ခုရက်ပိုင်း တနေကုန် မိုးရွာတာ နေတောင် မမြင်ရဘူး။ မိုးထဲလေထဲဆိုတော့ လူနာနည်းနည်း ကျဲသွားတယ်။ တခါတလေလည်း အနားရတာ ကောင်းပါတယ်။ ကလေးတွေကတော့ ညကြီးသန်းခေါင် normal labour စောင့်မွေးထားလို့ နေ့လည်နေ့ခင်း ပြန်အိပ်ချိန်ရတယ်။ ဒီဘက်တွေမှာ ငြိမ်နေတယ် ပြောရမယ်။ မနေ့ကတော့ အင်းတော်ကြီး ညောင်ပင်ဘက်မှာ စစ်ကြောင်းထိုးရင်း ခလုပ်တိုက်လို့ မွင်းငါးနှစ်ပွဲ ထွက်လာတယ်။ အသက်ဉာဏ်စောင့်သတဲ့။ ပါးနပ်တဲ့သူတွေ ချွေးတောင်အထွက်မခံဘူး။ “သားရီးတို့အေးဆေး” ဆို အလင်းဝင်ပလိုက်တော့ ရခိုင်မုန့်တီ ပွဲ ၄၀ လျော့သွားရော မဟုတ်လား။ “သူ့ကြွေးရှိက ဆပ်ရသည်သာ” ဆိုတာ မယ်နု မှ မဟုတ်ဘူး။ အုန်းသွင်အတွက်လည်း မှန်တာပဲ။ သားမက်တောင်အဆစ်ပါသေး။ အဘတို့ကို နှာနှပ်နေရလို့ “အဘ ထ” တောင် ပစ္စည်းတွေ ပြတ်ကုန်ပြီ။ အယ်လယ်။ ဒီတစ်ခါတော့ ငါတို့ရပ်ကွက်က သာသာယာယာ ဟိုဘက်ရပ်ကွက်မှာ ဖျာတန်းမီးလောင်နေပါရောလား။ ဆယ်ဇင်းမှာတော့ မီးမလောင်ပဲ ကျန်ခဲ့တဲ့အိမ်တွေကို ပစ္စည်းပြန်သိမ်းဖို့ ဝင်ခွင့်ပြုထားတယ်တဲ့။ ဒါပေမယ့်လည်း စိတ်တော့ မချရသေးဘူး။ မနေ့တုန်းကမှ သုံးဘီးဆိုင်ကယ်ပေါ်မှာ ဘယ်သူသတ်သွားမှန်း မသိတဲ့ အလောင်းတစ်လောင်း တွေ့ခဲ့သေးတယ် လို့ ပြောတယ်။
စစ်ပွဲမရှိတော့ ဒီလ ခွဲလူနာ နည်းသွားတယ်။ လည်ချောင်းနာ၊ ချောင်းဆိုးပြီး ဖျားကြလို့ OPD လာပြတဲ့လူနာပဲ များတယ်။ သွေးတိုးပြီး လေဖြတ်တဲ့လူနာက နှစ်ယောက်ရှိတယ်။ ultrasound လေးရှိတော့ ဗိုက်လူနာတွေ အဆင်ပြေတယ်။ မမအိုဂျီက ရွဲပလဲ ပြဲကွဲနေတဲ့ မွေးလမ်းကြောင်းတွေလည်း ပြုပြင် ခွဲစိတ်ပေးတယ်။ ခုရက်ပိုင်း အင်တာနက်ကတော့ တော်တော်အဆင်မပြေဘူး။ စာပဲဖတ်လို့ရတယ်။ ပုံမမြင်ရ။ ဇွန်းတက်ဖို့၊ အင်တာဗျူးပေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အစိမ်းလေးလင်းနေတာ မြင်ပေမယ့်လည်း ဒီဘက်မှာ အက်တစ်ဖြစ်မနေ။
