေးခန်းတွေဟာ ရန်ကုန်က GP ဆေးခန်းများလို ခုံတန်းလျားလေး ရှေ့မှာချ၊ ဆေးဗီဒိုနောက်က ဆရာဝန်ထိုင်တဲ့ အခန်းကျဉ်းလေးထဲ တလှည့်စီ ဝင်ပြရတဲ့ ပုံစံ မဟုတ်ပါဘူး။ ဝင်ဝင်ချင်း အခန်းကျယ်ကြီးမှာ ကုတင်တွေ ဟိုဘက်သည်ဘက် ၅ လုံးစီလောက် နေရာချထားတယ်။ အတွင်းလူနာ လက်ခံဖို့များလား အောင့်မေ့နေတာ။ ဘယ်ဟုတ်လို့လဲ။ အဲ့ဒါ ပုလင်းချိတ်ဖို့ ထားတဲ့ကုတင်တွေတဲ့။ “အားပါး ချိတ်လှချည်လား ကိုပိုင်ရာ။” ဆိုတော့ “ဆရာကလည်း ဒီမှာက ဆေးခန်းပြရင် အကြောဆေးတစ်လုံး၊ အသားဆေးတစ်လုံး၊ ပုလင်းကြီးတစ်လုံး၊ ပုလင်းသေးတစ်လုံးလောက် ဆွဲလိုက်မှ လူက ထောင်တက်လာတာ ဆရာရဲ့။ စားဆေးတွေနဲ့က အလုပ်ရှုပ်တယ်။ မတိုးတော့ဘူး။” တဲ့။
ပရိသတ်ကြီးရဲ့ အလိုကျ ဆေးကုရတဲ့ ဆရာဝန်ဘဝပါလေ။ ကိုယ်သာ ဒီမှာ GP ထိုင်ရင်လည်း ဒီစရိုက်အတိုင်း လိုက်ရမှာ။ “သည်းတုံးလေးတို့။ ချစ်တုံးလေးတို့။ ပန်းနေပြီလား။ နွမ်းနေပြီလား။ လာ ထိုင်။ ဒေါက်ဒေါက်က သွေးပေါင်တိုင်းပေးမှာ။ ကဲ ကြည့်။ ညက များလာပြန်ပြီပေါ့လေ။ သွေးပေါင်က မဆိုစလောက်ကလေး ကျချင်နေတယ်နော်။ ဘား မှမပူနဲ့။ ဆလိုင်းကလေးချိတ်လိုက်ရင် ဖလန်းဖလန်းထရွလာမှာ။ ဟော့မှကျန်း။ ဖျန်းဖျန်းဖျန်း။ ဒေါက်ဒေါက်ပါးကလေးလို မို့မို့တင်းတင်း နဲ့ ပါးပါးကြည်ကြည်လေး ဂလိုးချင်လို့လား။ မနေ့ကမှ ခိုရီးယားက လေယာဉ်နဲ့ရောက်လာတဲ့ ခေါ်လာဂျင်တွေ သွင်းပေးမှာ။” ဟင်းဟင်း။ ခုလေးတင် ရန်ကုန်ကလာတဲ့ ဆရာဝန်ပါလေ။ မတတ်မရှိပါဘူး။ မယ်နုတို့ အနှင်းတို့လောက်တော့ အပျော့။
ကိုယ့်ဆရာတွေက ချိတ်ရုံချိတ်တာတော့ မဟုတ်ဘူးဗျ။ ရိတ်ကလည်း ရိတ်သေးတာ။ ဆယ်ဇင်းကနေ ခွဲလူနာတစ်ယောက် ဖားကန့်ဆေးရုံလွှဲဖူးတယ်။ ဗော်လံတီယာကလေးတစ်ယောက် emergency box နဲ့ လွှတ်ရတာ။ ကားလမ်းကြမ်းတော့ လူနာက ဘာမှမဖြစ်ဘူး။ medical cover လိုက်တဲ့ ကလေးမ ကားမူးပါလေရော။ ဆေးခန်းမှာ ပုလင်းဝင်ချိတ်ခဲ့ရတယ်။ ရှစ်သောင်းတဲ့။ မြတ်စွာဘုရား။ ဒါဆို ခွဲလူနာဆို