ချန်ဂင်တို့စခန်း (၉၃)

ဆေးရုံမှာ ၂၄ နာရီ service ပြန်ပေးပြီဆိုတဲ့အခါ ကိုယ်တို့အဖွဲ့လည်း သန်းခေါင်ကျော် မိုးအလင်း ထခွဲရတဲ့ အလုပ်တွေ ရှိလာပါတယ်။ အချိန်မီ ပြင်ဆင်ထားနိုင်လို့သာ တော်တော့တယ်။ ရင်ဆိုင်တိုက်ပွဲတွေ မရှိသော်ငြားလည်း ရှေ့တန်းစစ်မြေပြင် ဖြစ်တဲ့အရပ်ဆိုတော့ လက်နက်ခဲယမ်းရဲ့ အန္တရာယ်က အခါခပ်သိမ်း လွတ်ကင်းတယ် မဆိုနိုင်ပါဘူး။ ညကြီးမင်းကြီး မိုင်းနင်းမိလို့ ရောက်လာတဲ့ ကလေးဟာ အသက်ကလေးမှ၂၀ ပဲ ရှိသေးတယ်။ အရင်ကတည်းက စခန်းထဲကို လာဖူးနေကျ ကောင်လေး။ ခြေထောက်က သွေးတောက်တောက်ယိုတာ ရွှဲနစ်နေပြီ။ ရောက်တာနဲ့ လိုင်းထည့်၊ pain killer နဲ့ antibiotics ထိုးပြီး ခွဲခန်းတန်းဝင်ကြတယ်။ သန်းခေါင်ကျော်အချိန်ကြီး သွေးလှူရှင် ရှာဖို့လည်း မလွယ်ဘူး။ မြန်မြန် သွေးတိတ်အောင် လုပ်ဖို့ပဲ ရှိတယ်။

တော်ပါသေးရဲ့။ ခါတိုင်းလို ဘေးကင်းရာ ရှောင်အိပ်နေရင် ညတွင်းချင်း ပြန်လာနိုင်ဖို့ မလွယ်ဘူး။ ရောက်ရောက်ချင်း ခွဲခန်းပို့ဖို့လည်း မလွယ်လောက်ဘူး။ လူနာက အခုတောင် သွေးလွန်နေပြီ။ အထဲရောက်တော့ ခြေဖဝါးတစ်ခုလုံး ကြေမွလို့။ တန်းလန်းလေးပဲ ကျန်တယ်။ ဆွဲအုပ်စရာ အရေပြားတောင် မရှိတော့ဘူး။ နှမျောပေမယ့် နားလည်အောင် ရှင်းပြပြီး ခြေကျင်းဝတ်က ဖြတ်လိုက်ရတယ်။ သူလည်း သူ့အနာသူ မြင်တယ်လေ။ ခါးရိုးထဲက ထုံဆေးကြောင့် မနာပေမယ့် ဝမ်းနည်းလွန်းလို့ တဟီးဟီး အော်ငိုရှာတယ်။ နောင်ကျ ခြေတုတပ်လိုက်ရင် မသိသာပါဘူး။ ငါတို့ ကျန်းမာရေးမှာဆို အဲ့လိုမျိုး ခြေတုကြီးနဲ့ ဗိုလ်ပြုတ်တွေ အမြဲတမ်းအတွင်းဝန်တောင် လုပ်နိုင်သေးတယ်။ အားမငယ်နဲ့ လို့ အားပေးရတယ်။ ဒါပေမယ့် ကိုယ်သာဆိုလည်း “ခြေတုတပ်မလား။ ဝန်ကြီးလုပ်ရမယ်လေ။” လို့ ပြောလာရင်တောင် “ဆားနဲ့ပဲ စားပါ့မယ်။” ဖြေမှာလေ။ အသက်ထက်တော့ ဘယ်ဟာမှ အရေးမကြီးပါဘူး လို့ ပြန်နှစ်သိမ့်ရတယ်။

