ချန်ဂင်တို့စခန်း (၈၈)

ဒီမနက်တော့ ခြေထောက်ဖြတ်ထားရတဲ့ ဆီးချိုလူနာအဖွားက sudden death နဲ့ ဆုံးသွားပါတယ်။ မနေ့ညကအထိ အကောင်းပဲ။ ဘာ complaint မှ မရှိပါဘူး။ မနက် ကိုယ်တို့ ဆေးရုံရောက်တဲ့အခါကျမှ ၅ နာရီလောက်က ဆုံးသွားတယ် လို့ သိရတာ။ ခက်တာက အဖိုးပါ။ သူ့ဆီးချိုက insulin ထိုးရင်းနဲ့တောင် ပျံလန်နေတာ။ သောက်ဆေးနဲ့ အိမ်ပြန်လွှတ်ရင် အတက်ရော အကျရော ကြောက်ရပါတယ်။ စကတည်းက အမယ်ကြီးကို ခြေထောက်ဖြတ်လိုက်ရင် သူတို့ ဘာနဲ့အိမ်ပြန်ကြမလဲ စိတ်မချဖြစ်နေတာ။ နာရေးနဲ့ကျ ပေးမပြန်လို့လည်း မဖြစ်ပြန်ဘူး။ ဒီဘက်ကိစ္စကတော့ ရွာသားတွေခေါ်ပြီး ပျဉ်စပ်၊ မြေကျအထိ စီစဉ်ပေးနိုင်ပေမယ့် သူ့ရွာကဟာတော့ ကိုယ်လည်း မတတ်နိုင်ဘူး။ သမားတော်နဲ့တိုင်ပင်ပြီး သောက်ဆေးတွေ တိုးပေးလိုက်ပါတယ်။ ကိစ္စပြီးတာနဲ့ ပြန်လာပြပါဦး လို့ တခါတည်း မှာလိုက်ရတာပေါ့။ ဆေးရုံမှာ ၆ လလောက်ကြာအောင် ထိန်းထားတဲ့ ဘဲဥကလေး ကွဲသွားလို့ စိတ်တောင် မကောင်းဘူး။

လတ်တလောအခြေအနေမှာ ရွာသားတွေ ကြုံတွေ့နေရတဲ့ စစ်ပွဲကတော့ စီးပွါးရေးအကြပ်အတည်းကြောင့် စားဝတ်နေရေး အခက်အခဲပါပဲ။ ဘာပစ္စည်းဝယ်ဝယ် ဈေးတွေ မဟားတရားတက်နေလို့ပါ။ မနက်မနက် ဟင်းစိုဟင်းစိမ်း သွားဝယ်ရတာတောင် ဈေးဖိုးက တနေ့ထက်တနေ့ တက်နေလို့ စစ်ပွဲတစ်ရာလည်း နွှဲလိုက်ချင်ပါတယ် ဖြစ်နေတာ။ အာလူး၊ ကြက်သွန်၊ ခရမ်းချဉ်သီး အရင်ကထက် ၃ ဆလောက် ဈေးတက်သွားပြီ။ CP ကြက် ကို ၁၅၀၀၀ နီးနီး ပေးဝယ်ရတယ်။ သို့သော်လည်း ရွာမှာပေါ်ရင်တော့ ကြက်သား၊ ဝက်သား၊ အမဲသား ဘာဖြစ်ဖြစ် ၁၀၀၀၀ ဈေးနဲ့ပါ။ သားသတ်လိုင်စင်ကြေး မပေးရလို့ သက်သာတာ ထင်ပါတယ်။ အခုရက်ပိုင်းတော့ ရွာမှာ နေ့တိုင်းလိုလို အသားပေါ်ပြီး လာလာရောင်းကြတယ်။ ကြည့်ရတာ ပိုက်ဆံမရှိလို့ အိမ်ကအကောင်တွေဖျက်ပြီး ငွေဖော်နေကြပုံပဲ။ စပါးပေါ်ဖို့ကလည်း လိုသေးတယ် မဟုတ်လား။ ဓါတ်ဆီ၊ ဒီဇယ် ဝယ်မရလို့ ကယ်ရီသမားတွေ ငုတ်တုတ်ထိုင်ပြီး လှည်းသမားတွေ ကယ်ရီဆွဲကြတဲ့ အချိန် ရောက်လာပါတယ်။