ဘယ်လောက်တောင် ကုန်မှာပါလိမ့် ဆိုတော့ “သိန်း ၂၀ အရင် စပေါ်တင်လေ။ လိုတာပိုတာ ကုန်ခါမှ ဆက်တောင်းကြတာပေါ့။” တဲ့။ သူ့အရပ် သူ့ဇာတ်က နေစားရိတ် စားစားရိတ်၊ ကုန်ဈေနှုန်းကိုက အကုန်ကြီးနေတာ။ ဒါတောင်မနှစ်ကဈေးတွေနော်။ ခုလောက်ရှိ ၂ ဆလောက် တက်နေပလားတောင်မသိ။ ကိုယ်တို့ဆီက ဆရာဝန်လေး ဖားကန့်ရောက်တုန်းက ဘီယာဆိုင်ထိုင်တာ ကြက်ခြေထောက်သုပ် ကို တစ်သောင်းကျော် ပေးရပါတယ်ဆိုပြီး ရင်ခံနေတာ။ အမယ် ကိုယ်တို့ရောက်တော့ မနက်ခင်း ဘရိတ်ဖတ်စားတာ “ရန်ကုန်မှာလို ဆိတ်စွပ်နံပြား ရတယ်ဟ။” ဆို မှာလိုက်တာ တစ်ပွဲကို ၁၂၀၀၀ ယူတယ်ဗျ။ တော်သေးတာပေါ့။ သူများလိုက်ကျွေးတာမို့လို့။ နို့မို့ မျိုတောင်ကျမယ် မထင်။
ဆရာစိုးလေးက ဘုန်းနှင့်ကံနှင့် ရွှေသဇင် ဆိုတော့ သူ့အရင်ညက စားသောက်ဆိုင်မှာကတည်းက တပည့်ဟောင်းကလေးကို ဆာပရိုက်တိုက်ပြီး ဖုန်းဆက်ခေါ်လိုက်တာ “ဟာ ဆရာ” ဆို ပွဲသိမ်းသွားပါလေရော။ တောက်လျှောက် ကုန်းအဆင်းချည့်ပဲ။ စကားတွေများ တစ်ညလုံး ပြောမကုန်လို့ လုလုပြီး ပြောရတယ်။ သူက ဖားကန့်က ပေါ်လီကလင်းနစ်မှာ ခိုင်နေပြီလေ။ ကိုယ်လည်း သူ ဒီမှာရှိမှန်းသိလို့ မဟုတ်ဘူး။ သူလည်းပဲ ကိုယ်ဒီကိုရောက်လာမှန်း မသိဘူး။ ဒီလိုပဲ စကားစပ်မိလို့ မမျှော်လင့်ပဲ ပြန်တွေ့ရတာ။ စားလို့သောက်လို့ ဗိုက်ကားတော့ ဖားကန့်ရဲ့ night life ကို ဆက်ရွေ့ကြတယ်။ ဟော်တယ်တွေ၊ ကာရာအိုကေတွေ မသွားပါဘူး။ အဲ့ဒါတွေက အလုံပိတ်ခန်းထဲမှာ ရန်ကုန်ထက် ဘာမှ ပိုထူးစရာ မရှိ။ ဖားကန့်မှာ တစ်ညလုံး ဘက်ဖိုးတွေ မီးတဝင်းဝင်းနဲ့ ဖြိုချနေတဲ့ ကျောက်စိမ်းမှော်တွေကို လိုက်ပြတယ်။ Lego အရုပ်ကလေးတွေနဲ့ ကစားနေတာကျလို့။ နေ့ဘက်ဆို နားတယ်။ ညဘက်ပဲ အလုပ်လုပ်တာတဲ့။ သံတိုင်ကိုင်တဲ့ ခေတ်က ကုန်သွားတာကြာပြီ။ ခုခေတ်ကျောက်တူးတာ ဘူဒိုဇာ နဲ့ ဘက်ဖိုးနဲ့ တူးကော်၊ ရေဆေးရွေးကောက်ပြီး ဒမ့်ထရပ်နဲ့ တရုတ်ပြည် တိုက်ရိုက်ပို့တာ။ တရုတ် မလိုချင်လို့ လွှင့်ပစ်တဲ့ မြေစာခဲကိုမှ ဗမာတွေက အလုအယက် သက်စွန့်ဆံဖျား ဝိုင်းကောက်ရတာ။ ရေမဆေးကျောက် ဆိုတာ အဲ့ဒါ။ လုရင်းကောက်ရင်း ကျင်းတစ်ကျင်း ပြိုရင် လူ ၂၀၀-၃၀၀ လောက်တော့ အသာလေးသေတယ်။ ပြိုတာလည်း ၂ ခါ ၃ ခါ မကတော့ဘူး။ ဘယ်တတ်နိုင်မလဲ။ ဖားကန့်မှာ လူ့အသက်ဆိုတာ ပုရွက်ဆိတ်ကလေး၊ ပလူကောင်ကလေးများလို အများကြီးသေလို့လည်း ဘယ်သူကမှ ဂရုစိုက်မနေနိုင်ဘူး။ ဖားကန့်တက်သွားတဲ့သူ အိမ်ပြန်ရောက်လာတယ်ဆိုရင် မသေလို့ တွေ့ရတာ လို့သာမှတ်။ ရေမဆေးကျောက်ပေမယ့်လည်းသိန်းထီသန်းထီ ဘီလျံချီပြီး ပေါက်ချင်ပေါက်နိုင်တယ်။ ကျောက်လောကဆိုတာ အင်မတန် ဆန်းကျယ်တာပဲဥစ္စာ။ ဟိုတလောက မင်းအောင်လှိုင် အမှုဆင် ထောင်ချပြီး ပစ္စည်းတွေ သိမ်းပလိုက်တဲ့ မြန်မာသူရ လော်ပန်ဆိုတာ “များစွာသော” ထဲက တစ်ယောက်မျှသာပါ။ ဖားကန့်ကိုရောက်လာတဲ့သူတိုင်းမှာ အိပ်မက်တွေရှိတယ်။ တော်တော်များများက မက်ရင်းသေသွားကြတာချည့်ပဲ။ ရှားရှားပါးပါး အိပ်မက်တွေ တကယ်ဖြစ်လာသူတွေလည်း မနည်းပါဘူး။ ဖားကန့် ကို အိပ်မက်မြို့တော် လို့တော့ ခေါ်လို့ရတယ်။
အိပ်မက်ဆိုတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေလည်း ပါတာပေါ့နော်။ ဖားကန့်မှာက ကာဖျူးရှိသေးတော့ ည ၈ နာရီကျော်ရင် ဥရုချောင်းတံတားကို ပေးမဖြတ်တော့ဘူး။ သို့ပေမယ့် ရရိုးလားလေ။ တံတားဟိုဘက်နားမှာ ဇက်တွေနဲ့ တစ်ညလုံး ခေါက်တုံ့လူးလာ ဖြတ်လို့ရတယ်။ ချောင်းကူးပြီး ဟိုဘက် မက်မုံရွာကို သွားလိုက်ရင် ကြတ်တွေ ဘုရားပွဲလုပ်နေသလားမှတ်ရတယ်။ ရန်ကုန်က ၁၉ လမ်း၊ လမ်း ၂၀ လျှောက်ရသလိုပဲ ဆိုင်တကာ့ဆိုင် စုံလို့။ ဘီယာတန်း၊ ကာရာအိုကေတန်း၊ အနှိပ်ခန်းတန်း၊ ဇိမ်ခန်းတန်း။ အတန်းလိုက်ကို ရှိတာ။ တောထဲက သူရောင်မယ်လေးတွေ ချောလှချည်လား မမှတ်နဲ့။ မြန်ပြည်တလွှား အဲ့သည်စီးပွါးများ လုပ်မယ်ဆိုရင်လေ ဖားကန့် ဆိုတာ ဘန်ကောက်၊ ပတ္တရား က ပက်ပုန်းတို့ ခေါက်စံတို့ထက် သာတယ် လို့သာ မှတ်လိုက်ပါ။ အရက်၊ မိန်းမ၊ ဆေးပေါင်းခလို့ ဘယ်ဘက်ကမှ ရှော့ခ်မရှိတာ ဖားကန့်ပဲ။ ကိုယ်တို့ ဆရာတပည့်က ရန်ကုန်မှာ ကြမ်းပိုးကျလာတဲ့သူတွေမို့ ဘယ်အရာကမှ အထူးတဆန်း မရှိပါဘူး။ ရန်ကုန်မှာ မရှိတဲ့ဟာ သွားလုပ်ကြတာပေါ့။ ဂလုံးဂလုံးအတန်းလေ။ စည်ပါရဲ့ဗျာ။ သွားနေကျမို့ ထင်ပါရဲ့။ လူမြင်တာနဲ့ “ဆရာလေးတို့ လာတယ်ဟေ့။” ဆို ကိုကြီးကျော် လာမယ့်လမ်း ဆီးကြိုလှည့်စမ်း ဖြစ်သွားတယ်။ ထိုင်ခုံလေးတွေ ဖုံသုတ်ပေး။ ဘီယာခွက်ကလေး ဘေးကထိုင်ဖြည့်ပေး။ စီးကရက်လေး မီးညှိပေး။ အမြည်းတောင် ခွံ့မကျွေးရုံတမယ်ပါပဲ။ ထိုးမယ့် အကွက်နဲ့ ဆွဲမယ့် အံစာတုံးအပေါ်မှာသာ အာရုံထားစမ်းပါ။ တစ်လုံးတစ်လုံး လိမ့်ကျလာရင် နှစ်ပါးခွင်က မင်းသမီးလေးတွေလို ညာသံပေးကြလိမ့်မယ်။ ဒီညအဖို့တော့ “ကိုကိုသာ ယုန်ငွေသော်တာ ဖြစ်ခဲ့ရင်လေ မေဟာလေ ကို့ရဲ့အနားကကြယ်လေးပေါ့ကွယ်။” ပဲ။ ပါလာတဲ့ပိုက်ဆံ မကုန်မချင်းပေါ့နော။
အဲ့ဒီကပြီးတော့ သူအလုပ်လုပ်တဲ့ ပေါ်လီကလင်းနစ်ကို ခေါ်ပြပါတယ်။ ဆေးရုံကလေးအတိုင်းပါပဲ။ ဓါတ်ခွဲ၊ ဓါတ်မှန်၊ ခွဲခန်း၊ အာထရာဆောင်း နဲ့ စုံသင့်သလောက် စုံပါတယ်။ ဆာဂျင်တော့ မရှိဘူး။ MBBS နဲ့ပဲ ခွဲနေကြတာ။ “ဆရာလာရင် ပွဲသိမ်းပြီ ဆရာရဲ့။” လို့တော့ အခါခါခေါ်နေတာပါပဲ။ မနက်ကျတော့ ဆေးခန်းပိုင်ရှင် သူ့မွေးစားဖေဖေနဲ့ မိတ်ဆက်ပေးတယ်။ လိုလိုလားလားပါပဲ။ ဖားကန့်မှာ စစ်တပ်ရှိပေမယ့် ဆယ်ဇင်းက လိုပဲလေ။ ဘယ်သူမှ အပိုင်သိမ်းမထားတဲ့နေရာမို့ နောက်ခံအားကိုးရှိရင် ဘာမဆိုပြီးစီးတယ်။ ဖားကန့်က အကြီးဆုံး စီးပွါးရေးလုပ်ငန်းကြီးတွေကို ကေအိုင်အေခေါင်းဆောင်လူကြီးတွေက ပိုင်တယ်။ စစ်တပ်က လက်ဖျားနဲ့တောင် မတို့ရဲဘူး။ ဟိုတစ်ယောက်သာ မန်းလေးသားမို့ ငါတို့ခွင်ထဲကဆို မရဲတရဲ ဆွဲစိတာ။ သူ့နောက်မှာ စစ်တပ်မှ မရှိတာကိုး။ ဒါတောင်မှ နောက်ကွယ်မှာ ဗိုလ်ချုပ်အထက်က တစ်ယောက်မှ မပါတဲ့သူဆို ငမောက်ပတ္တမြားကြီး အောင်လာဦးတော့။ မြန်မာပြည်မယ် လော်ပန်လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ သေရင်သေ မသေရင် ထောင်ကျမှာ။ အခုကိစ္စက နောက်ကွယ်က ဗိုလ်ချုပ်အချင်းချင်း စားခွက်လုကြတာ ချောက်ချတာ လည်း ဖြစ်နိုင်တာပဲ။ ဒီအစိုးရလက်ထက်မှာ ဘယ်သူ့ကိုတပ်ထားတဲ့ပုဒ်မမှ အစစ်အမှန် မဟုတ်ဘူး။ ထားပါတော့။ ဖားကန့်က ပေါ်လီကလင်းနစ်မှာ ဆာဂျင်ဝင်လုပ်နေရင် ကိုယ့်အဖို့တော့ အန္တရာယ် ရှိလိမ့်မယ် မထင်ပါဘူး။ ငုပ်ကောင်ကလေး ပြန်လုပ်ပြီး သာသာယာယာနေရုံပါပဲ။ ဘာမှပူစရာမရှိဘူး။ ဒါပေမယ့် မလုပ်ဖြစ်ဘူးလေ။ ကိုယ့်အကြောင်းကိုယ်သိတယ်။ ပျော်နိုင်မှာမှ မဟုတ်တာ။
ဖားကန့်မှာ နောက်ထပ်ဆေးရုံတစ်ရုံ ရောက်ခဲ့သေးတယ်။ သီတဂူ အထူးကုဆေးရုံ။ ပစ္စည်းကိရိယာ အစုံအလင်နဲ့ ခွဲခန်းကြီးလည်း ရှိတယ်။ လူနာဆောင်လည်းပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ ကိုဗစ်စင်တာ လုပ်ထားတယ်။ ဆရာဝန်ကတော့ တစ်ယောက်ပဲ ရှိတယ်။ လူနာ တစ်ယောက်မှ မရှိဘူး။ ရှိလည်း တစ်နေ့တစ်ခေါက်ပဲ လာကြည့်နိုင်တယ်ဆိုတဲ့ Non C စင်တာပါ။ “ညွှန်ကြားထားပါသည်။” နဲ့ “ဆောင်ရွက်ပြီးစီးပါကြောင်း” စာနှစ်ကြောင်းလောက် ရေးဖို့ ပိုက်ဆံတွေ အဲ့သလောက် အကုန်ခံထားတာ။ ရောက်ဖူးအောင် သွားလည်ခဲ့တယ်လေ။ နည်းနည်းနောနော ဆေးရုံကြီး မဟုတ်ဘူး။ အလှူငွေတွေ နှမြောစရာ။ Uro surgical မှာတုန်းက ယောက်ကျားလျာတစ်ယောက်က ခွဲစိတ်ပြုပြင်ပြီး အတံလာတပ်တဲ့ operation လုပ်တာ မြင်ခဲ့ဖူးတယ်။ မနေနိုင်တော့ မေးမိတယ်။ “ဆရာကြီး။ သူက form ကိုတော့ ဖြစ်အောင် တူအောင် ပြင်ပေးလို့ ရမှာပေါ့။ သို့ပေသိ function ကျတော့ လက်ဖျောက်တီးလို့မှ မရတာ။ ဘယ်လိုလုပ်ကြမတုန်း။” ဆိုတော့ ဆရာကြီးဦးသန်းအေးက “အဓိက က သူစိတ်ကျေနပ်ဖို့ပဲ လိုတာပါဗျာ။ သူက ဒါလေးလိုချင်တယ်ဆိုတော့ သူကျေနပ် ပြီးတာပဲ။” တဲ့။ တို့ဘဘုန်းဆေးရုံဆိုသည်မှာလည်း ဘဲကွဲ အတံတပ်တာနဲ့ ဘာမှ မထူးပါဘူးလေ။ အလုပ်ဖြစ်တာမဖြစ်တာထား။ အလှူရှင် စိတ်ကျေနပ်ဖို့ အဓိက နေမှာ။ တပည့်တော်ကလည်း ဘုန်းဘုန်းကြီးဆီမှာ ပါရမီဖြည့်ဖို့ စိတ်ကူးမရှိလို့ ဝတ်ဖြည့်ခဲ့ပါရဲ့ ဘုရား။