အာဏာစသိမ်းကတည်းက သူတို့ Facebook ကို ပိတ်တယ်လေ။ VPN တွေ ခံသုံးကြတာပေါ့။ တောထဲရောက်တော့ လိုင်းမမိဘူး။ သို့သော်လည်း အိမ်ရှေ့က သစ်ပင်အမြင့်ကြီးအောက်မှာ မိတယ်။ ညညဆို အဲ့ဒီအပင်အောက်မှာ စုစုရုံးရုံး အများရယ် နုနုပြုံးပြုံး သနားစဖွယ်ပဲ။ တုတူပုန်းတမ်း မကစားဘူး။ လိုင်းလာသုံးကြတာ။ ဆယ်ဇင်းရောက်တော့ အိမ်မှာ လိုင်းမမိဘူး။ ညနေ ရေချိုးပြီးရင် ရွာအပြင်က ဒေါ်ကိုင်တောင်ပေါ်တက်ပြီး သုံးကြတယ်။ အဲ့ဒီမှာ ဆိုင်ကယ်တွေ တန်းစီိလို့။ 4G ကုန်း လို့တောင် နံမည်ပေးထားကြသေး။ နောက်တော့ ဖားကန့်တစ်မြို့နယ်လုံး အင်တာနက်ပိတ်ချလိုက်တာ ခုထက်ထိပဲ။ တစ်ပါတ်ဆယ်ရက်လောက် လိုင်းပေါ်ကပျောက်သွားလို့ တော်တော်စိတ်ပူကုန်ကြတယ်။ ကိစ္စမရှိပါဘူး။ IP star ရှိတဲ့ မိဘကျေးဇူးဆိုင်မှာ သွားထိုင်သုံးတာပေါ့။ သူဌေးက သဘောကောင်းမှကောင်း။ မုန့်တွေကျွေးတာကျွေးတာ ထမင်းတောင် မစားနိုင်။ နောက်တော့ အိမ်ရှေ့က ပြည်စံဟိန်းမှာ Wifi လပေးနဲ့ သုံးလို့ရသွားရော။ ဒီစခန်းရောက်တော့ ဆေးရုံမှာ လိုင်းမမိဘူး။ repeater တပ်လိုက်မှ ရတယ်။ နောက်တော့ အဲ့ဒါလည်း မရပြန်ဘူး။ ရွာထိပ်က ကုက္ကိုပင်အောက် သွားသုံးရတယ်။ ခွဲခန်းရှေ့မှာ ခုံလေးနဲ့သွားထိုင်သုံးရင် ရတယ်။ စပါးကျီပေါ် သွားထိုင်သုံးရင် ရတယ်။ အဲ့လိုပဲ ဟိုနားလေးမိနိုး သည်နားလေးမိနိုးနဲ့ နေရာပြောင်းပြောင်းပြီး သုံးရတာ။ စကားအကြာကြီး ပြောချင်တဲ့သူနဲ့ဆို တိုင်ပတ်ပြီသာမှတ်။
နိုင်ငံတကာက စိုးရိမ်လှပါတယ် ဆိုတဲ့သူတွေကို သိစေချင်တာက မြန်မာပြည်တွင်းမှာ ဖုန်းလိုင်း အင်တာနက်လိုင်းတွေက အဲ့သလိုအခြေအနေပါ။ ဒါတောင် စစ်တပ်က သူတို့ယုတ်မာတော့မယ်ဆိုရင် ဖုန်းလိုင်းကို အရင်ဖြတ်ပစ်တာ။ စစ်ကိုင်းမှာ၊ ချင်းမှာ၊ ဖားကန့်မှာ ခုထက်ထိ အင်တာနက်ပြန်မရဘူးလေ။ အရေးပေါ်အခြေအနေမှာ ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖြတ်တောက်တာဟာ လူ့အခွင့်အရေးဖောက်ဖျက်တာ မဟုတ်လို့လား။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ဒေါ်လာတစ်သန်း ထောက်ပံ့တယ်ဆို။ ယူကရိန်းကလူတွေကို