ကိုယ်တို့ဆေးရုံက ဆာဂျင်ထောင်တဲ့ ဆေးရုံမို့လား မသိပါဘူး။ ခွဲခန်းကို အဓိကထားကြတယ်။ Major operation ကြီးကြီးမားမား ရှိတဲ့အခါဆို တစ်ဆေးရုံလုံး ခွဲခန်းထဲရောက်နေကြရော။ လူနာသယ်တာ၊ မတာ၊ ရွှေ့တာကအစ ဆရာဝန်တွေပါ အတူဝိုင်းသယ်ကြတယ်။ အထဲရောက်တာနဲ့ ခွဲခုံပေါ်တင်၊ သွေးပေါင်ချိန်၊ မော်နီတာတပ်၊ မေ့ဆေးပေး၊ ထုံဆေးထိုး၊ အကုန်လုံး ဇယ်ဆက်သလို တရစပ် လုပ်သွားနိုင်နေပြီ။ လူစုံတက်စုံ ကိုယ့်တာဝန်နဲ့ကိုယ်ပဲ။ အဲကွန်းဖွင့်၊ မီးချိန်၊ machine တွေ အကုန် ရယ်ဒီဖြစ်အောင် တပ်ဆင်တာကအစ OT technician အလုပ်လုပ်ဖို့ အင်ဂျင်နီယာပါ ခွဲခန်းဝင်ရတယ်။ ဗိုက်ခွဲမွေးရင် ကလေးကောက်၊ ကလေးပြုစုတာတစ်ဖွဲ့၊ မေ့ဆေးတစ်ဖွဲ့၊ ခွဲစိတ်တစ်ဖွဲ့၊ တောက်တိုမယ်ရတစ်ဖွဲ့ဆို ရှိသမျှ လူကုန်ရော။ ကလေးဝေယျာဝစ္စတွေပြီး၊ အမေကို ဗိုက်ပြန်ပိတ်တာနဲ့ ဒေါ်စောသိမ်းတို့အဖွဲ့က မလိုတဲ့ပစ္စည်းတွေ စသိမ်းနေပြီ။ လူနာအပြင်ထုတ်ပြီးတာနဲ့ ခွဲခန်းသန့်ရှင်းရေး၊ သုံးပြီးပစ္စည်း သန့်ရှင်း၊ ဆေးကြော၊ ပေါင်းထုပ်၊ သိမ်းဆည်းတဲ့အလုပ်ပါ တခါတည်းပြီးအောင် ဆက်လုပ်ကြတယ်။ မြန်လည်းမြန်ရမယ်။ သွက်လည်းသွက်ရမယ်။ မီးစက်အကြာကြီး မနှိုးနိုင်ဘူးလေ။ ဒီဇယ်ချွေတာရတယ်။ တော်တော်ကျင့်သားရနေကြပြီ။ ခဲရာခဲဆစ် မဟုတ်ရင် မီးစက်အနှိုးအပိတ် ကြာချိန် ၂ နာရီအတွင်း အားလုံး အပြီးအစီးပဲ။ ရှေ့ဆုံးက pacemaker ရဲ့ timing အတိုင်း ကွက်တိ လိုက်နိုင်ကြတယ်။ နောင်ကျ တခြားရောက်သွားတဲ့အခါ သူတို့ကို အရမ်းမြန်တာပဲ လို့ သတိထားမိကြလိမ့်မယ်။
ရှိသမျှလူကုန် ခွဲခန်းထဲရောက်နေတော့ အပြင်မှာ ထမင်းချက်မယ့်သူ မကျန်ဘူးလေ။ လက်ဘက်သုပ် နဲ့ ကြက်ဥကြော်ပဲ စားကြတာပေါ့။ အဲ့ဒါက ရိုးလည်းမရိုးနိုင်၊ အကြိုက်လည်း ညီကြတယ်။ နောက်တော့ တော်ရုံတန်ရုံ operation တွေက လူကုန်ဝင်စရာ မလိုတော့ဘူးဆိုရင် ပေါ့ပါးသက်သာစွာ နည်းနည်း နဲ့ ကြဲကြဲ ဝိုင်းကြတယ်။ အဲ့ဒီအခါကျတော့ ခွဲခန်းကို အလှည့်နဲ့ ဝင်ကြတာပေါ့။ အပြင်မှာ ward စောင့်ဖို့ ၂ ယောက်၊ အိမ်မှာ ထမင်းချက်ဖို့ ၂ ယောက် ထားတယ်။ ဘယ်နေရာမှာမှ မလုပ်တတ်မကိုင်တတ် မရှိစေရပါဘူး။ ကိုယ် ကျရာတာဝန် နိုင်အောင် ဝင်ထမ်းရင်း ဘက်စုံကျွမ်းကျင် တို့ချန်ဂင် ဖြစ်လာရော။ အခုဆိုရင် ရောက်စက ကြက်ဥမကျော်တတ်တဲ့ တို့အင်ဂျင်နီယာလေးတောင် ဝါရင့်စားဖိုမှူးအလား ဒန်ပေါက်တွေချက်လိုက်၊ Bonchon ကြက်ကြော် ကြော်လိုက်။ ကျွမ်းကျင်နေပြီ။ YouTube ထဲ ကြည့်ကြည့်ပြီး အကုန်ချက်တတ်တာ။ နောက်တော့ ကိုယ့် signature အစားအသောက် ကိုယ်တိုင်ဖန်တီးချက်ပြုတ်နိုင်ကြပါလေတယ်။
ရွာထဲက ကလေးတွေကတော့ ရှမ်းစာတွေ အစုံအလင် လက်စွမ်းပြပါတယ်။ ဟင်းပျဉ်း၊ ဆူးပုတ်၊ မုန်ညှင်း ပေါပေါရရာ တမျိုးမျိုးကို ပင်တိုင်ထားပြီး ဂေါ်ဖီ၊ ကြက်သွန်၊ ခရမ်းချဉ်သီးနည်းနည်းစီ၊ ဆန်မှုန့်နဲ့နယ်ပြီး နူးအိနေတဲ့ ဟင်းပေါင်း လုပ်စားလေ့ရှိပါတယ်။ သူတို့ကတော့ ဘာလာလာ ပေါင်းမယ်ဆိုတာချည့်ပဲ။ ငှက်ပျောဖူး၊ ငှက်ပျောအူ နဲ့လည်း ပေါင်းတတ်တယ်။ မှို နဲ့လည်း ပေါင်းတတ်တယ်။ တခါတခါ ချောင်းထဲကရတဲ့ ငါးမျိုးစုံရောရာကိုကင်ပွန်းချဉ်ရွက်ကလေးနဲ့ ပေါင်းလည်း ကောင်းတယ်။ ထမင်းချက်လည်း ငှဲ့မချက်ဘူး။ ပေါင်းချောင်နဲ့ ပေါင်းချက်တာ။ သူတို့ဆီက ဟင်းတွေက ပေါင်းရင်ပေါင်း၊ မပေါင်းရင် ထောင်းပဲ။ မီးဖိုချောင် တာဝန်ကျတဲ့သူက သူ့အကြိုက် မီနူးကို ချက်တယ်လေ။ ကလေးတွေဆိုတော့ မချက်တတ်လည်း အိမ်ကမေးပြီး သင်ပေးတဲ့အတိုင်း ချက်ရင်းတတ်ကြတာပေါ့။ မုန်ညင်းစော လည်း သူတို့ကောင်းကောင်း ချက်တတ်ပါတယ်။ ရွာခံဆိုတော့ လိုချင်တဲ့ အရွက်အသီး မချက်ခင် ကိုယ့်ဘာသာ သွားခူးတာပဲ။ ကိုယ်တို့ဆေးရုံရဲ့ မီနူးကို ရွာထဲကလည်း စိတ်ဝင်စားကြတယ်။ မနက် ဈေးသွားရင် ဘာချက်မှာလဲ မေးပြီး အိမ် ရှိတာတွေ ပေးလိုက်တာပဲ။
ကချင်စာကတော့ ဆယ်ဇင်းက ကချင်ဆရာလေး လာရင်ချက်စားတယ်။ သူက ဆာဖျယ် စပါယ်ရှယ်လစ်။ ကိုယ့်ဘာသာလုပ်ရင် သူလုပ်တာလောက် မကောင်းဘူး။ ဆာဖျယ်က ပစ္စည်းတွေ ကြိုမှာမှ ရတယ်။ မုန့်ဖတ်ရယ်၊ အချဉ်ရည်ရယ်၊ ကျူးဆိုင်ရယ် မစုံရင် လုပ်လို့မရဘူး။ အချဉ်ရည်က လုပ်ပြီးသားလာတာဆိုပေမယ့် အဆာပလာတွေက ကိုယ့်ဘာသာထည့်ရတယ်။ ဖက်ဖယ်၊ ပင်စိမ်း၊ ရှမ်းနံနံ၊ ငါးညှီမြစ်၊ ငရုပ်သီးစိမ်း၊ သံပုရာသီး၊ အကုန် နုပ်နုပ်စင်းထည့်ရတယ်။ ဒါဆို