ဆိုင်ကယ်တောင် မစီးနိုင်လို့ လှည်းခေတ်ကို ပြန်ရောက်နေတာကို အနုမြူစက်ရုံတည်မယ့် စောင်ရူးကြီးကလည်း တစ်မျိုး။ လူကဖြင့် အနူ။ စားချင်တော့ တူနဲ့။ သူမို့ ပြောရဲပလေ။ ဟောဒီကမ္ဘာလောကကြီးထဲမှာ သူနဲ့ထိတဲ့ အရာမှန်သမျှ ဘုန်းကျက်သရေ ယုတ်လျော့သွားတာ လူတကာ မျက်စိအောက်တင်ပဲ။ ပူတင်တော့ စစ်ရှုံးဖို့သာ ပြင်ပေတော့။ သူ့ဘဝမှာ ယူကရိန်းကို စစ်ကြေငြာလိုက်တုန်းက ငါးပါးမှောက် မသွားသေးဘူး။ မင်းအောင်လှိုင် လက် အကိုင်ခံလိုက်ရမှ စမုံတုံးသွားတာ။ “ငရွှေထူး ဝမ်းသွားသလို နံမည်တောင် မခေါ်ဝံ့တော့ပါဘူး” ဆိုတဲ့ သင်္ဂဇာ ပုံပြင် ကြားဖူးတယ် မှလား။ မိုင်းဖုန်းဆရာတော်ကြီးတောင် သူ့နံမည်တပ် အမျှပေးလိုက်မိလို့ ဆေးတွေ မနည်းကုယူလိုက်ရတယ်။ နံမည်တစ်လုံးတည်းနဲ့ မဂ်တားဖိုလ်တား တားနိုင်တာ သာသနာမှာ သူတစ်ယောက်သာ ရှိတယ်။

Eurasia မှာ ဆေးခန်းအကြောင်း ဆောင်းပါး ပါလာတဲ့အခါ media attention ရသွားလို့ ဆေးခန်းကို ဗုံးလာကျဲမှာ စိတ်ပူနေကြတဲ့သူတွေလည်း ရှိပါတယ်။ သို့သော်လည်း public attention ရမှ ကိုယ့်ဆီ လူနာအရောက်များမှာမို့ မတတ်နိုင်ဘူး။ စွန့်စားရတော့မှာပဲ။ သူတို့လာဖျက်တော့လည်း ဒီ့ထက်ပိုပြီး စစ်ပွဲလူနာ ရောက်တဲ့နေရာမှာ နောက်တစ်ခု အသစ်စမှာပေါ့။ တစ်ရုံဖျက်ရင် နှစ်ရုံဆောက်ပြလိုက်မယ်။ ဆေးရုံရှိလို့ ဆေးကုနေတာ မဟုတ်ဘူး။ လူရှိရင် ဆေးရုံရှိအောင် လုပ်နိုင်တယ်။ သတိမထားမိလို့ပါ။ အခုအချိန်က စစ်ကောင်စီက ဖမ်းမှာသတ်မှာ ကြောက်လို့ လွတ်မြောက်ရာ ရှောင်ပုန်းနေရမယ့် အချိန် မဟုတ်တော့ဘူးလေ။ စစ်ကောင်စီနောက်ကလိုက်ပြီး မောင်းထုတ်ရမယ့်အချိန်၊ သူတို့ကို နှိမ်နှင်းရမယ့်အချိန် ရောက်လာပြီ။ ခုခံစစ်ကနေ တိုက်စစ်အသွင်ကို ဖော်ဆောင်တဲ့ ဗျူဟာမှာ ရှောင်လင်သိုင်းက ခေတ်နောက်ကျ ကျန်ခဲ့ပြီ။ တော်လှန်ရေးဟာ သူ့အဆင့်တွေနဲ့သူ ဖြတ်သန်းရတယ် လို့ ပြောပြီးပြီ မဟုတ်လား။ မျက်ခြေပြတ်ရင် ကျန်ရစ်ခဲ့မှာပေါ့။ ၈၈ တုန်းက AB အိုကြီးတွေဟာ ၂၁ က Gen Z တွေကို အမီမလိုက်နိုင်တော့ J တွေဝင်ပြီး ပွဲလိုက်ဖျက်နေတာ မြင်တယ် မဟုတ်လား။ သူတို့တော်လှန်ခဲ့တဲ့စစ်တပ်ကို သူတို့ကိုယ်တိုင် ဘောမနေရတာ ဘယ်လောက် ရှက်စရာကောင်းသလဲ။