အင်တာနက်ရအောင်လုပ်ပေးသလို မြန်မာပြည်မှာလည်း လာလုပ်ပေးရင် ကောင်းမှာပဲ။ အဲ့ဒါ လက်နက်ထောက်ပံ့ရာလည်း မရောက်ဘူး။ သတင်းစီးဆင်းမှုကိုလည်း မြန်ဆန်စေမယ်။ အင်တာနက်လိုင်း ဖုန်းလိုင်းဖြတ်ပြီး အကြီးအကျယ်လူသတ်ပွဲကြီးတွေလုပ်နေတဲ့ မင်းအောင်လှိုင်စစ်တပ်ကြီးလည်း ငါတို့လုပ်သမျှ လူတကာမြင်နေရတယ် ဆိုရင် ရှက်တာမရှက်တာ အပထား၊ ကြိုးစင် ကြောက်တာနဲ့ ဘရိတ်ကလေး အုပ်မိသွားမယ်။ လုပ်ပေးစမ်းပါဗျာ။
အင်တာနက်လိုင်းကောင်းလို့ကတော့ အင်တာဗျူးတွေ ဇွန်းတွေတင်မကဘူး။ operation ပါ live လွှင့်ပြီး လုပ်ပေးမယ်။ Truman Show လိုမျိုး။ စာရေးရင်းတန်းလန်း odf ကလေးတစ်ယောက် ဗိုက်အောင့်လို့ တဲ့ လာပြတယ်။ စမ်းကြည့်ပြီး။ အူအတက်ယောင်နေတာ။ “ခွဲမလား။” “ခွဲမယ်။” ဆို ခွဲခန်းထဲတန်းရောက်သွားတာပဲ။ ယောင်ကာစ လတ်လတ်ဆတ်ဆတ်ဆို ခွဲလို့လည်းကောင်းတယ်။ ထုံဆေးပြယ် ထထိုင်ပြီး နောက်နေ့ လမ်းလျှောက်နေပြီ။ ပေါက်သွားမှ၊ ရက်ကြာမှ ဆို ခွဲမကောင်းတော့ဘူး။ အဲ့ဒီညနေပဲ နောက်လူနာတစ်ယောက်ထပ်လာတယ်။ အူအတက်ပဲ။ တနေကုန်အိမ်မှာ မက်ကလောင်ခြစ်ပြီး မသက်သာလို့ လာတာ။ ခွဲရမှာကြောက်လို့ တွန့်ဆုတ်တွန့်ဆုတ်နဲ့။ last meal ကလည်း မ due သေးလို့ မနက်မှ အေးဆေးစောင့်ခွဲတယ်။ သူကတော့ ပေါက်နေနှင့်ပြီ။ ကိုယ်တို့ခွဲခန်းရဲ့ အယောက် ၁၀၀ ပြည့် ခွဲလူနာပဲ။ ခွဲခန်းဆောက်ပေးတဲ့ လက်သမားဆရာကြီးရဲ့ မိန်းမလည်း ဖြစ်တယ်။ ကံစမ်းမဲတော့ မပေးနိုင်ပါဘူး။ ခွဲချိန် အရမ်းမြန်လွန်းလို့ ထုံဆေးမပျယ်ခင် အပြင်ရောက်သွားတာ နောက်က ဆေးလိုက်ထိုးယူရတယ်။
ဒီမှာကတော့ လူနာကစောင့်ရတယ်ဆိုတာ ရှိကိုမရှိဘူး။ ခုပဲခွဲခန်းထဲကထွက်လာကာစရှိသေး။ “လူနာရောက်တယ်။ ရင်သားအကျိတ်ခွဲချင်လို့။”ဆို ချက်ချင်း စမ်း၊ ချက်ချင်း မေး၊ သဘောတူရင် “သုံးမိနစ်ပဲစောင့်” ဆို တန်းခွဲဖို့ပြင်တာပဲ။ ထုံဆေးနဲ့ခွဲတာ။ “မနာဘူး မှလား။ ပြီးပြီ။ ရော့။ အသားစပို့။ ပြန်တော့။” ဆို လူနာကတောင် ပြန်တောင်းပန်ရတယ်။ “တစ်ညလောက်တော့ နားပါရစေ။ မနက်ကျမှ ပြန်ပါ့မယ်။” တဲ့။ ငါတို့တော့ hyperactive များ ဖြစ်နေပြီလား မသိပါဘူး။