အဖြစ်အပျက် အသေးစိပ်တွေ လောလောဆယ် ပြန်မရေးချင်ပါဘူး။ ကောင်လေးက KIA စစ်သား။ အခုမှ စစ်သင်တန်းတက်တုန်း ရှိသေး။ ကိုယ် ဒီကို စရောက်တုန်းက ဒီက KIA စစ်သားတွေ၊ PDF သင်တန်းသားတွေနဲ့ ဆုံဖူးတယ်။ သူတို့ အားလုံး ၂၀ ပတ်ချာလည် လောက်တွေပဲ များတယ်။ ၁၈ နှစ်အောက်တော့ မပါကြဘူး။ ၁၈ နှစ် မပြည့်သေးတဲ့ကလေးတွေ PDF သင်တန်းတက်ဖို့ ရောက်လာရင် ပြန်လွှတ်တယ်။ သူတို့မှာ လူးလိမ့်နေအောင် ငိုကြတာ။ ကိုယ်တို့ကြည့်ခဲ့ဖူးတဲ့ ဗမာစစ်ကားတွေနဲ့ တကယ့်အပြင်က ဖြစ်ရပ်တွေဟာ တခြားစီပဲ။ သူပုန်တွေက ဆက်ကြေးကောက်မယ်။ ပေါ်တာဆွဲမယ်။ ရွာမီးရှို့မယ်။ မိန်းမပျိုလေးတွေကို အဓမ္မကျင့်မယ်။ ဟုတ်လား။ အဲ့ဒါတွေအားလုံး အခု မြန်မာ့တပ်မတော် လို့ သူတို့ကိုယ်သူတို့ နံမည်တပ်ထားတဲ့ အကောင်တွေက လုပ်နေတာလေ။ တပြည်လုံးသိတယ်။ တကမ္ဘာလုံးသိတယ်။ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ နိုင်ငံတကာ တရားရုံးမှာတောင် အမှုဖွင့် တရားစွဲထားတယ်။

မြန်မာစစ်တပ်က စစ်သားစုဆောင်းရင် ထောင်ထဲက ခိုးဆိုးလုနှိုက်တွေ လွတ်ငြိမ်းချမ်းသာ ပေးပြီးခေါ်ရတာ။ ဘုရားစောင်းတန်းက သူတောင်းစားတွေ ဖောကားနဲ့ဖမ်းခေါ်ပြီး စစ်သင်တန်းပို့ရတာ။ ကချင်လူငယ်လေးတွေ အရွယ်ရောက်လာရင် KIA ထဲ ဝင်ဖို့ မဝင်ဖို့က ရွေးစရာ မလိုဘူး။ တိုက်ခိုက်ရေးဘက်သွားချင်သလား။ အုပ်ချုပ်ရေးဘက် နေချင်သလား။ ပညာရေးပဲ ဆက်တက်ချင်သလား။ ဒါမှမဟုတ် သာသနာရေးအတွက် ကျမ်းစာကျောင်းသွားမှာလား။ ဒါပဲ ရွေးစရာလိုတယ်။ ကချင်တွေရဲ့ အစိုးရ က KIO၊ ကချင်တွေရဲ့ စစ်တပ်က KIA။ သူတိူ့က သူပုန်လည်း မဟုတ်။ သူပုန်တွေ ဓါးပြတွေ လုပ်တဲ့အလုပ်လည်း မလုပ်ဘူး။ စစ်အစိုးရရဲ့ ကောက်ကျစ်ယုတ်မာမှုတွေကို မြန်မာတွေထက် အစောကြီး သိခဲ့လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်ကတည်းက မြန်မာတွေထက်အရင် တော်လှန်နေခဲ့တဲ့သူတွေ။

သူတို့ပြောတဲ့ နှစ်ပေါင်း ၆၀ ကာလကြာအောင် မြန်မာတွေခေါင်းထဲမှာ ရှိခဲ့တဲ့ KIA / KIO ရဲ့ ပုံရိပ်ကို အခုလက်ရှိ ၂၀၂၂ ခုနှစ်မှာ မြင်ရတဲ့အတိုင်း ရှုနိုင်မြင်နိုင်အောင် တမဟုတ်ချင်း ပြောင်းလဲတော်လှန်ပစ်ခဲ့သူကတော့ မင်းအောင်လှိုင် ကိုယ်တိုင်ပါပဲ။ စစ်တပ် နဲ့ စစ်သားတွေရဲ့ မျက်နှာဖုံးကို ဆွဲခွါပစ်ခဲ့တဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ပြည်သူ့ဘက်က ရပ်တည်သော၊ ပြည်သူနှင့်အတူရှိသော၊ ပြည်သူကို အကာအကွယ်ပေးသော အဖွဲ့အစည်းတွေ အဖြစ်ကို အလိုလို ရောက်ရှိသွားတယ်။