မနှစ်ကတုန်းက D day ခေါ်တဲ့ရက်ကနေ တစ်နှစ်အကြာမှာ ကိုယ်တို့ဘက်က သူရဲကောင်း ၁၅၀၀ ကျော်လောက် ဆုံးရှုံးခဲ့ရပြီးပြီ။ ဒါပေမယ့် စစ်ခွေး ၂၀၀၀၀ ကျော်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်။ နိုင်ငံအကျယ်အဝန်းရဲ့ ၅၂% လောက် လွှမ်းခြုံစိုးမိုးထားနိုင်တယ်။ အခု စစ်ကောင်စီက မီးရှို့လွှတ်လိုက်တဲ့ ဆယ်ဇင်းရွာက စစ်ဘေးဒုက္ခသည်စခန်းတွေမှာဆို NUG အစိုးရရဲ့ လူသားစာနာ ဝန်ကြီးဌာနရော၊ အမျိုးသမီးလူငယ် နဲ့ ကလေးသူငယ်စောင့်ရှောက်ရေးဝန်ကြီးဌာနရော ကူညီထောက်ပံ့ပေးနေတာ ကိုယ်ကိုယ်တိုင် အလှူငွေတွေ ပို့ပေးနေလို့ အသိဆုံးပါပဲ။ အဲ့ဒါကြောင့်လည်း စစ်တပ်ကလူတွေက အလှူငွေတွေ လိုက်သိမ်း၊ အလှူရှင်တွေ လိုက်ဖမ်း၊ လုပ်နေတာ မဟုတ်ဘူးလား။ စကစ ဟာ တရားဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်တာကလွဲလို့ အုပ်ချုပ်ရေး တာဝန်ဝတ္တရားများကို ဘယ်နေရာမှာမှ အသက်ဝင်အောင် အလုပ်မလုပ်နိုင်ဘူး။ သူ့အစိုးရအဖွဲ့တစ်ဖွဲ့လုံးဟာ ဟန်ပြ မှ ဟန်ပြသက်သက်ပါပဲ။ သူ နဲ့ ပူတင်နဲ့ ဓါတ်ပုံတွဲရိုက်တယ်ဆိုတာ ကိုတင်နွယ်ကြီး ဦးခင်ညွန့်ဆီ အလှူငွေပေးရင်း လက်ဆွဲနှုတ်ဆက်တာနဲ့ အဓိပ္ပါယ် တူတူပဲ။ လူရှိန်အောင် ဖာခန်းထိပ်ချိတ်ချင်လို့ ပိုက်ဆံအမ်းပြီး မှတ်တမ်းယူတာ။ ဒါလည်း ဟန်ပြသက်သက်ထက် ဘာမှမပိုဘူး။

သူတို့ဘက်က ဟန်ပြတွေချည့် ဦးထိပ်ထားနေတဲ့အချိန်မှာ ကိုယ်တို့ဘက်က သိသာထင်ရှားတဲ့ အရွေ့တွေ တစ်ခုပြီးတစ်ခု တွန်းရွှေ့ခဲ့ကြတာ တော်လှန်ရေးပရောဂျက်ပေါင်း မြောက်များစွာပါပဲ။ မအောင်မြင်တာ ဘယ်ဟာတစ်ခု ရှိသလဲ။ ပြစမ်းပါဦး။ အကုန်လုံး မျှော်မှန်းထားတာထက် အများကြီးပိုပြီး အောင်မြင်တယ် မဟုတ်ဘူးလား။ ကလေးတွေတိုက်တဲ့ အောင်ပွဲတွေလည်း နည်းတာမှတ်လို့။ စစ်သားဖြစ်ပြီး စစ်ပွဲတောင် နိုင်အောင် မတိုက်နိုင်တဲ့ကောင်တွေကို ဘာကြောက်စရာရှိသလဲ။

ကိုယ်တို့ဆေးရုံလိုမျိုးလေးတွေက ဒီတစ်နေရာတည်းမှာ ရှိနေတာ မဟုတ်ဘူး။ လွတ်မြောက်နယ်မြေတိုင်းမှာ combat medical units နဲ့ battlefield hospitals လေးတွေ NUG ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိနှင့်နေပြီးသား။ အခုကတည်းက ကိုယ်တို့အချင်းချင်း ဆက်သွယ်ချိတ်ဆက်ပြီး ကုနေကြပါတယ်။ ကိုယ့်ဆေးရုံက လူနာတွေအတွက် physician consultation လိုအပ်တိုင်း Dermatologist ပြဖို့လိုတိုင်း ကယားဘက် ကရင်ဘက်မှာ ရှိနေတဲ့ ဆရာဝန်တွေကို ချိတ်ဆက်ပြီး တိုင်ပင်တာ။ ကိုယ့်ဆေးရုံအတွက် လိုအပ်တဲ့ ဆေးဝါးပစ္စည်း၊ ငွေကြေးအကူအညီကိုလည်း NUG အစိုးရရဲ့ ဝန်ကြီးဌာနတွေကနေ ထောက်ပံ့တာ။ မလိုအပ်လို့သာ ထုတ်မပြောတာ။ အသံမထွက်ပဲ လုပ်နေတဲ့အလုပ်တွေလည်း အများကြီးပါ။ လွတ်မြောက်နယ်မြေတွေ ချဲ့ထွင်လာနိုင်တဲ့အခါ NUG ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကွန်ယက်တွေ စံနစ်တကျ ချိတ်ဆက် အလုပ်လုပ်နေတာတွေ့ရပါလိမ့်မယ်။ ပညာရေးကွန်ယက်တွေလည်း အဲ့သလိုပါပဲ။

ဒါပေမယ့် အုတ်အရောရော ကျောက်အရောရောဖြစ်နေတဲ့ အခုကာလမှာ ဒလန်တွေက လက်ထောက်ချလွန်းလို့ ဆရာဝန် ဆရာမတွေ၊ ပညာရေးကွန်ယက်က ဆရာ ဆရာမတွေ စာရင်းနဲ့ လိုက်ဖမ်းနေတာ အားလုံးသိတဲ့အတိုင်းပါပဲ။ အိမ်မှာ မရှိရင် ရှိတဲ့သူ ဓါးစာခံဖမ်းခေါ်သွားတာ မဟုတ်လား။ အဲ့ဒါကြောင့် ကိုယ့်ဘက်မှာ ရှိနေတဲ့ အရင်းအမြစ် နဲ့ အင်အားကို အတတ်နိုင်ဆုံး သိုသိုသိပ်သိပ် ထားရတာပါ။ ကိုယ်တို့ဘက်ကလူတွေ ကျစ်လစ်ခိုင်မာစွာ စုစည်းနိုင်သလောက် သူတို့ဘက်မှာ တနေ့တခြား ပြိုဆင်းလာတာ တွေ့နေလျက်သားနဲ့ ။ လက်လှမ်းမီရာမှာ စစ်တပ်ကျောထောက်နောက်ခံ မရှိတော့တာနဲ့ ဒလန်ဆိုတာ ကမ္မဝါဖတ်နှင်စရာ မလိုဘူး။ ခွေးပြေးဝက်ပြေး ပြေးရတာပဲ။ သူတို့က ပထွေးအားကိုးနဲ့သာ ကျယ်ရဲတာ။ ကိုယ်တို့ဘက်က နယ်မြေစိုးမိုးလာတာနဲ့အမျှ အဲ့ဒါတွေ အကုန် အလိုလိုရှင်းသွားလိမ့်မယ်။ ပြည်နယ်တစ်ခု လွတ်ထွက်လာတာနဲ့ နောက်ထပ်ပြည်နယ်တွေပါ အားကျမခံ တိုက်ထုတ်လာလိမ့်မယ်။ အဲ့သလိုနဲ့ပဲ ပူတင့်ဆီက နျူကလီယာ ပါဝါပလန့်ကြီးကို ဦးရည်မွန်က မအလရဲ့ ပိုင်ဆိုင်မှုတွေနဲ့ အားနာပါးနာ ငွေချေပြီး ဝယ်နေရပါဦးမယ်လေ။ မလိုချင်ပါဘူးဆိုမှ။ ဇွတ်။