မုန့်ဖတ် နဲ့ အချဉ်ရည် ၂ မျိုးရပြီ။ ပြီးရင် အမဲသား၊ အမဲအသည်း နဲ့ အမဲအူပုဆိုးကြမ်းကို ကျက်အောင်ကင်ပြီး ပါးပါးလှီးရတယ်။ ဒါပြီးရင် သခွါးသီး၊ မုန်လာဥနီ၊ မြင်းခွါရွက်ကို တို့စရာထား စားလို့ရပြီ။ အမဲသားမစားတဲ့သူတွေအတွက် ကြက်သားကို သပ်သပ် ကင်ပေးရတယ်။ ကျူးဆိုင်အရွက်တွေကတော့ ဒီမှာ ပေါပေါများများလည်းရတယ်။ ဈေးလည်းချိုတယ်။ မာလာအမှုန့်တွေဖြူးပြီး ကျော်ထား စားပါလေ့ပဲ။ ဆယ်ဇင်းမှာကတည်းက ခဏခဏ လုပ်စားဖြစ်ပါတယ်။ စားလို့ကောင်းသလောက် ပြင်ရဆင်ရတာ လက်ဝင်တယ်။ လုပ်ပေးမယ့်သူ ရှိမှ စားတယ်။ ဆရာမပါပဲ မလုပ်တတ်။
ကချင်ဆရာလေးက ငါးကင်တဲ့နေရာမှာလည်း စပါယ်ရှယ်လစ်ပါပဲ။ ဆယ်ဇင်းမှာတော့ ငါးမုတ်တွေ ဝယ်လို့ရတယ်လေ။ အကောင်ကြီးကြီး ၃ ကောင်လောက်ကင်ရင် တအိမ်လုံး ဝတယ်။ ဒီက ငါးကင်ရဲ့အသက်ကတော့ ဗိုက်ထဲသိပ်တဲ့ အဆာပလာတွေပါပဲ။ ဖက်ဖယ်၊ ပင်စိမ်း၊ ရှမ်းနံနံ၊ ငရုပ်သီးစိမ်း၊ ကြက်သွန်ဖြူတွေ နုပ်နုပ်စင်းပြီး ဗိုက်ထဲသွပ်တယ်။ ပြီးရင် မီးဖိုဘေးမှာ စုတ်တံကလေးနဲ့ မာလာအမှုန့်လေးဖြူးလိုက် ဆီကလေးလူးလိုက်နဲ့ အရေခွံလေးတွေ ကြွပ်လာအောင် ကင်တယ်။ အချဉ်ရည်ကတော့ ရန်ကုန်အချဉ်ရည်နဲ့ အတူတူပါပဲ။ ဗိုက်ထဲက အမွှေးအကြိုင်အရွက်တွေကြောင့် အချဉ်ရည် မပါလည်း စားလို့ကောင်းတယ်။
ရန်ကုန်မှာတုန်းက ကြက်ကချင်ချက်တို့ ငါးကချင်ချက်တို့ စားခဲ့ဖူးတယ်။ အစစ်မှ မဟုတ်တာ။ ကြက်သားစင်းကောကို ပင်စိမ်းနဲ့ ငရုပ်သီးစိမ်းထည့်ကြော်ရင် အဲ့ဒါ ကချင်ချက်တဲ့။ ဖက်ဖယ်တို့ ငါးညှီမြစ်တို့ဆိုတာ ဟိုမှာ မရှိဘူးလေ။ ရခိုင်မှာတုန်းက မုန့်တီကို အာပူရွက်နဲ့ ချက်သလိုပေါ့။ သူ့ဒေသမှာပဲ ရတဲ့ အရသာ။ ကချင်မှာတော့ ဟင်းခတ်အမွှေးအကြိုင်က ဇီယာ၊ မဆလာ၊ ဖာလာ၊ နာနတ်ပွင့် မသုံးဘူး။ သူ့ဆီအလေ့ကျပေါက်တဲ့အရွက်နဲ့ခတ်ရင် သူ့အနံ့နဲ့သူ မွှေးတယ်။ ကချင်ဟာ မြစ်ဖျားချောင်းဖျား ရေကြည်ရာအရပ်မှာ ရှိလို့ သူ့ဆီက ရေချိုငါးတွေဟာ အင်မတန်ချိုတယ်။ အောက်ပြည်အောက်ရွာမှာ မရှိဘူး။ ငါးဒီး၊ ငါးတောက်၊ ငါးလမြွေ၊ ကျောက်ကပ်ငါး၊ ငါးရှဉ့်၊ အဲ့ဒါတွေတော့ စားဖူးခဲ့တယ်။ ဟိုးမြစ်ဆုံအထက်ဘက်တက်ရင်တော့ ဘာငါးတွေ ရှိဦးမလဲ။ မပြောတတ်ဘူး။