“သိပ်လည်း ထင်မနေပါနဲ့ ကိုယ့်လူ။ ကချင်ဓါး ဖြောင့်ပါတယ်ဆိုတာ ငါတို့ဆီက တံစဉ်လောက်တော့ ကောက်သေးသမောင်။” လို့ ကိုယ့်ဆီမှာ လာမန့်ဖူးပါတယ်။ ဒါပေမယ့် ခုချိန်မှာ ဗိုလ်ချုပ်ဂွမ်မော်စကား နဲ့ မင်းအောင်လှိုင်စကား။ ဘယ်သူပြောတာကို ယုံမှာလဲ ဆိုတာ မေးစရာကို မလိုဘူး။ လူဆိုတာ အပြောချည့် နားထောင်ပြီး လက်ခံရိုးထုံးစံမရှိ။ အလုပ်နဲ့ပါ သက်သေပြရတာ။ ဘယ်တုန်းကမှ မှန်တာမပြောတဲ့ကောင်ကို ဘယ်သူကမှ မယုံဘူး။ လူတိုင်းမှာ ဦးနှောက်ပါတယ်။ ယုံခြင်း မယုံခြင်းဆိုတဲ့ ကိစ္စတွေကို ကိုယ့်ဦးနှောက်နဲ့ကိုယ်ပဲ ဝေခွဲပိုင်းခြားကြလိမ့်မယ်။

လက်ရှိအခြေအနေမှာ တပြည်လုံးမှာ ရှိတဲ့ မြန်မာလူငယ်ကလေးတွေက မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ်ကို အယုံအကြည် မရှိပေမယ့် ကချင်ပြည်နယ်က တိုင်းရင်းသားလူငယ်တွေက KIA / KIO ကို ယုံတယ်။ အဲ့ဒါကြောင့်မို့လို့ ကချင်လက်နက်ကိုင် အဖွဲ့အစည်းတွေက အတင်းအကြပ် စစ်သားစုဆောင်းစရာ မလိုပဲ မျိုးဆက်သစ်လူငယ်တွေနဲ့ အမြဲလတ်ဆတ်နေတာ။ စစ်မှုထမ်းဟောင်း အိုကြီးအိုမတွေ မမြင်ဖူးဘူး။ သူတို့ဆီက Gen Z တွေ နဲ့ သူတို့ဆီက လက်နက်ကိုင်အဖွဲ့က ပဋိပက္ခ မဖြစ်ကြဘူး။ KIA စစ်သား နဲ့ PDF စစ်သားတွေကလည်း စစ်ဆင်ရေးအတူဆင်းပေမယ့် လင်ပါသား၊ မယားပါသားတွေလို ကတောက်ကဆ ဖြစ်လေ့မရှိဘူး။ နားလည်သည်းခံကြတယ်။

နောက်တစ်ခုကတော့ စစ်တပ်က အာဏာသိမ်းပြီး မတရားသဖြင့် ဖမ်းဆီးထောင်ချတဲ့အခါ မြို့ပေါ်မှာရှိတဲ့ ပညာတတ်တွေ၊ ဂုဏ်သရေရှိ လူကြီးလူကောင်းတွေ၊ နိုင်ငံကျော် အနုပညာသည်တွေဟာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေရှိတဲ့ တောထဲတောင်ထဲအထိ ရောက်လာတယ်။ ဒီအခါမှာ တိုင်းရင်းသားတွေဘက်ကလည်း သူတို့ဆီလာပြီး သူတို့ဆီက အဆီတွေအနှစ်တွေ ဝါးမြိုမယ့် စစ်တပ်က အနုတ်စုတ်ဂုတ်စုတ် အတ္တသမားတွေနဲ့ မတူကွဲပြားတဲ့ အရပ်သား ပညာရှင်တွေကို ဆုံခွင့်ရသွားတော့ အရင်ကလို ဗမာတွေ ဗမာတွေဆိုတဲ့ အမြင်ပျောက်ပြီး စစ်တပ်ကို စစ်တပ်သပ်သပ် ခွဲမြင်လာကြတယ်။ ဒီလူတွေအရှေ့မှာ သူတို့ပြည်နယ် သူတို့လူမျိုး သိက္ခာကျစေမယ့် အထင်သေးခံရမယ့် ကိစ္စမျိုး မရှိရအောင် သတိထားကြတယ်။ နို့မို့ဆိုရင် အခုဆယ်ဇင်းမှာဖြစ်တဲ့ကိစ္စကိုကြည့်လေ။ SNA ဟာ သူတို့ ရှမ်းနီလူမျိုးတွေရဲ့ ဂုဏ်သိက္ခာ နဲ့ လူထုထောက်ခံမှုကို ခိုးရာပါပစ္စည်း အနည်းအကျဉ်းနဲ့ လဲယူသွားတာပဲ။ တနိုင်ငံလုံးက ဒီလိုပဲ မြင်တော့မယ်။ သမိုင်းမှာလည်း ဒီလိုပဲ တွင်တော့မယ်။