စောင့်ရတာတွေများလို့ စိတ်မရှည်လာသမျှကို ကိုယ်လုပ်နိုင်သမျှ အရာတွေ တစ်ခုပြီးတစ်ခု မရပ်မနားလုပ်ရင်း ကိုယ့်စိတ်ကိုယ် ဖြေသိမ့်နေတာပေါ့လေ။ ဘာပဲဖြစ်လာဖြစ်လာ ဖြစ်ပြီးမှ နောက်ကလိုက်ပြီး reactive ဖြစ်ဖို့ထက်စာရင် မဖြစ်ခင်ကတည်းက ဖြစ်လာနိုင်တာတွေအတွက် အဆင်သင့်ပြင်ဆင်ထားပြီး proactive ဖြစ်အောင် လုပ်နေတယ်။ မိုးမကျခင်ကတည်းက လမ်းပန်းအဆက်အသွယ်ပြတ်မှာ မြင်လို့ ဆေးဝါးရိက္ခာ လုံလောက်အောင် စုခဲ့တယ်။ စစ်ပွဲဖြစ်တုန်းက စစ်ဒဏ်သင့်တဲ့သူ ကုဖို့ပြင်တယ်။ စစ်ဘေးရှောင် ကူဖို့ပြင်တယ်။ အခု မိုးကုန်တော့မယ်။ လူနာတွေ ရောက်လာကြတော့မယ်။ လာပစေလေ။ အကြွေးမထားဘူး။ အခုလာ အခုခွဲ ပျောက်ရင်ပြန်။ one stop service ကို ပေးတယ်။ လုပ်လှချည့်လား မအောင့်မေ့နဲ့။ ဒါ အကုန် မဟုတ်သေးဘူး။ နောက်ထပ် လာမှာတွေ ရှိသေးတယ်။ ပြီးကျမှ ပိတ်သပ်ကြီးရှေ့မှာ ချပြမယ် သပ်လား။
လတ်တလော စစ်ပွဲအခြေအနေတွေကတော့ KIA၊ KNU၊ AA ကို အသာထားဦး။ PDF သက်သက်ကိုတောင် တိုက်တိုင်းရှုံးနေရလို့ ဝတွေကို ပြည်နယ်ခွဲပေးပါ့မယ် အချိုသတ်ပြီး ဒူးထောက်နေရတယ်။ မွင်းငါးပွဲတွေက ဥယျာဉ်လမ်း ကျောင်းဝင်းထဲကလို ငါးဖယ်တွေ ငါးသလောက်ဥတွေနဲ့ ရှယ်ပွဲကြီးတွေ ပါလာပြီ။ အဖိုးကြီးတွေ ကြောက်သေးဖြန်းဖြန်းပါကုန်ရော။ ဘောပြေးပြေးမထားတဲ့ ပူတင်တို့ ကျင့်ဖျင်တို့ကလည်း မျိုးတွေကန်းကုန်လို့ ကိုယ့်အသက်ကိုယ် မနည်းပြန်ကယ်နေရတယ်။ စစ်မှုထမ်းဟောင်းအဖိုးကြီးတွေကို လုံခြုံရေးမပေးနိုင်တော့ ပျူစောထီးတွေလို “လက်နက်ကိုင်ဆောင်ခွင့်ပေးမယ်။ ကိုယ့်ဘာသာ ကာကွယ်ကြ။” လို့ စာထုတ်လာပါသတဲ့။ အဲ့ဒါမှ တစ်ချက်ခုတ်ပြီး နှစ်ချက်ပြတ်တော့မှာ။ လက်နက်လိုချင် နိုင်ငံခြားက ခက်ခက်ခဲခဲ ဝယ်စရာသယ်စရာ မလိုတော့ဘူးပေါ့။ ဒါကြောင့်လည်း အမျှော်အမြင်ရှိတဲ့သူတွေက ကုတင် ၁၀၀၀ ဆေးရုံဆောက်တာ မနည်းလွန်းဘူးလား လို့ သတိပေးတာကိုး။ အခုကြည့်စမ်း။ ကန်သာယာမှာ ၂ လောင်းတည်းနဲ့ လမ်းတွေကြပ်ကုန်ပြီ မဟုတ်လား။ ဝဋ်တွေ စ လည်နေပြီလေ။ ဗိုလ်ချုပ်အပြုတ်အားလုံးကို ကန်တော့ပွဲ နဲ့ အကျယ်ချုပ် ချုပ်ထားလိုက်ပြီ။ အိမ်ထဲမှာပဲ နေကြပါတဲ့။ သူမပြောလည်း ဘယ်သူကထွက်ရဲမှာလဲ။ မီးပွိုင့်မိလို့ ကားချင်းယှဉ်အရပ်ခံရရင်တောင် ဒိုင်ယာပါအသစ်လဲရတော့မှာ။ အပြင်ကပြန်လာ၊ အိမ်ရှေ့ရောက်လို့ အိမ်ထဲဝင်တိုင်း မိကျောင်းတွားတွားပြီး ကာပစ်ပစ်ပေးမယ့်လူနဲ့ လေးဘက်ထောက်ဝင်ရမယ်။ ဦးပိုင်က တစ်ကောင်လည်း တေးနုယဉ်လမ်းမှာ ခြံဝတင် ကိစ္စချောတာ မဟုတ်ဘူးလား။ သီတင်းကလည်း ကျွတ်တော့မှာ။ ဗျောက်အိုးသံကြားရင် လိပ်ပြာလွင့်သေမယ့် စစ်သားတွေ နည်းမှာ မဟုတ်ဘူး။ ဟျောင့်ဒေ။ မနောက်နက်နော်။ ဒါ နောက်စရာ မဟုတ်ဘူး။
ကြမ္မာရဟတ်က တစ်ပါတ်လည်ခဲ့ပြီလေ။ သူ့အလိုလို လည်တာတော့ မဟုတ်ဘူး။ တို့တွေအားလုံး တွန်းလှည့်လို့ လည်တာ။ လေဆိပ်ရှေ့မှာ လူငှါးနဲ့ လုပ်ကြံခိုင်းတဲ့ကောင်တွေ။ အခု ပြင်ဦးလွင်တောင် မသွားရဲဘူး မဟုတ်လား။ Wisdom Hill ကျောင်းမှာ မူကြိုကလေးကို မျက်နှာလွှဲခဲပစ်၊ အမှုလက်စဖျောက်တဲ့ကောင်တွေ။ အခုတော့ ကိုယ့်မြေးကိုယ် မူကြိုမပို့ရဲတော့ဘူး မဟုတ်လား။ ကျီးလန့်စာစား ခရီးသွားဖို့ FB account တွေ D၊ မှတ်ပုံတင်အတု နှစ်ခုသုံးခုကိုင်၊ အရပ်ဝတ် အဝတ်အစားလေးနဲ့ မထင်မရှား ရုပ်ဖျက်လို့ ခိုးကြောင်ခိုးဝှက် သွားလာနေရတာ ခုချိန်မှာ စစ်ဗိုလ်စစ်သားတွေပဲ ရှိပါတော့တယ်။ ဗုံလုံတလှည့်ကုန်သွားပြီ။ ဒီတစ်ခါ ငါးပျံတလှည့်ကွ။ သေပြီးသားလူရဲ့ Facebook account တွေ ဝက်ဝက်ကွဲ စည်ကားပြီး ပဝေသဏီ အလီရှစ်စိတ်ထိ လှန်လှောဖတ်ရှုကြ၊ ဟားဟားတွေပေးကြတာ မြန်မာပြည်မှာပဲ ရှိပါလိမ့်မယ်။ ခုချိန်မှာ ဒီကောင်တွေတောင် အသက်ကို ဖက်နဲ့ထုပ်ထားရတဲ့ အချိန်ကာလဟာကို။ ဒလန်တွေ ဘောမတွေ နောက်ကျတဲ့ခြေထောက် သစ္စာဖောက် လို့သာ အောင့်မေ့။ ရှေ့လာမယ့်နေ့ရက်တိုင်းကတော့ ပြည်သူတွေအတွက် ဝမ်းသာစရာ သတင်းကောင်းချည့် ကြားရတော့မှာပါလေ။