စခန်းမှာ တခါတရံ သူတို့ဆီက လူကြီးတွေကဖိတ်ရင် ညနေထမင်းဝိုင်း သွားသွားထိုင်ဖြစ်တယ်။ စားကောင်းသောက်ကောင်း ဝိုင်တစ်ခွက်လောက်နဲ့ ကချင်ဟင်းတွေ မြည်းတာပေါ့။ ငါးရှဉ့်ရလာလို့ အကောင်လိုက်ချက်ထားတယ်တဲ့။ အရည်သောက်ကလေး။ အရွက်တွေက ဆူးပုတ်ရွက်ခတ်ထားတယ်။ အနံ့တော့ မထွက်ဘူး။ စားလို့သောက်လို့တော့ တော်တော်ကောင်းတာ။ “ခါးသက်သက်ကလေးနေတယ်။ ဘာခပ်ထားသလဲ မသိဘူး။” ဆိုတော့ ဘာမှ ခပ်စရာ မလိုပါဘူးတဲ့။ ချေးခါးမထုပ်ပဲချက်ထားတာတဲ့။ ငါးအကောင်လိုက် ရေမဆေး၊ ချေးမထုပ်၊ သွေးပါအပြင်မထွက်အောင် ထည့်ချက်မှ အရသာလည်းချို အားလည်းရှိတာတဲ့။ ဖြစ်ရလေတယ်။ ကျက်အောင်ချက်ထားပြီးပြီဆိုတော့ သန့်သွားမှာပါလေ။
သူတို့က အဲ့လိုပဲ။ ဝက်ပေါ်ရင်လည်း ရေမဆေးဘူး။ သွေးအလိမ်းလိမ်းနဲ့ ဒီအတိုင်းချက်တာ။ ရေဆေးရင် အရသာတွေက ရေထဲပါကုန်မှာပေါ့တဲ့။ ဟုတ်လားတော့ မသိပါဘူး။ တခါတုန်းက ဝက်ပေါ်ပြီး အကောင်လိုက် ကျင်းတူးမြှုတ်၊ အပေါ်က မီးပုံဖိုပြီး ဝက်သားဖုတ် ပေါင်တစ်ပေါင် လာပေးဖူးတယ်။ ရန်ကုန်က အခေါက်ကင်အသားကင် စားရသလိုပဲ။ ချိုလည်းချိုတယ်။ မွှေးလည်းမွှေးတယ်။ ဘယ်တတ်နိုင်မလဲ။ တောရောက်တော့လည်း တောဓလေ့။ စားရတာပေါ့။
သူတို့က သဘာဝနဲ့နေတော့ သဘာဝအတိုင်းကို ပိုကြိုက်ကြတယ်။ ဈေးကဝယ်တဲ့ငါးဟာ ချောင်းထဲကမျှားတဲ့ငါးလောက် ဘယ်တော့မှ မကောင်းဘူးတဲ့။ ရေခဲရိုက်အသားငါးတွေလည်း တူတူပဲ။ တောဝက်သားများတောင်မှပဲ ရွာသားတွေ ကိုင်းထောင်ထားရာ မိလို့ တညလုံးရုန်းကန်နေရတဲ့ အသား နဲ့ တောထဲမှာ အမဲလိုက်လို့ရတဲ့အသားဟာ လျှာပေါ်မှာတင်ကြည့်လိုက်ရုံနဲ့ကို အရသာချင်း ကွဲပြားပါသတဲ့။ ဘယ်ကလာတဲ့အသားလဲ တခါတည်း တန်းပြောနိုင်ပါသတဲ့။ ဟုတ်လောက်ပါတယ်။ အခု သူတို့ဆီစားနေတဲ့ ကချင်ဟင်းတွေ စားကောင်းနေတာ အမှန်ပဲဟာကို။
သို့ပါသော်လည်း ကိုယ်တို့အဖို့ရာ လျှာတစ်ချောင်းကို အဲ့လောက် အလိုမလိုက်နိုင်ပါဘူး။ အားတော့လည်း အားသလိုချက်တာပေါ့။ မအားတော့လည်း လက်ဘက်သုပ်၊ ကြက်ဥကြော်ပေါ့။ ဟင်းစိုဟင်းစိမ်း အသားဟင်းလျာက ဆိုင်ကယ်လာတဲ့ရက်မှ ရတာလေ။ အခုရက်ပိုင်းတော့ ဆေးရုံမှာ လူနာတွေများနေတော့ ရွာကလူတွေက ဟင်းစားလာလာပေးကြပါတယ်။ ဝက်မွေးတဲ့အိမ်က အဒေါ်ကြီးတစ်ယောက် တက်နေလို့ သူ့အိမ်က ဝက်ပေါ်တိုင်း တစ်တွဲတစ်ဆွဲ လာလာပေးတယ်။ အလှည့်ကျ အိုးသူကြီးရဲ့ စိတ်ကူးဉာဏ်ရင့်သန်သလို ဟင်းလျာမီနူးများ ပြောင်းလဲသွားပါလိမ့်မယ်။ ဝက်စတူး၊ ဝက်ချိုချဉ်၊ ဝက်ကုန်းဘောင်။ ဘာလာလာဒေါင်းနေပါပြီနော်။ လိုင်းပေါ်မှာ ကြည့်ချက်ကြတာ။ ဟော့ပေါ့၊ မာလာရှမ်းကော၊ ဆူရှီ၊ ဆင်းဒဝစ်၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ။ ပြောကြည့်လိုက် ပြောကြည့်လိုက်။ အကုန် လုပ်စားပြီးပြီ။ဒါသည်ပင် ချန်ဂင်တို့စခန်း ဖြစ်ပါလိမ့်မယ်။ ချန်ဂင်ဇာတ်လမ်းတွဲထဲမှာ ဆေးကုတဲ့ချန်ဂင်ဟာ နန်းတွင်းသမားတော်ဖြစ်မလာခင်က စားဖိုဆောင်မှာ ဘုရင်မင်းမြတ်အတွက် အကောင်းဆုံး ဟင်းလျာများ ပြင်ဆင်ချက်ပြုတ်ပေးခဲ့တဲ့ တော်ဝင်စားဖိုမှူးတစ်ယောက် ဖြစ်တယ် ဆိုတာလည်း မှတ်မိဦးမယ် ထင်ပါတယ်။
ဒီလိုနဲ့ပဲ ပျော်ပျော်ပါးပါးကြီး ဒန်ပေါက်ချက်စားကြပါတယ်။ Today’s Menu ပေါ့။ ထမင်းစားပြီးတဲ့အခါမှာတော့ တစုံတရာ ဖြစ်ပေါ်လာသည်ရှိသော် သွားရမယ့်အရပ်၊ မသွားရမယ့်အရပ်၊ ပြုလုပ်အပ်သောအမှု မပြုလုပ်အပ်သောအမှုတို့ ကို လူစုံတက်စုံ အရေးကုန် သွန်သင်မှာကြားထားလိုက်တယ်။ ညောင်သီးလည်းစားနိုင်သလို လေးညှို့သံလည်း နားထောင်နိုင်ရမပေါ့။ တောထဲတောင်ထဲ စစ်ပွဲထဲမှာ ဘေးကင်းရှင်သန်မှုထက် အရေးကြီးတာ ဘာမှမရှိဘူး။ တောရိုင်းတိရိစ္ဆာန်တွေအတွက် အစွယ်တွေ ဦးချိုတွေဟာ လက်နက်ဖြစ်သလို၊ စစ်သားတွေအတွက် သေနတ်တွေ ဗုံးဆံတွေဟာ လက်နက်ဖြစ်သလို ကိုယ်တို့အတွက်ကတော့ ဉာဏ်ရည် နဲ့ ဦးနှောက်ဟာ လက်နက်ပဲ။ ကိုယ့်လက်နက်ကိုယ် အသုံးချနိုင်ရမယ်လေ။ ထူတာ အ တာတွေ ကိုယ်မကြိုက်ဘူး။ လှစ်လှစ်ကလေး အကင်းပါးမှ သဘောကျတယ်။ ဖြစ်လာရင် ဆောက်တည်ရာ မရ သွေးပျက်ချောက်ခြားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်မနေနဲ့။ ဖြတ်ထိုးဉာဏ်ဆိုတာ ဒီလိုအချိန်မှာ အသုံးချဖို့ အကျင့်လုပ်ရတယ်။ နောင်လည်း တစ်သက်လုံးအတွက် အသုံးကျပါလိမ့်မယ်။ ချန်ဂင်တို့စခန်းက ထွက်လာတဲ့သူမှန်ရင် အဆုံးထိ ရပ်တည်ရှင်သန်နိုင်ရမယ် မဟုတ်ဘူးလား။