တော်လှန်ရေးကာလအတွင်းမှာ မြန်မာပြည်သူတွေဟာ စစ်တပ် နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ်မှာ အတွေးအမြင် ပြောင်းသွားတယ်။ စိတ်ဓါတ်စစ်ဆင်ရေး နဲ့ ဝါဒဖြန့် မှိုင်းတိုက်တာတွေ မယုံတော့ဘူး။ နိုင်ငံရေးသမားတွေအပေါ်မှာလည်း ပြည်သူ့ဘက်က အမှန်တကယ် ရပ်တည်တဲ့သူ ဟုတ်ရဲ့လား ဆိုတာ ကိုယ်တိုင် မှတ်ကျောက်တင် ခွဲခြားတတ်လာတယ်။ ဘာသာရေးနဲ့ပါတ်သက်လို့လည်း မိရိုးဖလာ တထစ်ချ ယုံကြည်မှုတွေကို စွန့်ပစ်လာတယ်။ သာသနာပိုင်ဆရာတော်တို့၊ ပါမောက္ခချုပ်ဆရာတော်တို့ကိုတောင် မမှန်တာ မမှန်ဘူး ပြောရဲတယ်။ “မပြောကောင်းဘူး။ ငရဲကြီးတတ်တယ်။” ဆိုတဲ့စိတ်မျိုး မရှိတော့ဘူး။ ဒီအပြောင်းအလဲတွေကို လိုက်ပါပြောင်းလဲခြင်း မရှိသူတွေကို Gen L လို့ခေါ်တယ်။ စစ်အာဏာရှင် နဲ့ ငြိတွယ်ကျန်ရစ်ခဲ့မယ့်သူတွေ။

တော်လှန်ရေးဆိုတာ တကယ်တော့ ခေတ်ကိုပြောင်းလဲတာသာဖြစ်တယ်။ မင်းပြောင်းမင်းလဲ မဟုတ်ဘူး။ ဦးနေဝင်းသေရုံနဲ့ တစ်ပါတီ အာဏာရှင်စံနစ်က လွတ်မြောက်မလာခဲ့ဘူး။ သူ့နောက်မှာ ဘယ်သူ့သေခြင်းရှင်ခြင်းကမှ မြန်မာနိုင်ငံကို မပြောင်းလဲစေခဲ့ဘူး။ စစ်သားတွေ အာဏာရှင်လုပ်ပြီး တရားဥပဒေအထက်က တက်အုပ်ချုပ်တဲ့ ခေတ်စံနစ်တစ်ခုလုံးကို အမြစ်ဖြတ်ပစ်မှ တော်လှန်ရေး အောင်မြင်တယ် လို့ ခေါ်ရမှာ။ Generation အဟောင်းကြီးတွေ ဖယ်ထုတ်ပြီး Generation အသစ်တွေနဲ့ အစားထိုးပစ်မှ ခေတ်သစ် စံနစ်သစ် ကို ရမှာ။

မပြောင်းမှာတော့ မပူရဘူး။ ပြောင်းကိုပြောင်းမှာပါ။ စစ်သားတွေကိုယ်တိုင်က စစ်အာဏာရှင် လက်အောက်က လွတ်မြောက်ချင်ကြပြီမို့ ပြည်သူနဲ့ ပူးပေါင်းပါရစီ။ ဆက်သွယ်ညွှန်ကြားပေးပါဦး လို့ အကူအညီလာတောင်းတာတွေ ခဏခဏ ကြားနေရပြီလေ။ (အမှန်တော့ အဲ့ဒါ လူကြားကောင်းအောင် ပြောတာပါ။ ရှုံးမှာသိလို့ အချိန်မီ ဘက်ပြောင်းရအောင် လမ်းရှာတာ။) အခုအခံမဲ့ အလွယ်တကူ လက်နက်ချတာတွေ များလာပြီ မဟုတ်လား။ အဲ့ဒီတော့ မကြာခင်မှာ ထပ်မံဖွင့်လှစ်မယ့် တော်လှန်ရေးရဲ့ အခန်းကဏ္ဍသစ်ကတော့ တပ်တွင်းတော်လှန်ရေး စစ်မျက်နှာများ ဖြစ်လိမ့်မယ် လို့ ထင်မြင်ယူဆမိပါကြောင်း။