ဖားကန့်ကို မသွားခင်ကလေးမှာ တောထဲကို လူနာလိုက်ကြည့်ရတယ်။ လေယာဉ်နဲ့ ဗုံးလာကျဲသွားတာ။ စိမ်ပြေနပြေ စာကလေးအမွှေးနှုတ်သလို အစအနကလေးတွေ တစ်ကိုယ်လုံးက ဇာကနာနဲ့ ဆွဲနှုတ်ရတယ်။ မနာအောင်တော့ မော်ဖင်းလေးထိုးပေးရတာပေါ့။ နောက်တစ်ယောက်က လည်ပင်းကဝင်သွားတာ ရေမျိုရင် သီးတယ်။ ချောင်းဆိုးရင် သွေးပါတယ်။ artery forceps နဲ့ နှိုက်ရင် တဝက်လောက် ဝင်သွားတယ်။ ဘယ်ကိုမှ လွှဲပို့စရာ မရှိဘူး။ ကချင်ပြည်နယ်က အကျယ်ကြီးပေမယ့်လည်း မြစ်ကြီးနား နဲ့ လိုင်ဆာမှာပဲ ပစ္စည်းကိရိယာ၊ အထူးကုဆရာဝန်တွေ စုံစုံလင်လင်နဲ့ ဆေးရုံရှိတယ်။ သူတို့ဘက်က လုံခြုံရေးတာဝန်ယူမယ်ဆိုရင် ဒီနေရာမှာ ကိုယ့်ဘက်က ဆေးရုံ နဲ့ ခွဲခန်းဖြစ်အောင် ရုန်းကြည့်ချင်တယ် လို့ အလှူရှင်ကို ရှင်းပြတယ်။ အလှူရှင်ကလည်း လှူချင်တယ်။ ဒီလိုနဲ့ ၁၂ လ ပိုင်း တစ်လလုံးလုံး သွားလိုက်ပြန်လိုက်နဲ့ နေရာထိုင်ခင်းတွေ လာလာပြင်၊ နှစ်ဆန်း ၁ ရက်နေ့မှာ တခါတည်း အပြီးပြောင်းပြီး ရှိတဲ့အဆောက်အဦဟောင်းတွေ ကိုယ်တိုင် မွန်းမံပြင်ဆင်ပြီး ဆေးပါ တခါတည်း စကုပါတယ်။ အသစ်ဆောက်ယူရတာက ခွဲခန်းအဆောက်အဦပဲ ရှိတာပါ။ ၁ လ ပိုင်း OPD စကြည့်တယ်။ ၂ လ ပိုင်း in patient စတင်တယ်။ ၃ လ ပိုင်း ခွဲခန်း စဖွင့်ပါတယ်။ ဒီနေ့ခွဲတဲ့လူနာက ၁၀၄ ယောက်မြောက်။
အစပိုင်းတုန်းကတော့ တည်နေရာကိုဖျောက်ပြီး ဟိုမှာလိုလို သည်မှာလိုလိုနဲ့ မရေမရာ လုပ်လာရတာပေါ့။ သို့ပေမယ့်လည်း တော်လှန်ရေးရေချိန်တွေ တက်လာတော့ ကိုယ့်ဆေးရုံက ပေါ်ပေါ်ထင်ထင် ဖွင့်မှ ရတော့မယ်။ အစပိုင်းတုန်းက တောတွင်းရှေ့တန်းစခန်းက ဆေးခန်းလေ။ တစတစ ပျိုးထောင်ယူလာတာက နောက်တန်း လွှဲပို့လူနာ လက်ခံကုသရာ အထူးကုဆရာဝန်တွေရှိတဲ့ ဆေးရုံဖြစ်လာခဲ့ပြီ။ တိုက်ပွဲမှာ ဒဏ်ရာရတဲ့ကလေးတွေကို ကုသပေးနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်ကနေ အခုတခါမှာတော့ အုပ်ချုပ်ရေးယန္တရား လေဟာနယ်ထဲမှာ ပြည်သူလူထုရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပါ ပေးနိုင်ဖို့ ဆိုတာအထိ ရည်ရွယ်ရတယ်။ လစဉ်လစဉ် OPD လူနာက ၅၀၀ နဲ့ ၆၀၀ ကြားမှာ ရှိတယ်။ အတက်အဆင်းလူနာ ၄-၅၀ ရှိတယ်။ မိုးကုန်လို့ လမ်းပွင့်ရင် ပိုများလာဖို့ပဲ ရှိတယ်။ ကိုယ့်ဆေးရုံရဲ့ coverage area ပိုကျယ်လာရင် အနီးအနားမှာ ရှိတဲ့ တခြား ကျန်းမာရေးအင်အားစုတွေနဲ့ အချိတ်အဆက်မိမိ ပူးပေါင်းဆေးကုနိုင်ဖို့ ကြိုးစားရမယ်။
ကိုယ်တို့ဟာ ဆရာဝန် ဆရာမအချင်းချင်း ဆရာဝန်ဆရာမ မိသားစုစိတ်နဲ့ပဲ ဆက်ဆံကြမယ်။ အလုပ်လုပ်ကြမယ်။ စစ်တပ်က ခိုင်းတဲ့အမိန့်တွေ ညွှန်ကြားချက်တွေနဲ့ သစ်ပင်ချင်းခုတ်စရာ ပုဆိန်ရိုး မလုပ်ဘူး။ ပြိုလဲပျက်စီးနေတဲ့ ကျန်းမာရေးကွန်ယက်စံနစ်ကြီးကို ကိုယ်စီကိုယ်စီ အဖျားအနားဆီက ပြန်တည်ဆောက်ယူကြမယ်။ Sovereignty နဲ့ မဟုတ်ဘူး။ Autonomy နဲ့ သွားမှာ။ ထီးအကျိုးအောက်မှာ ဘုရားလိုက်တည်မယ့်အစား အုတ်ပလ္လင်ကနေတက်ပြီးမှ ထီးတင်ပစေတော့။ ကိုယ့်တစ်ယောက်တည်း လုပ်မယ့်အလုပ် မဟုတ်ပါဘူး။ ကိုယ်နဲ့အတူ စိတ်တူသဘောတူရှိပြီး စစ်အာဏာရှင်တွေရဲ့ ဥပဒေမဲ့ ကျွန်ပြုအုပ်ချုပ်မှုအောက်က လွတ်မြောက်ချင်တဲ့ ကျန်းမာရေးမိသားစု အားလုံး ပူးပေါင်း လုပ်ဆောင်ကြရမှာပါ။ ကိုယ်နေမယ့်အိမ် ကိုယ့်စိတ်တိုင်းကျ ကိုယ်တိုင်ဆောက်တော့ လိုချင်သလို ပြုပြင်ယူလို့ ရတယ်မှလား။ ကိုယ်ခွဲမယ့်ခွဲခန်းကလေး ကိုယ်ကိုယ်တိုင် ပုံစံထုတ်ပြီး ဒီဇိုင်းအပ်တော့ လုပ်ရကိုင်ရတာဘယ်လောက် စိတ်ချမ်းသာလိုက်သလဲ။ လူတိုင်းလူတိုင်း ကိုယ့်ကိုဆေးကုမယ့် ကျန်းမာရေးစံနစ်ကလေး ကိုယ်ဖြစ်စေချင်သလို ပျိုးထောင်ပံ့ပိုးပေးတာ မကောင်းဘူးလား။ ဆရာဝန် ဆရာမတွေလည်း ကိုယ်ကျင်လည်မယ့် ဆေးလောကကြီးကို လမ်းဟောင်း ဆက်မသွား အမှားဟောင်း ထပ်မမှားအောင် ကိုယ်ကိုယ်တိုင်ပဲ လိုချင်သလို စိတ်တိုင်းကျ ပြုပြင်ယူကြပါစို့ဗျာ။